ရတနာများကို ခွဲဝေယူခြင်း
Vol. 18 Ch. 349
အဆင့် ၄ အဆောင်ပစ္စည်းသည် ပျံတက် အမျိုးအစား အဆောင်တစ်ခုဖြစ်ကာ အသုံးပြုသူ၏ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ တိုက်ပွဲအတွင်းက ရှန်းကွမ်းယုံရှန်းသာ ဤအဆောင်ကို အသုံးချခွင့်ရခဲ့ပါက ထွက်ပြေးလွတ်မြောက်သွားနိုင်ချေ များလှသည်။ အချုပ်ဆိုရလျှင် လက်စွပ်အတွင်းမှ ရတနာလေးမျိုးလုံး သူ့နည်းသူ့ဟန် တန်ဖိုးကြီးသည်ဟု ဆိုရလိမ့်မည်။ ထိုအချိန်တွင် ဝမ်ရှုကျွန်းက
“အားလုံးသိကြတဲ့အတိုင်းပဲ။ ကျွန်မတို့ ရှန်းကွမ်းယုံရှန်းကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ တာအိုမိတ်ဆွေကျန်းရဲ့ စွမ်းဆောင်မှုကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးခုထဲက ကြိုက်ရာရွေးချယ်ခွင့်ကို တာအိုမိတ်ဆွေကျန်းကို ဦးစားပေးလိုပါတယ်”
ကျန်းချန်ရွှမ်လည်း ဝမ်ရှုကျွန်း၏ တိုက်တွန်းမှုကြောင့် အားနာမနေတော့ဘဲ ဝိညာဉ်နက်ဒိုင်းကို ရွေးချယ်ကောက်ယူလိုက်သည်။ သူ့တွင် လတ်တလော ကာကွယ်ရေးဓမ္မရတနာတစ်ခု အရေးတကြီး လိုအပ်နေသည်လေ။ အကန့်အသတ်မဲ့ဘီးကျင့်စဉ်ကြောင့် ကျန်းချန်ရွှမ်၏ ခံနိုင်ရည်အားမှာ နယ်ပယ်တူ ပုဂ္ဂိလ်များနှင့် နှိုင်းယှဉ်လျှင် များစွာသာလွန်နေသော်လည်း ကျင့်စဉ်သည် အဆင့် ၄ သို့မရောက်ရှိသေးခြင်းကြောင့် စစ်မှန်သည့် အဆင့် ၄ ကာကွယ်ရေးဓမ္မရတနာတစ်ပါးလောက် ထိရောက်မှုရှိမည် မဟုတ်ပါ။ ထိုအခါ ဝမ်ရှုကျွန်းက သက်တံ့လှံကို ရယူလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်အား ကျန်ပစ္စည်းနှစ်ခုအနက် ကြိုက်ရာတစ်ခုကို ရွေးချယ်ခွင့်ပေးလိုက်ပြန်သည်။
သည်တစ်ကြိမ်တွင်တော့ ကျန်းချန်ရွှမ်သည် ထူးကဲအဝါရောင်ဆေးပြားကို ဖော်စပ်လိုသည့် အတွက် မြက်ဝါပျံကို ရွေးချယ်လိုက်သည်။ ထိုဆေးပြားအကူအညီဖြင့် သူနှင့်ရှန်းရူယန် နှစ်ဦးစလုံး အချိန်တိုအတွင်း ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်မည်ဖြစ်၍ ပျံတက်အဆောင်ပစ္စည်းထက် များစွာအသုံးဝင်နေပါသည်။ ထို့ပြင် ကျန်းချန်ရွှမ်ထံတွင် သွေးစင်းကြောင်းလင်းယုန်ဘုရင်ထံမှ ရရှိထားသည့် တောင်ပံတစ်စုံပိုင်ဆိုင်ထားပြီးဖြစ်၍ ရှန်းကွမ်းယုံရှန်း၏ အဆောင်သည် သူ့အတွက်အသုံးဝင်ခြင်းမရှိပါ။ သို့သော် ထိုအကြောင်းများကို မသိရှိသူ ဝမ်ရှုကျွန်းမှာ ကျန်းချန်ရွှမ်က သူမကို တစ်ဖန်ဦးစားပေးသည့်အနေဖြင့် ပိုမိုတန်ဖိုးကြီးသည့် ပစ္စည်းကို တမင်ချန်ရစ်ခဲ့ခြင်းဖြစ်သည်ဟု အတွေးပေါက်သွားပြီး ကျန်းချန်ရွှမ်အပေါ် ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာပါတော့သည်။
