← Chapters

တန်ပြန်ထိုးစစ် (၂)

Vol. 18 Ch. 347

တန်ပြန်ထိုးစစ် (၂)

Vol. 18 Ch. 347

မန်လန်ကျူ၏ အဆိုကို ရှန်းကွမ်းမန်ဂိုဏ်းမှ စစ်ထူ့ကျန်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းမှ ဝမ်ရှုကျွန်းတို့က ချက်ချင်းထောက်ခံလိုက်သည်။ ထို့ကြောင့် စစ်ဆင်ရေး၏ အဓိကရည်မှန်းချက်ကို အတည်ပြုနိုင်ခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ရန်သာ ကျန်ပါတော့သည်။ ထိုအခါ စစ်ထူ့ကျန်က အရောင်တလက်လက် တောက်ပနေသည့် အစီအရင်ပြားတစ်ခုကို ပြသလိုက်ပြီး

“ဒီအစီအရင်ပြားကို ကောင်းကင်ဘုံကြယ်အသွင်မဲ့ အစီအရင်လို့ခေါ်တယ်။ ဒီရတနာက ကြယ်တွေရဲ့ စွမ်းအားကိုအသုံးပြုပြီး ကျုပ်တို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို ဖုံးအုပ်ပေးနိုင်တယ်။ ဒါပေမဲ့ တစ်ကြိမ်မှာ လူလေးဦးစာပဲ အသုံးပြုလို့ရမယ်။ ဒီတော့ ခင်ဗျားတို့ထဲမှာ လူပုံရိပ်နဲ့အော်ရာတွေကို ဖုံးကွယ်ပေးနိုင်မဲ့ ရတနာမျိုး သယ်လာတဲ့လူရှိလား”

ထိုအခါ ကောင်းကင်ယွဲ့ဂိုဏ်းမှ လီမင်ကောင်းက အစီအရင်အလံတစ်ခုကို ထုတ်ယူလိုက်ပြီး

“ဒီအစီအရင်အလံက ပြောင်းပြန်သော့ခတ်အလံ လို့ခေါ်ပြီး လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံးလက်နက်ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ တစ်ကြိမ်မှာ လူငါးဦးစာပဲ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ငါးယောက်ထက်ပိုသွားရင် အာမမခံနိုင်တော့ဘူးဗျ”

အဆိုပါ ရတနာမျိုးသည် ကျင့်ကြံသူတစ်ဦး၏ ပုံရိပ်နှင့် အော်ရာကို အကြွင်းမဲ့ဖုံးအုပ်ပေးနိုင်ပြီး အနည်းဆုံး အဆင့် ၄ ရှိနိုင်သည့် အဖိုးတန်ပစ္စည်းတစ်ရပ် ဖြစ်ပါသည်။ လက်ရှိတွင် စစ်ထူ့ကျန်နှင့် လီမင်ကောင်းတို့၏ ရတနာနှစ်ခုမှလွဲ၍ ကျန်လူများတွင် အဆိုပါရတနာမျိုး ယူဆောင်လာခဲ့ခြင်း မရှိပါ။ ထိုအချိန်တွင် ကျန်းချန်ရွှမ်က ရုတ်တရက် ထပြောလိုက်သည်။

“ကျုပ်ရဲ့ပုံရိပ်နဲ့ အော်ရာလှိုင်းတွေကို ဖုံးကွယ်ဖို့ ရတနာသုံးစရာ မလိုပါဘူး”

“ဟမ်”

