အောင်မြင်စွာ ထွက်ခွာခြင်း
Vol. 10 Ch. 142
“ကောင်းကင်ဆန့်ကျင်လျှို့ဝှက်ကျင့်စဉ်တဲ့လား”
ထာဝရနတ်မယ်၏မျက်လုံးများ မှေးစင်းသွားသည်။ ဟိတ်ကြီးဟန်ကြီးနိုင်သည့် ထိုကျင့်စဉ်နာမည်မျိုး သူတစ်ခါမှမကြားဖူး။
မသေမျိုးများသည် ကျင့်စဉ်လမ်း၏ အထွတ်အထိပ်ဖြစ်သည်။ မသေမျိုးအဆင့်မရောက်ဘဲ မသေမျိုးများကို စိန်ခေါ်ဖို့မဖြစ်နိုင်။ မသေမျိုးများကို အနိုင်ယူနိုင်သည်ဆိုလျှင် မသေမျိုးအဖြစ်သည် ဘာအဓိပ္ပါယ်ရှိတော့မည်နည်း။
(**”ကောင်းကင်ဆန့်ကျင်”ဆိုသည့်စကားတွင် “ကောင်းကင်”သည် မသေမျိုးများကိုရည်ညွှန်းခြင်းဖြစ်သည်)
“ဟုတ်ပါတယ် ဟုတ်ပါတယ်”
ကောင်းကင်မသေမျိုး သူ့လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ပေးသည်။ သူ့တာအိုဘွဲ့နာမည်လည်း ထိုကျင့်စဉ်နာမည်ကို ယူထားခြင်းဖြစ်သည်။
“ကျုပ်ငယ်ငယ်တုန်းက ရှေးခေတ်စွမ်းအားရှင်တစ်ယောက် ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို အမှတ်မထင်တွေ့ခဲ့တယ်။ ကောင်းကင်ပစ္စည်းတွေ မြေရတနာတွေ မရေမတွက်နိုင်အောင် ပြည့်နေတယ်။ အဲဒါတွေနဲ့ စုစည်းခြင်းအဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာပါ။
အဲဒီ့နယ်မြေက တန်ဖိုးအကြီးဆုံးပစ္စည်းဟာ ကောင်းကင်ဆန့်ကျင်လျှို့ဝှက်ကျင့်စဉ်ပါ။ စာအုပ်ဖော်ပြချက်အရ မသေမျိုးတွေဟာ ဖြစ်တည်မှုအားလုံးရဲ့ ဘုရင်တွေပါ။ ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်တယ်။ မသေမျိုးတစ်ယောက်ကို အနိုင်ယူချင်ရင် ကျင့်ကြံမှုပုံစံပြောင်းရမယ်။ သက်ရှိအားလုံးရဲ့ အကောင်းဆုံးဗီဇစွမ်းရည်တွေကို ပေါင်းစပ်နိုင်ရင် သေမျိုးစွမ်းအားနဲ့ မသေမျိုးတစ်ယောက်ကို အနိုင်ယူနိုင်တယ်လို့ ဖော်ပြထားတယ်။ ခွန်ဖုန်ရဲ့ အသွင်ပြောင်းစွမ်းရည်၊ နဂါးမျိုးနွယ်ရဲ့ ရေထိန်းချုပ်စွမ်းရည်၊ ဖီးနစ်မျိုးနွယ်ရဲ့ မီးထိန်းချုပ်စွမ်းရည်၊ လူသားတွေရဲ့ ဉာဏ်ပညာ အဲလိုဗီဇစွမ်းရည်တွေကို ပေါင်းစပ်တာပါ”
ထာဝရနတ်မယ်က လျှို့ဝှက်ကျင့်စဉ်ကို တဖျတ်ဖျတ်လှန်ကြည့်ပြီးနောက် လုယန်ဆီပစ်ပေးလိုက်သည်။
“ထူးထူးခြားခြားကျင့်စဉ်လားမှတ်တယ်။ သားရဲအသွင်ပြောင်းကျင့်စဉ်ကို ကြီးကြီးကျယ်ကျယ် လျှောက်ရေးထားတာပဲ”
သွေးဆက်ပေါင်းစပ်သည့် သားရဲအသွင်ပြောင်းကျင့်စဉ်အကြောင်း အစောပိုင်းက ထာဝရနတ်မယ် ပြောပြပြီးဖြစ်သည်။ မသေမျိုးမဖြစ်နိုင်သဖြင့် ရှေးဟောင်းခေတ်မှလူများက စွန့်ပယ်ခဲ့ကြသည်။
