ခွေးသူတောင်းစား ယင်ထန်မသေမျိုး
Vol. 10 Ch. 150
သို့သော် ရတနာတစ်ချို့က စနစ်တကျသိုလှောင်မထားသဖြင့် အာနိသင်ပြယ်နေသည်။ သာမန်ပစ္စည်းမျိုးဖြစ်လာသည်။ တစ်ချို့ကလည်း ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သဖြင့် တန်ဖိုးမှေးမှိန်သွားသည်။
ဥပမာ ပျော်ရွှင်စွာပေါင်းစည်းခြင်းအားဆေးသည် သက်တမ်းကုန်နေပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်ခန့်က တည်ငြိမ်သည့်ကျင့်စဉ်တစ်ခု နဂါးမျိုးနွယ် ရှာတွေ့ခဲ့သည်။ ထို့ကြောင့် နဂါးအသွင်ပြောင်းမြက်၏ ဈေးနှုန်းလည်း ထိုးကျသွားခဲ့သည်။
“ဒါတွေက ရှေးဟောင်းအမွေအနှစ်တန်ဖိုးမျိုးရှိတယ်။ ယဉ်ကျေးမှုအရ အရေးပါတယ်။ နဂါးမျိုးနွယ်ပြတိုက်ကို ရောင်းလို့ရနိုင်တယ်”
ယွမ်ကျိ ခပ်တိုးတိုးရေရွတ်နေသည်။ နဂါးအသွင်ပြောင်းမြက်ကို ပုံမပျက်ရဖို့ အတော်ခဲယဉ်းသည်။ နဂါးမျိုးနွယ်ပြတိုက်သို့ သူသွားလည်ဖူးသည်။ နဂါးအသွင်ပြောင်းမြက်ကို မတွေ့ခဲ့။
“ဒါတွေအားလုံး အမှိုက်သရိုက်တွေပါ။ ငါအသက်ရှင်ခဲ့တဲ့အချိန်တုန်းက ဒီလိုဟာမျိုးတွေ မြေပေါ်ကျနေရင်တောင် ငါမကောက်ဘူး”
ပဲဝါက နှာခေါင်းရှုံ့၍ လုယန်ကိုပြောသည်။
“ငါ့ရတနာတိုက်ကို နင်ရှာတွေ့တဲ့အထိစောင့်ပါ။ တကယ့်ရတနာဆိုတာ ဘယ်လိုဟာတွေလဲ နင်သိအောင်ပြမယ်”
လုယန် မျက်လုံးလုံးထောင့်ကပ်ကြည့်လိုက်သည်။ ထာဝရနတ်မယ်၏စကားကို လုံးဝအရေးမစိုက်ဘဲ ယွမ်ကျိနှင့်အတူ ရတနာများကို ဆက်စစ်ဆေးသည်။
လျစ်လျူရှုခံရသဖြင့် ထာဝရနတ်မယ် စိတ်ကောက်၍ ခြေဆောင့်နေသည်။ ရှေးခေတ်က သူ့ကိုခဏမြင်ခွင့်ရဖို့ သို့မဟုတ် သူ့စကားကြားဖို့အတွက် ရတနားများစွာသုံးကြမည့် ကျင့်ကြံသူများရှိခဲ့သည်။
သူ့စကားသည် မသေမျိုးတစ်ယောက်၏ စကားလိုပင် တစ်သက်တာလုံး မှတ်သားစရာဖြစ်ခဲ့သည်။
ယခု ဤကောင်လေးက လုံးဝအလိုက်ကန်းဆိုးမသိ။ သူ့စကားကိုပင် လျစ်လျူရှုထားသည်။
ရုတ်တရက် သပ်သပ်ရပ်ရပ်ချုပ်ထာသည့် စာအုပ်ထူထူတစ်အုပ်ကို လုယန် မြင်ရသည်။ စာအုပ်သားက ချောမွေ့နူးညံ့သည်။ သာမန်ပစ္စည်းတော့မဖြစ်နိုင်။
ထူးခြားသည့်စာအုပ်ဖြစ်၍ထင်သည်။ သွေးနတ်ဆိုးကလည်း စာအုပ်၏မူလနောက်ခံကို သေချာရေးမှတ်ထားသည်။
လုယန် အသံထွက်ဖတ်သည်။
