စန်းလီ၏ကောင်းကင်ဂူ
Vol. 10 Ch. 148
“ဘာကောင်းကင်ဂူလဲ”
စစ်ဆေးမေးမြန်းချိန်က မုန်ကျင်းကျိုး ရှိမနေသဖြင့် အကျိုးအကြောင်းကိုမသိ။ လုယန်က ရှင်းပြသည်။
“ငါတို့စစ်မေးတဲ့လူက စန်းလီတဲ့။ အခြေတည်အဆင့်အောက်ကျင့်ကြံသူတွေပဲ ဝင်လို့ရတဲ့ ကောင်းကင်ဂူတစ်ခု သူချန်ခဲ့တယ်။ သူစုစည်းထားတဲ့ရတနာတွေ အဲဒီထဲမှာ ဝှက်ထားတယ်”
“စုစည်းခြင်းအဆင့်စွမ်းအားရှင်ရဲ့ ရတနာတွေလား”
မုန်ကျင်းကျိုး မင်သက်မိသွားသည်။ ထိုစုစည်းမှုမျိုးသည် မည်မျှအံ့ဩစရာကောင်းကြောင်း လုယန်မသိသော်လည်း မုန်ကျင်းကျိုးက သိသည်။ သူ့မိသားစုမှ အကြီးအကဲများကိုကြည့်ရုံဖြင့် တစ်သက်တာတွင် ပိုင်ဆိုင်မလွယ်သည့် ကြွယ်ဝမှုဖြစ်ကြောင်း သိနိုင်သည်။ သူအမြဲအားကျခဲ့ရသည်။
ထိုရတာများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ ပိုင်ဆိုင်နိုင်မည်ဆိုလျှင် ကံကောင်းသည်ဟု ဆိုနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းလို ထိပ်သီးဂိုဏ်းကြီးပင် စုစည်းခြင်းအဆင့်တစ်ယောက်၏ ကြွယ်ဝမှုကို စိတ်မဝင်စားဘဲမနေနိုင်။
“ဟားဟား အခြေတည်အဆင့်အောက်ကလူတွေပဲ ဝင်နိုင်တာတဲ့။ ဒါငါတို့နှစ်ယောက်အတွက် အခွင့်အရေးပဲမဟုတ်လား”
လုယန်နှင့်မုန်ကျင်းကျိုးတို့ ရယ်နေကြသည်။ ကျင့်စဉ်အဆင့်ကန့်သတ်ထားသည့်နေရာဖြစ်၍ သူတို့အစွမ်းပြဖို့ အခွင့်ရေးကောင်းပင်ဖြစ်သည်။
ယွမ်ကျိက သူတို့ကိုခေါ်လာသည်မှာလည်း ကောင်းကင်ဂူထဲ ဝင်ခိုင်းဖို့သာဖြစ်ရမည်။
တိမ်တိုက်က မယုံနိုင်စရာအရှိဖြင့် ပျံသန်းနေသည်။ မြေပြင်မှမော့ကြည့်လျှင် မြန်လွန်းသဖြင့် ပုံရိပ်ယောင်ဟုသာ ထင်ပေလိမ့်မည်။
မကြာမီ စန်းလီပြောသည့်နေရာသို့ သူတို့ရောက်လာသည်။
မဟာယုခေတ်က နယ်မြေပိုင်းခြားမှုသည် ယနေ့ခေတ်နှင့်မတူ။ စန်းလီ၏ကောင်းကင်ဂူသည် ယနေ့ခေတ် ကျိပြည်နယ်အရှေ့ပိုင်း ဟွာယန်ကောင်တီ တာ့လန်တောင်၊ တောင်ထိပ်မှ စတင်ရေတွက်လျှင် ဆယ့်ခြောက်ခုမြောက်သစ်ပင်အောက်တွင် ရှိနေခြင်းဖြစ်သည်။ သစ်ပင်ပင်စည်ကို ယွမ်ကျိလက်ဖြင့်စမ်းကြည့်သည်။ လေဟာနယ်တုန်ခါမှုကို ခံစားရသည်။ ကောင်းကင်ဂူရှိကြောင်း သေချာသွားသည်။
