← Chapters

စိတ်ကူးယဉ်တတ်သည့်အရွယ်

Vol. 10 Ch. 143

စိတ်ကူးယဉ်တတ်သည့်အရွယ်

Vol. 10 Ch. 143

တာအိုဝစီပိတ်အပါအဝင် စုစည်းခြင်းအဆင့်ငါးယောက်လုံး လုယန်တို့ အောင်မြင်စွာထွက်လာနိုင်မည်ဟု ဘယ်သူမှထင်မထားကြ။

မြို့ထဲတွင် စုစည်းခြင်းအဆင့်တစ်ယောက် ရှိနေသည်။ မြို့၏ ရှုပ်ထွေးသည့်စည်းမျဉ်းများကလည်း သာမန်လူများ နားလည်နိုင်သည့်အရာမဟုတ်။

ထွက်လာဖို့မပြောနှင့်။ မြို့ထဲတွင် ရှင်သန်နိုင်လျှင်ပင် ချီးကျူးရမည်ဖြစ်သည်။

ထိုနှစ်ယောက် ဘယ်လိုထွက်လာသနည်း။

တာအိုဝစီပိတ် ဆက်မတွေးတော့။ ရန်သူလေးယောက် သွေးအန်၍အားနည်းပြီး လုယန်တို့ဆီ အာရုံရောက်နေသည်ကို အခွင့်ကောင်းယူ၍ သူ့စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သ်ည။

ရေကြည်ရောင် ဓားအလင်းများ လွှမ်းခြုံနေသည့် သူ့ဓားရိပ်က မြွေတစ်ကောင်လို့ ပေါ့ပါးစွာ လှုပ်ရှားသွားသည်။ လေထဲတွင် လပသည့်အလင်းကွေးတစ်ခု ပေါ်လာသည်။ ခေါင်းနှစ်လုံး လွင့်ပျံထွက်သွားသည်။

ထာဝရနတ်မယ်က ချီးကျူးသည်။

“နင့်ဆရာက တကယ်စွမ်းတာပဲ။ ငါတို့ခေတ်က ထိပ်သီးဓားပညာရှင်တွေနဲ့တောင် ပြိုင်လို့ရတယ်။ ဒီဓားချက်က ရုပ်ခန္ဓာရော ဝိညာဉ်ရော ဖျက်ဆီးလိုက်တာ။ ဟိုနှစ်ယောက် လုံးဝသေသွားပြီ”

လုယန် အံ့အားသင့်သွားသည်။ လေးယောက်တစ်ယောက် တိုက်ခိုက်ပြီး နှစ်ယောက်ကို သတ်လိုက်သည်။ သူ့ဆရာသည် တကယ်လေးစားထိုက်သည်။

ထာဝရနတ်မယ်ရော တာအိုဝစီပိတ်ပါ လုယန်ရှေ့သို့ စပေါ်လာချိန်က အတော်အဖြစ်ဆိုးသည်။ တစ်ယောက်က နှိပ်ကွပ်ခံရသည်။ တစ်ယောက်က ဆယ်နှစ်ကြာ ပိတ်လှောင်ခံထားရသည်။ ထို့ကြောင့် သူတို့အဆင့်အတန်းကို လုယန် သတိမပြုမိ။

တစ်ယောက်က ရှေးဟောင်းခေတ် စွမ်းအားအကြီးဆုံး မသေမျိုးငါးယောက်ထဲမှတစ်ယောက်။ တစ်ယောက်က မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်၊ အင်ပါယာကိုယ်တိုင်ပင် လေးစားရသူ၊ တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးအကဲကိုးယောက်တွင် အငယ်ဆုံး ကျင့်ကြံမှုနောက်အကျဆုံးနှင့် တိုက်ခိုက်စွမ်းအားအမြင့်ဆုံး။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်ယာက်နှင့် သိကျွမ်းရင်းနှီးခွင့်ရလျှင်ပင် သာမန်ကျင့်ကြံသူများအနေဖြင့် အောင်မြင်မှု ကြီးကြီးမားမားရနိုင်သည်။ အပူပင်ကင်းသည့်ဘဝကို သာယာနိုင်သည်။ သို့သော် လုယန်က ထိုသို့လုံးဝမခံစားရ။

“အမယွမ်ကျိ ရှိနေလို့များလား”

