← Chapters

ဆုတ်ခွာပြီ

Vol. 18 Ch. 348

ဆုတ်ခွာပြီ

Vol. 18 Ch. 348

ဝှစ်…ဝှစ်….ဝှစ်

အလွန်ကြီးမားသော နှင်းပွင့်လွှာများ ဝေ့ဝဲကျဆင်းလာသည့်ပမာ ဓားသွားသုံးချက်သည် ရှန်းကွမ်းယုံရှန်းကို ကာကွယ်ပေးထားသည့် အဆင့် ၄ ဒိုင်းအပေါ် တစ်ချက်ချင်း ကျဆင်းလာပြီး ဒိုင်း၏အလင်းကို ခဏချင်း မှိန်ဖျော့သွားစေသည်။ ထိုမြင်ကွင်းကြောင့် ရှန်းကွမ်းယုံရှန်းတစ်ယောက် မျက်လုံးပြူးသွားပြီး ကမန်းကတန်း ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ သို့သော် ထိုခဏတွင် အရောင်အဆင်းမဲ့သည့် ဓားအလင်းတန်းတစ်ခု သူ၏ ဦးခေါင်းအနောက်တွင် ပြိုးပြက်လာသည်ကို ရှန်းကွမ်းယုံရှန်း သတိမထားမိလိုက်ပါ။ ထိုအချက်ကို ကျန်းချန်ရွှမ်က အခွင့်ကောင်းယူကာ တစ် ချက်တည်းဖြင့် ကိစ္စတုံးပေးလိုက်သည်။

ဖောက်…

ရှန်းကွမ်းယုံရှန်းကို ကာကွယ်ပေးထားသည့် ဓမ္မစက်ဝန်းသည် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားချက်ကြောင့် တစ်စစီ ကွဲကြေသွားတော့သည်။ ထိုအခါ ရှန်းကွမ်းယုံရှန်းလည်း သွေးပျက်သွားပြီး အနီးအနားတွင် သာမန်နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းခြင်းမပြုနိုင်သော ရွှေအမြုတေအဆင့် ကိုယ်ပျောက်ရန်သူတစ်ဦး ရှိနေမှန်း သဘောပေါက်သွားသည်။ သို့သော် ထိုရန်သူသည် မည်သို့ သော နည်းလမ်းမျိုးကို အသုံးပြု၍ ထိုကဲ့သို့ စွမ်းဆောင်နိုင်သည်ကို ရှန်းကွမ်းယုံရှန်းတစ်ယောက် မတွေးတတ်သလို တွေးရန်အချိန်လည်း မရှိပါ။ ကျန်းချန်ရွှမ်၏ အားပါးပြင်းထန်သည့် ရွှေဗလာ နယ်ဓားချက် ရုတ်တရက် ကျရောက်လာပြီး ရှန်းကွမ်းယုံရှန်း၏ ဦးခေါင်းအနောက်နေရာကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ရှန်းကွမ်းယုံရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားပြီး ကိုယ်တွင်းရှိ အမြုတေသည် ဘေးလွတ်ရာသို့ ထွက်ပြေးရန် အားထုတ်လိုက်သည်။

သို့သော် ဝေးဝေးမရောက်လိုက်ဘဲ ကျန်းချန်ရွှမ်၏ ဓမ္မစွမ်းအင်ဖြင့် ဖန်တီးထားသော ဧရာမလက်ကြီး၏ ရိုက်ချခြင်းကို ခံလိုက်ရပြီး အမြုတေနှင့်တကွ ရှန်းကွမ်းယုံရှန်း၏ ရှေးဦးစိတ်ဝိညာဉ်ပါ အလုံးစုံဖျက်ဆီးခံလိုက်ရတော့သည်။

“ညီလေး ယုံရှန်း”