“ဤမသေမျိုးကျင့်စဉ်ကို မှောင်ခိုဈေးစာအုပ်ဆိုင်တစ်ခုမှ ရခဲ့သည်။ ထိုစာအုပ်၏ နောက်ခံ၊ သုံးထားသည့်ပစ္စည်း၊ ရေးထားသည့်အကြောင်းအရများကို ဆိုင်ရှင်က မသိ။ သို့သော် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး အားကောင်းသည့်မှော်တံဆိပ်တစ်ခုဖြင့် ချိတ်ပိတ်ထားသည်မှာ သေချာသည်။
ရတနာပိုင်ဆိုင်ထားပြီး တန်ဖိုးမသိသည့် ဆိုင်ရှင်ကို ကျုပ်လှောင်ရယ်ခဲ့သည်။ ကောင်းကင်မျက်လုံးအစွမ်းဖြင့် မှော်တံဆိပ်အောက်သို့ ထွင်းဖောက်ကြည့်ခဲ့သည်။ စာအုပ်ရေးသူနာမည်နေရာတွင် “မသေမျိုး”ဟူသည့် စာလုံးရှိနေသည်။ ရှေးဟောင်းပစ္စည်းသက်သက်မဟုတ်။ ရှေးခေတ်မသေမျိုးများ ပိုင်ဆိုင်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ မသေမျိုးတစ်ယော်က ရေးထားသည့်စာအုပ်သည် ဒဏ္ဍာရီဆန်သည့် မသေမျိုးကျင့်စဉ်ဖြစ်နိုင်သည်။
သို့သော် ရှေးဟောင်းမှော်တံဆိပ်က အားကောင်းလွန်းသည်။ တစ်သက်လုံးကြိုးစားသော် စာအုပ်ကိုကျုပ်မဖွင့်နိုင်ခဲ့ပါ”
“မသေမျိုးကျင့်စဉ်”
လုယန် တအံ့တဩရေရွတ်လိုကသည်။ သူ့ရင်ခုန်သံ တဒိန်းဒိန်းမြန်လာသည်။ ထိုနေရာမျိုးတွင် မသေမျိုးကျင့်စဉ်ရလိုက်သည်မှာ တကယ်ကံကောင်းခြင်းဖြစ်သည်။
စာအုပ်က အတော်ထူသည်။ ရှုပ်ထွေးသည်မသေမျိုးကျင့်စဉ်တစ်ခု သို့မဟုတ် ကျင့်စဉ်သုံးလေးမျိုးလောက် ပါနိုင်ဘယ်။ ဘယ်လိုဖြစ်ဖြစ် အဖိုးတန်သည်။
စာအုပ်ကိုဖွင့်ရန်ကြိုးစားသည်။ သွေးနတ်ဆိုးပြောသည့် မှော်တံဆိပ်ကိုတွေ့သည်။
“ဟမ်...ဒီစာအုပ်ကို ငါသိနေသလိုပဲ”
ထာဝရနတ်မယ်က လှမ်းပြောသည်။ အစောပိုင်းက လုယန်ကို စက္ကန့်နှစ်ဆယ်လောက် မကြည့်ဘဲနေခဲ့သည်။
“ဒီစာအုပ်ကို ခင်ဗျားမြင်ဖူးလား။ တံဆိပ်ကိုဖွင့်နိုင်လား”
လုယန် မေးသည်။
“ဒါပေမယ့် ဒီမှော်တံဆိပ်လေးက ငါ့လက်တစ်ချောင်းလှုပ်ရုံလောက်ပါပဲ”
ထာဝရနတ်မယ်ညွှန်ကြားချက်အတိုင်း လုယန် ဝိညာဉ်စွမ်းအားကို စာအုပ်ထဲသို့ပို့လွှတ်၍ မှော်တံဆိပ်ကိုဖွင့်သည်။
လှုပ်ရှားနေသည့်စိတ်ကို ထိန်းချုပ်၍ လုယန် စာအုပ်ကိုဖွင့်ကြည့်သည်။ အောက်ခြေညာဘက်ထောင့်တွင် စာရေးသူနာမည်ကို ဖော်ပြထားသည်။
ယင်ထန်မသေမျိုး။
တကယ်ပင် မသေမျိုးတစ်ယောက်ရေးထားသည့် စာအုပ်ဖြစ်သည်။ လုယန် ပျော်သွားသည်။ ယင်ထန်မသေမျိုးသည် ယုံကြည်အားကိုးထိုက်သည့် မသေမျိုးတစ်ယောက်ဖြစ်မည်။ ရှေးခေတ်မသေမျိုးများအားလုံး ထာဝရနတ်မယ်လိုသာဖြစ်နေလျှင် ရှေးဟောင်းခေတ် မပြိုကွဲဘဲနေမည်မဟုတ်။
စာအုပ်အထက်ပိုင်းမှ စာအုပ်နာမည်ကိုသူမြင်ရသည်။
“ဟင်းချက်နည်းလမ်းညွှန်”
“ဟာ..”
