ရွှေအမြုတေ တတိယအဆင့် (၂)
Vol. 18 Ch. 354
ကျန်းချန်ရွှမ်အတွက်လည်း အလားတူပင်။
သူတို့နှစ်ဦး၏လက်ရှိအခြေအနေအရ အဝါတောက်ဆေးလုံးကိုသောက်လိုက်သည်နှင့် အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခြေသည် ၅၀ရာခိုင်နှုန်းအထိ တိုးသွားမည်ဖြစ်သည်။ ဆေး၂လုံးကိုသာ သောက်လိုက်ပါက ၇၀မှ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်သည်။
ထိုမျှဆိုလျှင် အခြေခံအားဖြင့်တော့ ပြဿနာရှိတော့မည်မဟုတ်ချေ။
အရာအားလုံး အထေ့အငေါ့မရှိခဲ့လျှင် သူတို့တွင် အဝါတောက်ဆေးလုံး ၁လုံး သို့မဟုတ် ၂လုံးလောက်တောင် ကျန်ရှိနေပေလိမ့်မည်။
ထိုအချိန်မှာပင်..
ကျန်းချန်ရွှမ်သည် သူ၏အကောင်းဆုံးအခြေအနေကို ညှိယူပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ အဝါတောက်ဆေးလုံး ၁လုံးကို မြိုချလိုက်သည်။
ကျန်းချန်ရွှမ်သည် အဝါတောက်ဆေးလုံးကို သောက်လိုက်သည်နှင့်တပြိုင်နက် ဆေးလုံးတစ်ခုလုံးထံမှ သန့်စင်သောဓမ္မစွမ်းအင်များသည် သူ၏ဒန်တျန်ကိုဖြတ်ကာ စတင်စီးဆင်းလာတော့သည်။ တဖြည်းဖြည်းနှင့် ကျန်းချန်ရွှမ်၏ကိုယ်ထဲတွင် လှည့်ပတ်နေသည့် ဓမ္မစွမ်းအင်များမှာ ထူသထက် ပိုထူလာခဲ့သည်။
သို့သော်လည်း ရွှေအမြုတေ တတိယအဆင့်ကို ချိုးဖြတ်ဖို့ဆိုလျှင်တော့ အနည်းငယ်မျှ ခက်ခဲနေသေးပုံပင်။ ဒါကြောင့် မဆိုးမတွပင် နောက်ထပ် အဝါတောက်ဆေးလုံးတစ်လုံးကိုပါ ထုတ်ကာ မြိုချလိုက်တော့သည်။
ဘုန်း!
သူဆေးလုံးကို သောက်လိုက်ပြီးသည့်အချိန်မှာပဲ ချက်ချင်းဆိုသလို ခန္ဓာကိုယ်အတွင်းသို့ ဓမ္မစွမ်းအင်များတိုးဝင်လာသည်ကို ကျန်းချန်ရွှမ်ခံစားလိုက်မိသည်။ ခဏလေးအတွင်းမှာပင် သူ၏ကျင့်ကြံမှုသည် ချိုးဖြတ်ခါနီးအခြေအနေသို့ အောင်မြင်စွာရောက်ရှိသွားလေသည်။
၃လကြာပြီးနောက်
မျက်လုံးများကိုမှိတ်ကာ ကျင့်ကြံနေခဲ့သည့် ကျန်းချန်ရွှမ်တစ်ယောက် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်လေသည်။
ဤအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအဆင့်မှာ ရွှေအမြုတေ တတိယအဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်သွားခဲ့ပြီပင်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဓမ္မစွမ်းအင်များသည် ယခင်နှင့်ယှဉ်လျှင် ၃၀ရာခိုင်နှုန်းပင် ပို၍တိုးများလာခဲ့သည်။
