← Chapters

လျန်နိုင်ငံသို့အပြန် (၂)

Vol. 18 Ch. 352

လျန်နိုင်ငံသို့အပြန် (၂)

Vol. 18 Ch. 352

ငါးနိုင်ငံစစ်ပွဲတွင် သူတို့အားလုံး တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်ရန် လိုလာပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

“ငါ့ကိုထည့်ဟေ့”

ရှန်းယွမ်လုံက ဦးဆုံးအနေနှင့် ဆန္ဒပြုလိုက်သည်။ ထိုအချိန်တွင် ရွှီချန်းဟယ်ကလည်း အားရပါးရ ရယ်မောလိုက်ပြီး

“အစ်ကိုရှန်းက အဲဒီလောက် စိတ်အားထက်သန်နေမှတော့ ကျွန်တော်လည်း သူရဲဘောကြောင်နေလို့ ဘယ်ဖြစ်မလဲ၊ ကျုပ်လည်းပါမယ်”

ရှန်းမိသားစုဝင် ကျီဖုအဆင့်နှစ်ဦးက စစ်ပွဲတွင်ပါဝင်ရန် လိုလိုလားလား ဆန္ဒပြုကြသည်ကို မြင် သောအခါ ကျန်းမိသားစုဝင်များဖြစ်ကြသည့် ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် ကျန်အကြီးအကဲများသည်လည်း အားကျမခံ ဆန္ဒပြုကြတော့သည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ကြသည်။ နှစ်ဦးသား အတန်ကြာ ခေါင်းချင်းဆိုင် တိုင်ပင်ပြီးနောက် ကျန်းမိသားစုကိုယ်စားပြုအဖြစ် ကျန်းရန်တောက်နှင့် လျူလင်းလုံ၊ ရှန်းမိသားစုကိုယ်စား ပြုအဖြစ် ရှန်းယွမ်လုံနှင့် ရွှီချန်းဟယ်တို့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုလေးဦးတွင် လျူလင်းလုံမှအပ ကျန်လူသုံးဦးတွင် လုံလောက်သည့် တိုက်ပွဲအတွေ့အကြုံများ ကိုယ်စီရှိကြပြီး ဖြစ်သည်။

ကျင့်ကြံမှုအဆင့်အရ ရှန်းယွမ်လုံသည် ကျန်းရန်တောက်နှင့် ရွှီချန်းဟယ်တို့ထက် သာလွန်နေ၍ ခေါင်းဆောင်တာဝန်ကို ရှန်းယွမ်လုံကို ကိုင်တွယ်မည်ဖြစ်သည်။ ကျီဖုအဆင့်လေးဦး ရွေးချယ်ပြီးနောက် အခြေခံတည်ဆောက်ခြင်းနှင့် အခြားအဆင့် ကျင့်ကြံသူများကို ရွေးချယ်ရန်တာဝန်အား ကျန်အကြီးအကဲများကို ပေးအပ်လိုက်သည်။ လူရွေးချယ်ခြင်းလုပ်ငန်း ပြီးစီးသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းယွမ်လုံဦးဆောင်သည့် အဖွဲ့သားများအား အကာအကွယ် ဓမ္မရတနာများ ပေးအပ်ကြသည်။ ထို့နောက်တွင် ဇနီးမောင်နှံနှစ်ဦးလည်း ရွှမ်းမင်တောင်ထွတ်ထံ ပြန်လာခဲ့ကြသည်။ ထိုအခါ ကျန်းချန်ရွှမ်က မြက်ဝါပျံများကို ရှန်းရူယန်လက်ထဲ ထည့်ပေးလိုက်ရင်း

“ရူယန် ဒီမြက်တွေကိုသုံးပြီး အဝါတောက်ဆေးပြား တစ်ဖိုစာလောက် ဖော်စပ်လို့ရနိုင်မလား”

