ရွှေအမြုတေ တတိယအဆင့်
Vol. 18 Ch. 353
ကျန်းချန်ရွှမ်တို့စုံတွဲထွက်သွားခွာသွားသည်ကိုကြည့်ရင်း ဟိုင်ကျန်ဘေးရှိ တပည့်တစ်ဦးက ပြောလာခဲ့သည်။
“ဆရာ၊ ကျွန်တော်တို့…လုပ်လိုက်သင့်လား။”
သူကပြောနေရင်းဖြင့် လည်ပင်းကိုဖြတ်ပြသည့် လက်ဟန်မျိုးလုပ်လိုက်လေသည်။
ဟိုင်ကျန်က အနည်းငယ်သွေးဆောင်ခံလိုက်ရသော်လည်း အဆုံးတွင်တော့ သူ့ခေါင်းကိုသာ ယမ်းလိုက်လေသည်။
“သူတို့သာ တောင်ကြားထဲဝင်ဖို့ သဘောတူခဲ့ရင် ငါတို့လုပ်နိုင်လောက်တယ်။
ဒါပေမယ့် အခုတော့…”
ဟိုင်ကျန်က ရှေ့ဆက်မပြောသော်လည်း သူ့ဘေးနားရှိ တပည့်များကတော့ သူဆိုလိုချင်သည်ကို နားလည်လိုက်ကြလေသည်။
သို့သော်လည်း သူက မခံမရပ်နိုင်ဖြစ်စွာဖြင့် ပြောလိုက်မိသေးသည်။ “ဆရာ တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား။”
ဟိုင်ကျန်က သက်ပြင်းချလိုက်သည်။ “ယွင်ဖန်း မင်းဘယ်လိုခံစားနေရလဲဆိုတာ ငါသိပါတယ်။ မင်းအတွက် အမြုတေပြန်ဖွဲ့စည်းနိုင်မယ့် တစ်စုံတစ်ခုကို မြင်တွေ့ဖို့ဆို မလွယ်ကူဘူး။ ငါလည်း သေချာပေါက် လက်မလွှတ်နိုင်ဘူးပေါ့။
ဒါပေမယ့် ငါတို့လို ကျင့်ကြံသူတွေအတွက် နားလည်ထားရမယ့် အရေးအကြီးဆုံးအချက်က ကိုယ့်ကန့်သတ်ချက် ကိုယ်သိဖို့ပဲ။
လူတိုင်းက သူတို့လိုချင်လိုက်တာနဲ့ အရာအားလုံးကို ရရှိနိုင်နေတာမဟုတ်ဘူး။ ငါတို့သာ ဂရုမစိုက်လိုက်မိရင် ငါတို့ကိုပဲ ဒုက္ခပြန်ရောက်စေလိမ့်မယ်။”
သူ့ဆရာ၏စကားများကို နားထောင်ပြီးနောက် ယွင်ဖန်းသည် အနည်းငယ်တော့ လက်မခံလိုသေးသော်လည်း ဘာမှပြန်မပြောမိတော့ဘဲ တလေးတစားဖြင့် ခေါင်းသာညိတ်လိုက်လေသည်။
တချိန်တည်းမှာပင်..
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မှော်ဝင်တိုင်တောင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နှစ်ဦးသား ကျန်းချန်ရွှမ်၏ဂူထဲသို့ အတူတူ ဝင်ခဲ့ကြသည်။
“ယောက်ျား၊ တာအိုသခင်ဟိုင်ကျန်က အခုလေးတင် ရှင်နဲ့ကျွန်မအပေါ် သတ်ဖြတ်ချင်တဲ့အကြံအစည်တွေရှိနေပြီလို့ ရှင်ရော ခံစားလိုက်ရလား။”
ရုတ်တရက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ကြည့်လိုကသ်ည်။
ကျန်းချန်ရွှမ်ကလည်း ခေါင်းညိတ်လိုက်ပေသည်။ “အဟုတ်ပဲ။ ဒီလူက အပေါ်ယံမှာမြင်ရသလို ကြင်နာတတ်တဲ့လူမျိုးတော့မဟုတ်ဘူး။ ဖြစ်နိုင်ရင် အနာဂါတ်မှာ ကိုယ်တို့ သူ့ကို ရှောင်နေလိုက်တာ အကောင်းဆုံးပဲ။”
သူက ပြောရင်းဖြင့် အခုလေးတင်ကမှ ရရှိလာခဲ့သည့် နွေဦးသစ်သားနွယ်ပင်ကို ထုတ်ယူလိုက်သည်။ ထို့နောက် အဝါတောက်ဆေးလုံး သန့်စင်ရန်အတွက် လိုအပ်သော မြက်ဝါပျံနှင့် အခြားသော ဖြည့်စွက်ပစ္စည်းများကိုလည်း ထုတ်ယူလိုက်သည်။