အကြောင်းရင်းတစ်ချက်ကို လုယန်စဉ်းစားမိသည်။ ထိုနှစ်ယောက် ပွဲဦးထွက်မလှပခဲ့သည်က ယွမ်ကျိကြောင့်ဖြစ်သည်။

ယခု ယွမ်ကျိက အနီးအနားတွင်မရှိ။ ထို့ကြောင့် သူတို့စွမ်းရည်အစစ်ကို ထုတ်ပြခွင့်ရခြင်းဖြစ်မည်။

စွမ်းအင်ရောင်ပြည့်နေသည့် တာအိုဝစီပိတ်က နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်နေသည်။

ကျန်နေသည့်ရှေးဟောင်းကျင့်ကြံသူနှစ်ယောက် အန္တရာယ်ကို ရိပ်စားမိသည်။ သူ့အဖော်များ၏အလောင်းကိုပင် မကောက်အားပဲ လှည့်ထွက်ပြေးသည်။

တာအိုရှင်ဝစီပိတ် ဆက်လိုက်မသွား။ နောက်တစ်ကြိမ် သူတိုက်ခိုက်နိုင်သော်လည်း ထိုနှစ်ယောက်က သတိအနေအထားရှိနေသဖြင့် ခုခံနိုင်လိမ့်မည်။ သူတို့ပြန်တိုက်ခိုက်လျှင်လည်း တာအိုဝစီပိတ် ဆက်တိုက်ခိုက်ဖို့ မကြောက်။ သို့သော် လုယန်နှင့်မုန်ကျင်းကျိုးက စုစည်းခြင်းအဆင့်များ၏ စွမ်းအင်ရိုက်ခတ်မှုကို ခံနိုင်ကြမည်မဟုတ်။

“မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား”

တာအိုဝစီပိတ် အောက်သို့အမြန်ဆင်းလာပြီး စစ်ဆေးကြည့်သည်။ လုယန်တို့ ဘာဒဏ်ရာမှမရကြောင်း သလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အရပ်သားမြို့တွင် ကောင်းကောင်းနေခဲ့ရဟန်တူသည်။

“အဆင်ပြေပါတယ်”

နှစ်ယောက်လုံး လက်ဝှေ့ယမ်းပြသည်။ သူတို့ဘေးပတ်လည်မှ စွမ်းအင်ရောင်ကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ အရပ်သားမြို့မှ အောင်မြင်စွာထွက်နိုင်ခဲ့သဖြင့် ဝိညာဉ်စွမ်းအားကို ပြန်ထိန်းချုပ်နိုင်လာသည်။

မြို့ထဲတွင် ဝိညာဉ်စွမ်းအား မသုံးနိုင်ခဲ့။ သူတို့ပါရမီစွမ်းရည်များလည်း နည်းနည်းကန့်သတ်ခံရသည်.

“ကောင်းတယ် ကောင်းတယ်”

တာအိုရှင်ဝစီပိတ် စိတ်သက်သာရာရသွားသည်။

“ဟိုနှစ်ယောက်တော့ လွတ်သွားတာပေါ့။...ဒါနဲ့ မြို့ထဲမှာ စုစည်းခြင်းအဆင့်တစ်ယောက်ရှိတယ်မဟုတ်လား။ မင်းတို့သူ့ကို ဘယ်လိုရင်ဆိုင်ခဲ့တာလဲ”

လုယန်နှင့်မုန်ကျင်းကျိုးကို သူစူးစမ်းသလို ကြည့်နေသည်။ ရှောင်ယွမ်က လုယန်ကို အသက်ကယ်နည်းလမ်းတစ်ခု ပေးထားခြင်းဖြစ်နိုင်သည်။ သို့မဟုတ် မုန်မိသားစုက မုန်ကျင်းကျိုးကို ပေးထားခြင်းဖြစ်မည်။

တာအိုဝစီပိတ်သည် ယုံကြည်ရသူဖြစ်၍ လုယန် ရှင်းပြသည်။

“အမှန်တော့ ကျုပ်ကိုယ်ထဲမှာ ရှေးဟောင်းမသေမျိုးတစ်ယောက်ရှိတယ်။ သူကကျုပ်ကို ကျင့်ကြံဖို့ လမ်းပြပေးတယ်။ အရေးပေါ်အခြေအနေကြုံရင် သူ့စွမ်းအားကို ကျုပ်ကိုလွှဲပေးတယ်။ ဒါကြောင့် စုစည်းခြင်းအဆင့်တစ်ယောက်ကို သတ်နိုင်တာပါ”

