မသေမျိုးတစ်ယောက်၏စွမ်းအား
Vol. 10 Ch. 141
တင်ပျဉ်ခွေထိုင်လျက်သားမှ ထာဝရနတ်မယ် ကောင်းကင်မသေမျိုးကို ခပ်အေးအေး တစ်ချက်လှမ်းကြည့်သည်။ မျက်လုံးကို မှေးထားသည်။ သက်တောင့်သက်သာ အမူအရာရှိသည်။ သွယ်လျသည့်လက်ချောင်းများကို ဆန်ထုတ်၍ ကြည့်နေသည်။ ကောင်းကင်မသေမျိုးကို လုံးဝမျက်လုံးထဲမထည်။
“မင်းဘယ်သူလဲ”
ကောင်းကင်မသေမျိုး အသံကျယ်ကျယ်အော်မေးလိုက်သည်။ သို့သော် စိတ်ထဲတွင် မသက်မသာခံစားနေရသည်။ သိစိတ်နယ်မြေတွင် လုယန်သာ ရှိသင့်သည်။ လူနှစ်ယောက်ရှိနေသည်မှာ ပုံမှန်မဟုတ်။
ထို့ပြင် ထိုမိန်းကလေး၏ ကျင့်စည်အဆင့်ကို သူအာရုံခံ၍မရ။ အနည်းဆုံး သူနှင့်အဆင့်တူ ရှိနေသည့်သဘောဖြစ်သည်။
ဘာကြောင့် အခြေတည်အဆင့်တစ်ယောက်၏ သိစိတ်နယ်မြေတွင် နေထိုင်ဖို့ ရွေးချယ်ခဲ့သနည်း။
ထာဝရနတ်မယ် ငြီးငွေ့ဟန်ဖြင့် သမ်းတစ်ချက်ဝေလိုက်သည်။ ကောင်းကင်မသေမျိုးကို အဖက်လုပ်၍ စကားမပြော။
ကောင်းကင်မသေမျိုး ဒေါသထွက်သွားသည်။ တန်းတူအဆင့်ရှိသည့် သူ့လိုလူတစ်ယောက်ကို အထင်သေးအမြင်သေး ဆက်ဆံသည်။ သူသည်းမခံနိုင်။ သူ့အစွမ်းကို လုပ်ရပ်ဖြင့် သက်သေပြဖို့ ဆုံးဖြတ်လိုက်သည်။
သူ့ဝိညာဉ်စွမ်းအင်ကို ဓားတစ်လက်အဖြစ် ဖန်တီးလိုက်သည်။ ခြေခိုင်ခိုင်ရပ်ထားသည့် သူ့အသွင်က နဂါးနှစ်ကောင်ခွေရစ်နေသည့် တိုင်လုံးနှင်တူသည်။ စွမ်းအင်များက အထက်သို့ထိုးတက်နေသည်။ သူ့ဝိညာဉ်ခန္ဓာ စွမ်းအင်ထွက်ပေါက်တစ်ခုလို အက်ကွဲသွားသည်။ စွမ်းအားကုန် ထုတ်လွှတ်သည်။
သူ့စွမ်းအင်အားလုံး ဓားရိပ်တွင် စုစည်းလိုက်သည်။ ဓားရိပ်က မျက်စိကျိန်းလောက်အောင် စူးရှတောက်ပနေသည်။
ကြီးမားသည့်နွားနတ်ဆိုးအရိပ်တစ်ခု သိစိတ်နယ်မြေတစ်ခုလုံး ပြည့်သွားသည်။ အနီရောင်မျက်လုံး၊ ဖုထစ်နေသည့်ကြွက်သား၊ ကြီးမားသည့်ခွန်အား။ ရှေးခေတ်မှ နာမည်ကျော်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ကြောင်း ထင်ရှားနေသည်။
ဓားရိပ်က ပြင်းထန်သည်စွမ်းအားဖြင့် ထာဝရနတ်မယ်အပေါ် ကျလာသည်။ အင်အားကြီးမားလွန်းသဖြင့် ဖြစ်တည်နေသည့်အရာအားလံဒးကို ဖျက်ဆီးနိုင်စွမ်းရှိသယောင်ထင်ရသည်။
ကောင်းကင်မသေမျိုး၏ ကိုယ်ပိုင်ဓားချက်ဖြစ်သည်။ အတားအဆီးမှန်သမျှ ချိုးဖျက်နိုင်သည်။
“နွားနတ်ဆိုးဘုရင်ဓားချက်”