ကောင်းကင်ဂူ၏တည်နေရာကို ကွယ်ဝှက်ထားလျှင် တွေ့ရန်ခက်ခဲသည်။ ယွမ်ကျိလို စွမ်းအားမြင့်သူပင် ကောင်းကင်ဂူရှိမရှိသိဖို့ အနီးကပ်ကြည့်ရသည်။
စန်းလီ၏ ကောင်းကင်ဂူကို တစ်ခြားလူများ မတွေ့သေး။ ယွမ်ကျိက သစ်ပင်ပင်စည်ကို လက်နှစ်ချောင်းဖြင့် ညင်သာစွာပွယ်လိုက်သည်။ လေဟာနယ်တွန့်လိမ်သွားပြီးနောက် အနက်ရောင်ဝင်ပေါက်တစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။
အနက်ရောင်လေဝဲတစ်ခုဖြစ်သည်။ မှော်အမှတ်အသားများ တလက်လက်တောက်ပ၍ အဆက်မပြတ်လည်ပတ်နသည်။ စည်းမျဉ်းဖြင့်် တွယ်ဆက်ထားသည်မှာသေချာသည်။ အလွယ်တကူ ဝင်မရနိုင်သည့် ကိုယ်ပိုင်ကောင်းကင်ဂူမျိုးဖြစ်သည်။
ဤကောင်းကင်ဂူဝင်ပေါက်စည်းမျဉ်းအရ အသက်နှစ်ဆယ်အောက် အခြေတည်အဆင့်များသာဝင်နိုင်သည်။
ယွမ်ကျိက သူတို့ကိုဝင်ခိုင်းမည်ဟု လုယန်တို့တွေးနေသည်။ ထိုစဉ် ယွမ်ကျိက အနက်ရောင်လေဝဲကိုဖမ်းချုပ်၍ အတင်းဆုတ်ဖြဲပစ်လိုက်သည်။ မှော်စည်းမျဉ်းအားလုံး ကြေမွပျက်စီးသွားသည်။ အကန့်အသတ်အားလုံး ရှင်းလင်းသွားသည်။
လုယန် - “...”
မုန်ကျင်းကျိုး - “...”
သူတို့ကိုယ်စွမ်းပြရမည့်အလှည့်ဟု ထင်ထားသည်။ ဘာကြောင့်ယခု မျှော်လင့်ထားသည်နှင့် တစ်ခြားစီဖြစ်ကုန်သနည်း။
သူတို့ ဘာမှမလုပ်ရ။ ထိုသို့ဆိုလျှင် ယွမ်ကျိက ဘာကြောင့် သူတို့ကို ခေါ်လာသနည်း။ ထိုမေးခွန်းကို လုယန်ထုတ်မေးလိုက်သည်။ ယွမ်ကျိ ခဏစဉ်းစားပြီး ပြန်ဖြေသည်။
“ငါတို့ အကျဉ်းထောင်တောင်ထိပ်ကိုသွားတော့ မင်းတို့နှစ်ယောက်လုံး ကိုယ့်သဘောနဲ့ကိုယ် လိုက်လာတာပဲလေ။ ငါခေါ်ခဲ့လို့လား။ မခေါ်ပါဘူး”
မှန်သည်။ သူတို့ ကိုယ့်သဘောနှင့်ကိုယ် လိုက်လာခြင်းဖြစ်သည်။
သိစိတ်နယ်မြေမှ ထာဝရနတ်မယ် ခွက်ထိုးခွက်လန် ရယ်မောနေသည်။