စာသုံးလေးမျက်နှာ လှန်ကြည့်သည်။ ရေးထားသည့်အကြောင်းအရများက နာမည်နှင့်ကွက်တိကျသည်။ နတ်ဆိုးသားရဲမျိုးစုံ ချက်ပြုတ်နည်းများအကြောင်း အသေးစိတ်ရေးထားသည်။
သောက်လခွမ်းမသေမျိုးကျင့်စဉ်။
ယင်ထန်မသေမျိုး။ ခင်ဗျားက လုံးဝသုံးစားမတဲ့လူပဲ။
ဒီလိုစာအုပ်မျိုးကို မှော်တံဆိပ်တွေဘာတွေနဲ့တောင် ဝှက်ထားသေးတယ်။ လူသားတွေ ချက်ပြုတ်စားကြလို့ နတ်ဆိုးသားရဲတွေ မျိုးတုံးသွားမှာစိုးလို့လား။
တစ်စုံတစ်ခု မူမမှန်မှန်း ထာဝရနတ်မယ် သတိထားမိသဖြင့် မျက်မှောင်ကျုံ့သွားသည်။
“နေဦး၊ မဟုတ်သေးဘူး။ နတ်ဆိုးသားရဲအားလုံး ရတနာအားလုံးကို ငါမြည်းစမ်းကြည့်ပြီး ငါ့အတွေ့အကြုံကို စာအုပ်တစ်အုပ်ရေးခဲ့တယ်။ ဒါက ငါဂုဏ်ယူရတဲ့စာအုပ်ပါ။ ဘာလို့ စာရေးသူနာမည်က ယင်ထန်မသေမျိုး ဖြစ်နေတာလဲ”
ထာဝရနတ်မယ် အံကိုတင်းတင်းကြိတ်လိုက်သည်။
“ဒီယင်ထန်ခွေးသူတောင်းစားက ငါသေပြီးနောက်ပိုင်း ငါ့စာအုပ်ကိုခိုးခဲ့တာပဲ”
“ဪ၊ စာအုပ်ရေးတဲ့လူက ခင်ဗျားလား။ ဒါဆိုရင်တော့ အများကြီးအဓိပ္ပါယ်ရှိသွားပါပြီ”
လုယန် သဘောပေါက်သွားသည်။
“နင်ဘာပြောတယ်”
ထာဝရနတ်မယ်က ကျေနပ်ဟန်မတူ။
“အား...မဟုတ်ပါဘူး။ ယင်ထန်မသေမျိုးက ဒီစာအုပ်ပေါ်မှာ သူ့နာမည်ကိုရေးပြီး တမင်လှည့်စားခဲ့တာဖြစ်မယ်လို့ ပြောတာပါ”
လုယန် သူ့အပေါ် အထင်သေးလွန်းသည်ဟု ထာဝရနတ်မယ် ခံစားရသည်။
“ကောင်လေး၊ နင်က တန်ဖိုးမသိလို့ ငါ့လက်ရာကို အထင်သေးနေတာပါ။ ဒီစာအုပ်ထဲက ဟင်းချက်နည်းတွေကို ကျွမ်းကျင်သွားရင် အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်စားဖူးလောက်တော့ ဖြစ်လာနိုင်တယ်။ ဒီစာအုပ်သ အပြင်ရောက်သွားရင် လူတွေအများကြီး အရူးအမူလိုချင်ကြမယ်။ အချင်းချင်းတိုက်ခိုက်ကြတဲ့အထိတောင် ရောက်သွားလိမ့်မယ်။
တစ်ချိန်ကဆို ငါဟိုလေးယောက်အတွက် ချက်ပြုတ်ပေးတယ်။ ဒါပေမယ့် သူတို့စိတ်ထဲ ငါချက်တဲ့ဟင်းကိုစားဖို့ မထိုက်တန်ဘူးလို ခံစားမိကြတယ်လေ။ ဒါကြောင့် ဆင်ခြေအမျိုးမျိုးပြပြီး မစားဖြစ်အောင်ရှောင်ကြတယ်”
“ခင်ဗျားရဲ့ ဟင်းချက်လက်ရာက ညံ့လွန်းနေလို့တော့ မဟုတ်ဘူးမို့လား”
“အဓိပ္ပါယ်မရှိတာပဲ။ ငါ့ချက်တဲ့ဟင်းက ရွှေရောင်အလင်းထွက်တယ်လေ။ ဘယ်လိုလုပ် အရသာဆိုးဝါးနိုင်မှာလဲ”
