တန်ပြန်ထိုးစစ်
Vol. 18 Ch. 346
ထိုအဘိုးကြီးသည် ကျင်းနိုင်ငံ၏ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးလေးခုအနက် တစ်ခုဖြစ်သည့် ချင်ယို့ဂိုဏ်းမှ ကျင်းရှုဆိုသူဖြစ်သည်။ ကျန်လူများ၏ အကြည့်သည် ကောယွမ်ရှန်းထံ ကျရောက်လာကြတော့သည်။ ထိုအခါ ကောယွမ်ရှန်းသည် တစ်စုံတစ်ရာ စကားမဆိုဘဲ အနည်းငယ်တွေဝေနေပြီးမှ သူ့အကြည့်က လူအုပ်ထဲမှ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသည့် ကျင့်ကြံသူနှစ်ဦးထံ ရောက်သွားသည်။ ထိုနှစ်ဦးမှာ ရှန်းကွမ်းမိသားစုမှ ရှန်းကွမ်းယုံချန်းနှင့် ရှန်းကွမ်းယုံရှန်း တို့ဖြစ်ပြီး နှစ်ဦးစလုံး ရွှေအမြုတေအဆင့်များ ဖြစ်ကြသည်။ ရှန်းကွမ်းယုံချန်းဆိုသူမှာ တစ်ခါက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ခြေရာခံရှာဖွေခဲ့သူဖြစ်ပြီး ကျန်းချန်ရွှမ်၏ လှည့်စားမှုကြောင့် သူ့အကြံအစည် ပျက်ပြယ်ခဲ့ရသည်။
ကျန်တစ်ဦးဖြစ်သည့် ရှန်းကွမ်းယုံရှန်းသည် ရွှေအမြုတေ ဆဌမအဆင့်ရှိ ဝါရင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုနှစ်ဦးသည် ကောယွမ်ရှန်း၏ အကြည့်ကို အလိုလိုနားလည်လိုက်ကြသော်လည်း တစ်စုံတစ်ရာ စကားဆိုခြင်းမပြုဘဲ ငြိမ်သက်နေကြသည်။ ထိုအခါ ကောယွမ်ရှန်းက
“ရှန်းကွမ်းမိသားစုက မိတ်ဆွေတို့၊ ယန်နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကျုပ်တို့အားလုံး အတူတကွ ဆုံးဖြတ်ခဲ့တာဆိုပေမဲ့ ဒီအကြံကို စပေးတာ ခင်ဗျားတို့ပဲ။ ကျုပ်တို့ဖက်က အဆင့် ၄ အစီအရင်ဖောက်ပုတီးကို တစ်ကြိမ်သုံးပြီးပြီ။ ဒီတစ်ခါ ခင်ဗျားတို့ ပြန်သုံးပေးရမဲ့ အလှည့်လို့ထင်တယ်”
ကောယွမ်ရှန်း၏ စကားလုံးများမှာ အဓိပ္ပာယ်ရှင်းလင်းပြီး တည့်တိုးဆန်သည့်အတွက် ရှန်းကွမ်းမိသားစုဝင် နှစ်ဦးလုံး မျက်နှာကိုယ်စီပျက်ကုန်ကြသည်။ လက်ရှိအခြေအနေအရ တိုက်ပွဲမှာ ရှေ့မတိုးနောက်မဆုတ် အခင်းအကျင်းမျိုးဖြစ်နေသည့်အတွက် တိုက်ပွဲချိန်ခွင်လျှာကို ပြောင်းလဲရန်အတွက် နောက်ထပ် အစီအရင်ဖောက်ပုတီးစေ့ကို မဖြစ်မနေ အသုံးပြုရပါလိမ့်မည်။ တစ်ချိန်တည်းတွင် အဆင့် ၄ အစီအရင်ဖောက်ပုတီးစေ့၏ တန်ဖိုးမှာ အတော်လေးကြီးမားပြီး ရွှေအမြုတေအဆင့် ဂိုဏ်း၊ မိသားစုတစ်ခုအတွက် အစားထိုးမရနိုင်သည့် ဗျူဟာမြောက်ရင်းမြစ်တစ်ခု ဖြစ်နေပြန်သည်။ ရွှေအမြုတေဂိုဏ်းများအနက် အဆိုပါ ပုတီးစေ့ကို ပိုင်ဆိုင်ခြင်းမရှိသည့် ဂိုဏ်းများမှာ မနည်းလှပါ။