တာအိုရှင်က ကိုယ်ချင်းစာသည့်အကြည့်ဖြင့်ကြည့်၍ လုယန်ဦးခေါင်းကို ပုတ်လိုက်သည်။ သူလည်း ငယ်ရာက ကြီးလာခြင်းဖြစ်သည်။ နားလည်ပါသည်။

မှန်သည်။ ဆယ်ကျော်သက်အရွယ်သည် စိတ်ကူးယဉ်တတ်သည့်အရွယ်ဖြစ်သည်။

သူဆယ့်ခြောက်နှစ်အရွယ်က ကြမ်းတမ်းသည့်ရှေးသားရဲတစ်ကောင် သူ့ကိုယ်ထဲတွင် ပိတ်မိနေသည်ဟု ထင်ခဲ့ဖူးသည်။ တစ်ခြားလူများ သူ့ဒေါသကိုလာဆွလျှင် ထိုသားရဲအချုပ်အနှောင်လျော့သွားပြီး သားရဲစွမ်းအင် ယိုစိမ့်ထွက်လာမည်။ အပြစ်မဲ့သူများ ဒုက္ခရောက်မည်။ အခန့်မသင့်လျှင် ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် ထိုသားရဲ လွတ်ထွက်မလာစေရန် တစ်ချိန်လုံး အေးစက်တင်းမာသည့်မျက်နှာဖြင့် သူအမြဲနေခဲ့ရသည်.

စိတ်ကူးယဉ်တတ်သည့် ထိုအသက်အရွယ်ကို သူလည်းဖြတ်သန်းခဲ့ရပါသည်။

ရှေးခေတ်မသေမျိုးတဲ့လား။ သူ့နှစ်နှစ်ထောင်သက်တမ်းတွင် ရှေးခေတ်မသေမျိုးဟူ၍ တစ်ယောက်မှ သူမတွေ့ဖူး။ ဤကောင်လေးလုယန်က ကံအကြီးကြီးကောင်းပြီး ရှေးခေတ်မသေမျိုးနှင့် ဆုံသတဲ့လား။ ထိုမသေမျိုးက သူ့ကိုယ်ထဲတွင် နေသတဲ့လား။

ရှောင်ယွမ်က ထိုကောင်လေးကိုယ်ထဲတွင် အသက်ကယ်အဆောင်တစ်ခုခု ထည့်ပေးထားခြင်းသာ ဖြစ်ရမည်။

“မင်းပြောတဲ့ ရှေးမသေမျိုးက လူအိုလား မိန်းမလှလား”

တာအိုဝစီပိတ် မေးသည်။

ထာဝရနတ်မယ်ရုပ်ရည်အရ တည်တည်ငြိမ်ငြိမ်နေချိန်တွင် အမယွမ်ကျိလောက်တကယ်လှသည်။ ထို့ကြောင့် လုယန် ပြန်ဖြေသည်။

“မိန်းမလှပါ”

ကျိုးကြောင်းဆီလျော်သည်ဟု တာအိုဝစီပိတ် သူ့ဘာသာတွေးမိသည်။ ယနေ့ခေတ်တွင် လူတစ်ယောက် စိတ်ကူးယဉ်မိသည့် မသေမျိုးတို့၏ပုံစံသည် အဘိုးအိုတစ်ယောက် သို့မဟုတ် မိန်းလှတစ်ယောက်သာဖြစ်သည်။ လူငယ်မသေမျိုး၊ သက်လတ်ပိုင်းမသေမျိုး၊ အဘွားကြီးမသေမျိုးများ မဖြစ်နိုင်ပေ။

(**တာအိုဝတ္ထုတို့၏ သမရိုးကျပုံစံကို ရည်ညွှန်းခြင်းဖြစ်သည်)

အရပ်သားမြို့ကို သူလှမ်းကြည့်သည်။ စည်းမျဉ်းများ၏စွမ်းအားက လွှမ်းခြုံနေဆဲဖြစ်သည်။ ခဏငြိမ်နေပြီးနောက် သူပြောသည်။