လုယန်နှင့် ထာဝရနတ်မယ် အပြန်အလှန် ငြင်းခုန်ကြသည်။ နောက်ဆုံးတွင် ယင်ထန်မသေမျိုးအကြောင်း ပြန်ရောက်သွား။ အတော်ကြာအောင် ငြင်းခုန်ခဲ့သော်လည်း အဖြေရှာမရကြ။ လုယန်က ယွမ်ကျိကို ထိုအကြောင်းများ ပြန်ပြောပြသည်။ သို့သော် ယွမ်ကျိက ဘာမှမပြောဘဲ မျက်မှောင်သာကျုံ့နေသည်။
မုန်ကျင်းကျိုးကလည်း ကျင့်စဉ်များတွေ့ထားသည်။ စာအုပ်များက အတော်ထူသည်။ တစ်ချို့က ပျောက်ကွယ်နေသည့် ကျင့်စဉ်မျိုးဖြစ်သည်။ တစ်ချို့က ပိုကောင်းအောင်ပြုပြင်ထားသည့် စာအုပ်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင် သူတို့ရလိုက်သည့် အကျိုးအမြတ်က အတော်များသည်။
ရတနာများကို ခွဲခြားစီစစ်နေရင်း ယွမ်ကျိက တအံ့တဩလေသံဖြင့်ပြောသည်။
“ဒါက ခြောက်ပြစ်ကင်းမသေမျိုးခန္ဓာပိုင်ရှင်ရဲ့ ကျင့်စဉ်အတွေ့အကြုံလား”
စုစည်းခြင်းအခြေခံအဆင့်တစ်ယောက်၏ ကောင်းကင်ဂူမှ ထိုကျင့်စဉ်မှတ်တမ်းမျိုးတွေ့ရသဖြင့် သူအံ့ဩနေခြင်းဖြစ်သည်။
မသေမျိုးရုပ်ခန္ဓာပိုင်ရှင်တို့၏ ကျင့်စဉ်အတွေအကြုံမှတ်တမ်းများက ရှားပါးသည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် သင့်တော်မည့် ကျင့်စဉ်မှတ်တမ်းမျိုးက ပို၍ပင်ရှားသေးသည်။
သိစိတ်နယ်မြေတွင် လုယန်က မေးသည်။
“နတ်မယ်၊ ခင်ဗျားတို့ခေတ်မှာတုန်းက မသေမျိုးရုပ်ခန္ဓာဗီဇမျိုးတွေ ရှိခဲ့လား။ သူတို့က မသေမျိုးဖြစ်လာကြလား”
လုယန်သိသလောက် လောကတွင် မသေမျိုးရုပ်ခန္ဓာ အမျိုးအစားနှစ်ဆယ်ရှိသည်။ မသေမျိုးရုပ်ခန္ဓာကျင့်ကြံသူတိုင်းက စုစည်းခြင်းအဆင့်သို့ ရောက်သည်နှင့် “စည်းမျဉ်း”များ အလိုလိုဖြစ်ပေါ်လာသည်။ ခန့်မှန်းမရသည့် ကြောက်စရာစွမ်းအားမျိုး ပိုင်ဆိုင်သည်။ ရင်ဆိုင်တိုက်ခိုက်ရန် မလွယ်။
သူတို့ဂိုဏ်းတွင် မသေမျိုးရုပ်ခန္ဓာပိုင်ရှင် နှစ်ယောက်ရှိသည်။ ထောင်ယော်ယဲ့နှင့် သူ့ဆရာဆဋ္ဌမအကြီးအကဲဖြစ်သည်။ ထောင်ယော်ယဲ့က ငှက်မသေမျိုးရုပ်ခန္ဓာပိုင်ရှင်ဖြစ်သည်။ ဆဋ္ဌမအကြီးအကဲက ခြောက်ပြစ်ကင်းမသေမျိုးရုပ်ခန္ဓာပိုင်ရှင်ဖြစ်သည်။
