ရှေးမသေမျိုးငါးယောက်
Vol. 10 Ch. 147
“ထာဝရနတ်မယ်”ဟူသည့်နာမည်သည် သူဂုဏ်ယူရသည့်ဘွဲ့ဖြစ်သည်။ စုစည်းခြင်းအဆင့်လေးတစ်ယောက် မလေးမစားပြောခွင့်မပြုနိုင်။
“နင့်ကို နှစ်တစ်သောင်းရေထဲထဲထည့်ပစ်မယ်။ ပြီးမှ ဆီပူနဲ့ကြော်မယ်”
မသေမျိုးတစ်ယောက်ကို အလွယ်တကူ အနိုင်ကျင့်၍ရမည်ဟု ထင်နေသလားမသိ။
မသေမျိုးစစ်ဟုခေါ်သည့်တစ်ယောက်(မြို့စား)ကိုပင် သူ့လက်ညှိုးတစ်ချောင်းဖြင့် သတ်ခဲ့သည်။ ဤတစ်ယောက်လည်း သူ့လက်ချောင်းစွမ်းအားကို ခံနိုင်ရည်ရှိမည်ဟု သူမထင်။
“စိတ်လျှော့ပါ၊ စိတ်လျှော့ပါ”
သိစိတ်နယ်မြေထဲတွင် လုယန်က ထာဝရနတ်မယ်ကို ထိန်းထားရသည်။
စန်းလီဟုခေါ်သည့် ဤစုစည်းခြင်းအဆင့်ပြောသည့်စကားများကလည်း မသေမျိုးစစ်(မြို့စား) ပြောခဲ့သည်နှင့် သိပ်မကွာလှ။ အဖိုးတန်သတင်းဟူ၍ ကောင်းကင်ဂူတစ်ခု၏ တည်နေရာအကြောင်းသာပါသည်။
“ကောင်းကင်ဂူက အဲဒီမှာရှိတယ်။ ကျုပ်ပိုင်ဆိုင်သမျှအားလုံး ဝှက်ထားတယ်။ မင်းမယုံရင် သွားကြည့်လို့ရပါတယ်။ ဒါပေမယ့် ကောင်းကင်ဂူမှာ “စည်းမျဉ်း”တစ်ခု ငါချထားတယ်။ အခြေတည်အဆင့်အောက်ကလူတွေပဲ ဝင်လို့ရမယ်။ အခြေတည်အဆင့်လူတွေ အဲဒီ့ကောင်းကင်ဂူကို ထိန်းချုပ်လို့မရနိုင်ဘူး။ ငါ့ဝိညာဉ်ကိုမသန့်စင်ဘူးလို့ မင်းကျိန်ဆိုပါ။ အဲဒီ့ကောင်းကင်ဂူကို ငါပေးမယ်”
စန်းလီက ခြိမ်ခြောက်သည်။
ယွမ်ကျိ လက်မခံ။ နည်းနည်းပင် အလျှော့မပေး။ တာအိုလမ်းစဉ်ဂိုဏ်းသည် ဝိညာဉ်များကိုသန့်စင်သည်။ တော်ဝင်လမ်းမဆန်သည့် အပြုအမူမျိုးရှိသည်။ လုယန်နှင် မုန်ကျင်းကျိုးလိုလူများကို စုစည်းခဲ့သည်။ သို့သော် ဂုဏ်သရေရှိဂိုဏ်းတစ်ခုဖြစ်သည်။ လိမ်ညာလှည့်စားသည့်အလုပ်မျိုး လုပ်မည်မဟုတ်။
ယွမ်ကျိ လုယန်နှင့်အတူ အကျဉ်းထောင်ထဲမှ ထွက်လာသည်။ ဘိုးဘေးဆရာနှင့်မုန်ကျင်းကျိုးလည်း တစ်ခြားတစ်ယောက်ကို စစ်မေးပြီးသွားသည်။
စစ်ဆေးချက်ရလာဒ်များကို ပြန်နှိုင်းယှဉ်ကြည့်သည်။ အခြေအားဖြင့် တူညီသည်။ တစ်ခုထူးခြားသည်မှာ ဘိုးဘေးဆရာမေးမြန်းခဲ့သူက “ယင်ထန်မသေမျိုး”ဟုခေါ်သည့် မသေမျိုးတစ်ယောက်အကြောင်းကို သိသည်။
“ယင်ထန်မသေမျိုးက အရှေ့ပင်လယ်မှာတဲ့။ နေရာအတိအကျကိုတော့ သူမသိဘူး”