စာအုပ်ထဲတွင်ပြောထားသည့် မသေမျိုးများကို အနိုင်ယူနိုင်သည်ဆိုသည့်အချက်ကို ထာဝရနတ်မယ် ပို၍ပင်စက်ဆုပ်ရွံရှာသေးသည်။
ကြွားသလောက်သာ စွမ်းအားကြီးလျှင် ဘယ်သူက ထိုကျင့်စဉ်ကို စွန့်ပယ်မည်နည်း။
“ဒါဆို ဒီထဲမှာပြောထားတာတွေအားလုံးက အလိမ်အညာတွေလား”
လုယန် အကြောင်းအရာများကို ဖတ်ကြည့်သည်။ ရှုပ်ထွေးလွန်းသဖြင့် သူချက်ချင်းနားလည်ဖို့မလွယ်။
ထာဝရနတ်မယ်က မေးစေ့ကိုကုတ်ရင်းမှ
“ဒီသားရဲအသွင်ပြောင်းကျင့်စဉ်ကို ဖန်တီးခဲ့တဲ့လူက သူ့ကျင့်စဉ်စွန့်ပယ်ခံရတာကို လက်မခံနိုင်ခဲ့တာဖြစ်မယ်။ ဒါပေမယ့် ရှေးဟောင်းခေတ်မှာ လူတိုင်းက ဒီကျင့်စဉ်ရဲ့ နောက်ဆက်တွဲရလာဒ်ကို သိကြတယ်လေ။ ယုံကြည်အားကိုးလို့မရမှန်း သိတယ်။
ဒီတော့ တီထွင်တဲ့လူက စာအုပ်မျက်နှာဖုံးကိုပြောင်း၊ နိဒါန်းစကားပျိုးလေး နည်းနည်းထပ်ထည့်၊ ကျင်စဉ်နာမည်ပြောင်းပြီး ကောင်းကင်ဂူတစ်ခုထဲ ပစ်ထည့်လိုက်မှာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ဒီကျင့်စဉ်အကြောင်း သိတဲ့လူ နည်းသထက်နည်းလာမယ်။ အရူးတစ်ယောက်ယောက် ဒီကျင့်စဉ်ကို အမှတ်မထင် တွေ့အောင်လုပ်ခဲ့တယ်။ တွေ့တဲ့လူက ဒီထဲမှာပြောထားတွေကို ယုံကြည်သွားမယ်။ အဲလိုနဲ့ သားရဲအသွင်ပြောင်းကျင့်စဉ်က ပြန်ပြီးရေပန်းစားလာမယ်လေ”
ထာဝရနတ်မယ် နှာခေါင်းရှုံ့သည်။
“ပေါက်ကရပြောတာလေ။ ဒါမျိုးကို လူတိုင်းလုပ်တတ်ပါတယ်။ ငါတောင် ယွမ်ကျိကို အနိုင်ယူနိုင်တယ်ဆိုပြီး ကြွေးကြော်လို့ရတာပဲ”
ထိုစကားကို တမင်ရွေးပြောသည်ဟု လုယန်ထင်မိသည်။
ထာဝရနတ်မယ် ဆက်၍ပညာပေးသည်။
“ရှေးစာအုပ်ထဲမှာရေးထားတိုင်း အမှန်မထင်နဲ့။ ငါတို့ခေတ်မှာတုန်းက အတုအယောင်ဆိုတာ ပေါမှပေါပဲ။ အစစ်အမှန်ထက် အတုတွေက ပိုများတယ်။
ငါတို့တောင် မသေမျိုးအဆင့်ခွဲခြားတဲ့စနစ်တစ်ခုလုံး လိမ်ဆင်လုပ်ခဲ့သေးတာပဲ။ မသေမျိုးဖြစ်လာပြီဆိုရင် မသေမျိုးဘုံကို တက်နိုင်မယ် ဆိုတာမျိုးပေါ့။ အဲဒီ့ဘုံမှာ လူသားမသေမျိုး၊ မြေမသေမျိုး၊ ကောင်းကင်မသေမျိုး စသဖြင့် ရှိမယ်ပေါ့လေ။ လမ်းပြမသေမျိုးအင်ပါယာငါးယောက်လည်းပါတယ်။ အားလုံးကို အသေးစိတ်ကျကျရေးထားတာ။ နင်အဲဒါမျိုးတွေ တွေ့လာရင် လုံးဝမယုံလိုက်နဲ့။ အားလုံးက အပျော်သက်သက်ဖန်တီးထားတဲ့ လိမ်ဆင်တွေချည်းပဲ”
လုယန် “...”