ရှန်းရူယန်က မြက်များကို စေ့စပ်စွာ ကြည့်ရှုပြီးနောက် ပြန်ဖြေသည်။

“အဝါတောက်ဆေးပြား ဖော်စပ်ဖို့ အဆင့် ၄ အထက် ဝိညာဉ်ဆေးပင်တွေ အများကြီးလိုတယ်။ ဒီ မြက်တစ်ဆုပ်လောက်နဲ့ မလုံလောက်ဘူး။ ဒါပေမဲ့ ကံကောင်းတာက ကျွန်မတို့မှာ ဖြည့်စွက်ဆေးပင်၊ ဝိညာဉ်သစ်ဥသစ်ဖုတွေ ရှိထားတယ်။ တစ်ခုပဲလိုတယ်။ အဆင့် ၄ ဖြည့်စွက်ဝိညာဉ်ဆေးပင် တစ်မျိူးဖြစ်တဲ့ နွေဦးသစ်သားနွယ်ပင်ပဲ”

“နွေဦးသစ်သားနွယ် ဟုတ်စ”

ကျန်းချန်ရွှမ်က မျက်မှောင်ကြုတ်ပြီး အတန်ကြာ တွေးတောနေပြီးမှ

“ဒါဖြင့် စင်မြင့်သခင်ကြီးဟောင်နဲ့ တာအိုမိတ်ဆွေဝမ်တို့ကို အကူအညီတောင်းကြည့်လိုက်မယ်။ သူတို့ဆီမှာ ဒီဆေးပင်ရှိမလားမသိဘူး၊ ရှိတယ်ဆိုရင် ကိုယ်တို့ရထားတဲ့ သွေးစင်းကြောင်းလင်းယုန်ဘုရင်ရဲ့ အစိတ်အပိုင်းတွေနဲ့ လဲလိုက်မယ်”

ပြောပြောဆိုဆိုနှင့် ကျန်းချန်ရွှမ်လည်း အချိန်မဆိုင်းဘဲ ဟောင်တုန်းပိုင်၊ ဝမ်ရှုကျွန်းနှင့် ကျန်လူများကို ဆက်သွယ်ကာ အကျိုးအကြောင်း ပြောပြလိုက်ရာ ဟောင်တုန်းပိုင်တို့လူစုကလည်း ချက်ချင်းပင် ပြန်လည်ဆက်သွယ်ပြီး သူတို့ထံတွင် အဆိုပါဆေးပင်မျိုးမရှိကြောင်း၊ သို့သော် ပင်လယ်ဖြတ်တောင်ကြားတွင် နေထိုင်သည့် ဟိုင်ကျန်ထံတွင် ထိုဆေးပင်မျိုးရှိနိုင်ကြောင်း သတင်းပေးလာကြသည်။ ကျန်းချန်ရွှမ်အနေနှင့် ဟိုင်ကျန်ထံမှ ထိုဆေးပင်ကို အလိုရှိပါက တန်ဖိုးကြီးရတနာများဖြင့် လဲလှယ်ရန်လိုအပ်ကြောင်းလည်း ပြောပြလိုက်သေးသည်။ အမှန်တွင်လည်း နွေဦးသစ်သားနွယ်ပင်သည် အလွန်ရှားပါးတန်ဖိုးကြီးသောကြောင့် သာမန် အဆင့် ၄ ဝိညာဉ်ရတနာများ ဖြင့် လဲလှယ်ရယူရန် မဖြစ်နိုင်ပါ။

ထိုအခါ ကျန်းချန်ရွှမ်လည်း သတင်းစကား ပေးပို့လာသူ ဝမ်ရှုကျွန်းကို ကျေးဇူးတင်စကား ပြောဆိုပြီးနောက် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ဘေးချလိုက်သည်။ ဘေးမှနေ၍ အရိပ်အကဲကို စောင့်ကြည့်နေသော ရှန်းရူယန်က စိတ်ဝင်စားစွာ မေးခွန်းထုတ်သည်။

“အခြေအနေဘယ်လိုတဲ့လဲ”

ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး

“သူတို့ဆီမှာ မရှိဘူးတဲ့။ ဒါပေမဲ့ တာအိုမိတ်ဆွေဝမ် အပြောအရတော့ ပင်လယ်ဖြတ်တောင်ကြားမှာနေတဲ့ ဟိုင်ကျန်ဆီမှာတော့ ရှိနိုင်တယ်တဲ့။ အဲဒါကြောင့် ကိုယ်လည်း ဟိုင်ကျန်နေတဲ့နေရာအထိ လိုက်သွားပြီး နွေဦးသစ်သားနွယ်ပင်ကို ရှာဖို့ဆုံးဖြတ်လိုက်ပြီ”

“ကျွန်မလည်းလိုက်မယ်၊ အဲဒီဒေသအကြောင်း ကျွန်မတို့သိပ်မသိဘူးမလား။ နှစ်ယောက်ဆိုတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့”

ကျန်းချန်ရွှမ်ကလည်း ထွေထွေထူးထူး ပြောမနေဘဲ လက်ခံလိုက်သည်။ မကြာမီ ဇနီးမောင်နှံနှစ်ဦးလည်း မှော်ဝင်တိုင်တောင်မှ ထွက်ခွာပြီး ပင်လယ်ဖြတ်တောင်ကြားဒေသသို့ ဦးတည်ပျံသန်း လာခဲ့ကြသည်။ တစ်ရက်အကြာတွင် တောင်ကြားဒေသရှိ ဟိုင်ကျန်ပိုင်ဆိုင်သည့် နယ်မြေအတွင်း ခြေချမိကြသည်။ ကျန်းချန်ရွှမ်လည်း ဆက်သွယ်ရေး ကျောက်စိမ်းပြားကို အသုံးပြုပြီး ဟိုင်ကျန်အား ဆက်သွယ်လိုက်ရာ မကြာမီ တာအိုဝတ်ရုံဆင်မြန်းထားသည့် ကျင့်ကြံသူတစ်ဦး ပေါ်လာတော့သည်။ ထိုသူမှာ သူတို့ရှာဖွေနေသော တစ်ကိုယ်တော်ကျင့်ကြံသူ ဟိုင်ကျန် ပင်ဖြစ်သည်။ ဟိုင်ကျန်သည် သူတို့နှစ်ဦးကို မြင်သောအခါ လက်သီးဆုပ် ဂါရဝပြုပြီး ယဉ်ကျေးစွာ မေးသည်။

“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ပါလား။ ဘာများအလိုရှိလို့ ရောက်လာကြတာပါလဲ”

ကျန်းချန်ရွှမ်တို့လည်း သွယ်ဝိုက်မနေတော့ဘဲ အမှန်အတိုင်း ရှင်းပြလိုက်သည်။

“ရေခဲနတ်သမီးဝမ်က ခင်ဗျားမှာ နွေဦးသစ်သားနွယ်ပင် ရှိနေတယ်လို့ ပြောလို့ပါ။ ကျုပ်တို့ကလည်း ဒီဆေးပင်ကို အရေးတကြီးလိုနေတော့ တာအိုမိတ်ဆွေကြီးအနေနဲ့ ကျုပ်တို့ကို ရောင်းနိုင် မလားသိချင်လို့ပါ”

“ဘယ်လို”

ဟိုင်ကျန်တစ်ယောက် ကျန်းချန်ရွှမ်တို့စုံတွဲ၏ လာရင်းကိစ္စကို သိရှိသောအခါ အံ့အားသင့်သွားပုံရသည်။ သို့သော် မျက်နှာထားကို ချက်ချင်းပြင်ပြီး ရယ်ရယ်မောမောနှင့် ပြောသည်။