“ရူယန်၊ ဒီတစ်ခေါက် ဆေးလုံးသန့်စင်တာကို မင်းတာဝန်ယူလိုက်။ ကိုယ် မင်းကို ကူညီပေးမယ်။”
တကယ်တော့ အဝါတောက်ဆေးလုံးကို သူကိုယ်တိုင် သန့်စင်ချင်ပါသော်လည်း သူ့လက်ရှိ အဂ္ဂိရတ်အဆင့်နှင့်ဆိုလျှင် အောင်မြင်နိုင်ချေက ၃၀ရာခိုင်နှုန်းနည်းမည်ဖြစ်ကြောင်း သူကိုယ်တိုင် ကောင်းစွာသိပေသည်။ တစ်ကြိမ် ကျရှုံးလိုက်သည်နှင့် အချိန်တိုအတွင်း အဝါတောက်ဆေးလုံးဖော်စပ်နိုင်မည့် ပါဝင်ပစ္စည်းတစ်စုံစာ ပြန်ရှာတွေ့ဖို့ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် မလိုလားအပ်သည့်ကိစ္စများ ဖြစ်မလာစေရေးအတွက် ရှန်းရူယန်ကိုသာ လုပ်ခွင့်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
သေချာပေါက် ရှန်းရူယန်ဘက်ကလည်း ငြင်းဆိုစရာအကြောင်းမရှိပေ။
သို့သော်လည်း သူမ၏ဆေးမီးဖိုကိုထုတ်ကာ အပူပေးတော့မည့်အချိန်မှာပဲ ကျန်းချန်ရွှမ်က သူမကို တားလာခဲ့သည်။ ထို့နောက် ကျန်းချန်ရွှမ်က တက်လှမ်းခြင်းဆေးမီးဖိုကို ထုတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက်ဆေးလုံးတွေအတွက် ကိုယ့်ရဲ့ တက်လှမ်းခြင်းဆေးမီးဖိုကို သုံးလိုက်ပါ။ ဒါနဲ့ဆိုရင် ရလာမယ့် ဆေးလုံးအရေအတွက်လည်း တိုးလာနိုင်တယ်။”
ယခုတစ်ကြိမ်က ရှန်းရူယန်အတွက် ကျန်းချန်ရွှမ်၏ တက်လှမ်းခြင်းဆေးမီးဖိုကို အသုံးပြုခြင်းမှာ ပထမဆုံးမဟုတ်တော့ပေ။ အရင်က သူမ အဆင့် ၄ နတ်ဆိုးအမြုတေကို သန့်စင်ကာ အမြုတေဖွဲ့စည်းခြင်းဆေးလုံးဖော်စပ်ရာတွင် ဤဆေးမီးဖိုကို အသုံးပြုခဲ့သေးသည်။
ဖြစ်လာနိုင်သည့် တိုးတက်မှုကိုသိနေတာကြောင့် ရှန်းရူယန်လည်း ချက်ချင်းပင် ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီ၊ ကျွန်မ ဒီဆေးမီးဖိုကိုသုံးပြီး ဆေးလုံးသန့်စင်လိုက်မယ်။ ကျွန်မတို့အတွက် သေချာပေါက် အံ့အားသင့်စရာကောင်းတဲ့ ရလဒ်တစ်ခုရှိလာနိုင်တယ်။”
သူမက ပြောပြီးသည်နှင့် ကျောက်မီးသွေးမီးကိုအသုံးပြုကာ စတင်အပူပေးလေသည်။
အဆင့် ၄အထက်ဆေးလုံးသန့်စင်ခြင်းသည် အဆင့်၃ဆေးလုံးကို သန့်စင်ခြင်းထက် အချိန်ပိုယူပေသည်။ ဆေးရည်ကိုထုတ်ယူရန်နှင့် သန့်စင်ရန် သည့်အဆင့်ကပင် အနည်းဆုံး နှစ်ဝက်ခန့်အချိန်ပေးရသည်။ ကျန်ရှိသော ဆေးလုံးများကိုသိပ်သည်းဆေးသည့်အဆင့်ပင် မပါသေးချေ။
ရှန်းရူယန်၏အဂ္ဂိရတ်ပညာသည် သာမာန် အဆင့်၄ပညာရှင်များထက် အဆများစွာ သာလွန်သည့်အပြင် တက်လှမ်းခြင်းဆေးမီးဖိုကို အသုံးပြုနေခြင်းဖြစ်လျှင်တောင် သူ အဝါတောက်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ချိန်တွင် အချိန်တစ်နှစ်တောင် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