ရှေးခေတ်အဖြစ်အပျက်တွေကို အတည်ပြုဖို့ဆိုတာ ခင်ဗျားတို့ လိမ်ဆင်တွေမဖန်တီးဘဲနဲ့တောင် အတော်လေးခက်ခဲနေပါပြီ။
ရှေးခေတ်အကြောင်း ဝါသနာစွဲဖြင့်လေ့လာနေကြသည့် ကျင့်ကြံသူအဘိုးကြီးများကို လုယန် သနားသွားသည်။ တစ်ချိန်က အဖြစ်အပျက်များကို သူတို့က ကြိုးစားပမ်းစားလေ့လာသည်။ မသေမျိုးထက်မြင့်သည့် အဆင့်များရှိသည်။ ကျင့်စဉ်လမ်းများသည် အဆုံးမရှိ။ ရှေးဟောင်းခေတ်သည့် ခမ်းနားကြီးကျယ်ပေစွဟု အထင်ကြီးကြသည်။ ရှေးခေတ်နှင့်ယှဉ်လျှင် ယနေ့ခေတ်သည့် နိမ့်ကျလွန်းပေစွဟု တွေးကြသည်။ အားလုံးက အပျော်တမ်းဖန်တီးထားသည့် လိမ်ဆင်များကို လေ့လာနေကြခြင်းဖြစ်သည်။
အမှန်တရားကိုသာသိလျှင် ထိုအဘိုးကြီးများသိလျှင် ရင်မကျိုးဘဲ ခံနိုင်မည်လော။
လုယန် ကံကောင်းပါသည်။ ယခုထိ မသေမျိုးစနစ်အကြောင်း မကြားဖူးသေး။ အချိန်ကာလ ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ နောက်မျိုးဆက်များ ဦးနှောက်အဆိပ်ခတ်မခံရသည်မှာ ကံကောင်းသည်။
ပုံမှန်လေသံဖြင့် ရှင်းပြနေသည့် ထာဝရနတ်မယ်စကားကို နားထောင်ရင်း ကောင်းကင်ဆန့်ကျင်မသေမျိုး တုန်လှုပ်နေသည်။ မယုံနိုင်စရာလျှို့ဝှက်ချက်များ ကြားလိုက်ရသလို ခံစားနေရသည်။
ထိုမိန်းကလေးက ရှေးခေတ်အဖြစ်အပျက်များကို အလွယ်တကူ ပြောနိုင်သည်။ ကိုယ့်ကိုယ်ကို “ဒီမသေမျိုး”ဟု သုံးနှုန်းသည်။
ကောင်းကင်ဆန့်ကျင်မသေမျိုး သူ့ကံကြမ္မာသူ သံသယဖြစ်စရာမလိုတော့။
ထိုပြင် ဤအခြေတည်အဆင့်ကောင်လေးက ရှေးဟောင်းမသေမျိုးနှင့် တန်းတူအနေအထားမျိုး ပြောဆိုဆက်ဆံသည်။ သူလည်း ရှေးဟောင်းမသေမျိုးလားမသိ။
လူဝင်စားခြင်းလား။ ခန္ဓာကိုယ်ပူးကပ်ထားခြင်းလား။
ကောင်းကင်ဆန့်ကျင်မသေမျိုး သူ့ပါးသူ နှစ်ချက်လောက် ရိုက်လိုက်ချင်သည်။ “ကောင်းကင်ဆန့်ကျင်”ဆိုသည့် နာမည်အားကိုး ဤသိစိတ်နယ်မြေသို့ အကန်းလိုတိုးဝင်လာသည်။