သာမာန်ရွှေအမြုတေသာရှိသော ရွှေအမြုတေနှောင်းပိုင်းအဆင့် ကျင့်ကြံသူများနှင့်ယှဉ်လျှင် သူ၏ဓမ္မစွမ်းအားများက ပို၍ပင် သာလွန်နေပြီဖြစ်သည်။
ကျန်းချန်ရွှမ်၏အဆင့်ချိုးဖြတ်နိုင်သည့်အောင်မြင်မှုအပြင် တိုက်ပွဲရှေ့တန်းသို့ ရောက်နေကြသည့် ကျန်းရန်တောက်၊ ရှန်းယွမ်လုံနှင့် တခြားသူများက သေးငယ်သည့်သတင်းကောင်းလေးတစ်ခုကိုပါ ပြန်ပို့ပေးလာကြသည်။
မကြာသေးခင်တုန်းက ကျင်းနိုင်ငံ၏အရင်းအမြစ်နေရာတစ်ခုကို ကျောက်စိမ်းရေဓားစင်မြင့်မှ ကျင့်ကြံဿူများနှင့်အတူ အအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပေသည်။ ၎င်းသည် အလယ်အလတ်တန်းစား ခရမ်းရောင်ကြေးနီတွင်းတစ်ခုဖြစ်သည်။
ခရမ်းရောင်ကြေးနီကဲ့သို့သော သတ္ထုမျိုးသည် အဆင့် ၁နှင့် အဆင့် ၂ အစီအရင်ပြားများ သန့်စင်ရာတွင် အဓိကအသုံးပြုသည့် ပါဝင်ပစ္စည်းဖြစ်ပေသည်။ တချိန်တည်းမှာပဲ ၎င်းသည် ဒြပ်ဝတ္ထုဓမ္မရတနာအမျိုးမျိုးကို သန့်စင်ရာတွင် အသုံးပြုသော အဓိကပစ္စည်းလည်း ဖြစ်သေးသည်။
ရှန်းယွမ်လုံသည် ၎င်းတို့ကို တွက်ချက်ဖို့ရန် တစ်ယောက်ယောက်ကို ခေါ်ထားပြီးဖြစ်သည်။
အလယ်အလတ်အရွယ်အစားရှိသော ခရမ်းရောင်ကြေးနီမိုင်းတွင်း၏တန်ဖိုးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံးသန်းပေါင်းများစွာ တန်ပေသည်။ သူတို့သာ သေချာ တူးဖော်နိုင်ခဲ့လျှင် နောက်ဆုံးရရှိလာမည့် အကျိုးအမြတ်တန်ဖိုးမှာ ထိုမျှထက်ပင် များစွာသာလွန်သွားနိုင်သေးသည်။
ဤတိုက်ပွဲတွင် ကျန်းမိသားစုနှင့် ကျောက်စိမ်းရေဓားစင်မြင့်သည် ကျင်းနိုင်ငံမှ ကျီဖုအဆင့်ကျင့်ကြံသူ သုံးဦးကိုလည်း သတ်နိုင်ခဲ့ကြသည်။ ထိုထဲမှနှစ်ဦးသည် ရှန်းကွမ်းမိသားစုမှဖြစ်ပင်။
တစ်ဦးမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နောက်သို့လိုက်ခဲ့သော်လည်း နောက်ဆုံး သူသာ အသတ်ခံရလုနီးပါးဖြစ်ခဲ့သည့် ရှန်းကွမ်းရှန်းဖြစ်သည်။ ရှန်းကွမ်းမိသားစုခေါင်းဆောင် ရှန်းကွမ်းယုံဟောင်၏သားဖြစ်တာကြောင့် သူ၏ တိုက်ပွဲအတွင်း သေဆုံးမှုသည် ရှန်းကွမ်းမိသားစုတစ်ခုလုံးကို ဒေါသထွက်စေခဲ့သည်။
ကျီဖုအဆင့်တွင်ရှိနေသော ရှန်းကွမ်းမော်ဖန်းသည်လည်း ရုတ်တရက် ထရပ်လိုက်ကာ ရှန်းကွမ်းယုံဟောင်ကို ကြည့်လာသည်။
“ဒုတိယဦးလေး၊ ကျွန်တော် ရှန်းကွမ်းမိသားစုရဲ့ ကျင့်ကြံသူတွေကို ရှေ့တန်းဆီဦးဆောင်သွားပြီး ကျန်းမိသားစုနဲ့ ကျောက်စိမ်းရေဓားစင်မြင့်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အစ်ကိုရှန်းနဲ့ မျိုးနွယ်စုဝင်တွေအတွက် လက်စားချေချင်ပါတယ်။”