ထိုအချိန်၌ ဆေးမီးဖိုထဲတွင် အဝါတောက်ဆေးလုံး ၅လုံးသည် တိတ်တဆိတ်မျောလွင့်လို့နေခဲ့သည်။
သိပ်သည်းလွန်းသည့်ဆေး၏ရနံ့က အဆက်မပြတ် ပျံ့လွင့်လို့နေလေသည်။ ရှန်းရူယန်က အချိန်ကိုက်ပင် မန္တာန်တစ်ခုသုံးကာ ဆေးလုံးများကို စုဆောင်းလိုက်သည်။
ဒေါင်ဆိုသည့်အသံတစ်သံနှင့်အတူ တက်လှမ်းခြင်းဆေးမီးဖို၏အဖုံးမှာ ပွင့်သွားခဲ့လေသည်။ ထို့နောက် ဆေးမီးဖိုထဲမှ ပျံထွက်လာသည့် အဝါတောက်ဆေး၅လုံးကို ရှန်းရူယန် အဆင်သင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်သည်။
ကျန်းချန်ရွှမ်မှာ ထိုမြင်ကွင်းကြောင့် ချက်ချင်းပင် ဝမ်းသာအားရပြောလာခဲ့သည်။ “မင်း တစ်ခါတည်းနဲ့ အဝါတောက်ဆေး၅လုံးတောင် ရအောင် သန့်စင်လိုက်နိုင်တာပဲ။ ရူယန် မင်းရဲ့ အဂ္ဂိရတ်ပညာက ပိုပိုပြီးတောင် မြင့်လာပြီ။”
သူ့စိတ်ထဲတွင် ဒီတစ်ခေါက် အဝါတောက်ဆေး၃လုံးရအောင် သန့်စင်နိုင်လျှင်ပင် သူ ကျေနပ်ပါပြီဟု တွေးထားခဲ့ခြင်းဖြစ်သည်။
၄လုံးသာ သန့်စင်နိုင်လျှင်တော့ ဘုရားကိုပင် ကျေးဇူးထိုင်တင်နေမိမည်ဖြစ်သည်။
၅လုံးတောင် သန့်စင်နိုင်သည်ကိုတော့ သူစိတ်ပင်မကူးထားခဲ့ဖူးပေ။
ရှန်းရူယန်ကတော့ ဤရလဒ်ကို အလွန်ကျေနပ်နေသည်မှာ သိသာလှသည်။ သူမက ကျန်းချန်ရွှမ်ကို ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
“ပြောရရင် ဒါတွေအားလုံး ရှင့်ရဲ့ တက်လှမ်းခြင်းဆေးမီးဖိုရဲ့ ကျေးဇူးကြောင့်ပဲ။ ဒီဆေးမီးဖိုသာမရှိရင် အများဆုံး အဝါတောက်ဆေးလုံး ၄လုံးပဲ သန့်စင်နိုင်မယ်လို့ထင်တယ်။”
ထိုစကားကို ကြားပြီးနောက် ကျန်းချန်ရွှမ်က ခေါင်းယမ်းလိုက်သည်။ “ရူယန်၊ မင်းကတော့ အရမ်းနှိမ့်ချနေပြန်ပါပြီ။ တက်လှမ်းခြင်းဆေးမီးဖိုက ဘယ်လောက်ပဲ ကောင်းကောင်း၊ မင်းရဲ့ ပြောင်မြောက်လှတဲ့ အဂ္ဂိရတ်ပညာသာမပါရင် အသုံးမဝင်တဲ့မီးဖိုတစ်လုံးပဲလေ။”
ထိုသို့ပြောပြီးနောက် ရုတ်တရက် ကျန်းချန်ရွှမ်က စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် အခုဆို ကိုယ်တို့မှာ အဝါတောက်ဆေးလုံး ၅လုံးရှိနေပြီဆိုတော့ ရွှေအမြုတေ တတိယအဆင့်ကို ချိုးဖြတ်နိုင်သင့်ပြီ။”
ရှန်းရူယန်သည်လည်း ကျန်းချန်ရွှမ်ကဲ့သို့ ရွှေအမြုတေ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အခုဆို သူတို့တွင် အဝါတောက် ဆေးလုံးများ ရှိနေပြီဖြစ်တာကြောင့် နောက်ထပ်တစ်ဆင့်ချိုးဖြတ်ဖို့ဆိုသည်က သိပ်ကြာတော့မည်မဟုတ်ပေ။
ရှန်းရူယန်ကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူမက ချက်ချင်းပင် အဝါတောက်ဆေးလုံး ၂လုံးကိုယူကာ အဆင့်ချိုးဖြတ်ဖို့အတွက် ဂူပိတ်ကျင့်ကြံရန် သူမ၏ကိုယ်ပိုင်ဂူဆီသို့ ပြန်သွားခဲ့သည်။
***