ရှေးခေတ်ကူးဖြတ်ခြင်းအဆင့်
Vol. 10 Ch. 149
“မဟုတ်သေးဘူး။ ဒီကစည်းမျဉ်းတွေက မူမမှန်ဘူး”
ယွမ်ကျိ မျက်မှောင်ကျုံ့သွားသည်။
သူ့လက်ဝါးချက်သည် စည်းမျဉ်းများဖို့ လုံလောက်သည်။ သို့သော်ယခု စည်းမျဉ်းများက အသွင်သာပျောက်သွားသည်၊ စွမ်းအားက ပျောက်မသွားသည်။ လက်ဝါးချက်ကို အားအပြည့်မသုံးခဲ့သည့်တိုင် ယခုလိုမဖြစ်သင့်။
“ဒီမှာ စည်းမျဉ်းနှစ်မျိုးရှိနေတာပဲ”
ပြဿနာကို ယွမ်ကျိနားလည်လာသည်။ တိမ်တိုက်ထဲတွင်ရေးသည့် ပထမစည်းမျဉ်းက မူလစည်းမျဉ်းဖြစ်သည်။ နောက်ပိုင်း သန္ဓေပြောင်းလဲမှုတစ်ခု ပေါ်လာသည်။ ထို့ကြောင့် သွေးနှင့်ရေးသည့် စည်းမျဉ်းများပေါ်လာသည်။
စည်းမျဉ်းနှစ်ခု ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် ကောင်းကင်ဂူတစ်ခုလုံး ပရမ်းပတာဖြစ်ကုန်သည်။
ထိုသို့ဖြစ်အောင် တစ်ယောက်ယောက်က တမင်ကြံဆထားသည်။ ဝင်လမ်းသာရှိပြီး ပြန်မထွက်နိုင်အောင် လုပ်ထားခြင်းဖြစ်သည်။
နောက်ပေါ်လာသည့် ဒုတိယအဖျက်စည်းမျဉ်းသည် မူလစည်းမျဉ်းနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။ ထိုသို့ဆိုလျှင် ဒုတိယစည်းမျဉ်း ဖန်တီးသူသည် ကောင်းကင်ဂူသခင်ထက် ပိုစွမ်းအားကြီး၍သာ ဖြစ်ရမည်။
စန်းလီသည် စုစည်းခြင်းထိပ်ဆုံးအဆင့်ဖြစ်သည်။
“ဟားဟား၊ ငါအိပ်နေတာကို ဘယ်သူလာနှောက်ယှက်တာလဲကွ”
ရေခဲသလင်းများ ကြေမွအက်ကွဲသံ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ထိုနေရာဆီမှ ကြောက်စရာစွမ်းအင်ရောင်တစ်ခု ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ကိုးပါးအထက်မှ ဘုရင်တစ်ပါး လောကကို ငုံ့ကြည့်နေသကဲ့သို့ အေးစက်သည်။ အညှာအတာကင်းသည်။
ကောင်းကင်ကို ထိုးထွက်လာသည့်အလင်းက နှလုံးတုန်ဖွယ်ကောင်းသည်။ စွမ်းအင်ရောင် ပိုပြင်းထန်ာသည်။ လမ်းကြောင်းတလျှောက်မှ အရာအားလုံးကို ချေဖျက်သွားသည်။
“ကူဖြတ်ခြင်းအခြေခံအဆင့်ပဲ”
ထာဝရနတ်မယ်က ရန်သူ၏ကျင့်စဉ်အဆင့်ကို ချက်ချင်းအကဲဖြတ်နိုင်သည်။
လုယန်နှင့် မုန်ကျင်းကျိုးတို့ မျက်နှာအကြီးအကျယ်ပျက်သွားကြသည်။ ကူးဖြတ်ခြင်းအခြေခံအဆင့်သူ သူတို့ကြုံတွေ့ဖူးသမျှတွင် စွမ်းအားအကြီးဆုံးရန်သူဖြစ်သည်။ ဘာကြောင့် ထိုစွမ်းအားရှင်က စုစည်းခြင်းအဆင့်တစ်ယောက်၏ ကောင်းကင်ဂူတွင် လာအိပ်နေသည်မသိ။