ကျန်လူအားလုံးမှာလည်း သူ့စကားကြောင့် အံ့အားသင့်လျက် နားဝေတိမ်တောင် ဖြစ်ကုန်ကြသည်။ ကျန်းချန်ရွှမ်လည်း ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ နတ်ဘုရားစွမ်းအားအသစ်ဖြစ်သည့် အသွင်မဲ့ကို ထုတ်ဖော်ပြသလိုက်သည်။ တစ်ခဏချင်းတွင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် ခဲဖျက်နှင့်ဖျက်သလို တစ်စတစ်စ ကွယ်ပျောက်သွားပြီး နောက်ဆုံးတွင် လုံးဝဥဿုံ ပျောက်ကွယ်သွားပါတော့သည်။ ထိုမြင်ကွင်းကြောင့် ကျန်လူအားလုံး မင်သက်ကုန်ကြတော့သည်။ သူတို့အားလုံး နတ်ဘုရားအာရုံများ ဖြန့်ကျက်လျက် ရှာဖွေကြည့်သော်လည်း ကျန်းချန်ရွှမ်၏ ဖြစ်တည်မှုကို ထောက်လှမ်းနိုင်ခြင်းမရှိပါ။ ကျန်းချန်ရွှမ်၏ ဖြစ်တည်မှုအလုံးစုံသည် ဤလောကမှ ရုတ်တရက် ဖယ်ရှားခြင်း ခံလိုက်ရသည့် အလားပင်ဖြစ်သည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် လူမြင်ကွင်း၌ တဖြည်းဖြည်း ပြန်ပေါ်လာတော့သည်။ ထိုအခါ ဟောင်တုန်းပိုင်ပင် ဟန်မဆောင်နိုင်တော့ဘဲ အားပါးတရ ချီးမွမ်းခန်းဖွင့်လိုက်သည်။

“တာအိုမိတ်ဆွေကျန်းမှာ ဒီလိုနည်းစနစ်မျိုး ပိုင်ဆိုင်ထားမယ်လို့ မတွေးခဲ့ရိုးအမှန်ပါ။ ကျင်းနဲ့ရှု နိုင်ငံက လူတွေကို လှည့်စားဖို့အတွက်ဆိုရင် လုံလောက်တာထက်တောင် ပိုနေပါသေးတယ်”

ကျန်လူများသည်လည်း ကျန်းချန်ရွှမ်၏ အသွင်မဲ့နည်းစနစ်ကို ရင်သပ်ရှုမောဖြစ်ကုန်ကြပြီး အသီးသီး ချီးမွမ်းခန်းဖွင့်ကုန်ကြတော့သည်။ ထို့နောက်တွင်တော့ စစ်ဆင်ရေးအတွက် အစီအစဉ်များကို အသေးစိတ်တိုင်ပင်ရန်ဖက်သို့ အာရုံပြန်ရောက်လာကြသည်။ နောက်ဆုံးတွင် အားလုံးတညီ တညွတ်တည်း ဆုံးဖြတ်လိုက်သည်က ရန်သူအုပ်စုအတွင်းမှ ကနဦးအဆင့် ရွှေအမြုတေ ကျင့်ကြံသူများကို ဦးစားပေးရှာဖွေပြီး ထိုသူများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟူ၍ဖြစ်သည်။ ထိုအစီအစဉ် အလုပ်မဖြစ်ပါက ဖန်းမိသားစုကို ကယ်တင်ရေးအား ပိုမိုအာရုံစိုက်ရန်ဖြစ်သည်။ တအောင့်မျှအကြာတွင် ကျန်းချန်ရွှမ်တို့အဖွဲ့သည် တိုက်ပွဲဖြစ်ပွားရာနေရာ အနီးသို့ တရွေ့ရွေ့ ချီတက်လျက် ရှိနေပါတော့သည်။

ဤနေရာတွင် ရန်သူ၏ ကျင့်ကြံမှုအဆင့်အတန်းကို ထောက်လှမ်းရန် တာဝန်မှာ ကျန်းချန်ရွှမ်၏ ပုခုံးပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာသည်။ ကျန်းချန်ရွှမ်လည်း အတန်ကြာ စနည်းနာပြီးနောက်တွင် ပစ်မှတ်အဖြစ် လူသုံးဦးကို ရွေးချယ်လိုက်သည်။ ထိုသူများမှာ ကွမ်းလင်ဂိုဏ်းမှ ရှင်းယန်ဇီ၊ ချင်ယို့ဂိုဏ်းမှ နတ်သမီးရွှယ့်ယင်နှင့် တောက်မိသားစုမှ တောက်ယွမ်ရှန်းတို့ဖြစ်သည်။ ထိုသုံးဦးစလုံးမှာ ရွှေအမြုတေ ကနဦးအဆင့်သာ ရှိကြသေး၍ လက်ဦးမှုရယူနိုင်ပါက သူတို့အားလုံးကို တစ်ထိုင်တည်း အပြတ်ရှင်းနိုင်ချေ များနေသည်ဟု ဆိုရပါမည်။