ယွမ်ကျိ ခေါင်းငြိမ့်သည်။ ထိုသတင်းက အသစ်အဆန်းမဟုတ်။ စုစည်းခြင်းအဆင့် စွမ်းအားရှင်များ ဖမ်းဆီးထားသည်။ ရှေးမှတ်တမ်းများ လေ့လာခဲ့သည်။ အရှေ့ပင်လယ် ယင်ထန်မသေမျိုးသည် ရှေးခေတ်မသေမျိုးငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
“ယင်ထန်မသေမျိုး”
လုယန် ထိုနာမည်ကို ပထမဆုံးကြားဖူးခြင်းမဟုတ်။ ထာဝရနတ်မယ်က သုံးလေးကြိမ် ပြောခဲ့ဖူးသည်။
ထာဝရနတ်မယ်၏စကားအရ ယင်ထန်မသေမျိုးသည် သူနှင့်စွမ်းအားတူဖြစ်သည်။
သို့သော် ထာဝရနတ်မယ်၏ စရိုက်နှင့်စွမ်းအားကြောင့် ယင်ထန်မသေမျိုး၏ အစစ်အမှန်ပုံစံကို မျက်လုံးထဲမြင်ယောင်ကြည့်၍မရသေး။
“ယန်ထန်မသေမျိုးက အရှေ့ပင်လယ်မှာလား။ သွားစို့၊ သူ့ကို သွားရှာရအောင်။ နင်ငါနဲ့အတူရှိနေရင် ငါ့နာမည်ဂုဏ်သတင်းကြောင့် အကောင်းဆုံးအရာတွေကို နင်ခံစားနိုင်မှာပါ”
သိစိတ်နယ်မြေထဲမှ ထာဝရနတ်မယ်က စိတ်အားတက်ကြွစွာပြောသည်။
လုယန် သတိပေးသည်။
“ခင်ဗျားဘယ်လိုသေခဲ့လဲဆိုတာ မမေ့နဲ့လေ။ အခုထိ ခင်ဗျားကိုဘယ်သူသတ်ခဲ့လဲ သေချာမသိသေးဘူး။ ခင်ဗျားအပြင် နောက်ထပ်မသေမျိုးလေးယောက်ရှိတယ်။ သူတို့ထဲက တစ်ယောက်ဖြစ်မယ်။ လူသတ်သမားက ယင်ထန်မသေမျိုးဖြစ်နေမှာ မစိုးရိမ်ဘူးလား”
ထာဝရနတ်မယ် ငြိမ်ကျသွားသည်။
“မဟုတ်ဘူး...မဖြစ်နိုင်ပါဘူး။ ယင်ထန်မသေမျိုးက လူကောင်းတစ်ယောက်ပါ။ သူမှာ မကောင်းတဲ့ရည်ရွယ်ချက်မျိုး မရှိလောက်ဘူး”
“ဒါဆို မသေမျိုးလေးယောက်ထဲမှ ခင်ဗျားကိုသတ်ခဲ့တာ ဘယ်သူလို့ထင်လဲ”
ထာဝရနတ်မယ် အသံတိတ်သွားသည်။ ထိုလေးယောက်ထဲတွင် ဘယ်သူ့မှ သူ့ကိုသတ်ချင်မည်မထင်။ အားလုံးက သူ့ကိုခင်မင်လေးစားကြသည်။
သို့သော် သူသေရခြင်းသည် ထိုလေးယောက်ထဲမှ တစ်ယောက်ယောက်နှင့် သေချာပေါက်ပတ်သက်နေလိမ်မည်မှာ အသေအချာပင်ဖြစ်သည်။
“ဒါဆို ကြယ်တွေကို သန့်စင်ပြီး တိုက်နယ်အဖြစ် ဘယ်သူပြောင်းနိုင်မယ်လို့ထင်လဲ”
လုယန် တစ်မျိုးပြောင်းမေးသည်။ ထိုအစွမ်းမျိုးရှိသူကိုသိလျှင် ရှေးခေတ်အမည်မသိမသေမျိုးကို ခြေရာခံဖို့ ပိုလွယ်သွားနိုင်သည်။
ထာဝရနတ်မယ်က လုယန်အတွေးကို မသိ။
“ငါတို့ငါးယောက်လုံး ပြောင်းနိုင်ပါတယ်”
“..ဘယ်လို”
ထာဝရနတ်မယ်၏ စွမ်းအားအစစ်ကို သူအထင်သေးမိခဲ့သည်။
မသေမျိုးဆိုသည်မှာ အဆင့်တစ်ခုသာမဟုတ်။ ကျင့်ကြံသူတို့ အမြင့်ဆုံးပန်းတိုင် ကျင့်စဉ်လမ်း၏ ထိပ်ဆုံးဖြစ်သည်။ အနန္တစွမ်းအားကို ကိုင်စွဲထားသည်။ ကြယ်များကို အလွယ်တကူ သန့်စင်နိုင်သည်။ ယခုပြန်အားဖြည့်နေဆဲဖြစ်၍ ထာဝရနတ်သမီး စွမ်းအားစစ်ထုတ်မပြနိုင်သေးခြင်းသာဖြစ်သည်။