သူ့စကားများကိုကြားပြီး နောက်ထပ် ရှန်းကွမ်းမိသားစု၏ ရွှေအမြုတေအဆင့်နှစ်ဦးဖြစ်သော ရှန်းကွမ်းယုံရှန်းနဲ့ ရှန်းကွမ်းယုံချန်းကလည်း ခေါင်းညိတ်ကာ ထောက်ခံကြသည်။ ရှန်းကွမ်းယုံဟောင်သည်လည်း ရှန်းကွမ်းမော်ဖန်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။
သူ အမိန့်ပေးတော့မည့်အချိန်မှာပဲ ရုတ်တရက် သတင်းစကားတစ်ခုက သူနှင့် ရှန်းကွမ်းမိသားစု၏ နောက်ထပ်ရွှေအမြုတေအဆင့်နှစ်ဦးထံသို့ ရောက်ရှိလာခဲ့သည်။
သုံးဦးသား သတင်းစကားကိုဖတ်ပြီးနောက်မှာတော့ သူတို့၏အမူအရာမှာ အလွန်အမင်းအရုပ်ဆိုးသွားကြတော့သည်။ ရှန်းကွမ်းယုံဟောင်က ဆက်သွယ်ရောကျောက်စိမ်းအဆောင်ကို လက်ဖြင့်ချက်ချင်းချေမွေပစ်ကာ ရုတ်တရက် အေးစက်နေသည့်အသံဖြင့် ပြောလိုက်သည်။
“ရှေးဦးယန်တောင်ကြားက ငါ့အစီအစဉ်ကို ဖျက်ဆီးသွားပြီ။”
ကျင်းနိုင်ငံ၏အင်အားအကောင်းဆုံးဖြစ်သော ရှေးဦးယန်တောင်ကြားက ရုတ်တရက်ကြီး ရှန်းကွမ်းမိသားစုနှင့် အခြားသောရွှေအမြုတေဂိုဏ်းနှစ်ခုသို့ တူညီသည့်သတင်းစကားတစ်ခု ပို့လိုက်ခြင်းဖြစ်ကြောင်း အခုမှပင်သိလိုက်ရလေသည်။ စာထဲတွင်ပြောထားသည်က လက်ရှိအခြေအနေများကို သုံးသပ်ကြည့်ပြီးနောက် သူတို့သာ အခုလိုပဲ ဆက်ပြီးတိုက်ခိုက်နေမည်ဆိုလျှင် မလိုလားအပ်သည့် သေဆုံးမှုများမှလွဲ၍ သူတို့ဘက်က ဘာကိုမှ အကျိုးအမြတ်ရလာစရာအကြောင်းမရှိဟု ပြောထားသည်။ ထို့ကြောင့် ရှေးဦးယန်တောင်ကြားက ၃နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးရန် အကြံပြုလာခြင်းပင်။
အကြောင်းအရင်းမှာ သိသိသာသာကိုပင် အလိမ်အညာတစ်ခုဖြစ်သည်။
တစ်ကယ်တော့ ရှေးဦးယန်တောင်ကြားသည် သူတို့သာ အကျိုးအမြတ်ရနေသ၍ ယခုလိုမျိုး ‘မွန်မြတ်သည့်’ အသိတရားကြီးဝင်လာဖို့နေနေသာသာ ဘာကိုမှ ဂရုစိုက်နေကြမည်မဟုတ်ပေ။ ရုတ်တရက်ကြီး အခုလို အကြံပြုကာ ဆုံးဖြတ်လိုက်ရခြင်းမှာ တခြားလူများမသိသည့် အကြောင်းအရင်းတစ်ခုခုရှိနေခြင်းကြောင့်သာ ဖြစ်ပေမည်။
ကံမကောင်းစွာဖြင့် ရှေးဦးယန်တောင်ကြားကတော့ တကယ့်အကြောင်းအရင်းအမှန်ကို တခြားသူများအား ပြောပြဖို့ မရည်ရွယ်ထားခဲ့ပေ။ အရေးအကြီးဆုံးကိစ္စသည်က ရှေးဦးယန်တောင်ကြား၏ အကြံပြုချက်သည် ကွမ်းလင်ဂိုဏ်းနှင့် ချင်းယို့ဂိုဏ်းတို့ကိုလည်း ရောက်ရှိသွားပြီး ဖြစ်နေခြင်းပင်။