သူ့အသက်သူ မနှမျောခြင်းဖြစ်မည်။
သူ မသိမသာ နောက်ဆုတ်သွားသည်။ သူ့အပေါ်ကျနေသည့်ဖိအား လျော့ပါးသွားသည်ကို ခံစားမိသည်။ ထာဝရနတ်မယ်က သူ့ကိုအာရုံမစိုက်တော့ခြင်းဖြစ်မည်။ ထိုနှစ်ယောက် စကားပြောနေချိန်ကို အခွင့်ကောင်းယူ၍ သိစိတ်နယ်မြေမှ အမြန်လစ်ပြီး ထွက်ပြေးရမည်။
သို့သော် သိစိတ်နယ်မြက ခေါင်းတလားတစ်ခုလို ပိတ်ဆို့ထားကြောင်း သိလိုက်ရသည်။ ထွက်ပြေးဖို့ လုံးဝမဖြစ်နိုင်။
ထာဝရနတ်မယ် လှောင်ပြုံးပြုံးနေသည်။ လုယန်၏ သိစိတ်နယ်မြေသည် သူ့အိမ်ဖြစ်သည်။ မသေမျိုးတစ်ယောက်၏အိမ်ကို ဘယ်သူက စိတ်ထင်သလို ဝင်ထွက်နိုင်မည်နည်း။
“ထွက်သွားချင်တယ်ပေါ့။ အဲဒါဆို နင့်အသက်ကိုချန်ထားခဲ့”
ကောင်းကင်ဆန့်ကျင်မသေမျိုး၏ ကျင့်စဉ်လမ်းကို သူစက်ဆုပ်ရွံရှာသည်။ စည်းမျဉ်းများ စချတ်မှတ်ချိန်က ထိုအုပ်စုလက်အောက်တွင် သာမန်လူများ မရေမတွက်နိုင်အောင် သေခဲ့သည်။ မြို့စား၏ ရုပ်ခန္ဓာကိုကြည့်ရုံဖြင့် လူပေါင်းရာချီထောင်ချီသတ်ထားကြောင်း သိသာသည်။
လူသားမျိုးနွယ်မသေမျိုးတစ်ယောက်အနေဖြင့် သူ့ကိုယ်သူ ခမ်းနားကြီးကျယ်သည်၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည် ထာဝရနတ်မယ် မကြွေးကြော်ပါ။ သို့သော် ဘယ်သူ့ကိုမှ သူဒုက္ခမပေးဖူးဟု အသေအချာပြောနိုင်သည်။
ယခု သတ်ဖြတ်ဖို့အချိန်ကျပြီဖြစ်သည်။
လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။ ကောင်းကင်ဆန့်ကျင်မသေမျိုး ခန္ဓာကိုယ်ကို အတင်းလှုပ်ရှား၍ လက်ညှိုးကိုရှောင်ရန် ကြိုးစားသည်။ သို့သော် သူမလွတ်မြောက်နိုင်။
ရှောင်မရနိုင်သည့် လက်ညှိုးဖြစ်သည်။
လက်ညှိုးရိပ်က သူ့နဖူးကိုထိသည်။ သူ့ဝိညာဉ်ကြေမွပျက်စီးသွားသည်။
..........
ဒီလူက အတော်ရင်ဆိုင်ရခက်တာပဲ”
အရပ်သားမြို့ အပြင်ဘက်တွင် တာအိုဝစီပိတ်နှင့် တိုက်ခိုက်နေသည့် ရှေးဟောင်းကျင့်ကြံသူလေးယောက် အခက်တွေ့နေသည်.