ရှန်းကွမ်းမိသားစုလို အုတ်မြစ်ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုတွင်ပင် ပုတီးစေ့တစ်ခုကိုသာ ပိုင် ဆိုင်ထားပြီး ယခုအခါ ထိုပုတီးစေ့ကို အသုံးပြုရန် ဖိအားပေးခံနေရပြီဖြစ်သည်။ ထို့ပြင် ယန်နိုင်ငံကို တိုက်ခိုက်ရန် ရှန်းကွမ်းမိသားစုက အဆိုပြုခဲ့သည့်အတွက် သူတို့ရှန်းကွမ်းမိသားစုဖက်မှ အနစ်နာခံရမည် ဆိုသည့်အချက်ကို ရှန်းကွမ်းယုံချန်းတို့အနေနှင့် မနှစ်သက်ပါ။ သူတို့အားလုံးသည် လက်ရှိအချိန်တွင် တစ်လှေတည်းစီး ခရီးသွားများ ဖြစ်နေသည့်အတွက် တာဝန်အားလုံးကို ညီတူမျှတူ ခွဲဝေသင့်သည်ဟု ယူဆမိသည်။ ထို့ကြောင့် ရှန်းကွမ်းယုံရှန်းက
“တာအိုမိတ်ဆွေကော ဒီအချိန်မှာ အရေးမပါတာတွေပြောပြီး အချိန်ဖြုန်းနေမဲ့အစား လက်တွေ့ကျတာတစ်ခု လုပ်ရအောင်လား။ ကျုပ်အမြင်မှာ ကျုပ်တို့အားလုံး တညီတညာတည်း အားထည့် တိုက်ခိုက်လိုက်ရင် အစီအရင်ဖောက်ပုတီးတောင် သုံးစရာမလိုဘဲ ဖန်းမိသားစုကို ဖြိုလဲနိုင်ပါလိမ့်မယ်။ နောက်ပြီး ကျုပ်တို့ရှန်းကွမ်းမိသားစုမှာ အစီအရင်ဖောက်ပုတီးတစ်ခုတည်း ရှိတဲ့အတွက် ကျုပ်တို့ဖက်က ဒီပုတီးစေ့ကို သုံးပေးရမယ်ဆိုရင် ကျုပ်တို့ကို ဒီပုတီးစေ့နဲ့ တန်ဖိုးညီတဲ့ တစ်ခုခု ပြန်ပေးဖို့လိုမယ်ဗျ”
ရှန်းကွမ်းမိသားစု၏ သဘောမှာ ယခုလို အရေးမပါလှသည့် တိုက်ပွဲတစ်ခုအတွက် တန်ဖိုးကြီး ပုတီးစေ့ကို အသုံးမပြုလိုဟု အဓိပ္ပာယ်ရနေသည်။ ရှန်းကွမ်းယုံရှန်း၏ စကားကြောင့် ကျန်လူအား လုံး မျက်မှောင်ကြုတ်သွားကြသည်။ ရှန်းကွမ်းမိသားစု၏ သဘောထားမှာ ပြတ်သားတင်းမာပြီး အလျှော့အတင်း ပြုလုပ်၍ ရမည်မဟုတ်ပါ။ တစ်ချိန်တည်းတွင် ကျင်းနှင့်ရှု နှစ်နိုင်ငံပေါင်း အင်အားစု ၇ ရပ်သည် အမည်ခံအားဖြင့် စုပေါင်းညီညွတ်လျက်ရှိသော်လည်း အဖွဲ့အစည်းတစ်ခုချင်းစီတွင် ရည်ရွယ်ချက်ကိုယ်စီရှိထားသည်။ ယန်နိုင်ငံကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့စဉ်က အင်အားစု ၇ ခုလုံး တစ်သားတည်း စည်းလုံးခဲ့ကြသော်လည်း ရွှေနေမင်းဂိုဏ်းကို သုတ်သင်ပြီး ရတနာများကို ခွဲဝေယူခဲ့ချိန်မှ အစပြု၍ တပ်ပေါင်းစုအကြားတွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသည်။