လူအားလုံး ဝေစုအသီးသီး ခွဲဝေပြီးချိန်တွင် ဟောင်တုန်းပိုင်က စကားစလိုက်သည်။
“အားလုံးရဲ့အမြင်ကို သိချင်လို့ပါ။ ကျုပ်တို့အနေနဲ့ ဒီနယ်မြေမှာပဲ ဆက်နေသင့်လား။ ဒါမှမဟုတ် တန်ပြန်ထိုးစစ်ဆင်သင့်သလား။ ထိုးစစ်ဆင်တဲ့နေရာမှာလည်း ယန်နိုင်ငံထဲက ရွှေနေမင်းဂိုဏ်းရဲ့ နယ်မြေကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားသင့်လား။ ဒါမှမဟုတ် ကျင်းနဲ့ရှု နှစ်နိုင်ငံကိုပဲ ကျုးကျော်သင့် သလားပေါ့။ အားလုံးရဲ့အမြင်ကို ကြားချင်ပါတယ်”
ဟောင်တုန်းပို်င၏ စကားအဆုံးတွင် ပထမဆုံး တင်ပြလာသူမှာ လီမင်ကောင်းဖြစ်သည်။
“ကျုပ်အမြင်မှာတော့ ဒီနယ်မြေမှာ အချိန်အကြာကြီး ခြေကုပ်ယူပြီး တပ်စွဲထားရင် ကျုပ်တို့ဖက်က သူတို့ပြုသမျှနုရမဲ့ ခံစစ်အခင်းအကျင်းမျိုး ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့လျန်နိုင်ငံနဲ့ ယွင်နိုင်ငံကို ရန်သူက ကျူးကျော်လာမဲ့အရေးလည်း ရှိနေသေးတယ်”
ထိုစဉ် ကျန်းပိုင်လုံက ဝင်ရောက်ထောက်ခံလိုက်သည်။
“မိတ်ဆွေလီ ခင်ဗျားပြောတာ ကျုပ်သဘောတူတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ရှုနဲ့ကျင်းက ကောင်တွေကို ယန်နိုင်ငံထဲမှာ ခြေကုပ်ယူခွင့်ပေးထားပြန်ရင်လည်း ကျုပ်တို့အားလုံးအတွက် အန္တရာယ်တစ်ခုကို မီးမွှေးထားသလို ဖြစ်နေပြန်တယ်။ ဒါကြောင့် ကျုပ်အမြင်မှာ သူတို့အားလုံးကို ယန်နိုင်ငံထဲကနေ အပြီးမောင်းထုတ်ပစ်ရမယ်”
“တာအိုမိတ်ဆွေကျန်းပြောတာ ကျွန်မလက်ခံတယ်”
လန်မန်ကျူက ကျန်းပိုင်လုံ၏ အဆိုကို မဆိုင်းမတွ ထောက်ခံလိုက်သလို ကျန်လူများကလည်း သဘောတူကြသည့်အတွက် သူတို့အားလုံးလည်း အချိန်မဖြုန်းတော့ဘဲ ရွှေနေမင်းဂိုဏ်း၏ ဌာနချုပ်ဟောင်းနေရာသို့ ဦးတည်ချီတက်လိုက်ကြသည်။ ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်လိုက်ရသည်က တစ်ကြောင်း၊ ဖန်းမိသားစု၏ ရွှေအမြုတေအဆင့် ဘိုးဘေးနှစ်ဦးနှင့်အတူ မဟာမိတ်နှစ် ဂိုဏ်းမှ သွမ်ယိတောင်နှင့် ကဲ့ယွင်လင်တို့လည်း ဒဏ်ရာအကင်းမသေ၍ လိုက်ပါခြင်းမပြုနိုင်သည်က တစ်ကြောင်းတို့ကြောင့် ကျန်းချန်ရွှမ်တို့အဖွဲ့တွင် ရှိသင့်သည်အင်အားထက် များစွာနည်းပါးနေသော်လည်း ရန်သူများဘက်တွင်လည်း အခြေအနေသည် ထူး၍ ကောင်းမွန်နေခြင်းမျိုးမရှိပါ။
