နတ်ဆိုးဘုရင်ကို သတ်ဖြတ်ခြင်း (၂)
Vol. 18 Ch. 341
“ဒါပေမဲ့ အဲဒီနှစ်ယောက် ရွှေအမြုတေအဆင့်ကို ရောက်သွားပြီ မဟုတ်လား။ မင်းတပည့်တွေက ဘယ်လိုလုပ်ပြီး သူတို့ကို ခြေရာခံနိုင်တာလဲ။ ထောင်ချောက်များဖြစ်နေမလား”
ထိုအခါ အဆိပ်ပြင်းမီးပုတ်သင်လည်း ဝံပုလွေဘုရင်ကို ကြည့်နေရင်း မျက်နှာမဲ့ရွဲ့သွားပြီး
“ဝံပုလွေ မင်းတို့ကောင်တွေက သတိကြီးတတ်မှန်းတော့ ငါသိပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ စိုး ရိမ်စရာမလိုဘူး။ သူတို့နှစ်ယောက်ကို ခြေရာခံမိတဲ့ ငါ့တပည့်ဆိုတာက ငါ့သားပေါက်တွေထဲမှာ ပါရမီအရှိဆုံးကွ။ သူ့ရဲ့လျှို့ဝှက်ပါရမီက လူတွေရဲ့ ရုပ်ဖျက်၊ ကိုယ်ဖျောက်နည်းစနစ်တွေကို တစ်ခု မှသုံးစားမရအောင် ဖောက်ထွင်းမြင်နိုင်တာပဲ၊ ဒီကောင်တွေ တောအုပ်ထဲကို ကိုယ်ဖျောက်ပြီးဝင် လာတဲ့အချိန်မှာ ငါ့တပည့်က ခြေရာခံနိုင်ခဲ့တာ။ ဒီအခွင့်အရေးက ကောင်းကင်ကပေးတဲ့ ရှားပါး အခွင့်အရေးလို့ပြောရမယ်။ မင်းမလုပ်ရင် ငါတစ်ယောက်တည်း လုပ်မယ်ကွာ”
မီးပုတ်သင်၏ အာမခံစကားကြောင့် ဝံပုလွေဘုရင်လည်း သံသယများ လျော့ကျသွားပြီး
“ဒါဆိုရင်တော့ ထောင်ချောက်ဖြစ်ဖို့ အခွင့်အလမ်းက နည်းပုံပဲ။ ဒါပေမဲ့ ငါတို့နှစ်ယောက်ပေါင်း အင်အားနဲ့တောင် သူတို့စုံတွဲကို ဖြိုဖို့ ခက်နေသေးတယ်။ ဒီတော့ ငါတို့စစ်ကူလိုတယ်”
ထိုအခါ မီးပုတ်သင်က
“ဒီကိစ္စအတွက်လည်း ငါစဉ်းစားပြီးပြီ။ သွေးစင်းကြောင်း လင်းယုန်ဘုရင်နဲ့ ဒီနားတဝိုက်မှာပဲ နေတဲ့ မျက်တစ်လုံးရေခဲဖားတို့ကို သတင်းပို့ဖို့ စီစဉ်ထားတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပေတစ်ရာပင့် ကူဘုရင်ကိုပါ တစ်ပါတည်း ခေါ်လိုက်ရင်ကောင်းမယ်။ ငါတို့ငါးယောက်ပေါင်းလိုက်ရင် သူတို့ဘာ သူတို့ ဘယ်လောက်ပဲစွမ်းနေပါစေ၊ ဒီတောအုပ်ထဲက အသက်ရှင်လျက် ပြန်ထွက်နိုင်မှာ မဟုတ် ဘူး”
မီးပုတ်သင်နှင့် ဝံပုလွေဘုရင်တို့ ခေါင်းချင်းဆိုင်တိုင်ပင်နေချိန်တွင် ယွင်နိုင်ငံမှ ရွှေအမြုတေအ ဆင့် ရှစ်ဦးသည် အဆင့် ၄ ကိုယ်ပျောက်အစီအရင်၏ အကူအညီကို ရယူလျက် တောအုပ်အတွင်း လျှို့ဝှက်စွာ ခြေချနိုင်ခဲ့ကြသည်။ ထိုအစီအရင်ကို ဝိညာဉ်ပြောင်းပြန်ဖွဲ့စည်းခြင်း ဟုခေါ်တွင်ပြီး ယွင်နိုင်ငံရှိ ရွှေအမြုတေဂိုဏ်းသုံးခု အတူပူးပေါင်း၍ သည်စစ်ဆင်ရေးတွင် အသုံးပြုရန် အထူးဖန် တီးထားခြင်းဖြစ်သည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာသည်။ နောက်တစ်နေ့ရောက် သောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လေသောင်းချီတောအုပ်အတွင်းမှ ပြန်လည်ထွက် ခွာဟန် ပြင်လိုက်ချိန်တွင် သူတို့၏ ရှေ့မှောက်တွင် ရာပေါင်းများစွာသော ပင့်ကူအိမ်များ အလျှို လျှိုပေါ်လာကြတော့သည်။ တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ဖွဲ့တည်လာရင်း မျက်စိတစ်မှိတ်အတွင်း ကျန်းချန်ရွှမ်တို့၏ ဝင်လမ်း၊ ထွက်လမ်းအားလုံးကို ပင့်ကူအိမ်များက အကြားအလပ်မရှိ ပိတ်ဆို့ လိုက်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ပြီးနောက် အချိန်မဆိုင်း တော့ဘဲ မူလဓမ္မရတနာနှစ်ခုကို ကိုယ်စီဆွဲထုတ်လိုက်ကြသည်။ ကျန်းချန်ရွှမ်၏ ရွှေဗလာနယ် ဓားနှင့် ရှန်းရူယန်၏ ရောင်စဉ်ငါးပါး မသေမျိုးရန်နှိမ်ဓားတို့ဖြစ်သည်။ မီးကိုရေဖြင့် ငြိမ်းသတ်သ လို တရှဲရှဲအသံများ ထွက်ပေါ်လာပြီး ပင့်ကူအိမ်အလွှာများသည် ရွှေဗလာနယ်ဓားနှင့် မသေမျိုး ရန်နှိမ်ဓားတို့၏ စုတ်ဖြဲခြင်းကြောင့် ပေါက်ထွက်သွားတော့သည်။ ကျန်းချန်ရွှမ်တို့လည်း ထိုအ ပေါက်အတွင်းသို့ တဟုန်ထိုးဝင်ရောက်လိုက်သည်။ သို့သော် ကောင်းကင်ထက်မှ ဧရာမပင့်ကူ အိမ်ကြီးတစ်ခု ထပ်မံကျဆင်းလာပြန်သည်။ တစ်ချိန်တည်းတွင် အဆင့် ၄ နတ်ဆိုးသားရဲများ ဖြစ်သည့် အဆိပ်ပြင်းမီးပုတ်သင်နှင့် ဝံပုလွေဘုရင်တို့ ရုတ်ချည်းပေါ်လာပြီး ကျန်းချန်ရွှမ်တို့ကို ဘေးတစ်ဖက်တစ်ချက်မှ တိုက်ခိုက်လိုက်သည်။
ဝစ် ဝစ် ဝစ်…
လေထုထဲတွင် အစိမ်းရောင်လက်သည်းရိပ်များသည် ကျန်းချန်ရွှမ်ထံသို့ ဓားသွားများပမာ ပြေး ဝင်သွားသလို ရှန်းရူယန်ကိုလည်း အဆိပ်ခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော ပေတစ်ရာကျော် ရှိ သည့် လေဆင်နှာမောင်းကြီးက တိုက်စားရန် အားထုတ်နေသည်။ ထိုစဉ် ကျန်းချန်ရွှမ်၏ ရွှေဗ လာနယ်ဓားသည် အလွန်အားကောင်းသည့် ဓားအလင်းများဖြင့် တောက်ပလာပြီး ဓားစက်ဝန်း တစ်ခုကို လွှင့်ထုတ်လိုက်သည်။ လေထုထဲတွင် သတ္တုချင်းထိခတ်မိသည့် အသံများ ထွက်ပေါ် လာပြီး အစိမ်းရောင်လက်သည်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အနီးရှိ ပင့်ကူအိမ်များသည်ပင် ဓားစက်ဝန်း၏ စက်ကွင်းမလွတ်ဘဲ တစ်စစီ ဆုတ်ဖြဲခံ လိုက်ရသည်။
