← Chapters

လျန်နိုင်ငံသို့အပြန်

Vol. 18 Ch. 351

လျန်နိုင်ငံသို့အပြန်

Vol. 18 Ch. 351

လေးဦးလုံး အဆင့် ၄ ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်လိုကြသည်မှာ ထင်ရှားပါသည်။ အဆင့် ၄ အ ဆင့်ရှိသည့် ဝိညာဉ်သွေးကြောဆိုသည်မှာ တွေ့ရခဲလှသည့်အတွက် သူတို့အားလုံး လက်လွှတ်မခံလိုကြပါ။ တစ်ချိန်တည်းတွင် ထိုသွေးကြောကို ပိုင်ဆိုင်ခွင့်ရရန် တန်ဖိုးတစ်စုံတစ်ရာ ပြန်လည်ပေးအပ်ရန် လိုအပ်ကြောင်းကိုလည်း လေးဦးလုံး နားလည်ပြီးဖြစ်သည်။ ယောင်ယိဖန်က ပြောလက်စ စကားကို ပြန်ဆက်ပြန်သည်။

“ကျုပ်ပြောသလိုပဲ ခင်ဗျားတို့လေးယောက်လုံး ဒီ‌ဝိညာဉ်သွေးကြောရဲ့ တန်ဖိုးကို ကောင်းကောင်း နားလည်ပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဒီသွေးကြောကို ပိုင်ဆိုင်ချင်တယ်ဆိုရန် တန်ရာတန်ဖိုးတစ်ခုတော့ ပြန်ပေးဖို့လိုမယ်”

ထိုအခါ ကဲ့ယွင်လင်း၊ ဖန်ကျိနန်၊ ဖန်ကျိရွှမ်နှင့် သွမ်ယိတောင်တို့လည်း တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြတော့သည်။ ခေတ္တအကြာတွင် ဖန်ကျိနန်က

“တာအိုမိတ်ဆွေယောင်ရေ၊ ဒီကိစ္စက အသေးအဖွဲမဟုတ်တော့ ကျုပ်တို့အချင်းချင်း ဆွေးနွေးဖို့ အချိန်နည်းနည်းပေးပါလား”

ဖန်ကျိနန်၏ တောင်းဆိုချက်ကို ယောင်ယိဖန်နှင့် ကျန်လူအားလုံး သဘောတူလိုက်ကြသည်။ ထိုအခါတွင် ဖန်ကျိနန်တို့လေးဦးလည်း မလှမ်းမကမ်းတစ်နေရာကို ခပ်သုတ်သုတ်လျှောက်သွားပြီး အကြိတ်အနယ် တိုင်ပင်ဆွေးနွေးကြတော့သည်။ အတန်ကြာလျှင် လေးဦးသား ပြန်လည်ရောက် ရှိလာပြီး ဖန်ကျိနန်မှပင် ဦးဆောင်လျက်

“ကျုပ်တို့တိုင်ပင်ပြီးပါပြီ။ ဒီအဆင့် ၄ သွေးကြောကို အသုံးပြုပြီး အဆင့် ၃ ဈေးတစ်ခု ဆောက်လုပ်ဖို့ ကျုပ်တို့စဉ်းစားထားပါတယ်။ ဒီအဆင့် ၃ ဈေးက ရရှိတဲ့ နှစ်စဉ်အကျိုးအမြတ်ရဲ့ ငါးဆယ် ရာခိုင်နှုန်းကို ခင်ဗျားတို့အားလုံးကို ဝေစုအဖြစ်ခွဲဝေပေးဖို့ ရည်ရွယ်ထားပါတယ်။ ဘယ်လိုမြင်ကြလဲမသိဘူး”

ဖန်ကျိနန်အဆိုအရ အဆင့် ၄ ဝိညာဉ်သွေးကြောတစ်ခု အပေါ်တွင် တည်ဆောက်မည့် အဆင့် ၃ ဈေးတစ်ခုသည် ဝိညာဉ်ကျောက်တုံးပေါင်း သိန်းဂဏန်းကို နှစ်စဉ်ရှာဖွေပေးနို်ငသည်။ ထိုအမြတ်မှ ငါးဆယ်ရာခိုင်နှုန်းဆိုသည်မှာ တစ်နှစ်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်သိန်းရှိသည့် ပမာဏကို ဆိုလိုသည်။ ထိုပမာဏကို ဂိုဏ်းခြောက်ခုအား အညီအမျှ ခွဲဝေပေးပါက တစ်ဂိုဏ်းလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးနှစ်သောင်းကို နှစ်စဉ်ရရှိမည်ဖြစ်သည်။ ဂိုဏ်းခြောက်ဂိုဏ်းအတွက် ထိုဝင်ငွေသည် တစ်စုံတစ်ရာ ဆောင်ရွက်စရာ မလိုအပ်ဘဲ နေရင်းထိုင်ရင်း အသားတင်ရရှိ မည့်ဝင်ငွေ ဖြစ်နေသောကြောင့် ကျန်းချန်ရွှမ်နှင့် ကျန်လူများလည်း ဖန်ကျိနန်၏ အဆိုကို လက်ခံလိုက်ကြတော့သည်။