ရှုနိုင်ငံတောင်မှ ရှေးဦးယန်တောင်ကြား၏စိတ်ကူးကို ကြားပြီးနောက် သူတို့သည်လည်း တိုက်ပွဲကို ရပ်တန့်လိုကြောင်း ဖော်ပြလာခဲ့ကြသည်။
ရှန်းကွမ်းမိသားစုသည်သာ နောက်ဆုံးမှ သတင်းရပြီး အမှောင်ထဲတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ စစ်ပွဲရှည်ကြာနေခြင်းသည် အဓိပ္ပါယ်မရှိမှန်း သူတို့လည်း နားလည်ပြီးဖြစ်သည်။
တကယ်တမ်း ကျင်းနှင့်ရှု တပ်ပေါင်းစုတို့ ယန်နိုင်ငံကို တိုက်ခိုက်ရာမှ ကျရှုံးသွားကတည်းက ဤပူးပေါင်းစစ်ဆင်ရေးသည် ကျရှုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်သလိုပင်။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင်မှ ရှန်းကွမ်းယုံဟောင်နှင့်အခြားလူများသည် သူတို့က နောက်ဆုံးမှသတင်းရရှိခဲ့သည်ဟူသည့် အဖြစ်မှန်ကို လက်မခံဖို့ရန် ခက်ခဲနေကြတုန်းဖြစ်သည်။
“ရှန်းကွမ်းမိသားစုက အရင်လိုမသန်မာတော့ဘူးဆိုပြီး သူတို့က ငါတို့ကို အထင်သေးနေတာလား။”
ရှန်းကွမ်းယုံရှန်းက မည်းမှောင်နေသည့်အမူအရာဖြင့် ပြောလိုက်သည်။
ရှန်းကွမ်းမိသားစုအပေါ် ရှေးဦးယန်တောင်ကြား၏သဘောထားကမှ သူ၊ ရှန်းကွမ်းယုံဟောင်နှင့် ရှန်းကွမ်းယုံချန်းတို့ကို ဒေါသထွက်စေခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်ပုံရသည်။
“ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။ သူတို့အဆိုပြုတဲ့အတိုင်း လက်ခံလိုက်သင့်မလား။” ရှန်းကွမ်းယုံချန်းက ရှန်းကွမ်းယုံဟောင်ကိုကြည့်ကာ မေးလိုက်သည်။
ရှန်းကွမ်းယုံရှန်းနှင့် အခြားလူများကလည်း ရှန်းကွမ်းယုံဟောင်ကို သတိထားကာ ကြည့်နေကြသည်။
သူ၏ကျင့်ကြံဆင့်သည် ရှန်းကွမ်းယုံရှန်းလိုပင် ရွှေအမြုတေ ဆဌမအဆင့်ဖြစ်သော်လည်း သူ၏အသိဉာဏ်ပညာ၊ အမြော်အမြင်နှင့် ဖြန့်ကျက်တွေးခေါ်နိုင်မှုတို့သည် ရှန်းကွမ်းယုံရှန်းနှင့် ရွှေအမြုတေ တတိယအဆင့်တွင်သာရှိသေးသော ရှန်းကွမ်းယုံချန်းတို့ ယှဉ်နိုင်သည့်အရာမဟုတ်ပေ။
ထိုအချိန်တွင် လူတိုင်းက သူ့ကိုသာ ကြည့်နေကြတာကြောင့် ရှန်းကွမ်းယုံဟောင်မှာ သက်ပြင်းသာချပြီး ကူကယ်ရာမဲ့စွာပြောလိုက်လေသည်။
“ကွမ်းလင်ဂိုဏ်းနဲ့ ချင်းယို့ဂိုဏ်းကတောင် ဒီအဆိုပြုချက်ကို လက်ခံလိုက်ကြပြီးပြီလေ။ ငါထင်တာသာမမှားရင် ရှုနိုင်ငံက ရွှေအမြုတေအဆင့်အင်အားကြီး သုံးရပ်လည်း အတိုက်အခိုက်ရပ်စဲတာကို သဘောတူဖို့ မကြာလောက်တော့ဘူး။