တစ်ချိန်တည်းတွင် ရှန်းရူယန်၏ မသေမျိုးရန်နှိမ်ဓားထံမှ အလွန်ပြင်းထန်သည့် ရောင်စဉ်ငါးပါး လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ရှန်းရူယန်ကို ဝါးမျိုရန် အားထုတ်နေသည့် အဆိပ်ငွေ့ လေဆင်နှာမောင်းကြီးအား ပုဆိန်ဖြင့် သစ်ပင်ကို ခုတ်သလို အဆက်မပြတ် ပစ်ခတ်ဖဲ့ထုတ်လိုက် ရာ နောက်ဆုံးတွင် အဆိပ်ငွေ့များ လွင့်ပြယ်ပျောက်ကွယ်ကုန်တော့သည်။ ထိုမြင်ကွင်းကြောင့် မီးပုတ်သင်နှင့် ဝံပုလွေဘုရင်တို့သည် ကျောရိုးများစိမ့်သည်အထိ တုန်လှုပ်သွားကြသည်။ ထိုစုံတွဲ ကို ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်သည်မှာ မကြာသေးသူများအဖြစ် ရှုမြင်ထားကြသည် ဖြစ်ရာ ထိုစုံတွဲပြသလိုက်သည့် အဆင့်အတန်းသည် မီးပုတ်သင်နှင့် ဝံပုလွေဘုရင်တို့ မျှော်မှန်း ထားသည်ထက် များစွာသာလွန်နေတော့သည်။
ထိုစုံတွဲသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမို၍ ကြောက်မက်ဖွယ် တိုးတက်လာမည်ဖြစ်ကြောင်း မီးပုတ်သင်နှင့် ဝံပုလွေဘုရင်တို့ တစ်ညီတစ်ညွတ်တည်း သဘောပိုက်မိကြသည်။ ထို့ကြောင့် အ ဆိုပါစုံတွဲအား သည်နေ့၊ သည်နေရာတွင်ပင် အပြီးတိုင်သုတ်သင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မီး ပုတ်သင်သည် ပါးစပ်ကိုဟပြီး အဆိပ်ခိုးများ ရောနှောထားသည့် ဧရာမမီးလုံးကြီးတစ်လုံးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် ပေတစ်ရာ ပင့်ကူဘု ရင်နှင့် မျက်တစ်လုံးရေခဲဖားတို့လည်း ကျန်းချန်ရွှမ်တို့၏ အနောက်တွင် ရုတ်တရက် ပေါ်လာကြ တော့သည်။ ရေခဲဖားသည် ထူးဆန်းသည့် အော်မြည်သံတစ်ခုကို ပြုလိုက်သည်။
ထိုခဏတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ဦးခေါင်းထဲရှိ အသိစိတ်ပင်လယ်ကို တစ်စုံတစ်ခု က ထိုးဖောက်တိုက်ခိုက်လိုက်သလို ခံစားမိလိုက်ကြပြီး နားထဲတွင် တကျည်ကျည် ဆူညံလာတော့ သည်။ ရေခဲဖား၏ တိုက်ခိုက်မှုမှာ သမားရိုးကျ နည်းစနစ်တစ်ရပ် မဟုတ်ဘဲ ရန်သူ၏ ရှေးဦးစိတ် ဝိညာဉ်ကို ဦးတည်တိုက်ခိုက်လိုက်သည့် နည်းစနစ်ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာ ဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် နှစ်ဦးစလုံးသည် ရှေးဦးစိတ်ဝိညာဉ် ကျင့်စဉ်များကို ကျင့်ကြံပြီး ဖြစ်ရာ အဆိုပါတိုက်ခိုက်မှုမျိုးကို အထိုက်အလျောက် ခုခံနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားကြသည်၊ အထူးသဖြင့် ကျန်းချန်ရွှမ်၏ အသိစိတ်ပင်လယ်အတွင်းရှိ ကောင်းကင်ခွင်ကျယ် နတ်ဘုရား ကျောက်စိမ်းသည် ရှေးဦးစိတ်ဝိညာဉ်ကို အပြည့်အဝကာကွယ်ပေးလျက်ရှိသည်။