အတွေ့အကြုံများသည့် ထာဝရနတ်မယ်က ဖြစ်နိုင်ခြေတစ်ခု ချက်ချင်းတွေးမိသည်။
“နားလည်ဖို့ သိပ်လည်းမခက်ပါဘူး။ ကောင်းကင်ဂူဆိုတာ ပုန်းလို့ကောင်းတဲ့နေရာပဲလေ။ လူတစ်ယောက် နိုးထပြီးရင် တဖြေးဖြေးအားပြန်ဖြည့်လို့ရတယ်။ မကောင်းတဲ့အချက်ဆိုလို့ အပြင်လောကထဲက အဖြစ်အပျက်တွေကို အာရုံမခံနိုင်တာပဲရှိမယ်။ ဥပမာ စန်းလီက မိုးမြေဝိညာဉ်စွမ်းအင် ပြောင်းလဲတာကို ခံစားမိပြီး သူ့ဘာသာနိုးထတယ်။ ဒါပေမယ့် ဒီကူးဖြတ်ခြင်းအဆင့်ကျတော့ မဟာကပ်ကျော်ပြီးမှတောင် နိုးချင်မှနိုးဦးမှာလေ။
ဒါကြောင့် ပါးနပ်တဲ့နည်းလမ်းတစ်ခု သူစီစဉ်ခဲ့တာ။ စန်းလီနိုးထလာရင် သူ့ကောင်းကင်ဂူကို သေချာပေါက်ပြန်လာမှာပဲ။ စည်းမျဉ်းတွေ ပြောင်းလဲနေတာကိုတွေ့မယ်။ စန်းလီ တိုက်ခိုက်မယ်။ အဲလိုဆို သူနိုးလာမယ်လေ။
သူအသစ်ချမှတ်ထားတဲ့ စည်းမျဉ်းတွေက လမ်းမှားပြီးဝင်လာတဲ့လူတွေပဲ သေမှာ။ သူအိပ်နေတာကို အနှောက်အယှက်မပေးနိုင်ဘူး”
လုယန် ကြောက်ချွေးပြန်လာသည်။ နောက်ကွယ်တွင် ထိုမျှရှုပ်ထွေးသည့်အစီအစဉ်တစ်ခု ရှိနေမည်ဟု ထင်မထား။
“ဟေ့၊ နင်ဘာတွေကြောက်နေတာလဲ။ ငါရှိနေတာပဲလေ။ ကူးဖြတ်ခြင်းအခြေခံအဆင့်လောက်က ဘာမှမဟုတ်ပါဘူး။ ငါပိတ်ကန်လိုက်တာနဲ့ သူသေသွားမှာ”
ပဲဝါက ကြွားလုံးထုတ်သည်။ ယွမ်ကျိရှိနေသဖြင့် သူလှုပ်ရှားစရာမလိုမှ်းသိသည်။
“ငါက သွေးနတ်ဆိုးအဓိပဓိပဲ။ မင်းဘယ်သူလဲ။ နာမည်ပြောစမ်း”
သွေးနတ်ဆိုးက ယွမ်ကျိကို အေးစက်စက်စိုက်ကြည့်သည်။ စည်းမျဉ်းများကို အလွယ်တကူ ချိုးဖျက်နိုင်သူသည် အနည်းဆုံး ကူးဖြတ်ခြင်းအခြေခံအဆင့်ရှိမည်ကို သူနားလည်သည်။
သို့သော် အရေးမစိုက်။ ကူးဖြတ်ခြင်းအလတ်တန်းအဆင့်ဆိုလျှင်ပင် သူမရှုံးနိုင်ဟု ကိုယ့်ကိုယ်ကို ယုံကြည်သည်။
“သွေးနတ်ဆိုးအဓိပဓိတဲ့လား”
မုန်ကျင်းကျိုး ခပ်တိုးတိုးရေရွတ်သည်။
“မင်းသူ့ကို သိလို့လား”
လုယန်ကမေးသည်။
“သိတယ်”
ကူးဖြတ်ခြင်းအဆင့်သို့ရောက်သူ သိပ်မများလှ။ အားလုံးက သမိုင်းမှတ်တမ်းဝင်များဖြစ်လာသည်။ ထို့ကြောင့် သွေးနတ်ဆိုးအကြောင်း မုန်ကျင်းကျိုး ကြားဖူးည်။ ကလေးဘဝက သူမအိပ်လျှင် သူ့မိခင်က သွေးနတ်ဆိုးပုံပြင်များပြော၍ ချောက်လှန့်ခဲ့သည်။