နွားနတ်ဆိုးအရိပ်လည်း ထာဝရနတ်မယ်ဆီ ရွေ့လျားလာသည်။ အပြတ်အသတ်နှိပ်ကွပ်ရန် ပြင်ဆင်ထားသည်။ သူတို့ကြားမှ ကွာဟချက်ကိုပြချင်သည်။ အားကြီးသူကို လေးစားရမည်။
ကောင်းကင်ဆန့်ကျင်မသေမျိုး၏ ခွန်ပြည့်အားပြည့်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ထာဝရနတ်မယ် မျက်ခွံပင် ပင့်မကြည့်။ စကားသုံးလုံးသာ ရွတ်လိုက်သည်။
“ဆူလိုက်တာ”
သာမန်ကာလျှံကာ ခပ်ပေါ့ပေါ့ရွတ်လိုက်သော်လည်း တောင်တန်းများကဲ့သို့ အလေးချိန်စီးသည်။ ကောင်းကင်မသေမျိုးအပေါ် ပြင်းထန်သည့်ဖိအား ကျဆင်းလာသည်။ ထူးဆန်းသည့် နတ်စွမ်းအားမျိုးဖြစ်သည်။ ကြမ်းတမ်းသည်။ ယုတ္တိလည်းမကျ။ သူလုံးဝမခုခံနိုင်။
“ဆူလိုက်တာ”ဟူသည့်စကားလုံးဖိအားအောက်တွင် နွားနတ်ဆိုးအရိပ် ကြေမွသွားသည်။ ဝိညာဉ်ဓားရိပ်ပျောက်ကွယ်သွားသည်။
ကောင်းကင်ဆန့်ကျင်မသေမျိုး ဒူးထောက်ကျသွားသည်။ လက်ချောင်းများကိုပင် မမြှောက်နိုင်တော့။
စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေသည်။ ပြိုင်ဘက်၏စွမ်းအားက သူနားလည်နိုင်စွမ်းထက်ပိုနေသည်။ သေချာပေါက် စုစည်းခြင်းအဆင့် စွမ်းအားမျိုးမဟုတ်။
ကူးဖြတ်ခြင်းအဆင့် သို့မဟုတ် ထိုထက်မြင့်သည့်အဆင့်ပင် ဖြစ်နိုင်သည်။ သူဆက်မတွေးရဲတော့။
သူသေချာ ပြန်သတိရလာသည်။ ထိုမိန်းကလေး သူ့ကိုယ်သူ “ဒီမသေမျိုး”ဟု သုံးနှုန်းခဲ့သည်။
စုစည်းခြင်းအဆင့်နှင့် ကူးဖြတ်ခြင်းအဆင့်ဆိုသည်က မိုးနှင့်မြေလိုကွာခြားသည်။ တံတားခင်းစရာ နည်းလမ်းမရှိ။ ထို့ကြောင့် သူလုံးဝမခုခံနိုင်ခြင်းဖြစ်သည်။
ထိုထက်မြင့်သည့်အဆင့်ဆိုလျှင် ပြောစရာပင်မလိုတော့။
“ဘိုးဘေးအရှင်၊ ကျပ်တို့ကြးမှာ နားလည်မှုလွဲနေတာလေးရှိမှာပါ...”
ကောင်းကင်ဆန့်ကျင် မသေမျိုး ကပ်ဖားယပ်ဖားအပြုံးမျိုး ပြုံးလိုက်သည်။ အကောင်းဆုံးရှင်းပြရန် ကြိုးစားသည်။
စုစည်းခြင်းအဆင့် ရောက်အောင်ကျင့်ကြံနိုင်သူသည် အခြေအနေအရိပ်အကဲ နားလည်၍သာဖြစ်သည်။
ထာဝရနတ်မယ် မျက်ခွံနည်းနည်းပင့်၍ ဒူးထောက်နေသည့် ကောင်းကင်မသေမျိုးကိုကြည့်ပြီး မျက်မှောင်နည်းနည်းကျုံ့သွားသည်။
“ဒီမသေမျိုးကို တိုက်ရိုက်ကြည့်ဖို့ မင်းကိုဘယ်သူခွင့်ပြုထားလို့လဲ”
နောက်ထပ်နတ်စွမ်းအားတစ်ခု ကောင်းကင်ဆန့်ကျင်မသေမျိုး၏ ဦးခေါင်းပေါ်ကျလာသည်။ ခုခံလိုသည့်ဆန္ဒအားလုံး ပျောက်ကွယ်သွားသည်။