နှစ်ဖက်အင်အားအရ သူတို့ဘက်က ပိုမိုသာလွန်လျက် ရှိနေသေးသည်။ သည်တစ်ခေါက် စစ်ဆင်ရေးတွင် အသုံးချရန် အဆင့် ၄ အစီအရင်ဖောက်ပုတီးစေ့ကိုပင် ပြင်ဆင်လာခဲ့ကြသေးသည်။ ဤသို့ဖြင့် ကျန်းချန်ရွှမ်တို့အဖွဲ့ ရွှေနေမင်းဂိုဏ်းဌာနချုပ်အနီးသို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် ရှန်းကွမ်းယုံချန်း ဦးဆောင်သည့် ရှုနှင့်ကျင်း တပ်ပေါင်းစုဝင် ကျင့်ကြံသူများလည်း ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။ နောက်ဆုံးတစ်ခေါက် တိုက်ပွဲကြောင့် သူတို့တပ်ပေါင်းစု အတော်လေးအထိနာခဲ့သည်ဟု ဆိုရမည်။ တစ်ကြိမ်တည်းနှင့် ရွှေအမြုတေအဆင့် လေးဦးတိတိကို ဆုံးရှုံးခဲ့ရုံမက ထိုလေးဦးအနက် တစ်ဦးသည် ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေ၍ ပိုဆိုးသည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း ရှန်းကွမ်းမိသားစုဖက်က အဆင့် ၄ အစီအရင်ဖောက် ပုတီးစေ့ကို အသုံးပြုရန် တွန့်တိုနေခဲ့ခြင်းကြောင့်ဖြစ်သလို ထိုဆုံးဖြတ်ချက်ကြောင့် အဓိကနစ်နာခဲ့ရသူမှာလည်း ရှန်းကွမ်းမိသားစုပင်ဖြစ်သောကြောင့် ကျန်လူများကလည်း ရှန်းကွမ်းယုံချန်းကို ထူးထွေပြီး အပြစ်တင်မနေတော့ချေ။ ထိုအစား သူတို့ဆုံးဖြတ်ရမည်က ဤနေရာတွင် ဆက်လက်ခြေကုပ်ယူ ထားမည်လား၊ သို့မဟုတ် ဆုတ်ခွာသင့်သလား ဟူသောအရေးပင်ဖြစ်သည်။
“အမှန်အတိုင်းပြောရရင် ငါတို့စစ်ဆင်ရေး ကျရှုံးခဲ့တယ်လို့ ဆိုချင်ဆိုလို့ရနေပြီ”
ထိုအချိန်တွင် ကျင်းရှုက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
“ငါတို့ဒီမှာဆက်နေလို့မထူးဘူး။ သုံးနိုင်ငံက ကျင့်ကြံသူတွေနဲ့ တိုက်ပွဲဆက်ဖြစ်ရုံကလွဲပြီး ငါတို့အတွက် အကျိုးထူးစရာ မမြင်ဘူး။ ဒီတော့ ငါတို့အနေနဲ့ ငါတို့နိုင်ငံကိုပြန်ပြီး အင်အားကို ပြန်စုဖွဲ့ဖို့လိုမယ်။ ပြီးမှ အဲဒီသုံးနိုင်ငံကို တည့်ဝင်တိုက်မယ်”
“ကျွန်မလည်း တာအိုမိတ်ဆွေကျင်းရှုပြောတာကို လက်ခံတယ်”
ဟိုင်ယွင်ဂိုဏ်းမှ လူလတ်ပိုင်းအရွယ် ခပ်ချောချော အမျိုးသမီးတစ်ဦးကလည်း ကျင်းရှု့စကားကို ဝင်ရောက်ထောက်ခံလိုက်သည်။
“ဒီမှာဆက်နေလို့ အကြောင်းမထူးဘူး။ နောက်ပြီး ကျွန်မတို့အခုရောက်နေတာ ယန်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းဒေသ ဖြစ်နေတာကိုလည်း ထည့်စဉ်းစားဖို့လိုမယ်။ ပထဝီအနေအထားအရ ကျွန်မတို့ဘက်က တစ်ပန်းရှုံးနေတယ်”
***