“သွေးနတ်ဆိုးက နတ်ဆိုးကျင့်ကြံသူပါ။ မရေမတွက်နိုင်အောင် လူသတ်ခဲ့တယ်လို့ နာမည်ကျော်တယ်။ ဒဏ္ဍာရီအရတော့ သူက မြို့တွေရဲ့နာမည်ကို စာရွက်ပိုင်းလေးတွေပေါ်မှာရေးပြီး စာရွက်ကိုလုံးချေလိုက်တယ်။ ပြီးတော့ သူ့ဘာသာမဲနှိုက်တယ်။ သူရွေးမိတဲ့မြို့ကလူတွေကို သူကျင့်ကြံဖို့အတွက်ရွေးချယ်တယ်။ သူ့ကျင့်စဉ်လမ်းကို အရိုးတွေနဲ့ခင်းခဲ့တာ။
မဟာယုခေတ်မှာလည်း အင်ပါယာတစ်ယောက်ကို ထောက်ပံ့ပေးပြီး နိုင်ငံ့ဆရာဖြစ်ခဲ့တယ်။ မဟာယုခေတ်အတွင်းမှာ ဩဇာညောင်းခဲ့တယ်။ နောက်ပိုင်း သူပျောက်သွားတယ်။ ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေ အများကြီးလုပ်ပြီး ကောင်းကင်ဆင်းရဲဖြတ်ကျော်ရင်း သေသွားတယ်လို့ တစ်ချို့ကပြောကြတယ်။ အခု ကြည့်ရတာ သူက ဒီမှာပုန်းနေခဲ့တဲ့ပုံပဲ”
“တာအိုလမ်းစဉ်ဂိုဏ်းက ယွမ်ကျိပါ”
ယွမ်ကျိ အမူအရမပျက်ရှိနေသဖြင့် သွေးနတ်ဆိုး နည်းနည်းကြောင်သွားသည်။ ဤခေတ်တွင် သူ့နာမည်ကို လူမသိကြတော့ခြင်းဖြစ်မည်။
ထိုသို့ဆိုလျှင် သူ့နာမည်ကို တစ်လောကလုံးမှတ်မိနေအောင် အကြီးအကျယ် သတ်ပြရမည်။
ကူးဖြတ်ခြင်းအဆင့်များသည် စုစည်းခြင်းအဆင့်များနှင့်မတူ။ နိုးထပြီးလျှင် မူလစွမ်းအားကို ချက်ချင်းပြန်ရသည်။
ခန္ဓာကိုယ်ကြီးမားသည့် သွေးနီနတ်ဆိုး ဒေါသတကြီး အော်ဟစ်ကြုံးဝါးသည်။ ကောင်းကင်ဂူစည်းမျဉ်းများကို ပုဆိန်တစ်လက်အသွင်ပြောင်း၍ လက်တွင်ကိုင်လိုက်သည်။ ကောင်းကင်ဂူတစ်ခုလုံး သူ့စွမ်းအားကို မခံနိုင်သကဲ့သို့ လေဟာနယ်တုန်ခါသွားသည်။
ယွမ်ကျိ ရင်ဘတ်ရှေ့တွင် လက်တစ်ဘက်ကာ၍ ရပ်နေသည်။ ပန်းချီကားထဲမှ ဗုဒ္ဓတစ်ပါး ထိုးထွက်လာသကဲ့သို့ သူ့ကိုယ်မှ ရွှေရောင်အလင်းများ ထိုးထွက်လာသည်။
လက်ဝါးကို ရှေ့သို့ တွန်းလိုက်သည်။ ထောင်ချီသည့် ရွှေရောင်အလင်းတန်းများက အမှောင်ထုကိုထိုးထောက်၍ သွေးနတ်ဆိုးကို ရိုက်ခတ်သည်။
သွေးနတ်ဆိုးက ပုဆိန်ဖြင့်ကာရန် ကြိုးစားသည်။ သို့သော် ရွှေရောင်အလင်းကြောင့် ပုဆိန်နှင့်သူ့သံချပ်ကာ အရည်ပျော်ကျသွားသည်။
သွေးနတ်ဆိုး ထိန်လန့်အံ့ဩသွားသည်။
“မဟုတ်ဘူး။ မင်းက ကူးဖြတ်ခြင်းအခြေခံအဆင့်မဟုတ်ဘူး”