“မူပိုင်ခွင့်”ကို ခိုးယူခံရသဖြင့် အရှက်မရှိသည့်ယင်ထန်မသေမျိုးအပေါ် ပဲဝါ ဒေါသထွက်နေဆဲဖြစ်သည်။ သို့သော် သူ့ဒေါသက ချက်ချင်းပြေလျော့သွားသည်။ သူသည် အတော်သဘောထားကြီးသူဖြစ်သည်။ လုယန်မေးသံကြားသည်နှင့် ချက်ချင်းအာရုံပြောင်းသွားသည်။
“မသေမျိုးရုပ်ခန္ဓာလား။ အင်း...ငါတို့ခေတ်မှာလည်း မသေမျိုးရုပ်ခန္ဓာပိုင်ရှင်တွေရှိပါတယ်။ ဒါပေမယ့် သူတို့သမိုင်းကြောင်းက နင်ထင်တာထက် အများကြီးပိုရှည်တယ်။
မသေမျိုးရုပ်ခန္ဓာဆိုတဲ့ အယူအဆက လူသားမျိုးနွယ်တွေ ကျင့်ကြံရမှန်းမသိသေးတဲ့ ကိုယ့်ကိုယ်ကိုတောင် ဘာမှန်းမသိသေးတဲ့ ရှေးအကျဆုံးခေတ်ကနေ စပေါ်ခဲ့တာ။ အခြေတည်အဆင့်၊ နတ်ဝိညာဉ်အဆင့်၊ ဝိညာဉ်ပြောင်းအဆင့်။ အဲဒီ့အဆင့်တွေအားလုံး မသေမျိုးခန္ဓာပိုင်ရှင်တွေက ထူးခြားတဲ့ဗီဇစွမ်းရည်တွေကိုအားကိုးပြီး တစ်ဆင့်ချင်းတီထွင်ခဲ့တာပဲ။
မသေမျိုးရုပ်ခန္ဓာပိုင်ရှင်တွေ မသေမျိုးဖြစ်လာသလားဆိုတာတော့....အင်း ..ငါသိတာ တစ်ယောက်ပဲ ရှိတယ်။ ကိုးဆမသေမျိုးပေါ့။ သူက တကယ်အင်အားကြီးတဲ့ပြိုင်ဘက်ပါ။ ငါနဲ့ စွမ်းအားတူပဲ”
ထာဝရနတ်မယ်က ကိုးဆမသေမျိုးကို လေးစားသည့်လေသံဖြင့် အလေးအနက်ပြောသည်။
“ငါတို့ထဲမှာ မသေမျိုးဖြစ်တာ သူအရင်ဆုံးပဲ။ သူ့မသေမျိုးရုပ်ခန္ဓာကြောင့် အဆင့်မြန်မြန်တက်နိုင်ခဲ့တာလို့ သူပြောတယ်”
လုယန်က တီးတိုးကပ်မေးသည်။
“အမယွမ်က မသေမျိုးခန္ဓာပိုင်ရှင်လား။ သူ့ကျင့်စဉ်စွမ်းအားအဆင့်က ဘယ်လောက်လဲ”
“နင်ဘာသာမှန်းကြည့်လေ”
ထာဝရနတ်မယ် ရယ်နေသည်။
လုယန် မျက်နှာတင်းသွားသည်။ သူဘယ်လို မှန်းဆနိုင်မည်နည်း။
“လုယန်၊ ဂိုဏ်းကိုပြန်ရောက်ရင် ဒီကျင့်စဉ်အတွေအကြုံမှတ်တမ်းကို ဆဋ္ဌမအကြီးအကဲဆီ သွားပေးလိုက်ပါ။ ဒီအတွေ့အကြုံက သူနဲ့ အသင့်တော်ဆုံးပဲ”
“ဟုတ်ကဲ့”
သူတို့သုံးယောက် ရတနာများစွာသိမ်းပိုက်၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ကြသည်။
ယွမ်ကျိက သွေးနတ်ဆိုးကိုစစ်ဆေးမေးမြန်းရန် အကျဉ်ထောင်တောင်ထိပ်သို့သွားသည်။ မုန်ကျင်းကျိုးက ခန္ဓာသန့်စင်တောင်ထိပ်သို့ပြန်၍ ကျင့်ကြံမှုလုပ်သည်။ လုယန်က ဆဋ္ဌမအကြီးအကဲထံ ကျင့်စဉ်မှတ်တမ်းပေးရန် မြူကင်းတောင်ထိပ်သို့သွားသည်။
**********************************************