သူတို့သုံးယောက် ကောင်းကင်ဂူထဲဝင်ပြီး လှည့်ပတ်ကြည့်ကြသည်။ ကျယ်ပြန့်သည့်လွင်ပြင်တစ်ခုသို့ ရောက်နေကြသည်။ ဆင်များက အေးအေးလူလူ သစ်ရွက်စားနေသည်။ ခြင်္သေ့များက သမင်များကိုလိုက်ဖမ်း၍ ကုတ်ပိုးကို တစ်ချက်တည်းခုန်ကိုက်သည်။ လွင်ပြင်တစ်ဘက်တွင် စိမ်းစိုသည့်မိုးသစ်တောအုပ်ရှိသည်။ သစ်ပင်များကြားတွင် ကြီးမားသည့်သတ္တဝါများ လှုပ်ရှားနေသည်။
လုယန် ကျင့်စဉ်အဆင့် ဖိနှိပ်ခံလိုက်ရသည်။ ချီနောက်ဆုံးအဆင့်သို့ ပြန်ကျသွားသည်။
ထို့နောက် သူတို့ရှေ့မှ တိမ်တိုက်များတွင် စာလုံးများပေါ်လာသည်။
“ဤနေရာသည် အန္တရာယ်ရှိသည်၊ ချက်ချင်းထွက်သွားပါ”
“ဤနေရာသည် အန္တရာယ်ရှိသည်၊ ချက်ချင်းထွက်သွားပါ”
“ဤနေရာသည် အန္တရာယ်ရှိသည်၊ ချက်ချင်းထွက်သွားပါ”
“သင်ဆက်ဝင်မည်ဆိုလျှင် စန်းလီ၏ ကောင်းကင်ဂူစည်းမျဉ်းများကို မှတ်ထားပါ။ သင့်ကိုယ်သင် ကယ်တင်နိုင်လိမ့်မည်”
“စည်းမျဉ်း ၁။ အားလုံး၏ ကျင့်စဉ်အဆင့် ချီနဝမအဆင့်ထိ နှိပ်ကွပ်ခံရမည်”
“စည်းမျဉ်း ၂။ အပြင်လောကနှင့် ဆက်သွယ်၍မရ”
“စည်းမျဉ်း ၃။ စန်းလီကောင်းကင်ဂူတွင် မြက်ခင်းလွင်ပြင်သာရှိသည်။ မိုးသစ်တောအုပ်မရှိ။ မိုးသစ်တော့တွေ့လျှင် မဝင်ပါနဲ့”
“စည်းမျဉ်း ၄။ ခြင်္သေ့များသည် ကြင်နာကြသည်။ ခြင်္သေ့တစ်ကောင် သင့်ကိုလိုက်လျှင် ထွက်မပြေးပါနဲ့။ သူက သင်နှင့်ကစားလိုခြင်းသာဖြစ်သည်”
“စည်းမျဉ်း ၅။ သမင်များသည် တွန့်လိမ်နေသည့်ဦးချိုရှိသည့် ခြေနှစ်ချောင်းသတ္တဝါများဖြစ်သည်။ သမင်များရယ်သည်မှာ ပုံမှန်ဖြစ်သည်။ မကြောက်ပါနှင့်”
“စည်းမျဉ်း ၆။ မြက်ခင်းလွင်ပြင်တွင် ဆင်သတ္တဝါမရှိ။ ဆင်ကိုတွေ့လျှင် ခြင်္သေ့ထံ အကာအကွယ်ယူပါ။ ခြင်္သေ့က သင့်ကိုကာကွယ်ပေးမည်”
“စည်းမျဉ်း ၇။ မထင်မှတ်ဘဲ မိုးသစ်တောထဲဝင်မိလျှင် မကြောက်ပါနှင့်။ သစ်တောထဲတွင် ရှင်သန်နိုင်ရန် စိတ်တည်ငြိမ်ဖို့ အရေးကြီးသည်”
“စည်းမျဉ်း ၈။ မိုးသစ်တာထဲမှ မျောက်ဝံများသည် ဟန်ဆောင်နေသည့် လူသားများဖြစ်သည်။ သူတို့စကားပြောသည်မှာ မဆန်းပါ။ သို့သော် သူတို့ဘက်မှ စကားစပြောမည်မဟုတ်”
“စည်းမျဉ်း ၉။ မိုးသစ်တောထဲမှရေကို မသောက်ရ”
