အထိန်းအကွပ်
Vol. 10 Ch. 144
ချင်းကျိုးနယ်ထိန်းက ချင်းကျိူးအရာရှိများကိုဦးဆောင်၍ အရပ်သားမြို့သို့ အလုံးအရင်း ချီတက်သည်။ နယ်ထိန်းတံဆိပ်ကို မြို့ထဲပစ်ချသည်။ စည်းမျဉ်းများ ကြေမွပျက်စီး၍ ပျောက်ကွယ်သွားသည်။
သူ့ကိုယ်ပိုင်စွမ်းအားတော့မဟုတ်။ ရှားနိုင်ငံက သူ့ကိုပေးထားသည့် အခွင့်အာဏာစွမ်းအားဖြစ်သည်။ ပြည်သူ့ယုံကြည်မှုစွမ်းအားကို အနည်းအကျဉ်း သုံးခွင့်ရသည်။
ကျင့်ကြံသူအုပ်စုကလည်း ထိုကိစ္စမျိုး ပထမဆုံးကြုံဖူးခြင်းမဟုတ်သဖြင့် ရှုပ်ထွေးသည့် မြို့စည်းမျဉ်းများကို အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ကြသည်။ ကိုယ်ပိုင်ကျောင်းဆရာနှင့် မျက်လုံးချင်းဆုံမကြည့်ရ၊ နေ့ခင်းပိုင်း သက်ငယ်မိုးအိမ်များထဲတွင် အန္တရာယ်ရှိသည်၊ စသည့်စည်းမျည်းများအားလုံး ဟာသတစ်ခုလိုဖြစ်လာသည်။
ကိုယ်ပိုင်ကျောင်းဆရာကိုဖမ်းသည်။ သက်ငယ်မိုးအိမ်ထားထဲ ပုန်းနေသည့် အရိပ်များကို ဆွဲထုတ်သည်။ ဖုတ်ကောင်အလောင်းဘယ်လောက်၊ အသက်ရှင်သူဘယ်လောက်ရှိသည်ကို စစ်ဆးသည်။ ခွေးနက်အသွင်ပြောင်းနေသူများကို ပြန်ကုစား၍ရမရ လေ့လာသည်။ အားလုံးကို အစီအစဉ်တကျ ဆောင်ရွက်ကျသည်။
ထိုလုပ်ဆောင်ပုံမျိုး ထာဝရနတ်မယ် တစ်ခါမှမမြင်ဖူး။ ရှေးခေတ်က နိုင်ငံဟူသည့်အယူအဆမရှိ။ မျိုးနွယ်အုပ်ချုပ်စနစ်တွင် ထိုမျှရှင်းလင်းသည် လုပ်ငန်းခွဲခြားမှု စီစဉ်ဆောင်ရွက်မှုစနစ်မျိုး မရှိ။
တာအိုရှင်ဝစီပိတ်စကားအရ ဤဆောင်ရွက်ချက်သည် နိုင်ငံ့အင်အားတစ်ခုတည်းသာဖြစ်သည်။ မသေမျိုးငါးဂိုဏ်းနှင့်သာ ပူးပေါင်းလိုက်လျှင် ရှေးခေတ်ကျင့်ကြံသူများကို အလွယ်တကူ လွှမ်းမိုးနိုင်စွမ်းရှိသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ လွတ်မြောက်လာသည့် တည်းခိုခန်းပိုင်ရှင်နှင့်တွေ့သည်။ သူတို့ကိုမြင်သည်နှင့် တည်းခိုခန်းပိုင်ရှင် အပျော်မျက်ရည်များစီးကျနေသည်။ ထိုနှစ်ယောက် ထိုမျှအချိန်တိုအတွင်း ပြဿနာကိုဖြေရှင်းနိုင်လိမ့်မည်ဟု သူထင်မထား။
လုယန်တို့နှစ်ယောက်ကို နတ်ဆိုးကျင့်ကြံသူဟု သူသံသယမဝင်ခဲ့သင့်။