ဒီလိုအချိန်မှာ မင်းတို့ငါတို့က ကန့်ကွက်နေတော့ရော ဘာများထူးတော့မှာလဲ။”
သူ့စကားဆုံးသည်နှင့် တစ်ခန်းလုံး ငြိမ်ကျသွားတော့သည်။
ခဏကြာပြီးနောက်မှာတော့ ရှန်းကွမ်းယုံဟောင်က ဆက်ပြောလာခဲ့သည်။
“ယုံရှန်း၊ ပြီးကျရင် ရှေးဦးယန်တောင်ကြားကို စာပို့လိုက်။ ရှန်းကွမ်းမိသားစုကလည်း သူတို့ရဲ့အဆိုပြုချက်ကို သဘောတူပါတယ်လို့။
လျန်၊ယွင်နဲ့ ယန်နိုင်ငံတို့နဲ့ ညှိနှိုင်းမယ့်အချိန်၊ နေရာနဲ့ ဘယ်လိုဘယ်ပုံညှိနှိုင်းမယ်ဆိုတာကိုလည်း သူတို့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်။”
ရှန်းကွမ်းယုံရှန်းသည် တစ်ခုခုပြောချင်သည့်ပုံဖြင့် ပါးစပ်ဖွင့်လိုက်သော်လည်း နောက်ဆုံးမှာတော့ လက်လျှော့လိုက်ကာ ခေါင်းသာညိတ်လိုက်လေသည်။
“ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး။”
နှစ်လကြာပြီးနောက်..
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဂူပိတ်ကျင့်ကြံခြင်းမှ တရားဝင်ပြန်ထွက်လာခဲ့ကြသည်။
ကျန်းချန်ရွှမ်ကဲ့သို့ပင် ရှန်းရူယန်သည်လည်း ရွှေအမြုတေ တတိယအဆင့်ကိုချိုးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူမကတော့ ထိုသို့ချိုးဖြတ်စဉ်အတွင်း အဝါတောက်ဆေးလုံး ၁လုံးကိုသာ သောက်သုံးခဲ့ပေသည်။ လက်ရှိမှာတော့ သူတို့စုံတွဲတွင် အဝါတောက်ဆေးလုံး ၂လုံး ကျန်ရှိနေသေးသည်။ အနာဂါတ်မှာ အခွင့်အရေးကြုံလာပါက ထိုအဝါတောက်ဆေးလုံး ၂လုံးဖြင့် တခြား သူတို့လိုချင်သည့်ရတနာများကို လဲလှယ်နိုင်ပေလိမ့်မည်။
မကြာခင်မှာပဲ သူတို့နှစ်ဦးက မိသားစုခေါင်းဆောင် ကျန်းရန်ယီကို ခေါ်လိုက်ကြသည်။ သူကနေတဆင့် လက်ရှိ နိုင်ငံကြီး၅နိုင်ငံကြားက တိုက်ပွဲအခြေအနေနှင့် ရှေ့တန်းမှ သူတို့ကျန်းမိသားစုဝင်များ၏ အခြေအနေကိုပါ သိရှိလိုက်ရသည်။
ကျန်းရန်ယီက ရှေ့ဆက်ပြီး ပြောပြတော့မည့်အချိန်မှာပင် ရုတ်တရက်ဆိုသလို ဘိုးဘေးနှစ်ဦးဖြစ်သည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ယောက်သည် ကျောက်စိမ်းရေဓားစင်မြင့်ထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိလိုက်ကြသည်။ စာထဲတွင်ပြောထားသည်က အလွန်အရေးကြီးသည့်ကိစ္စတစ်ခုရှိတာကြောင့် သူတို့နှစ်ဦးကို ချက်ချင်းလာရောက်စေချင်ကြောင်းပင်…
***