တစ်ချိန်တည်းတွင် ဂိုဏ်းခြောက်ဂိုဏ်း၏ အုတ်မြစ်နှင့် အင်အားများမှာ ကွဲပြားကြသောကြောင့် ထိုအမြတ်ငွေကို အဖွဲ့အစည်းခြောက်ခုအား အညီအမျှ ခွဲဝေရန် မသင့်ပြန်ပါ။ ထို့ကြောင့် ဂိုဏ်း ခြောက်ဂိုဏ်း၏ အင်အားအနည်းအများအပေါ် မူတည်၍ ခွဲ‌ဝေရန် ဆုံးဖြတ်လိုက်ကြသည်။ ဂိုဏ်း ခြောက်ဂိုဏ်းအနက် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့မှာ အင်အားအကြီး ဆုံးဖြစ်သောကြောင့် ငါးဆယ်ရာခို်ငနှုန်း အမြတ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။ ကျန် ၃၀ ရာခိုင်နှုန်းကို ကျန်းမိသားစုနှင့် ယွင်နိုင်ငံမှ ဂိုဏ်းသုံးခုတို့က ခွဲဝေယူရပါမည်။ ထိုအဖွဲ့အစည်း လေးခုအနက် အင်အားအကြီးဆုံးဖြစ်သည့် ကန်းယန်ဂိုဏ်းက ဝေစုအများဆုံးရရှိပြီး ရှန်းကွမ်းမန်ဂိုဏ်း၊ ပိုင်ယွင်ဂိုဏ်းနှင့် ကျန်းချန်ရွှမ်၏ ကျန်းမိသားစုတို့က နောက်ဆုံးဝေစုကို အညီအမျှ ခွဲဝေယူလိုက်ကြသည်။

သို့တိုင် ကျန်းမိသားစုအတွက် နှစ်စဉ် ပုံမှန်ရရှိမည့် အမြတ်ပမာဏသည် ဝိညာဉ်ကျောက်တုံးတစ် သောင်းကျော် ရှိနေပါသေးသည်။ ဖန်ကျိနန်တို့ဖွင့်လှစ်မည့် အဆင့် ၃ ဈေး၏ ဝင်ငွေကောင်းလျှင် ကောင်းသလို နောက်ထပ်အမြတ်ငွေများလည်း ထပ်ဆောင်းရရှိနိုင်ပါသေးသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လည်း ယန်နိုင်ငံတွင် ခေတ္တနေထိုင်ပြီး အခြေအနေကို စောင့်ကြည့်ကြပြီး ကျင်း နှင့် ရှုနိုင်ငံမှ ကျင့်ကြံသူများ အမှန်တကယ် ဆုတ်ခွာသွားကြောင်း အတည်ပြုနိုင်သောအခါတွင် ယန်နိုင်ငံမှ ထွက်ခွာရန်ပြင်ဆင်ကြသည်။ သို့သော် ရွှေနေမင်းဂိုဏ်း ပြိုလဲပြီးနောက် ယန်နိုင်ငံ၏ အင်အားမှာ အတော်လေးအားနည်းနေ၍ ယောင်ယိဖန်ကို ယန်နိုင်ငံတွင် အစောင့်သဘောအဖြစ် ထားရစ်ခဲ့ရန် ဆုံးဖြတ်ကြသည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်လည်း ဟောင်တုန်းပိုင် အပါအဝင် ကျန်လူများနှင့်အတူ လျန်နိုင်ငံသို့ ပြန်လာခဲ့ကြသည်။ ဤအရေးကိစ္စအပြီး လတ်တလော အနေအထားတွင် ငါးနိုင်ငံအကြား ရွှေအမြုတေအဆင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာရန် အခွင့်အရေးနည်းကြောင်း သူတို့ အားလုံး သဘောပိုက်မိကြသည်။ မလွှဲမရှောင်သာ တိုက်ပွဲဖြစ်လျှင်တောင် ကျီဖုအဆင့်အောက် နယ်ပယ်အတွင်း၌သာ ဖြစ်ပွားနိုင်ချေ ရှိနေပါသည်။ လက်ရှိအချိန်တွင် ကျင်းနှင့်ရှု နှစ်နိုင်ငံမဟာမိတ်အဖွဲ့ သော်လည်းကောင်း၊ ကျန်းချန်ရွှမ်တို့၏ သုံးနိုင်ငံမဟာမိတ် တပ်ပေါင်းစု သော်လည်းကောင်း နှစ်ဖက်စလုံးသည် နောက်ထပ် အကုန်အကျများသော တိုက်ပွဲများ ဖော်ဆောင်ရန် လုံလောက်သည့် အခြေအနေမျိုးမရှိပါ။