ဆေးဆိုင်ပိုင်ရှင်သည် မြို့စား၏ အတွင်းသူလျိုဖြစ်ကြောင်း သိရသည်။ လူပေါင်းများစွာကို အန္တရာယ်ပြုခဲ့ကြောင်း သက်သေအထောက်အထားတွေ့သည်။ စည်းမျဉ်းအကန့်အသတ်အောက်တွင် ထိုဆိုင်ရှင်က အမှန်အတိုင်းပြောခဲ့သယောင် ထင်ရသော်လည်း အမှန်တော့ လူအတော်များများကို လှည့်စား၍ လှမ်းမှားပို့ခဲ့ခြင်းဖြစ်သည်။
ဆေးဆိုင်လက်သင်လူငယ်၊ ကိုယ်ပိုင်ကျောင်းဆရာ၊ ယမန်အရာရှိများနှင့် အသားပေါက်စီဆိုင်ရှင်...အားလုံးကို ထိန်းသိမ်းလိုက်သည်။ အမှန်တရာကို သေချာရှင်းလင်းအောင် အတည်ပြုပြီးလျှင် ပြစ်ဒဏ်ချလိမ့်မည်။
ထိုနေရာမှာပင် ချင်းကျိုးနယ်စားက နန်းတွင်းရုံးတော်သို့ပို့ရန် အမှုအစီရင်ခံစာရေးသည်။ သို့သော် တာအိုဝစီပိတ်က တားသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့နာမည်ကို ထည့်မရေးခိုင်း။ သို့သော် ပေးမည့်ဆုလာဒ်များကိုတော့ လက်ခံသည်။
အလားအလာကောင်းသည့်လူငယ်နှစ်ယောက်ကို တာအိုဝစီပိတ်က ချင်းကျိုး၏ အစည်ကားဆုံးစားသောက်ဆိုင်သို့ ခေါ်သွားသည်။
“ဟားဟား၊ နောက်ဆုံးတော့လည်း ကိစ္စပြီးသွားပြီပဲ”
“ငါတိုခရီးစဉ် နည်းနည်းလေး အနှောက်အယှက်ဖြစ်သွားပေမယ့် ဒါက အသေးအဖွဲ့ကိစ္စလေးပါ။ ဗိုက်ဖြည့်ပြီးရင် မင်းတို့ကို တိုက်နယ်တောင်ပိုင်းရဲ့ ချမ်းသာကြွယ်ဝမှုကို ခံစားဖို့ ငါခေါ်သွားပေးမယ်။
ဒီတစ်ခေါက်က မင်းတို့အမယွမ် မပါတော့ ငါတို့သုံးယောက် လွတ်လွတ်လပ်လပ် ပျော်လို့ရတယ်။ စိတ်မပူပါနဲ့ ဖြစ်သမျှအားလုံးကို ငါတာဝန်ယူပါတယ်”
တာအိုရှင်ဝစီပိတ် အော်ဟစ်ရယ်မာနေသည်။ အရပ်သားမြို့ နောက်ဆက်တွဲကိစ္စများကို အစိုးရပိုင်းက တာဝန်ယူမည်ဖြစ်သည်။ သူဘာမှလုပ်စရာမလိုတော့။ ယခုမှ အပြင်ထွက်ခွင့်ရသဖြင့် လွတ်လပ်စွာနေချင်သည်။
“ဪ...ဒါဆိုဆရာက ကျွန်မရှိနေရင် ထိန်းချုပ်ပြီးနေရတယ်ပေါ့”
အေးစက်စက်စကားသံကြောင့် တာအိုရှင်၏ရယ်သံ တိခနဲရပ်သွားသည်။
ထိုအချိန်ကျမှ လုယန်နှင့်မုန်ကျင်းကျိုးတို့ သတိထားမိသည်။ ဆူညံနေသည့်ဆိုင်တစ်ခုလုံး အသံတိတ်နေသည်။ သူတို့ဝိုင်းသာ ရယ်သံထွက်နေခြင်းဖြစ်သည်။ သုံးယောက်လုံး စကားရပ်သွားသည်နှင့် တစ်ဆိုင်လုံး အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