လက်ရှိအခင်းအကျင်းအရ ရှန်းကွမ်းမိသားစုကို အတင်းအကျပ် ဖိအားပေးလိုက်ပါက တပ်ပေါင်းစုအတွင်းရှိ အက်ကြောင်း ပိုမိုကြီးမားလာမည်ကို ကောယွမ်ရှန်း၊ ကျင်းရှုနှင့် ကျန်လူများအနေနှင့် မလိုလား၍ ထိုကိစ္စကို ဆက်လက်ဆွေးနွေးခြင်းမပြုတော့ပါ။ ထို့ကြောင့်ပင် ဖန်းမိသားစုအဖို့ အသက်ရှုချောင်သွားသည်ဟု ဆိုရပါမည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ကျန်လူများသည်လည်း ဖန်းမိသားစုနှင့် မနီးမဝေးအရပ်အထိ ချဉ်းကပ်လာနိုင်ခဲ့သည်။ ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်မည်စိုး၍ ဖန်းမိသားစုဝင်များကို ဆက်သွယ်ခြင်းမပြုသေးဘဲ လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေပြီး ယာယီပုန်းခိုနေလိုက်သည်။
“အားလုံးရဲ့အမြင်ကို သိချင်ပါတယ်။ ဖန်းမိသားစုကို အရင်ဆက်သွယ်သင့်လား၊ ကျင်းနဲ့ရှု တပ်ပေါင်းစုကို အလစ်ဝင်တိုက်သင့်လား”
ဟောင်တုန်းပိုင်မှ ဦးဆောင်ပြီး စကားဝိုင်းစလိုက်သည်။ ကျန်းပိုင်လုံက ခေတ္တစဉ်းစားလိုက်ပြီးမှ ဖြည်းဖြည်းချင်းပြောသည်။
“ကျုပ်ကတော့ ဖန်းမိသားစုနဲ့ မဆက်သွယ်စေချင်ဘူး။ ကျုပ်တို့ရောက်နေတဲ့အကြောင်း ရန်သူတွေသိသွားရင် သူတို့သိမ်းပိုက်ထားတဲ့ ရွှေနေမင်းဂိုဏ်းရဲ့ နယ်မြေအထိ တပ်ဆုတ်သွားနိုင်တယ်။ အဲဒီနယ်မြေမှာ ခံတပ်အစီအရင်တစ်ခု အခိုင်အမာချ၊ ခြေကုပ်ယူပြီး ကျုပ်တို့အားလုံးကို ဒုက္ခပေးနိုင်လိမ့်မယ်၊ ဒါဆို ကျုပ်တို့အတွက် အချိန်ကုန်သလို ကိုင်တွယ်ရခက်ခဲသွားမယ်”
“ကျွန်မလည်း တာအိုမိတ်ဆွေကျန်း ပြောတဲ့အတိုင်းပဲ”
ပိုင်ယွင်ဂိုဏ်းမှ မန်လန်ကျူက ကျန်းပိုင်လုံ၏ ထင်မြင်ချက်ကို ဝင်ရောက်ထောက်ခံလိုက်သည်။
“ကျွန်မအမြင်က ကျွန်မတို့အားလုံး ယန်နိုင်ငံကို ရောက်လာခဲ့ကြတာ ဖန်းမိသားစုကို စစ်ကူပေးရုံ သက်သက်မဟုတ်ဘဲ ကျင်းနဲ့ရှုတပ်ပေါင်းစုကို အခွင့်သာတုန်း ထိုးစစ်ဆင်ဖို့အတွက်လည်း ပါဝင်တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ထဲက ရွှေအမြုတေအဆင့် အချို့ကို ရှင်းလင်းနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ”
***