“ဒီနားတစ်ဝိုက်က အစိုးရရုံးတော်ကို အရင်သွားရအောင်။ ကျန်တဲ့ကိစ္စတွေ သူတို့ကိုပဲ လွှဲလိုက်တော့မယ်”

အရပ်သားမြို့ထဲတွင် မြို့သူမြို့သား များစွာရှိသည်။ သူ့ကျင့်စဉ်အဆင့် ထိပ်တန်းသို့ ထိပ်တန်းသို့ရောက်နေသော်လည်း ထိုကိစ္စမျိုးက ကျင့်စဉ်စွမ်းအားတစ်ခုတည်းဖြင့် ဖြေရှင်း၍မရနိုင်။ ကျွမ်းကျင်သူများကို လွှဲပေးခြင်းက အကောင်းဆုံးဖြစ်သည်။

အရပ်သားမြို့ပြဿနာတွင် စုစည်းခြင်း့အဆင့် ငါးယောက်ပါသည်။ ကောင်တီနယ်စားတစ်ယောက် ဖြေရှင်းနိုင်မည်မဟုတ်။ ထို့ကြောင့် ဤပြည်နယ်ကို တာဝန်ယူထားသည့် နယ်ထိန်းကို ရှာမှဖြစ်မည်။

အလယ်ပိုင်းတိုက်နယ်ကို ရှားနိုင်ငံက ပြည်နယ်ဆယ့်ခုနစ်ခု ခွဲထားသည်။ ပြည်နယ်အောက်တွင် ကောင်တီများရှိသည်။ ကောင်တီအောက်တွင် မြို့နယ်ရှိသည်။

ဤဒေသနှင့် သူမရှင်းနှီး။ ထို့ကြောင့် အနီးအနားမှ ကောင်တီတစ်ခုသို့သွား၍ သူတို့ဘယ်နေရာရောက်နေသည်ကို စုံစမ်းကြည့်သည်။ တိုက်နယ်အနောက်ပိုင်း ချင်းကျိုးပြည်နယ်ဖြစ်ကြောင်း သိရသည်။

“နေပါဦး...ကျုပ်တို့ကဘာလို့ တိုက်နယ်အနောက်ပိုင်းကို ရောက်နေတာလဲ”

လုယန်နှင့်မုန်ကျင်းကျိုး တာအိုရှင်ကို သံသယမျက်လုံးဖြင့် ကြည့်ကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ထွက်လာချိန်က တောင်ပိုင်းသို့သွားမည်ဟု ပြောခဲ့သည်မဟုတ်ပါလော။

တာအိုဝစီပိတ်က ဘာမှသိပ်မရှင်းပြပဲ အရေးမကြီးလေဟန်ဖြင့် ရယ်လိုက်သည်။ သူ့နောက်မှ လိုက်ခဲ့ဖို့သာပြောသည်။

လှည့်ပတ်မေးမြန်းစုံစမ်းပြီးနောက် နောက်ဆုံးတွင် သူတို့သုံးယောက် ချင်းကျိုးနယ်ထိန်းကို သွားတွေ့ကြသည်။

တာအိုလမ်းစဉ်ဂိုဏ်းချုပ် လာလည်သည်ဟု ကြားသည်နှင့် ချင်းကျိုးနယ်ထိန်းက တာဝန်အားလုံးချက်ချင်းရပ်ထားပြီး ကိုယ်တိုင် လာကြိုဆိုသည်။

နိုင်ငံအထောက်အပံ့များစွာ ထိန်းချုပ်ခွင့်နှင့် လူအများလေးစားမှုရထားသော်လည် ချင်းကျိုးနယ်ထိန်းသည် တာအိုဝစီပိတ်နှင့် အဆင့်အတန်းနှင့်ကျင့်စဉ်စွမ်းအားအရ ယှဉ်၍မရသေး။

တာအိုရှင်ဝစီပိတ် လိုရင်းကို တန်းပြောသည်။ အရပ်သားမြို့အခြေအနေကို ရှင်းပြသည်။ အသေးစိတ်အချက်အလက်များကို လုယန်နှင့်မုန်ကျင်းကျိုးက ဖြည့်ပြောပေးသည်။