အထူးသဖြင့် ကျင်းနှင့်ရှုနှစ်နိုင်ငံ တပ်ပေါင်းစုအနေနှင့် နောက်ဆုံးတိုက်ပွဲတွင် အထိအခိုက်များခဲ့ သော်လည်း လတ်တလောတွင် တန်ပြန်တုံ့ပြန်နိုင်သည့် အနေအထားမျိုး မရှိသေးပါ။ ဒုတိယအချက်မှာ ကျင့်ကြံသူအများစုသည် တာအိုလမ်းစဉ်နှင့် မိမိတို့၏ ကျင့်ကြံမှုအဆင့် တိုးတက်ရေးကိုသာ ပဓာနထားလေ့ရှိကြပြီး လက်စားချေခြင်း၊ ရန်ငြိုးဖွဲ့ခြင်းနှင့် နိုင်ငံရေးတို့ကို ဒုတိယဦးစားပေး အဖြစ်သာ သတ်မှတ်လေ့ရှိကြခြင်းကြောင့်ဖြစ်သည်။ ကျန်းချန်ရွှမ်တစ်ယောက် လျန်နိုင်ငံကို ပြန်ရောက်ရောက်ချင်း ရှန်းရူယန်နှင့် တွေ့ဆုံပြီး အကျိုးအကြောင်းရှင်းပြသည်။ ထို့နောက် ကျန်းမိသားစု၏ ကျီဖုအဆင့်သုံးဦးနှင့် ရှန်းမိသားစု၏ ကျီဖုအဆင့်သုံးဦးကို ခေါ်ယူပြီး အကြောင်းစုံကို ရှင်းပြလိုက်သည်။ ဇာတ်လမ်းစဆုံးကို နားထောင်ပြီးသောအခါ သူတို့အားလုံး တုန်လှုပ်သွားကြသည်။

သည်တစ်ကြိမ်တွင် သုံးနိုင်ငံတပ်ပေါင်းစုသည် ကျင်းနှင့်ရှု နှစ်နိုင်ငံ အင်အားစုမှ ရွှေအမြုတေအဆင့် လေးဦးတိတိကို သတ်ဖြတ်နိုင်ခဲ့သည်ကို သူတို့အားလုံး မယုံနိုင်ဖြစ်နေကြသည်။ ကျင်းနှင့် ရှု နှစ်နိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပင် နှစ်နိုင်ငံတပ်များ မြစ်တစ်ရာတောင်တန်းဒေသမှ ဆုတ်ခွာနေခြင်း ဖြစ်သည်မှာ သေချာပါသည်။

“နောက်ထပ် ကြီးကြီးမားမား တစ်ခုခုမဖြစ်ရင် ကျုပ်တို့လို ရွှေအမြုတေအဆင့်တွေ အနေနဲ့ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်လို့ မဖြစ်တော့ဘူး။ အနာဂတ်တိုက်ပွဲတွေမှာ ချီသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်းနဲ့ ကျီဖုအဆင့် ကျင့်ကြံသူတွေကိုပဲ အားထားရလိမ်မ့ယ်။ ကျုပ်ဒီကိုပြန်မလာခင်မှာ ကျောက်စိမ်းရေဓားစင်မြင့်နဲ့ ကောင်းကင်ယွဲ့ဂိုဏ်းက အကြီးအကဲတွေနဲ့ဆွေးနွေးပြီးပါပြီ။ အဖွဲ့ အစည်းတစ်ခုချင်းစီက အနည်းဆုံး ကျီဖုအဆင့်လေးဦး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ၃၀၊ ချီသန့်စင်ခြင်းအဆင့် ရာဂဏန်းကို ပို့လွှတ်ပေးရပါလိမ့်မယ်။ ကျီဖုအဆင့်နဲ့အောက်မိသားစု၊ ဂိုဏ်းတွေကတော့ ကျီဖုအဆင့် တစ်ဦး၊ နှစ်ဦးနဲ့ အခြားအဆင့်‌ ကျင့်ကြံသူတွေ ထိုက်သင့်သလောက် ပို့ပေးရလိမ့်မယ်”

ကျန်းချန်ရွှမ်၏ စကားဆုံးလျှင် ကျန်းရန်ယီ၊ ရှန်းယွမ်လုံနှင့် ကျန်လူများအားလုံး၏ မျက်နှာများ လေးနက်တင်းမာလာကုန်ကြသည်။

***

All Chapters