အစောကတည်းက ဆိုင်ထဲဝင်လာသည့် မိန်းမလှတစ်ယောက်ကို တစ်ခြားဧည့်သည်များက သတိထားမိပြီးဖြစ်သည်။ သူဝင်လာသည်နှင့် အကြည့်အားလုံး သူ့ဆီပုုံကျသွားသည်။ သူ့အလှအပနှင့်ဟန်ပန်ကြောင့် အလိုလိုပါးစပ်ပိတ်သွားပြီး မှင်သက်မိနေသည်။ ထိုမိန်းကလေး သူတို့ကို သတိထားမိမည်စိုး၍ အသက်ပင်ကျယ်ကျယ်မရှူရဲကြ။
ထိုမိန်းကလေးက စားပွဲတစ်လုံးတွင် အသံတိတ်ဝင်ထိုင်ပြီး အပူအပင်ကင်းသည့် ဆရာတပည့်သုံးယောက်ကို ကြည့်နေခဲ့သည်။
ယခု သူစကားစပြောမှ ဆရာတပည့်သုံးယောက် သူ့ကို မြင်သွားကြသည်။
“ဪ..ရှောင်ယွမ်ပါလား။ လာပါ..ငါတို့နဲ့အတူလာထိုင်ပါ”
တာအိုရှင်ဝစီပိတ် ကြိုးစားပြုံးလိုက်သည်။
“အမယွမ်”
လုယန်နှင့်မုန်ကျင်းကျိုးလည်း လေးလေးစားစားနှုတ်ဆက်သည်။
ယွမ်ကျိကိုင်ထားသည့် ကြိုးစနှစ်ခုကိုကြည့်၍ တာအိုရှင်ဝစီပိတ် အံ့အားသင့်နေသည်။ ကြိုးတုပ်ထားသူများက ထွက်ပြေးသွားသည့် စုစည်းခြင်းအဆင့်နှစ်ယောက်ဖြစ်သည်။
“ရှောင်ယွမ် မင်းငါတို့ကို ဘယ်အချိန်ကတည်းက တွေ့တာလဲ”
“ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအားနှင့် ဓားနဲ့လူပေါင်းစပ်တဲ့စွမ်းအား ဆရာစပြီး ထုတ်သုံးတဲ့အချိန်ကတည်းကပါ”
တာအိုရှင်ဝစီပိတ် ကြောက်ချွေးပြန်သွားသည်။ သို့ဆိုလျှင် မနေ့ကဖြစ်သည်။ လွတ်သွားသည့်နှစ်ယောက်ကို ဖမ်းခေါ်လာနိုင်သည်မှာ မဆန်းလှတော့။
စိတ်တည်ငြိမ်အောင်ထိန်းလျက် သူပြန်တွေးသည်။ ယနေ့တစ်နေ့လုံး ယွမ်ကျိမကောင်းကြောင်း သူမပြောခဲ့မိသဖြင့် စိတ်သက်သာရာရသွားသည်။
ဖမ်းမိထားသည့် ကျင့်ကြံသူနှစ်ယောက်က ယွမ်ကျိကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည်။ အဝေးမှ ညင်သာစွာရိုက်ထုတ်လိုက်သည့် လက်ဝါးတစ်ချက်ဖြင့် သူတို့ဝိညာဉ်များ လွင့်ထွက်သွားခဲ့ည်။ ထိုမိန်းကလေး ဘယ်အဆင့်ရောက်နေသည်မသိ။
ဘာကြောင့်သူတို့ ထိုမကောင်းဆိုးဝါးမျိုးနှင့် တွေ့သည်မသိ။
အခွင့်အလမ်းများ ပြည့်နေသည်ဟူသည့် မဟာကပ်က ဘယ်ရောက်သွားသနည်း။ ဘာကြောင့် ဤနယ်မြေမှ အခွင်အလမ်းများက အန္တရာယ်များ ပြည့်နေသနည်း။