အထူးသဖြင့် သူတို့ဖက်တွင် ရွှေအမြုတေနှောင်းပိုင်းအဆင့် ကုယွဲ့ဖန်းလို ပုဂ္ဂိုလ်မျိုး ရှိနေသည် မဟုတ်ပါလား။ ကုယွဲ့ဖန်းလို ဝါရင့်ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ အလစ်အငိုက်ဖမ်း တိုက်ခိုက်ခြင်းမျိုးကို ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူတစ်ဦးပင် ခံနိုင်ရည်ရှိမည် မဟုတ်ပါ။ တောက်ယွမ်ရှန်းလို ကနဦးအဆင့် ကျင့်ကြံသူတစ်ဦးဆိုလျှင် ကုယွဲ့ဖန်းအတွက် တစ်ချက်တည်း ဖြင့် ကိစ္စတုံးပေးရုံဖြင့် လုံလောက်နိုင်ပါသည်။ ထိုအချိန်တွင် ကျင်းနှင့်ရှု တပ်ပေါင်းစုကြီးသည် ကျန်းချန်ရွှမ်တို့လူစုကို သတိထားမိခြင်းမရှိဘဲ ဖန်းမိသားစု၏ တောင်ကာအစီအရင်ခံတပ်ကိုသာ သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသည်။ တစ်ရက်နှင့် တစ်ညတိတိ ကြာပြီးနောက် ဖန်းမိသားစု၏ တောင်ကာအစီအရင် မျက်နှာပြင်တစ်ခုလုံး မှိန်ဖျော့စပြုလာသည်ကို တုန်လှုပ်ဖွယ် မြင်တွေ့လိုက်ရသည်။

မျက်မြင်အနေအထားအရ အစီအရင်တစ်ခုလုံး အချိန်မရွေး ပြိုကျသွားနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ထိုအခါ ကျင်းနှင့်ရှု တပ်ပေါင်းစု ကျင့်ကြံသူများ၏ မျက်လုံးများ အရောင်လက်ကုန်ကြပြီး ဝမ်းသာအားရ မျက်နှာပေးများဖြင့် လေးဖက်လေးတန်မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက် ကြပြန်သည်။ ဖန်းမိသားစုကို လက်စတုံးနိုင်ရန် ဆန္ဒပြင်းပြနေ၍ သူတို့အားလုံး ပတ်ဝန်းကျင်ကို ခေတ္တမေ့လျော့မိသွားကြသည်။ ထိုအခိုက်ကို ဟောင်တုန်းပိုင်တို့လူစုက အခွင့်ကောင်းယူလျက် လျှပ်တပြက်ထိုးစစ်ဆင်လိုက်ရာ ကျင်းနှင့်ရှု တပ်ပေါင်းစုဝင် ကျင့်ကြံသူအားလုံး မမျှော်လင့်ထားသော အခြေအနေကြောင့် အငိုက်မိသွားတော့သည်။

ရွှမ်း…

လေထုထဲတွင် ဓားအလင်းတစ်ခု ပြိုးပြက်သွားပြီး ရှင်းယန်ဇီ၏ ဓမ္မစွမ်းအင် အကာအကွယ်ကို တစ်စစီ ဆွဲဆုတ်ပစ်လိုက်သည်။ ယန်ဇီတစ်ယောက် ထိုမြင်ကွင်းကို ကြောင်ငေးလျက် ရှိစဉ်မှာပင် အဆိုပါဓားအလင်းတန်းက သူ၏ နဖူးအလယ်တည့်တည့်ကို စိုက်ဝင်သွားတော့သည်။ ထိုကဲ့သို့ မျက်စိတစ်မှိတ်အတွင်း တုန်လှုပ်ဖွယ် ပြင်းထန်လှသည့် ဓားသွားတစ်ရပ်ကို ထုတ်ဖော်နိုင်သူမှာ ကုယွဲ့ဖန်းမှလွဲ၍ အခြားမရှိပါ။ ထို့နောက်တွင် ဟောင်တုန်းပိုင်၊ ဝမ်ရှုကျွန်း၊ လီမင်ကောင်းနှင့် ယောင်ယိဖန်းတို့ကလည်း လက်မနှေးဘဲ လေးဦးသား ပူးပေါင်းတိုက်ခိုက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း မန္တန်၊ လက်နက်ပေါင်းစုံတို့သည် နတ်သမီး ရွှယ့်ယင်ထံပြေးဝင်ကုန်တော့သည်။