“စည်းမျဉ်း ၁၀။ အခြေတည်သားအဆင့်တစ်ကောင်တွေ့လျှင် မျောက်ဝံကဲ့သို့ အော်လိုက်ပါ။ ထိုသားရဲ ထွက်သွားလိမ့်မည်”
“စည်းမျဉ်း ၁၁။ အထက်မှစည်းမျဉ်းအားလုံး အမှန်ဖြစ်သည်”
ထိုစဉ် ခြေရင်းတွင် သွေးဖြင့်ရေးထားသည့် စာကြောင်းများပေါ်လာသည်ကို လုယန် တွေ့လိုက်ရသည်။ အလျင်စလို ရေးနေသည့်ပုံမျိုးဖြစ်သည်။
“မြန်မြန်ပြေး။ ဒီနေရာက အန္တရာယ်ရှိတယ်”
“ဒီမှာ ထူးဆန်းတာတစ်ခုဖြစ်ခဲ့တယ်”
“မှတ်ထားပါ။ ငါရေးနေတာတွေက စန်းလီကောင်းကင်ဂူရဲ့ စည်းမျဉ်းအစစ်ပဲ”
“စန်းလီကောင်းကင်ဂူမှာ မြက်ခင်းရော မိုးသစ်တောရော ရှိတယ်။ ဒါပေမယ့် မိုးသစ်တောက မြက်ခင်းထက် ပိုစိတ်ချရတယ်”
“ခြင်္သေ့တွေဟာ ရွှေသန္ဓေအဆင့်စွမ်းအားရှိတယ်။ လူတွေကို မြင်တာနဲ့စားလိမ့်မယ်”
“သမင်တွေက မတ်တပ်ရပ်ပြီးမလျှောက်ဘူး။ သမင်ရယ်သံကြားရင် မြန်မြန်ပြေးပါ”
“ဆင်တွေက မင်းကိုကာကွယ်ပေးလိမ့်မယ်”
“မိုးသစ်တောထဲမှာ တည်ငြိမ်အောင်နေပါ”
“မျောက်ဝံတွေနဲ့ စကားမပြောနဲ့။ မဟုတ်ရင် မင်းပါ မျောက်ဝံအသွင်ပြောင်းသွားမယ်”
“ခန္ဓာကိုယ် တစ်ခုခုမူမမှန်ဘူးလို့ ခံစားရရင် မိုးသစ်တောထဲကရေကို ချက်ချင်းသောက်ပါ။ အဲဒီ့ရေက မင်းအသက်ကို ကယ်နိုင်တယ်”
“မျောက်ဝံအော်သံမျိုး မလုပ်မိစေနဲ့။ ရွှေသန္ဓေအဆင့်သားရဲတွေကို ဆွဲဆောင်သလို ဖြစ်လိမ့်မယ်”
“စန်းလီကောင်းကင်ဂူရဲ့ စည်းမျဉ်းတွေအားလုံးက အတုတွေပဲ”
ထိုသွေးစာလုံးများကိုဖတ်ပြီး လုယန်နှင့်မုန်ကျင်းကျိုး ကျောရိုးထဲစိမ့်သွားသည်။
သွေးစာလုံးများက မပြည့်စုံ။ နောက်ဆုံးစာလုံးက သွေးစွန်းရာအဖြစ် ရှည်ထွက်သွားသည်။ ကောင်းကင်ဂူထဲမှ အတင်းထွက်ရန်ကြိုးစားနေသူကို ကြောက်စရာသားရဲက ဒရွတ်တိုက်ဆွဲသွားသဖြင့် သွေးစွန်းရာကျန်ခဲ့ပုံမျိုးဖြစ်သည်။
နှစ်ယောက်လုံး ကြက်သီးထသွားသည်။ ဤကောင်းကင်ဂူထဲတွင် ဘာရှိနေသနည်း။
“ဒီကစည်းမျဉ်းတွေက အတော်မူမမှန်တာပဲ။ ဘယ်ဟာကအမှန်လဲ။ အရင်ဟာလား နောက်ဟာလား”
“အရပ်သားမြို့အတွေ့အကြုံအရဆိုရင် ပထမစည်းမျဉ်းတွေက ပိုပြီးပုံစံကျတယ်။ အမှန်ဖြစ်လောက်တယ်”