လေဟာနယ်ကို ထိုးခွဲ၍ ထွက်ပြေးရန် သူကြိုးစားသည်။ ကူးဖြတ်ခြင်းအလတ်တန်းဆင့်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်လျှင် အရှုံးအနိုင် မြန်မြန်ပေါ်မည်မဟုတ်။ မာနကြောင့် ထိုရန်သူမျိုးကို ရန်မစသင့်။ လုံးဝမထိုက်တန်။
လေဟာနယ်ကို ကြုံရာကျပန်း ဖြတ်သန်းသွားလျှင် လောက၏ တစ်နေရာရာသို့ သူရောက်သွားမည်။ ရန်သူက သူ့ကို ရှာမတွေ့နိုင်တော့။
သွေးနတ်ဆိုး လှောင်ပြောင်ရယ်မော၍ ခြိမ်းခြောက်ကြုံးဝါးရန် ပြင်နေစဉ် သူ့ရှေ့တွင် တောက်ပသည့်ရွှေရောင်အလင်းများပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအလင်းထဲမှ လှပသည့်သဏ္ဌာန်တစ်ခု လျှောက်လာသည်။
နှေးကွေးသည်ထင်ရသော်လည်း လက်တွေ့တွင် မြန်လွန်းသည်။ သွေးနတ်ဆိုးရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်လာသည်။
“မဟုတ်ဘူး။ မင်းက ကူးဖြတ်ခြင်း အလတ်တန်းဆင့်မဟုတ်ဘူး။ ကူးဖြတ်ခြင်းထိပ်တန်းအဆင့်တွေတောင် ဒီလိုမလုပ်နိုင်ဘူး။ မင်းက ကူးဖြတ်ခြင်းအမြင့်ဆုံးအဆင့်ပဲ။ မဟုတ်ရင်...”
“ရှင်သိတာ များလွန်းသွားပြီ”
ယွမ်ကျိ အေးစက်စက်တုံ့ပြန်သည်။ လက်ဝါးနှစ်ဘက်ကို အတူပူးထားပြီး လှည့်လိုက်သည်။ သွေးနတ်ဆိုး၏ဝိညာဉ်ကို ညှစ်ထုတ်လိုက်သည်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ ရုပ်ခန္ဓာသည် သန့်စင်ဖို့ ပစ္စည်းကောင်းတစ်ခုဖြစ်သည်။ အလွယ်တကူ အပျက်အစီးမခံနိုင်။
ယွမ်ကျိ သန့်စင်သည့် ကျောက်စိမ်းပုလင်းတစ်ခုထုတ်ပြီး သွေးနတ်ဆိုးဝိညာဉ်ကို ပုလင်းထဲထည့်သည်။ ဂိုဏ်းသို့ ပြန်ခေါ်သွားပြီး ဖြေးဖြေးချင်းစစ်မေးရန် ရည်ရွယ်ထားသည်။
ဖြစ်စဉ်တစ်ခုလုံးက လွယ်ကူညင်သာသည်။ ကောင်းကင်ဂူထဲတွင် ဘာမှဖြစ်ခဲ့သည်မထင်ရ။
ခြင်္သေ့နှင့် သမင်များ အတူကခုန်နေသည်။ ဖော်ရွေသည့်သားရဲများဖြစ်ကြောင်း သက်သေခံနေသည်။ ဆင်များက မြေပေါ်တွင် လှဲနေသည်။ ခြေလေးချောင်း လေထဲမြှောက်၍ သေချင်ယောင်ဆောင်နေကြသည်။
“ရှေးခေတ်ကူးဖြတ်ခြင်းအဆင့်တွေကကောင်းကင်ဂူတွေထဲမှာလည်း ပုန်းအောင်းနေနိုင်တဲ့ပုံပဲ”
ယါမ်ကျိ စဉ်းစားသည်။ ထိုအဖြစ်မျိုး သူတစ်ခါမှ မစဉ်းစားခဲ့ဖူး။ ကောင်းကင်ဂူမှ ထွက်ပြီးလျှင် တစ်ခြားမသေမျိုးလေးဂိုဏ်းနှင့် ရှားနိုင်ငံကို သူအသိပေးရမည်။
“သွားစို့”