ရွှယ့်ယင်လည်း မျက်နှာအကြီးအကျယ် ပျက်သွားပြီး ကာကွယ်ရေးဓမ္မရတနာတစ်ခုကို ထုတ်ယူ ကာကွယ်ရန် ကြိုးစားသည်။ သို့သော် ရွှေအမြုတေအဆင့် လေးဦး၏ တစ်ချိန်တည်း၌ ပူးပေါင်း တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ ဓမ္မရတနာလည်း အဝေးသို့လွင့်စင်သွားတော့သည်။ ထို့နောက်တွင် ဟောင်တုန်းပိုင်တို့လေးဦး၏ လက်နက်ပေါင်းစုံသည် ရွှယ့်ယင်ထံ စုပုံကျရောက်သွားပြီး နေရာတွင်ပင် အသက်ပျောက်သွားသည်။ တောက်ယွမ်ရှန်းလည်း ထိုနည်းတူပင်ဖြစ်သည်။ ကျန်းပိုင်လုံ၊ လန်မန်ကျူ၊ စစ်ထူ့ကျန်နှင့် နန်ကုန်းပိုင်ကျန်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ကျန်နှစ်ဦးနောက်သို့ လိုက်ပါသွားရတော့သည်။ အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည့်အတွက် ဖန်းမိသားစုကို ဝန်းရံတိုက်ခိုက်နေသည့် ကျင်းနှင့်ရှု ကျင့်ကြံသူများလည်း ထိုအချိန်ရောက်မှ ဟောင်တုန်းပိုင်တို့လူစုကို သတိပြုမိလိုက်ကြသည်။

ထို့နောက်တွင် အဖြစ်အပျက်အားလုံးကို ရိပ်စားမိလိုက်ကြပြီး ဒေါသူပုန်ထကုန်ကြသည်။ အထူးသဖြင့် တပည့်ရင်းကို ဆုံးရှုံးလိုက်ရသူ ကျင်းရှုနှင့်တကွ ကွမ်းလင်ဂိုဏ်းနှင့် တောက်မိသားစုဝင်များသည် ဒေါသအမျက်ပြင်းစွာဖြင့် ဟောင်တုန်းပိုင်တို့အဖွဲ့ကို အားကုန်သုံး တိုက်ခိုက်လိုက်ကြသည်။ ထိုအခါ ကောယွမ်ရှန်း၊ ရှန်းကွမ်းယုံချန်းနှင့် ကျန်လူများလည်း သူတို့အချိန်ဆွဲခဲ့ကြသည့် အပြစ်ကို နောင်တရမိကြသည်။ သို့သော် အချိန်နှောင်းသွားပြီဖြစ်၍ မထူးဇတ်ခင်းကာ ဟောင်တုန်းပိုင်တို့လူစုကိုသာ အမဲဖျက်ရန် ကြံစည်လိုက်သည်။ စုစုပေါင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ အယောက်နှစ်ဆယ် ပါဝင်သော တိုက်ပွဲကြီးသည် မြေပြင်တခွင် သိမ့်သိမ့်တုန်သည်အထိ ပြင်းထန်လျက်ရှိသည်။