အဖြစ်အပျက်ကိုသိပြီးနောက် ချင်းကျိုးနယ်ထိန်း ကြောက်ချွေးပြန်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းချုပ်တို အခြေအနေကိုသိပြီး ကိုင်တွယ်ဖြေရှင်းခဲ့သဖြင့် ကျေးဇူးတင်နေသည်။ ထိုစုစည်းခြင်းအဆင့်ငါးယောက် အပြည့်အဝနိုးထပြီး နိုင်ငံ့တစ်နေရာရာတွင် ဆက်ပုန်းခိုနေလျှင် ကောင်တီလေးငါးခုကို အချိန်မရွေးဖျက်ဆီးနိုင်စွမ်းရှိသည်။ လူပေါင်းများစွာ သေကြေပျက်စီးရမည်။

နယ်ခံ ဝိညာဉ်ပြောင်းအဆင့်နှင့် စုစည်းခြင်းအဆင့် အရာရှိများကို ချက်ချင်းစေလွှတ်သည်။ ချင်းကျိုးနယ်အတွင်း အသင့်ရှိနေသည့် တပ်ဖွဲ့များနှင့်တော်ဝင်ရုံတော်ဆီ ရှေးခေတ်စုစည်းခြင်းအဆင့်နှစ်ယောက် လွတ်မြောက်နေဆဲဖြစ်၍ သတိထားကြရန် တပ်လှန့်အသိပေးသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ စွမ်းဆောင်မှုကို နန်းတော်သို့ အကြောင်းကြားဖို့တော့ ချင်းကျိုးနယ်ထိန်း အချိန်မရသေး။ အရပ်သားမြို့မှ မြိုခံလူများအခြေအနေကို အရင်သွားကြည့်ရန် ဆုံးဖြတ်သည်။

ချင်းကျိုးနယ်ထိန်းသည် လေဟာနယ်သန့်စင်အဆင့် ကျင့်ကြံသူများကို တစ်ယောက်မှမလွှတ်ကြောင်း လုယန်သတိထားမိသည်။

တာအိုရှင်ဝစီပိတ်က ရှင်းပြသည်။

“လေဟာနယ်သန့်စင်အဆင့်ဆိုတာ အတော်ထူးခြားတဲ့အဆင့်ပါ။ အဲဒီ့အဆင့်ကျင့်ကြံသူတွေရဲ့စွမ်းအားဟာ မတည်ငြိမ်ဘူး။ နိမ့်လိုက်မြင့်လိုက် အမြဲပြောင်းလဲနေတယ်။ အမြင့်ဆုံးအခြေအနေမှာ သူတို့ဟာ စုစည်းခြင်းထိပ်ဆုံးအဆင့် စွမ်းအားရှိတယ်။ ဒါပေမယ့် အနိမ့်ဆုံးအခြေအနေမှာ ချီကျင့်ကြံမှုအဆင့်လောက်ပဲ ရှိတယ်။ ဒါကြောင့် လေဟာနယ်သန့်စင်အဆင့် ကျင့်ကြံသူတွေဟာ တစ်နေရာထည်းမှာပဲ နေတယ်။ တော်ရုံတန်ရုံ မလှုပ်ရှားကြဘူး။

ဒါပေမယ့် ဘယ်သူမှလည်း သူတို့ကို အရမ်းကာရောရန်မစရဲဘူး။ သူတို့စွမ်းအားက ဘယ်အချိန်ဘယ်အဆင့်ရောက်သွားမယ် မသိနိုင်ဘူးလေ”

(**ဤဝတ္ထုတွင် ချီ၊ အခြေတည်၊ ရွှေသန္ဓေ၊ ဝိညာဉ်ပြောင်း၊ အာကာသ (or) လေဟာနယ်သန့်စင်၊ ပေါင်းစည်းခြင်း (or) စုစည်းခြင်း၊ ကူးဖြတ်ခြင်း ဟု အဆင့် (၇)ဆင့် ခွဲခြားပါသည်။ ပြီးလျှင် မသေမျိုးအဆင့်ဖြစ်သည်။ သို့သော် တာအိုသရော်စာ၊ တာအိုဟာသစာစဉ် ဖြစ်ပါသည်။ ကျင့်ကြံမှုထက် ဟာသကိုသာ ဦးစားပေးသည်)

**************************************************

All Chapters