ယွမ်ကျိက လုယန်ကို ပြောသည်။
“ရှေးခေတ်မသေမျိုးတွေက ယင်ထန်မသေမျိုး၊ ချီလင်မသေမျိုး၊ အချိန်မသေမျိုးနဲ့ ကိုးဆမသေမျိုးပါ”
သာမန်လူများအတွက် မသေမျိုးများသည် အလှမ်းဝေးလွန်းသည်။ သူတို့၏ဖြစ်တည်မှုကို ရေရေရာရာမသိကြ။ ဥပမာ လုယန်နှင့်မုန်ကျင်းကျိုးသည် ထာဝရဂိုဏ်းကြောင့်သာ ထာဝရအရှင်ရှိကြောင်း သိခဲ့သည်။
သို့သော် ယွမ်ကျိက အဆင့်အတန်းမြင့်မားသူဖြစ်၍ မသေမျိုးများအကြောင်း သာမန်လူတို့ထက် ပိုသိသည်။
“မသေမျိုးလေးယောက်ရဲ့ တည်နေရာအတိအကျကို မသိဘူး။ ဒါပေမယ့် သေချာတာကတော့ ယင်ထန်မသေမျိုးက အရှေ့ပင်လယ်မှာ။ ချီလင်မသေမျိုးက တောင်ပိုင်းနတ်ဆိုးနယ်မြေမှာ။ ကျန်တဲ့နှစ်ယောက်တော့ ဘယ်မှာရှိလဲ မသိဘူး”
“ချီလင်လား”
ထိုမသေမျိုးနာမည်ကြောင့် လုယန် အံ့အားသင့်သွားသည်။
ဆေးစိုက်ခင်းမှ ဆေးဘုရင်လေးများအကြောင်း သူပြန်သတိရလာသည်။ မသေမျိုး ချီလင်ဆေးဘုရင်ကိုလည်း မြင်ခဲ့သည်။
ဒဏ္ဍာရီအရ ချီလင်ဟူသည် တကယ်မရှိ။ ရှေးလူတို့မြင်ကြသည်က မသေမျိုးချီလင်ဆေးပင်များသာဖြစ်သည်ဟု ဆိုသည်။
ဤမသေမျိုးကို “ချီလင်မသေမျိုး”ဟု ခေါ်လျှင် သူ့ပုံစံအစစ်က ချီလင်တစ်ကောင်ဖြစ်နေမလားမသိ။
လုယန်စိတ်ဝင်စားနေသည်ကို ရိပ်မိသဖြင့် ထာဝရနတ်မယ်က ရှင်းပြသည်။
“ချီလင်မသေမျိုးရဲ့ နာမည်အစစ်က ရှစ်ဟဲပါ။ သူပုံစံအစစ်က တကယ်ချီလင်ပါပဲ။ တစ်လောကလုံးမှာ သူ့လိုမျိုးစိတ် သူတစ်ယောက်တည်းရှိတယ်လို့ ပြောတယ်။ လောကရဲ့ ကံကြမ္မာတွေအားလုံး ပေါင်းစည်းပြီးမွေးလာတဲ့ အတုမဲ့ဖြစ်တည်မှုပဲ။ လက်ရှိခေတ်အကြောင်း ငါသိပ်မသိပေမယ့် ဒုတိယချီလင်တစ်ယောက် ပေါ်လာတာတော့ မဟုတ်လောက်ဘူး”
အမှန်တော့ ထာဝရအရှင် ပေါ်မလာမီက ရှေးခေတ်မသေမျိုး လေးယောက်သာရှိသည်ဟု ယွမ်ကျိ အမြဲတွေးခဲ့သည်။ လူအားလုံး ထိုသို့တွေးသည်ဟု ဆိုရမည်။
အကျဉ်ထောင်တောင်ထိပ်တွင် ပိတ်လှောင်ထားသည့် စုစည်းခြင်းအဆင့်ဝိညာဉ်သည် ရှေးအကျဆုံးလူဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်သိန်းကျော်ကလူဖြစ်သည်။ သူ့စကားအရ ရှေးဟောင်းခေတ်ွင် မသေမျိုးလေးယောက်သာရှိခဲ့သည်။