တိုက်ပွဲဖြစ်ပွားရာ ဗဟိုနှင့် ကီလိုမီတာငါးဆယ် ပတ်လည်အတွင်းရှိ သက်ရှိသတ္တဝါတိုင်း ထိုပြင်းအားကို ခံစားမိကြသည်။ မျက်စိကျိန်းစပ်မတတ် လှပသလို၊ တစ်ချိန်တည်းတွင် ကြောက်ရွံတုန် လှုပ်ဖွယ်ကောင်းသည့် ဓားအလင်းတန်းကြီးများသည် ကောင်းကင်တခွင် လူးလာပြိုးပြက်နေကြ တော့သည်။ ရန်သူဖက်မှ အင်အားသာလွန်နေသော်လည်း ဟောင်တုန်းပိုင်တို့ဖက်တွင် ကုယွဲ့ဖန်း ရှိနေသောကြောင့် မည်သည့်ဘက်ကမှ အသာစီးမရသေးပါ။ အထူးသဖြင့် ကုယွဲ့ဖန်းသည် တစ်ဦးတည်းအားဖြင့် ကောယွမ်ရှန်း၊ ရှန်းကွမ်းယုံရှန်းနှင့် ကျင်းရှုတို့လို ရွှေအမြုတေ ဆဌမအဆင့်ရှိ ဝါရင့်ကျင့်ကြံသူများကို လှုပ်မရအောင် ထိန်းချုပ်ထားနိုင်သလို ကျန်လူများသည်လည်း မိမိရင်ဆိုင်နေရသော ရန်သူနှင့် လက်ရည်မကွာလှသောကြောင့် တိုက်ပွဲမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေမျိုးဖြစ်နေပါသည်။

သို့ရာတွင် တိုက်ပွဲစချိန်မှ ယခုအချိန်အထိ တစ်စုံတစ်ရာ လှုပ်ရှားခြင်းမပြုသေးသူ ပုဂ္ဂိုလ်တစ်ဦး ရှိနေပါသေးသည်။ ထိုသူမှာ အသွင်မဲ့နည်းစနစ်ကို တောက်လျှောက်အသုံးပြုထားသည့် ကျန်းချန်ရွှမ်ပင်ဖြစ်ပြီး တိုက်ပွဲဖြစ်စဉ် တစ်လျှောက်လုံးကို စိတ်နှလုံးတည်ငြိမ်စွာ သုံးသပ်လျက် အခွင့်အရေးကောင်းကို ကျားချောင်းသလို စောင့်မျှော်နေခြင်းဖြစ်သည်။ မကြာခင် ဝမ်ရှုကျွန်းနှင့် တိုက်ခိုက်နေသော ရှန်းကွမ်းယုံရှန်းတစ်ယောက် အရေးနိမ့်စပြုလာသည်ကို ကျန်းချန်ရွှမ် သတိထားမိသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှန်းကွမ်းယုံရှန်း၏ အားနည်းချက်များသည် ထင်ရှားသထက် ထင်ရှားလာပြီး သူ၏ ကျင့်ကြံမှုအဆင့်၊ ဓမ္မစွမ်းအင်၊ နတ်ဘုရားစွမ်းအင် အားလုံးသည် ဝမ်ရှုကျွန်းထက် အားနည်းနေကြောင်း ကျန်းချန်ရွှမ် ရိပ်မိလိုက်သည်။

သို့သော် ရွှေအမြုတေကဲ့သို့ နယ်ပယ်အဆင့်အတန်းမျိုးတွင် အဆိုပါအားနည်းချက်များမှာ ပြောပလောက်သည်အထိ အရေးမကြီးဘဲ တစ်ဖက်က အင်အားအပြတ်အသတ် သာလွန်နေသည်မျိုး မဟုတ်လျှင် တိုက်ပွဲအဖြေကို ဆုံးဖြတ်နိုင်ရန် မလွယ်ကူသေးပါ။ ကျန်းချန်ရွှမ်လည်း အဆိုပါ အခွင့်အရေးမျိုးကို လက်လွှတ်မခံဘဲ ယုံရှန်းနှင့်ဝမ်ရှုကျွန်းတို့ တိုက်ခိုက်နေသည့် နေရာသို့ လျှို့ဝှက်စွာ ချဉ်းကပ်လိုက်ပါတော့သည်။

***

All Chapters