နောက်ဆုံးတွင် ဓားတစ်သောင်းကြားမှ တာအိုဝစီပိတ်ရှိနေသည့်ဓားကို သူတို့ရှာနိုင်ခဲ့သည်။ မျှမျှတိုက်ခိုက်ရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် တာအိုဝစီပိတ်က သူ့ဓားပညာကို နောက်တစ်ကြိမ်ထပ်သုံးသည်။ ဓားနှင့်ပေါင်းစပ်၍ ဓားတစ်ချောင်းကို ဓားတစ်သောင်းအဖြစ်ပြောင်းလိုက်သည်။
ဘာကြောင့် ထိုပညာကို ထပ်ကာထပ်ကာသုံးနေရသနည်း။
“မင်းထွက်မလာရင် ငါတို့ အရပ်သားမြို့ကိုသွားပြီး ဟိုကောင်လေးနှစ်ယောက်ကို သတ်ပစ်မယ်”
တစ်ယောက်က ဒေါသတကြီးအော်လိုက်သည်။ ခြိမ်းခြောက်နေခြင်းမဟုတ်။ ထိုသို့လုပ်နိုင်စွမ်း တကယ်ရှိသည်။
ရုတ်တရက် ဓားတစ်သောင်းက ကြီးမားသည့်စက်ဝန်းအသွင် ပြောင်းသွားသည်။ ဓားဦးထိပ်များက အတွင်းသို့ဦးတည်၍ လူလေးယောက်ကို ဝန်းရံထားသည်။
ဓားတစ်သောင်းလုံး တစ်ပြိုင်တည်း တိုက်ခိုက်သည်။ လူလေးယောက် အငိုက်မိသွားသဖြင့် အထိနာကြသည်။
တာအိုဝစီပိတ် မူလအသွင်ပြန်ပြောင်း၍ သူ့အသက်ဓာတ်ချိတ်ဆက်ထားသည့် ဓားကိုကိုင်၍ လူလေးယောက်ကို အေးစက်စက် စိုက်ကြည့်သည်။
“သူတို့ကို ဘယ်ကောင်ဒုက္ခပေးရဲသလဲကွ”
သူ့အကြည့်ကြောင့် လူလေးယောက် ကျောရိုးထဲစိမ့်သွားသည်။ အဓိပဓိဓားကျင့်ကြံသတစ်ယောက် တကယ်အသေအကျေတိုက်ခိုက်လျှင် အနည်းဆုံး သူတို့ထဲမှနှစ်ယောက်တော့ သေလိမ့်မည်။
တစ်ယောက်က လှောင်ပြုံးပြုံးသည်။
“အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့။ အရပ်သားမြို့ရဲ့မြို့စားက ငါတို့အဖော်ပါ။ ဟိုကောင်လေးတွေ စည်းကမ်းလိုက်နာရုံနဲ့ ဘေးကင်းမယ်လို့ ထင်နေတာလား။
ငါတို့အဖော်က သူတို့ကို ဓားစားခံအဖြစ် အသုံးချရင် မင်းဘာလုပ်မလဲ ကြည့်ရသေးတာပေါ့။ ငါတို့ကိုသတ်ဖို့ မင်းကောင်လေးတွေအသက်ကို စတေးမှာလား။ ဒါမှမဟုတ် မင်းဓားကိုချပြီး အသာတကြည် အသတ်ခံမှာလား”
တာအိုဝစီပိတ် အံတင်းတင်းကြိတ်သည်။ ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူတို့ပြောသလို တကယ်ဖြစ်လာလျှင် အသက်ဓာတ်ကိုစတေး၍ ထိုလေးယောက်ကို အရင်ဦးအောင်သတ်ဖို့ ပြင်ဆင်ထားသည်။
ထိုစဉ် မြို့ပြင်၌ လေဟာနယ်လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် ကောင်လေးနှစ်ယောက်ကိုဖမ်းပြီးကြောင်း ကြေငြာ၍ တာအိုဝစီပိတ်ကိုလှောင်ပြောင်ရန်ပြင်နေသည့် လူလေးယောက် အကြီးအကျယ်မျက်နှာပျက်သွားသည်။ သွေးများ အန်ထွက်လာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို အသုံးချပြိး မြို့ထဲက ထွက်လာတာလား”
စည်းမျဉ်းအသုံးချ၍ (တရားဝင်) ထွက်လာသူရှိလျှင် သူတို့တန်ပြန်သက်ရောက်မှုဒဏ်ကို ခံစားရမည်။
လေဟာနယ်လမ်းကြောင်း ပျောက်ကွယ်သွားသည်။ လုယန်နှင့်မုန်ကျင်းကျိုး ပေါ်လာသည်။ လုယန်က မြို့စား၏ဦးခေါင်းပြတ်ကိုကိုင်ထားပြီး ကောင်းကင်မှလူများကို ပြုံး၍ လက်ဝှေ့ယမ်းပြသည်။ ဒေါသထွက်အောင်ဆွနေသည့် မခန့်လေးစား အမူအရာက မှားစရာအကြောင်းမရှိ။
“ဖူး..”
လူလေးယောက် နောက်ထပ် သွေးများအန်ထွက်လာပြန်သည်။
************************************************