ထိုအချိန်တွင် လေထုအတွင်း ထိုးခွဲလာသည့် အသံများထွက်ပေါ်လာပြီး မြောက်များလှစွာသော ပင့်ကူကြိုးမျှင်များသည် ကျန်းချန်ရွှမ်တို့ထံ မြားတံများပမာ ပြေးဝင်လာသည်။ ပင့်ကူမျှင်တစ်ခု ချင်းစီသည် အဆင့် ၄ နှင့် ညီမျှသောကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနေနှင့် လျှော့မ တွက်ဝံ့ကြပါ။ ရှန်းရူယန်သည် မသေမျိုးရန်နှိမ်ဓားကို အမြင့်ဆုံး အတိုင်းအတာဖြင့် အသက်သွင်း ပြီး ပင့်ကူမျှင်များကို ပိတ်ဆို့ကာကွယ်လိုက်ရသည်။ ထိုအချိန်တွင် ကောင်းကင်အထက်မှ ဟိန်း သံတစ်ခုကြားလိုက်ရပြီး သွေးနီရောင်အဆင်းရှိကာ တောင်ပံအကျယ် ပေတစ်ထောင်ကျော်ရှိ သည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် သူတို့နှစ်ဦးအား ထိုးသုတ်ရန် အဟုန်ဖြင့် နိမ့်ဆင်းလာ သည်ကို မြင်လိုက်ရသည်။
ကျန်းချန်ရွှမ်တို့ ရင်ဆိုင်နေရသော နတ်ဆိုးဘုရင် အရေအတွက်မှာ ငါးကောင်တိတိ ရှိလာပြီဖြစ် သည်။ ကျန်းချန်ရွှမ်သည် လက်ကိုမြှောက်ပြီး ပေတစ်သောင်းကျော် အမြင့်ရှိ တောင်တစ်လုံးကို ဆင့်ခေါ်လိုက်သည်။ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် သွေးစင်းကြောင်း လင်းယုန်ဘုရင်၊ မီးပုတ်သင်နှင့် ပေတစ်ရာပင့်ကူဘုရင်တို့၏ တိုက်ခိုက်မှုများသည် တောင်ကြီး၏ မာကျောမှုကို မကျော်ဖြတ်နိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း ချေဖျက်ခံလိုက်ရတော့သည်။ နတ်ဆိုး ဘုရင်ငါးကောင်တို့သည် နောက်ထပ်တစ်ချီ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်မှာပင် ဗလာနယ်အ တွင်းမှ အလွန်ပြင်းထန်သည့် အော်ရာရှစ်ခု ထွက်ပေါ်လာကြသည်။ ထိုမြင်ကွင်းကြောင့် နတ်ဆိုး ဘုရင်များ အငိုက်မိသွားကြသည်။
“ရွှေအမြုတေအဆင့် ကျင့်ကြံသူရှစ်ဦးပါလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ထိုရှစ်ဦးတို့လည်း ရောက်လျှင်ရောက်ချင်း စကားအပိုမပြောဘဲ နတ်ဆိုးဘုရင်များကို ဦးတည် တိုက်ခိုက်လိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း လက်မနှေးဘဲ ပူးပေါင်းပါဝင်လိုက် ကြပြန်သည်။ သည်တစ်ခါတွင် နတ်ဆိုးဘုရင်ငါးဦးဖက်မှ အသည်းအသန် ခုခံရမည့် အလှည့်သို့ ဆိုက်ရောက်သွားကြသည်။ လူသားကျင့်ကြံသူများဖက်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူဆယ်ဦး အင်အားရှိသည့်အတွက် နတ်ဆိုးဘုရင်များ အနေနှင့် လုံးဝယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ အရေး နိမ့်စပြုလာသည်။ ထို့ကြောင့် ငါးဦးသား တစ်ညီတစ်ညာတည်း ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြပါ တော့သည်။ အလင်းတန်းငါးခု ရုတ်တရက် ထွက်ပေါ်လာပြီး မတူညီသည့် အရပ်မျက်နှာငါးခုသို့ ပျံသန်းကုန်ကြသည်။
ထိုအခါ ကျန်းချန်ရွှမ်နှင့် ကျန်လူများသည် ထွက်ပြေးသွားသူ နတ်ဆိုးဘုရင်ငါးဦးအနက် သွေးစင်း ကြောင်းလင်းယုန်ဘုရင်နှင့် ပေတစ်ရာပင့်ကူဘုရင်တို့ကိုသာ အဓိကပစ်မှတ်ထားပြီး ဖိတိုက်လိုက် ကြသည်။ လူသားကျင့်ကြံသူဆယ်ဦး၏ စုပေါင်းတိုက်ခိုက်မှုများသည် လင်းယုန်ဘုရင်နှင့် ပင့်ကူ ဘုရင်တို့အပေါ် တစ်ပြိုင်နက်တည်း ကျရောက်လာသောကြောင့် နတ်ဆိုးဘုရင်တို့နှစ်ကောင်မှာ အငိုက်မိသွားပြီး ကြောက်ရွံတုန်လှုပ်စပြုလာကြသည်။ ထိုနတ်ဆိုးဘုရင်နှစ်ဦး အနေနှင့် ကျင့်ကြံ သူငါးဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းမရှိရာ ဆယ်ဦးဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။ ခဏ ချင်းတွင် ပေတစ်ရာပင့်ကူဘုရင်သည် နေရာတွင်ပင် သေဆုံးသွားသည်။ လင်းယုန်ဘုရင်မှာ အ နည်းငယ် တိမ်းရှောင်ခုခံလိုက်နိုင်သေးသော်လည်း နောက်ဆုံးတွင် နန်ကုန်းပိုင်ကျန်နှင့် မန်လန် ကျူ၏ လက်ချက်ဖြင့် လေထဲတွင်ပင် သေဆုံးသွားတော့သည်။
ထိုအခါ ကျန်ရှစ်ဦးသည် အုပ်စုသုံးစုခွဲကာ ထွက်ပြေးသွားသော ဝံပုလွေဘုရင်၊ မီးပုတ်သင်နှင့် ရေ ခဲဖားတို့ အနောက်ကို ထက်ကြပ်မကွာ လိုက်ကြသည်။ ၎င်းတို့ထဲတွင် ကံအဆိုးဆုံးမှာ ရေခဲဖား ဟုဆိုရမည်။ မီတာတစ်ထောင်ကျော် ပျံသန်းပြီးနောက်တွင် ဓားအလင်းတန်းတစ်ခု လျှပ်တစ် ပြက်ပိုင်းဖြတ်လိုက်သည်ကို ရင်ဆိုင်လိုက်ရသည်။ ဓားပိုင်ရှင်မှာ ရှိရင်းစွဲလူသားကျင့်ကြံသူ ဆယ် ဦးအပြင် နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေသည်။ ထိုသူ၏ ကျင့်ကြံမှုအ ဆင့်သည် တုန်လှုပ်ဖွယ် ရွှေအမြုတေ နှောင်းပိုင်းဖြစ်ပြီး ထိုသူ၏ ဓားချက်တစ်ချက်တည်းဖြင့် ရေ ခဲဖားသည် သေလုမျောပါး ဒဏ်ရာရသွားသည်။ နောက်ဆုံးတွင် လိုက်မီလာသော ဟယ်ယွင်၊ စစ် ထူကျန်နှင့် ဖန်းဝူယတို့လက်ချက်ဖြင့် အသက်ပျောက်သွားတော့သည်။
***