သူ့စိတ်ထဲတွင် နာကျင်နေသည်။ လုယန်ကို ကောင်းကင်ပေးသည့်လက်ဆောင်ဟု ထင်ခဲ့သည်။ ယခု ပူးကပ်ရန်ကြိုးစားကြည့်မှ သူသည်သာ လုယန်အတွက် ကောင်းကင်မှ ပေးလိုက်သည့်လက်ဆောင်ဖြစ်ကြောင်း နားလည်သွားသည်။
အခြေတည်အဆင့်တစ်ယောက်၏ သိစိတ်နယ်မြေတွင် ဘာကြောင့်ထိုမျှစွမ်းအားမြင့်သူ ရှိနေရသနည်း။
“အခု ဒီမသေမျိုး မင်းကို အခြေအနေရှင်းပြခွင့်ပေးတယ်”
ထာဝရနတ်မယ် အတက်အကျမရှိသည့်လေသံဖြင့် ပြောသည်။
ကောင်းကင်ဆန့်ကျင်မသေမျိုး ဘာကိုမှမဖုံးကွယ်ရဲ။ ကြီးမြတ်သည့်ပုဂ္ဂိုလ်တို့သည် လိမ်ပြောလျှင် ခွဲခြားသိနိုင်စွမ်းရှိသည်။ ဤစွမ်းအားမြင့်ပုဂ္ဂိုလ် ထိုစွမ်းအင်မျိုးပိုင်မပိုင် သူအကဲမစမ်းရဲ။
“ကျုပ်တာအိုဘွဲက ကောင်းကင်ဆန့်ကျင်မသေမျိုးစစ်ပါ။ အရပ်သားမြို့အပြင်ဘက်မှာ ကျုပ်လို စုစည်းခြင်းအဆင့် လေးယောက်ရှိပါတယ်။ ကျုပ်တို့ငါးယောက်ဟာ မဟာယုမင်းဆက်မှာ ခေတ်ပြိုင်ပေါ်ထွန်းခဲ့တာပါ။ ပါရမီအကန့်အသတ်ကြောင့် စုစည်းခြင်းအဆင့်မှာ ပိတ်မိခဲ့တယ်။ ကူးဖြတ်ခြင်းအဆင့်ကိုတက်ဖို့ အလားအလာမရှိဘူး။
အဲဒီတုန်းက ကျုပ်တို့ ကောလဟာလတစ်ခုကြားတယ်။ သတင်းရင်းမြစ်ကိုတော့ မသိပါဘူး။ လောကရဲ့ဝိညာဉ်သန္ဓေက ငုပ်လျှိုးနေတယ်လို့ ကျင့်ကြံရခက်နေတာတဲ့။ ဒါပေမယ့် နောက်ထပ်နှစ်တစ်သိန်းကြာရင် ဝိညာဉ်သန္ဓေ တဖြေးဖြေးနိုးထလာမယ်။ ရှေးဟောင်းရွှေရောင်ခေတ်လို ခေတ်တစ်ခေတ် ရောက်လာမယ်။ မသေမျိုးဖြစ်နိုင်တဲ့ အခွင့်အလမ်းမျိုးစုံ ပေါ်ထွက်လာမယ်လို့ သိရတယ်။
ဒီသတင်းဟာ တော်ဝင်နန်းတော်ကလာတယ်လို့ တစ်ချို့ကပြောတယ်။ တစ်ချို့ကလည်း နိုင်ငံ့ဆရာက တွက်ချက်ခဲ့တာတဲ့။ တစ်ချိုကျတော့ တော်ဝင်နက္ခတ်ပညာအဖွဲ့က နေကိုစောင့်ကြည့်တွက်ချက်ပြီး သိထားတဲ့ဟောကိန်းလို့ ပြောတယ်။ အမျိုးမျိုးပြောကြပါတယ္။
ကူးဖြတ်ခြင်းအဆင့်ကို မရောက်နိုင်တဲ့အတူတူ မဟာယုခေတ်မှာ အချိန်ဖြုန်းမဲ့အစား ဝိညာဉ်ကျောက်သန္ဓေနဲ့ ကိုယ့်ကိုယ်ကို ချိတ်ပိတ်ပြီး လောကကြီးပြန်အားပြည့်လာတဲ့အချိန်ကိုစောင့်ဖို့ ကျုပ်တို့ငါးယောက် ဆုံးဖြတ်ခဲ့တယ်။
ကောလဟာလက မှားခဲ့ရင်တောင် ကျုပ်တို့အတွက် သိပ်ဆုံးရှုံးစရာမရှိဘူး။ စုစည်းခြင်းအဆင့်ငါးယောက်ဆိုတာ ဘယ်ခေတ်ဘယ်နေရာမှာမဆို အသိအမှတ်ပြုထိုက်တဲ့ အင်အားစုပါ။
ကျုပ်တို့ငါးယောက် အရပ်သားမြို့ရဲ့မြေအောက်မှာ နိုးထခဲ့တယ်။ ပိတ်ဆို့နေတဲ့ ကျုပ်တို့ကျင့်စဉ်အဆင့်တွေ တိုးတက်မယ့်အရိပ်လက္ခဏာတွေပြလာတော့ ကျုပ်တို့အတော်အံ့အားသင့်ခဲ့ရပါတယ်။ မှန်ပါတယ်၊ လက်ရှိခေတ်ဟာ ဟိုတစ်ချိန်ကထက် ကျင့်ကြံဖို့ ပိုအဆင်ပြေတယ်။