“အဲလိုလည်းမဟုတ်ဘူး။ စည်းမျဉ်းပုံစံကျတိုင်း မှန်တယ်လို့ ပြောမရဘူးလေ။ နောက်စည်းမျဉ်းတွေကလည်း အမြန်ရေးထားပေမယ့် စည်းမျဉ်းပုံစံမျိုးပါပဲ”
သူတို့နှစ်ယောက် ဆုံးဖြတ်ရခက်နေသည်။ ယခု သူတို့ကျင့်စဉ်စွမ်းအားက ချီနဝမအဆင့်သာရှိနေသည်။ ကောင်းကင်ဂူထဲတွင် အခြေတည်အဆင့်နှင့် ရွှေသန္ဓေအဆင့်သားရဲများ ပြည့်နေသည်။ ထိုသားရဲများကို စွမ်းအားချင်းယှဉ်နိုင်မည်မဟုတ်။ ဉာဏ်ကိုသာ အားကိုးရမည်။ သို့သ်ေ စည်းမျဉ်းများကလည်း နှစ်မျိုးဖြစ်နေသည်။ ဘယ်ဟာအမှန်ဟု ခွဲခြားမရ။ ရွေးချယ်မှုမှားသည်နှင့် သေသွားနိုင်သည်။
“မလန့်ပါနဲ့။ ဒါကိုဖြေရှင်းတဲ့နည်းလမ်းတော့ ရှိမှာပါ။ ခြင်္သေ့တွေဟာ ကြင်နာတတ်တယ်လို့ တစ်ယောက်ကပြောတယ်။ ခြင်္သေ့တွေက လူကိုစားမယ်လို့ နောက်တစ်ယောက်ကပြောတယ်။ ဆင်ကသတ်လိမ့်မယ်လို့ တစ်ယောက်ကပြောတယ်။ ဆင်ကကာကွယ်လိမ့်မယ်လို့ တစ်ယောက်ကပြောတယ်။ ဆင်နဲ့ခြင်္သေ့ကိုအတူတူခေါ်ပြီး ငါတို့ကို ဘယ်သူကကာကွယ်မလဲ စမ်းကြည့်ရမှာပေါ့။ ဒါဆို ဘယ်စည်းမျဉ်းကအမှန်ဆိုတာ သိနိုင်မှာပဲ”
“စည်းမျဉ်းနှစ်မျိုးလုံးက လူတွေကို ထောင်ချောက်ဆင်ဖို့ အမှားတစ်ဝက် အမှန်တစ်ဝက် ထည့်ထားတာလည်းဖြစ်နိုင်တာပဲ”
“အတော်ခက်တာပဲ”
ဦးနှောက်အစွမ်းကုန်သုံးပြီး အဖြေရှာယန်သူတို့နှစ်ယောက် ကြိုးစားနေသည်။ ထိုစဉ် ယွမ်ကျိက လက်ကိုမြှောက်၍ လက်ဝါးတစ်ချက် ညင်သာစွာရိုက်လိုက်သည်။
ချီအဆင့်လက်ဝါးချက်မဟုတ်သည်မှာ သေချာသည်။ လေထဲတွင် ကြောက်စရာစွမ်းအား ထိုးထွက်လာသည်။ ခြင်္သေများ၊ ဆင်များ၊ သမင်များ မျောက်ဝံများ ထွက်ပြေးသွားကြသည်။
အသားစားမည့်ကောင်ရော ကာကွယ်မည့်ကောင်ပါ ထိုလက်ဝါးစွမ်းအားကို မခံနိုင်ကြ။
ထို့အပြင် လက်ဝါးချက်က မြက်ခင်းလွင်ပြင်နှင့် မိုးသစ်တောကိုဖြတ်၍ လမ်းကြောင်းတစ်ခုရှင်းပေးသလို ဖြစ်နေသည်။
ဤနေရာ၏စည်းမျဉ်းများက ယွမ်ကျိကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
***********************************************