ကုယွဲ့ဖန်းနှင့် ရင်ဆိုင်နေသည့် ရှန်းကွမ်းယုံချန်းတစ်ယောက် ညီဖြစ်သူ၏ အဖြစ်ဆိုးကို မြင်တွေ့လိုက်ရပြီးနောက် တုန်လှုပ်ဝမ်းနည်းကာ မချိတင်ကဲ ရေရွတ်လိုက်မိသည်။ စိတ်အာရုံပျံ့လွင့်သွားခြင်းကြောင့် ရှန်းကွမ်းယုံချန်းသည် ကုယွဲ့ဖန်း၏ ဓားချက်ဖြင့် လက်မောင်းတစ်ဖက် ပြတ်ထွက် လုနီးပါး အခြေအနေအထိ ဆိုက်ရောက်သွားသည်။ ထိုအခါ ရှန်းကွမ်းယုံချန်းလည်း စိတ်အစဉ်ကို ပြန်လည်ထိန်းချုပ်ပြီး ကောယွမ်ရှန်း၊ ကျင်းရှုတို့နှင့်အတူ လက်တွဲကာ ကုယွဲ့ဖန်းကို သုတ်သင် ရန်အတွက်သာ အာရုံစိုက်လိုက်တော့သည်။ တစ်ချိန်တည်းတွင် တောင်ကာအစီအရင်အတွင်းရှိ ဖန်းမိသားစုဝင်များသည် စစ်ကူများ ရောက်ရှိလာသည်ကို မြင်ပြီးနောက် စိတ်လှုပ်ရှားတက်ကြွလာတော့သည်။ ဖန်းကျိရွှမ်၊ သွမ်ယိတောင်နှင့် ကဲ့ယွင်လင်တို့သုံးဦး ကြီးမှူးလျက် အစီအရင်ဂိတ်ကို ဖွင့်လိုက်ပြီး ခံစစ်မှ တန်ပြန်ထိုးစစ်အဖြစ် ကူးပြောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

ကျန်းချန်ရွှမ်၊ ဟောင်တုန်းပိုင်တို့ကို အာရုံစိုက်နေရသည့် ရန်သူများကို အလစ်ဖမ်း၍ တစ်ယောက် နှစ်ယောက်စ သုတ်သင်နိုင်ခဲ့ပါက ရေရှည်တိုက်ပွဲတွင် အသာစီးရယူနိုင်မည်ဖြစ်ကြောင်း သွမ်ယိတောင်တို့လူစု ကောင်းစွာနားလည်ထားကြသည်။ မကြာခင် အစီအရင်ပွင့်လာပြီး ဖန်းကျိရွှမ်ဦး ဆောင်သည့် ဖန်းမိသားစုနှင့် မဟာမိတ်ကျင့်ကြံသူများသည် ကျန်းချန်ရွှမ်တို့နှင့် အတူပူးပေါင်းကာ ကျင်းနှင့်ရှု တပ်ပေါင်းစုကို ထိုးစစ်ဆင်ကြသည်။ ထိုအခါ ကောယွမ်ရှန်းနှင့် ကျင်းရှုတို့လူစုလည်း အခြေအနေမဟန်ကြောင်း ရိပ်မိလိုက်ကြသည်။ ဖန်းမိသားစုကို အမြစ်ဖြုတ်သုတ်သင်နိုင်မည့် အခွင့်အလမ်းကောင်းကို လက်လွှတ်ခဲ့ရသည့်အပြင် ရွှေနေမင်းဂိုဏ်းကို ချေမှုန်းပြီးချိန်မှစ၍ ရရှိပိုင်ဆိုင်ထားသည့် အားသာချက်ကိုလည်း ယခုတိုက်ပွဲတွင် ပြန်လည်စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်လေ။

တစ်ချိန်တည်းတွင် ဖန်းမိသားစုသည် ခံစစ်မှ ထိုးစစ်အဖြစ်သို့ ကူးပြောင်းနေသည်ကို မြင်ပြီးသည့် နောက်တွင် ကောယွမ်ရှန်းတို့အနေနှင့် တိုက်ပွဲကိုအပြီးသတ်ကာ အလျင်အမြန် ဆုတ်ခွာမှသာ သင့်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ကောယွမ်ရှန်း၊ ကျင်းရှုနှင့် ရှန်းကွမ်းယုံချန်းတို့သည် အဆင့်၄ အမြင့်ဆုံးအဆင့် တိုက်ခိုက်ရေးအဆောင်လက်နက်များကို တစ်ချိန်တည်း အသက်သွင်းလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ် အော်ရာလှိုင်းများ ရုတ်တရက် ပြိုကျလာတော့သည်။ ထိုအခွင့်အရေးကို အသုံးချလျက် ကောယွမ်ရှန်းတို့လည်း ရတနာလှေများကို ဆင့်ခေါ်ကာ တပည့်ဂိုဏ်းသားများကို တင်ဆောင်ပြီး ထွက်ပြေးပါတော့သည်။ ထိုအခါ နန်ကုန်းပိုင်ကျန်းတို့လူစုက အပြေးလိုက်ရန် ကြံစည်သေးသော်လည်း ကျန်းပိုင်လုံက တားမြစ်လိုက်ရသည်။