“ဆရာလမ်းပျောက်ပြီး ဒီနှစ်ယောက် လမ်းမှားရောက်သွားမှာ ကျွန်မစိုးရိမ်လို့ပါ။ ဆရာက ကျွန်မမရှိတဲ့အချိန် ဒီလောက်ပျော်နေမယ်လို့ ထင်မထားဘူး”
ယွမ်ကျိက အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ သုံးယောက်လုံး ကျောရိုးထဲစိမ့်သွားသည်။
မုန်ကျင်းကျိုးက တုံ့ပြန်မှု အမြန်ဆုံးဖြစ်သည်။ လုယန်ကို လက်ညှိုးထိုးလျက်
“ဒါတွေအားလုံး လုယန်အပြစ်ပါ။ ကျုပ်က လိုက်မလာချင်ဘူး။ လုယန်က အတင်းဆွဲခေါ်လာတာပါ”
လုယန်က သူ့ဆရာ တာအိုဝစီပိတ်ကို လက်ညှိုးထိုးသည်။
“ဒါတွေအားလုံး ဆရာ့ကြောင့်ပါ။ သူက ဆရာ့တစ်ယောက်ရဲ့တာဝန် ကျေရမယ်လို့ပြောတယ်။ ဒါကြောင့် အပြင်လောကကိုကြည့်ဖို့ ကျုပ်ကို ခေါ်လာတာ’
တာအိုရှင်ဝစီပိတ်က မုန်ကျင်းကျိုးကို လက်ညှိုးထိုးသည်။
“ဒီကလေးရဲ့အဘိုးက သူ့မြေးကို ကြည့်ရှုစောင့်ရှောက်ဖို့ ငါ့ကိုပြောထားလို့ပါ။ ဒါကြောင့် သူတို့ကို နည်းနည်းပျော်စေချင်လို့ အပြင်ကိုခေါ်လာတာ”
မျက်စိရှေ့တွင် မရှိသည့်လူကို အပြစ်ဖို့ခြင်းသည့် အကောင်းဆုံးဖြစ်ကြောင့် ရင့်ကျက်သည့်အတွေ့အကြုံရ သူသိသည်။
ယွမ်ကျိက သုံးယောက်လုံးကို အေးစက်စက်ကြည့်သည်။
“ဆရာ၊ ကျွန်မတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂုဏ်ယူစရာ လုပ်ရပ်တွေကို အပြင်မှာ ဆရာဆက်ဖြန့်ပါ။..လုယန်နဲ့မုန်ကျင်းကျိုး၊ မင်းတို့နှစ်ယောက်က ငါနဲ့ပြန်လိုက်ခဲ့ပါ”
လုယန်နှင့်မုန်ကျင်းကျိုးတို့ သူ့ဆရာ၏အကျင့်ဆိုးများ စွဲကပ်သွားမည်ကို ယွမ်ကျိစိုးရိမ်သည်။
ထွက်မသွားမီ တာအိုရှင်ဝစီပိတ်ကို သူမှာသည်။
“ဆရာသွားရင်းလာရင်း ချင်းကျိုးနယ်ထိန်းကို ပြောလိုက်ပါ။ လွတ်သွားတဲ့လူတွေကို ကျွန်မဖမ်းပြီးပြီမို့ သူတို့စိတ်ပူစရာမလိုတော့ဘူးလို့”
ယွမ်ကျိ စုစည်းခြင်းအဆင့်အကျဉ်းသားနှစ်ယောက်ကို ဂိုဏ်းသို့ခေါ်သွားပြီး အသုံးဝင်မည့်သတင်းရမရ စုံစမ်းစစ်ဆေးကြည့်ဖို့ စိတ်ကူးထားသည်။
အပြန်လမ်းတွင် လုယန်က ယွမ်ကျိနှင့် ဆုကြေးရဖို့ကိစ္စ ဆွေးနွေးသည်။ စုစည်းခြင်းအဆင့်ကို သတ်ခဲ့သည့်အတွက် ကျိုးဆောင်မှတ်ရနိုင်မရနိုင် မေးသည်။