သူ့စကားသက်သက်ကြောင့်မဟုတ်။ ရှေးမှတ်တမ်းများတွင်လည်း မသေမျိုးလေးယောက်သာ မှတ်တမ်းတင်ထားခဲ့သည်။ ယင်ထန်မသေမျိုး၊ ချီလင်မသေမျိုး၊ အချိန်မသေမျိုး၊ ကိုးဆမသေမျိုး။
ထာဝရဂိုဏ်းမပေါ်လာမီက “ထာဝရအရှင်”အကြောင်း သမိုင်းမှတ်တမ်းများလုံးဝမရှိခဲ့။
ထာဝရဂိုဏ်းပေါ်လာပြီးနောက်တွင်လည်း တစ်ချို့ကျင့်ကြံသူများက ထိုမသေမျိုးသည် တကယ်မရှိခဲ့သည့် လုပ်ကြံဇာတ်ကောင်ဟု ထင်ကြသည်။
“ရှေးဟောင်းခေတ်မှာ ငါကအရမ်းနာမည်ကြီးတယ်။ ကူးဖြတ်ခြင်းအဆင့်တွေတောင် ငါ့ရှေ့ရောက်ရင် တုန်လှုပ်ကြတယ်။ ငါ့မသေမျိုးနာမည်က ဘာကြောင့်ပျောက်နေရတာလဲ”
အခြေအနေမှန် သိရပြီးနောက် ထာဝရနတ်မယ် ဒေါသအိုးပေါက်ကွဲသည်။
သူ့ကိုသတ်ခဲ့သူသည် သူ့အရိယဖလအကြောင်း ကောင်းကောင်းသိသည်။ သူ့အကြောင်းကို တမင်တကာ သမိုင်းမှဖျောက်ခဲ့ခြင်းဖြစ်သည်။
“မဟုတ်သေးဘူး။ ရှေးခေတ်မသေမျိုးတွေ နာမည်ပေးပုံအရဆို ခင်ဗျားနာမည်က “ထာဝရမသေမျိုး”လို့ ဖြစ်သင့်တယ်မဟုတ်လား”
လုယန် ပြောသည်။
“အဲဒါက ဟိုသောက်ကောင် ယင်ထန်မသေမျိုးစခဲ့တဲ့ အကြံပါ။ “မသေမျိုး”ရှေ့မှာနာမည်ထည့်ရင် ပိုပြီးဆွဲဆောင်မှုရှိတယ်တဲ့။ ဒါကြောင့် ကျန်တဲ့လူတွေပါ အဲလိုမျိုး နာမည်မှည့်လာကြတယ်။ ငါ့ကိုတောင် “ထာဝရမသေမျိုး”လို့ နာမည်ပြောင်းဖို့ အကြံပေးခဲ့သေးတယ်။
ဒါပေမယ့် ငါက အဲလိုအခေါ်မခံချင်ဘူးလေ။ နာမည်က ယောက်ျားမိန်းမလည်း ခွဲလို့မရဘူး။ ဒီနာမည်ကြားရင် ငါ့ကို ယောက်ျားလို့ထင်ကြမယ်။ ထာဝရနတ်မယ်ဆိုတဲ့နာမည်ကို ပိုပြီးနားဝင်ချိုတယ်မဟုတ်လား”
“ပဲဝါ”ဟူသည့်နာမည်က ထိုထက်ပင်ပိုကောင်းသည်ဟု လုယန်တွေးမိသည်။ သို့သော် ထာဝရနတ်မယ် ဒေါသထွက်မည်စိုး၍ သူထုတ်မပြောရဲ။
အကျဉ်းသားနှစ်ယောက်ကို လှောင်အိမ်ထဲထည့်ပြီးနောက် ဘိုးဘေးဆရာကိုနှုတ်ဆက်၍ ယွမ်ကျိနှင့်လုယန် တောင်ထိပ်မှ ပြန်လာသည်။
“အမယွမ်၊ စန်းလီပြောတဲ့ ကောင်းကင်ဂူကို သွားကြမလား”
ကောင်းကင်ဂူတောင်ထိပ်သို့မပြန်သေးဘဲ ဂိုဏ်းအပြင်ဘက်သို့ ထွက်လာသည်ကို သတိထားမိသဖြင့် လုယန်ကမေးသည်။
ယွမ်ကျိစီးနေသည့် တိမ်တိုက်က ကျယ်ပြန့်သည်။ အောက်ဘက်မြင်ကွင်းကို မမြင်ရ။
ယွမ်ကျိ ခေါင်းငြိမ့်သည်။ စုစည်းခြင်းအဆင့်တစ်ယောက်၏ ပိုင်ဆိုင်မှုက စူးစမ်းလေ့လာထိုက်သည်။
*************************************************