“တာအိုမိတ်ဆွေဝမ်က ခင်ဗျားတို့ကို ညွှန်လိုက်တာကိုး၊ မှန်ပါတယ်၊ ကျုပ်ဆီမှာ နွေဦးသစ်သား နွယ်ပင်ရှိပါတယ်။ ခင်ဗျားတို့လိုချင်လည်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဆင့် ၄ နတ်ဆိုးအမြုတေကိုတော့ ပြန်ပေးဖို့လိုမယ်။ ခင်ဗျားတို့နှစ်ယောက် ယွင်နိုင်ငံရဲ့ ဂိုဏ်းသုံးခုနဲ့ပူးပေါင်းပြီး တိုက်လေထောင်ချီတောအုပ်ကို ပြန်သိမ်းပိုက်ခဲ့တဲ့အကြောင်း ကျုပ်ကြားပြီးပါပြီ။ ဒီတော့ ခင်ဗျားတို့ဆီမှာ အဆင့် ၄ နတ်ဆိုးအမြုတေတစ်ခုတော့ ရှိနေမှာ သေချာပါတယ်။ ဟုတ်ရဲ့လား”

ဟိုင်ကျန်၏ အတင့်ရဲသော တောင်းဆိုချက်ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်နှာအနည်း ငယ်ပျက်သွားကြသည်။ ဤလူသည် နွေဦးသစ်သားနွယ်ပင်နှင့် အဆင့် ၄ နတ်ဆိုးအမြုတေကို တိုက်ရိုက်ဖလှယ်ရန် တောင်းဆိုခြင်းမှာ နည်းနည်းနောနော စီးပိုးခြင်းမျိုး မဟုတ်ပါ။ နွေဦးသစ်သားနွယ်ပင်သည်လည်း အဖိုးတန်ဝိညာဉ်ဆေးပင် ဖြစ်သော်ငြား၊ အဆင့် ၄ နတ်ဆိုးအမြုတေနှင့်တော့ တန်ဖိုးချင်း ကွာခြားလှပါသည်။ ကျန်းချန်ရွှမ်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး

“တာအိုမိတ်ဆွေဟိုင် မနောက်ပါနဲ့၊ ခင်ဗျားလည်း အဆင့် ၄ နတ်ဆိုးအမြုတေရဲ့ တန်ဖိုးကို သိပါတယ်။ ခင်ဗျားရဲ့ နွေဦးသစ်သားနွယ်ကို ရဖို့အတွက်နဲ့ ဒီအမြုတေကို ပေးရမယ်ဆိုတာ မဟုတ်သေးဘူး။ ပြန်စဉ်းစားပါဦး”

ဟိုင်ကျန်ကိုယ်တိုင်လည်း သူ့တောင်းဆိုချက်မှာ မျက်နှာပြောင်ရာကျကြောင်း နားလည်ပြီးဖြစ်သော်လည်း တစ်ဖက်တွင် အဆင့် ၄ အမြုတေကို လက်လွှတ်ခံရမည့် အဖြစ်မျိုးကို လိုလားပုံမရ။ ဟိုင်ကျန်က ခေတ္တအကြာ စဉ်းစားနေပြီးမှ ထပ်မံကမ်းလှမ်းလိုက်ပြန်သည်။

“သစ်သားနွယ်နဲ့ မလုံလောက်ရင် နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေ အလိုက်ပေးလို့ရပါသေးတယ်။ လိုချင်တဲ့ပမာဏကိုသာ ပြောလိုက်ပါ။ ဘယ်လိုသဘောရလဲ”

“မဖြစ်နိုင်ပါဘူး”