“စုစည်းခြင်းအဆင့်ကိုသတ်ခဲ့တာ ပဲဝါမဟုတ်ဘူးလား”
ယွမ်ကျိ ပြန်မေးသည်။
သူ့စကားကြားသည်နှင့် နာမည်ရင်းတိုက်ရိုက်ခေါ်သည်ကို အရေးမစိုက်ဘဲ ထာဝရနတ်မယ်က စိတ်လှုပ်ရှားနေသည့်လေသံဖြင့် မေးသည်။
“ဒါဆို ငါရော ကျိုးဆောင်မှတ်ရမှာလား”
‘ရှင်က ကျွန်မတို့ တာအိုလမ်းစဉ်ဂိုဏ်းဝင်မဟုတ်တော့ မရနိုင်ဘူး”
ထာဝရနတ်မယ်က ဘာမှစဉ်းစားမနေဘဲ ချက်ချင်းပြန်ပြောသည်။
“ဒါဆို ဂိုဏ်းထဲဝင်မယ်လေ”
လုယန် ထာဝရနတ်မယ်ကို တအံ့တဩကြည့်သည်။ ဂိုဏ်းထဲ ထိုသို့လွယ်လွယ်ဝင်မည်ဟု ပြောနေသည်။ မသေမျိုးတစ်ယောက်၏ ဂုဏ်သိက္ခာကို လုံးဝထည့်မတွက်။
ယွမ်ကျိခေါင်းငြိမ့်သည်။
“မသေမျိုးတစ်ယောက် ဂိုဏ်းထဲဝင်တာဆိုတော့ ခွင့်ပြုရမှာပေါ့။ ကျွန်မရှင့်ကို တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ပထမဧည့်သည်အကြီးအကဲဖြင့် ခန့်အပ်မယ်။ ဒါပေမယ့် ရှင့်အဆင့်အတန်းကို ကျွန်မတစ်ယောက်ပဲ သိလိမ့်မယ်။ ဒါဆို ဂိုဏ်းစည်းကမ်းအရ ဒီကိစ္စအတွက် ကျိုးဆောင်မှတ်ရမယ်။ အကြီးအကဲရာထူးလည်းရမယ်။ ဒီသတ်မှတ်ချက်တွေကိုလက်ခံရင် ရှင်ဝင်လို့ရတယ်”
“ဝင်မယ်”
တာအိုလမ်းစဉ်ဂိုဏ်း၏ ပတ်ဝန်းကျင်ကို ထာဝရနတ်မယ် အတော်သဘောကျသည်။ သူ့စရိုက်နှင့် ကိုက်ညီသည်။ ထိုသို့ကိုက်ညီဖို့ အတော်ခဲယဉ်းသည်။
ယွမ်ကျိ နောက်ထပ်ကိစ္စတစ်ခု လုယန်ကိုပြောသည်။
“ပြီးခဲ့နှစ်ရက်လောက်က လသံလွင်နန်းတော်ဂိုဏ်းချုပ် ငါ့ဆီလာပြောတယ်။ လန်ထင်အတွက် မင်းကိုလျော်ကြေးပေးစေချင်တယ်တဲ့။ မင်းကလည်း လက်ထပ်ဖို့ကိစ္စ ဆွေးနွေးရမယ့်အရွယ်ရောက်ပြီလို့ ငါတွေးလိုက်တယ်။ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ လသံလွင်နန်းတော်ကလည်း အဆင့်အတန်းချင်းညီတယ်လေ။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို တာအိုလက်တွဲဖော်အဖြစ် ငါသဘောတူပေးလိုက်တယ်။ ဒါပေမယ့် ဘာကြောင့်လဲမသိဘူး။ လသံလွင်နန်းတော်ဂိုဏ်းချုပ်က စိတ်ပြောင်းသွားတယ်။ ဘာကြောင့်လို့ မင်းထင်လဲ။ မင်းကိုသူတို့က သိပ်အထင်မကြီးလို့များလား”
လုယန် လုံးဝတွေးမရ။
*********************************************