အပြည့်အဝနိုးထဖို့အတွက် အချိန်တစ်ချို့လိုသေးတော့ ဒီခေတ်ကျင့်ကြံသူတွေ ကျုပ်တို့ကို တွေ့မသွားစေချင်ဘူး။ ဒါကြောင့် အရပ်သားမြို့ရဲ့စည်းမျဉ်းတွေကို ပူးပေါင်းတည်ဆောက်ပြီး သတင်းစုဆောင်းရင် ကျုပ်တို့စွမ်းအား ပြန်ရလာအောင် ကျိုးစားနေတာပါ။
ငါးယောက်ထဲမှာ ကျုပ်က ကံအဆိုးဆုံးပါ။ ဝိညာဉ်ကျောက်သန္ဓေပိတ်ဆို့တဲ့အချိန် ပြဿနာတစ်ခုကြုံတယ်။ ရုပ်ခန္ဓာက သေဆုံးသွားတယ်။ ကျုပ်ဝိညာဉ်ကိုပဲ ဝိညာဉ်ကျောက်သန္ဓေက ထိန်းထားနိုင်တယ်။
နိုးထလာတော့ အနီးအနားမှာရှိတဲ့ ပါရမီအကောင်းဆုံးလူကို ပူးကပ်ခဲ့တယ်။ ကျုပ်ခန္ဓာကိုယ်က အားနည်းတော့ မတော်တဆထိခိုက်မှာ စိုးရိမ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ငါးယောက်အဖွဲ့သဘောတူညီချက်နဲ့ ကျုပ်က မြို့စားလုပ်ခဲ့တာပါ။
အဲလိုလုပ်ခဲ့တဲ့အတွက်ကျုပ်က မသေနိုင်တဲ့လူဖြစ်လာတယ်။ သေမျိုးနဲ့တော်ရိုင်းသားရဲတွေကိုစားပြီး ကျင့်ကြံမှုကို အရှိန်မြှင့်တယ်။ ကောင်းကင်ဆန့်ကျင်လျှို့ဝှက်ကျင့်စဉ်ကို မြန်မြန်ကျွမ်းကျင်လာတယ်”
ထာဝရနတ်မယ်ရှေ့တွင် သူအားလုံးဝန်ခံသည်။ ခေါင်းမော့မကြည့်ရဲ။ ထာဝရနတ်မယ်၏ အမူအရာများကို သူသတိမထားမိ။
ထာဝရနတ်မယ်က လုယန်ကို မျက်စိတစ်ဘက်မှိတ်ပြပြီး ပျော်နေဟန်ဖြင့် ခြေချောင်းများကို တွန့်လိမ်နေသည်။ “တွေ့လား၊ ငါလည်း စွမ်းအားကြီးပါတယ်။ အခုချိန်ကစပြီး နင့်ငါ့ကိုပိုလေးစားသင့်တယ်”ဟူသည့် မျက်နှာပေးမျိုးဖြစ်သည်။
သူပြန်ရှင်သန်လာကတည်းက အဆက်မပြတ် အောက်ကျို့ခဲ့ရသည်။ ပထမဆုံး ထာဝရနတ်မယ်က နှိပ်ကွပ်သည်။ လုယန်ကို အစွမ်းပြဖို့ကြိုးစားသော်လည်း မအောင်မြင်ခဲ့။ ယခု သူ့ကိုယ်သူ သက်သေပြခွင့်ရလာသည်။ ထိုအခွင့်အရေးကို သူလက်လွတ်မခံ။
လုယန်ကျိတ်၍ သက်ပြင်းချသည်။
မသေမျိုးနတ်မယ်ရေ၊ ဒီလိုကလေးဆန်တဲ့ အပြုအမူတွေနဲံ ကျုပ်ဘယ်လို ယုံကြည်အားကိုးနိုင်မှာလဲ။
လုယန်အကြည့်က သူ့ကိုသိပ်လေးစားဟန်မရှိသဖြင့် ထာဝရနတ်မယ် အလိုမကျဖြစ်ပြီး နှုတ်ခမ်းစူသွားသည်။ လုယန်ကို သူအရေးမစိုက်တော့။
ဘယ်လိုပြောပြော ယနေ့ သူ့အစွမ်းကို သက်သေပြလိုက်နိုင်ပြီဟု ယုံကြည်ထားသည်။
*************************************************