ယွမ်ကျိ ခပ်အေးအေးလှမ်းပြောပြီး ရည်ရွယ်ထားသည့်နေရာဆီ ပေါ့ပါးညင်သာစွာ လျှောက်သွားသည်။
လုယန်နှင့်မုန်ကျင်းကျိုး အကြည့်ချင်းဖလှယ်ပြီး နောက်မှ ခုန်ပေါက်၍လိုက်သွားသည်။
ဤခရီးစဉ်သည် ဘာအန္တရာယ်မှမရှိ။ အနည်းဆုံးတော့ သူတို့နှစ်ယောက် အန္တရာယ်မရှိ။
သို့သော် ကောင်းကင်ဂူထဲမှ သားရဲများကတော့ ထိုသို့မမြင်။ ကြောက်စရာစွမ်းအင်ရောင်တောက်ပနေသည် မဟာနတ်ဆိုးကြီးတစ်ယောက်တပည့်နှစ်ယောက်ကို ခေါ်လာပြီး အန္တရာယ်များသည့် ကောင်းကင်ဂူထဲတွင် လှည့်ပတ်လျှောက်သွားနေသည်ဟု မြင်ကြသည်။
ရည်ရွယ်ထားသည့် ရတနာတိုက်သို့ရောက်လာည်။ ရွှေရတနာသေတ္တာများ ဝိညာဉ်ကျောက်တုံးများ ထိပ်တန်းဝိညာဉ်ကျောက်အရေအတွက်က အဆင့်မြင့်ဝိညာဉ်ကျောက်များထက်ပင် ပိုများသေးသည်။ သွားရည်ယိုချင်စရာကောင်းသည်။
စန်းလီ၏ ရတနာများသာမဟုတ်။ သွေးနတ်ဆိုး၏ ပစ္စည်းများလည်းရှိသည်။ ယွမ်ကျိက ရတာနသေတ္တာကိုဖွင့်သည်။ ကောင်းကင်ပစ္စည်း၊ မြေရတနာ၊ ကျင့်စဉ်နည်း၊ လျှို့ဝှက်မှတ်တမ်းများရှိသည်။ လုယန်နှင့် မုန်ကျင်းကျိုးတို့ ခေါင်းမူးချင်သလို ဖြစ်သွားသည်။ ဗဟုသုတများသည့် မုန်ကျင်းကျိုးပင် ထိုရတနာများကို ချက်ချင်းခွဲခြားသိနိုင်ဖို့ခက်သည်။
ယွမ်ကျိက ထိုပစ္စည်းများ၏နာမည်နှင့် အသုံးချပုံကို အလွယ်တကူ ခွဲခြားသ်သည်။
“နဂါးအသွင်ပြောင်းမြက်။ ရေနဂါးတစ်ကောင် ဒီမြက်ကိုစားပြီး သန့်စင်ရင် နဂါးစစ်အသွင်ပြောင်းနိင်ချေ သုံးဆယ်ရာနှုန်းရှိတယ်”
နဂါးစစ်အသွင်ပြောင်းဖို့ဆိုသည်မှာ ရေနဂါးတိုင်း၏ အိပ်မက်ဖြစ်သည်။ ထိုပစ္စည်း ဘယ်လောက်အဖိုးတန်ကြောင်း သိသာနေသည်။
“ဗောဓိသစ်သီး၊ စားလိုက်ရင် ဉာဏ်ဝိညာဉ်မြစ်တွေကို တိုးတက်စေတယ်။ ဒါပေမယ့် ဆံပင်ကို ထာဝရဆုံးရှုံးရမယ်”
“နေသဲနီ။ အဆင့်မြင့် မီးဓာတ်မှော်လက်နက်တွေသန့်စင်ဖို့ မရှိမဖြစ်လိုတယ်”
“ဖန်ရေကြည်၊ အလောင်းပေါ်မှာသုံးရင် ရုပ်ခန္ဓာကို နှစ်တစ်သိန်း ထိန်းသိမ်းနိုင်တယ်”
“စုစည်းခြင်းအဆင့် နတ်ဆိုးသားရဲရဲ့ အတွင်းသန္ဓေ...”
“စုစည်းခြင်းအဆင့်နဂါးရိုး....”
“ပျော်ရွှင်စွာပေါင်းစည်းခြင်း လိင်အားဖြည့်ဆေး..”
ပေါင်းစည်းခြင်းနှင့်ပတ်သက်သည့်ရတနာ အတော်များများရှိသည်။
*************************************************