“ရန်သူနောက်ကို မလိုက်ကြပါနဲ့”

နန်ကုန်းပိုင်ကျန်းတို့လည်း ကိုယ်ရှိန်သတ်လိုက်ရသည်။ ထို့နောက်တွင် တိုက်ပွဲအဆုံးသတ်သွား ပြီဖြစ်၍ ဟောင်တုန်းပိုင်တို့လည်း ဖန်းမိသားစု ဘိုးဘေးနှစ်ဦးနှင့်အတူ ဖန်းမိသားစုဌာနချုပ်အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

“ကျေးဇူးအရမ်းတင်ပါတယ် မိတ်ဆွေတို့ရယ်”

ဖန်းမိသားစု၏ ရွှေအမြုတေအဆင့် ဘိုးဘေးနှစ်ဦးဖြစ်သူ ဖန်းကျိနန်နှင့် ဖန်းကျိရွမ်တို့က သူတို့ အားလုံးကို ဦးညွတ်အရိုအသေပြုပြီးနောက် ကျေးဇူးတင်စကားဆိုလိုက်သည်။ ဟောင်တုန်းပိုင်တို့လူစုသာ အချိန်မီ မရောက်လာပါက ဖန်းမိသားစုသည်လည်း ရွှေနေမင်းဂိုဏ်းကဲ့သို့ အစအနမကျန် မျိုးတုံးသတ်ဖြတ်ခံရမည် ဖြစ်ကြောင်း နားလည်ထားသလို တိုက်ပွဲမှ သိမ်းဆည်းရရှိသည့် ရင်းမြစ်များကိုလည်း ဖန်းမိသားစုဝင်များအနေနှင့် တစ်ပြားတစ်ချပ်မျှ ရယူမည် မဟုတ်ကြောင်းကိုလည်း အာမခံလိုက်သေးသည်။ ထို့နောက်တွင် ရှန်းကွမ်းယုံရှန်းနှင့် ကျန်သုံးဦးထံမှ ရရှိလိုက်သည့် သိုလှောင်လက်စွပ်များကို အားလုံးစစ်ဆေးလိုက်ကြသည်။ ရှန်းကွမ်းယုံရှန်းကို ကျန်းချန်ရွှမ်နှင့် ဝမ်ရှုကျွန်းတို့ ပူးပေါင်းသတ်ဖြတ်ခဲ့သောကြောင့် ရှန်းကွမ်းယုံရှန်း၏ လက်စွပ်ကို နှစ်ဦးညီတူမျှတူ ခွဲဝေရန် သဘောတူလိုက်ကြသည်။

ရှန်းကွမ်းယုံရှန်း၏ လက်စွပ်အတွင်းမှ တန်ဖိုးကြီးရတနာလေးပါးကို တွေ့ရသည်။ ပထမနှစ်ခုမှာ တိုက်ပွဲအတွင်း အသုံးပြုခဲ့သည့် တိုက်ခိုက်ရေးဓမ္မရတနာ သက်တံ့လှံနှင့် ကာကွယ်ရေးရတနာ ဝိညာဉ်နက်ဒိုင်း တို့ဖြစ်ကြပြီး သက်တံ့လှံသည် အဆင့် ၄ အလယ်အလတ်နှင့် ဒိုင်းသည် အဆင့် ၄ အနိမ့်စားအဆင့်တို့ အသီးသီးရှိကြသည်။ သို့သော် ဝိညာဉ်ဒိုင်းသည် ခံစစ်အသားပြု ရတနာဖြစ်နေသည့်အတွက် သက်တံ့လှံထက် အရည်အသွေးအားဖြင့် နိမ့်ကျခြင်းမရှိပါ။ ကျန်နှစ်ခုမှာ အဆင့် ၄ အနိမ့်စား ဝိညာဉ်ဆေးပင်တစ်ခုနှင့် အဆင့် ၄ အလယ်အဆင့်ရှိ အဆောင်ပစ္စည်းတစ်ခုတို့ဖြစ် သည်။ ထိုအဆင့်၄ ဝိညာဉ်ဆေးပင်ကို မြက်ဝါပျံ ဟုခေါ်ကြပြီး ထူးကဲအဝါရောင်ဆေးပြား ဖော် စပ်ရာတွင် အဓိကအသုံးပြုသည်။ ထိုအဝါရောင်ဆေးပြားသည် ကနဦးအဆင့် ရွှေအမြုတေကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် အသုံးပြုခြင်းဖြစ်သည်။

***

All Chapters