ကျန်းချန်ရွှမ်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ သူတို့ဇနီးမောင်နှံ၏ လက်ရှိကျင့်ကြံမှုအဆင့် အတန်းအရ သာမန်ဝိညာဉ်ကျောက်တုံးများ မလိုအပ်ဘဲ အမြင့်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများသာ အကျိုးတစ်စုံတစ်ရာ ပြုနိုင်မည်ဖြစ်ပြီး အဆိုပါကျောက်တုံးမျိုးကိုလည်း ဟိုင်ကျန်တစ်ယောက် ပေးနိုင်မည့်ပုံမပေါ်ပါ။ အကယ်၍ ဟိုင်ကျန်တွင် ထိုကျောက်တုံးမျိုး ရှိနေသည်ဆိုလျှင်ပင် သူတို့စုံတွဲကို မည်သည့်နည်းနှင့်မျှ ပေးအပ်လိမ့်မည်မဟုတ်ဟု ကျန်းချန်ရွှမ် တွေးမိပြီးဖြစ်သည်။ သူတို့နှစ်ဦး၏ ရင်းမြစ်လိုအပ်နေမှုကို အသုံးချပြီး အမြတ်ထုတ်ရန် ကြံစည်ကတည်းက ကျန်းချန်ရွှမ်အနေနှင့် ဟိုင်ကျန်အပေါ် အကောင်းမမြင်နိုင်တော့ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် သိုလှောင်လက်စွပ်အတွင်းမှ သွေးစင်းကြောင်းလင်းယုန်ဘုရင်ထံမှ ရရှိထားသည့် ရင်းမြစ်ပစ္စည်း များကို ထုတ်ယူပြသလိုက်သည်။

ထိုပစ္စည်းများကိုမြင်လျှင် ဟိုင်ကျန်၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်ဝင်စားစွာ ကြည့်ရှုနေတော့သည်။ တစ်ချိန်တည်းတွင် သူ၏ လုပ်ရပ်ကြောင့် ကျန်းချန်ရွှမ်တို့စုံတွဲ စိတ်ကွက်သွားကြောင်း နားလည်လိုက်ရာ နတ်ဆိုးအမြုတေနှင့် လဲလှယ်ရန် အကြံကို လက်လျှော့လိုက်တော့သည်။ ထို့နောက် ဟိုင်ကျန်က လင်းယုန်ဘုရင်၏ လက်သည်းတစ်စုံကို ညွှန်ပြရင်း ပြောသည်။

“ဒီလက်သည်းတစ်စုံနဲ့ပဲ လဲလိုက်တော့မယ်။ ဘယ်လိုသဘောရလဲ”

ကျန်းချန်ရွှမ်က တစ်ချက်စောင်းငဲ့ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ရတယ်လေ။ ဝိညာဉ်ကျောက်တုံး သုံးသောင်းတော့ အလိုက်ပေးရမယ်”

အမှန်တွင်လည်း လင်းယုန်ဘုရင်၏ လက်သည်းတစ်စုံသည် နွေဦးသစ်သားနွယ်ပင်ထက် တန်ဖိုးအရာတွင် သာလွန်ပါသည်။ ဟိုင်ကျန်လည်း ဈေးဆစ်ရန်ပင် မကြိုးစားတော့ဘဲ အစိမ်းရောင်နွယ်ပင်တစ်မျိုးကို ထုတ်ယူကာ ဝိညာဉ်ကျောက်တုံးသုံးသောင်းနှင့်အတူ ကျန်းချန်ရွှမ်၏ လက်ထဲသို့ အပ်နှံလိုက်တော့သည်။ ထိုအခါ ကျန်းချန်ရွှမ်လည်း လက်သည်းတစ်စုံကို ထုပ်ပိုးပြီး ဟိုင်ကျန်ကို ပေးအပ်လိုက်သည်။ အလဲအလှယ် ပြီးစီးသောအခါ ဟိုင်ကျန်က ဖော်ရွေစွာဖြင့်

“ခင်ဗျားတို့နှစ်ယောက် ဒီကို လာလည်တယ်ဆိုတာ အတော်ရှားတယ်။ ရောက်တုန်းရောက်ခိုက် လက်ဖက်ရည်တစ်ခွက်လောက် သောက်သွားပါဦးလား”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ခေါင်းခါပြလိုက်သည်။

“တာအိုမိတ်ဆွေကြီးရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပေမဲ့ ကျုပ်တို့မှာ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ပါ။ နောင်အခါများမှ လာလည်ပါဦးမယ်”

ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဟိုင်ကျန်အား လက်သီးဆုပ်၍ ဂါရဝပြုပြီးနောက် မှော်ဝင်တိုင်တောင်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြတော့သည်။

***

All Chapters