ယာယီစစ်ပြေငြိမ်းခြင်း (၃)
Vol. 18 Ch. 357
“ဘာဖြစ်လို့လဲ ရန်ယီ။ ဘာမှားနေလို့လဲ။”
ကျန်းရန်ယီက ခနမျှတုံ့ဆိုင်းနေခဲ့သော်လည်း အဆုံးမှာတော့ ကျန်းချန်ရွှမ်ကို ပြောလိုက်လေသည်။
“စီနီယာဦးလေး၊ ကျွန်တော်တို့မိသားစုရတနာတိုက်ထဲမှာ ကျီဖုအဆင့်ကိုတက်လှမ်းရာမှာ အကူအညီပေးနိုင်တဲ့ ဝိညာဉ်ရေးပစ္စည်းတွေ တော်တော်များများရှိတယ်မဟုတ်လား။”
ကျန်းချန်ရွှမ်က မျက်ခုံးအသာပင့်လိုက်ကာ အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက်က မင်းဆီက တောင်းလာလို့လား။”
ကျန်းရန်ယီက ခါးသီးစွာပြုံးကာ ခေါင်းညိတ်လိုက်သည်။ “တကယ်ကို စီနီယာဦးလေးကိုဆို ဘာမှမဖုံးကွယ်နိုင်ဘူးပဲ။
မကြာသေးခင်တုန်းက ကျွန်တော့်ရဲ့ ဒုတိယညီ ရန်ချွမ်း၊ ရှန်းမိသားစုက ရှန်းပိုင်ဖေးနဲ့ ရှန်းရူရွှမ်တို့က ကျွန်တော့်ကိုလာရှာပြီး ကျီဖုအဆင့်တက်လှမ်းနိုင်မယ့် စိတ်ဝိညာဉ်ပစ္စည်းရမလားဆိုပြီး လာမေးကြတယ်။
အထူးသဖြင့် ရှန်းမိသားစုက နှစ်ယောက်ပေါ့။ ကြည့်ရတာ သူတို့ရဲ့အသက်တမ်းက သိပ်မကျန်တော့လို့ထင်တယ်။ သူတို့အနေနဲ့ လုံလောက်တဲ့ ထောက်ပံ့မှုအမှတ်တွေ စုနေဖို့ဆိုတာလည်း ခက်ခဲနေလောက်မှာစိုးမိတယ်။”
“အဲ့ဒီလိုလား။”
ကျန်းချန်ရွှမ်က ရှန်းရူယန်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ကျန်းရန်ယီကို ပြုံးကာ ပြောလိုက်သည်။ “မင်းအထင်မှန်တယ်။ ငါတို့မိသားစုရတနာသိုလှောင်ခန်းထဲမှာ ကျီဖုအဆင့်တက်လှမ်းရာမှာ ကူညီပေးနိုင်တဲ့ ဝိညာဉ်ရတနာတွေ အများကြီးရှိတယ်။
ကျီဖုကျောက်စိမ်း ၂ခုနဲ့ ခရမ်းရောင်ကောင်းကင်ဘုံဆေးလုံး ၅လုံးရှိတယ်။
ပြီးတော့ ဓားငါးပါးသလင်းကျောက်နဲ့ စစ်မှန်သောခရမ်းဆေးလုံး နည်းနည်းလဲ ရှိသေးတယ်။”
(ကျီဖုကျောက်စိမ်းသည် ကျင့်ကြံသူတစ်ယောက် ကျီဖုအဆင့်ကိုချိုးဖြတ်ရာတွင် အောင်မြင်နိုင်ချေကို ၃၀ရာခိုင်နှုန်း တိုးစေနိုင်သည်။ ခရမ်းရောင်ကောင်းကင်ဘုံဆေးလုံးသည် ကျင့်ကြံသူတစ်ယောက် ကျီဖုအဆင့်ကိုချိုးဖြတ်ရာတွင် အောင်မြင်နိုင်ချေကို ၄၀ရာခိုင်နှုန်း တိုးစေနိုင်ပြီး သူတို့၏ဒန်တျန်နှင့် ခန္ဓာကိုယ်ကိုပါ ကာကွယ်ပေးတာကြောင့် အဆင့်ချိုးဖြတ်မှု ကျရှုံးလျှင်တောင် သေလိမ့်မည်မဟုတ်ပေ။ စစ်မှန်သောခရမ်းဆေးလုံးသည်တော့ ကျီဖုအဆင့်သို့ ချိုးဖြတ်ရာတွင် ကျင့်ကြံသူများ၏ တာအိုနှလုံးသားနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်သည်။)
“ဒီ…ဒီလောက်တောင် အများကြီးလား။” ကျန်းရန်ယီ အံ့ဩသွားခဲ့သည်။
ကျန်းချန်ရွှမ်ပြောသည့်အတိုင်းသာဆိုလျှင် ထိုပစ္စည်းများကိုသာ အသုံးပြုပါက သူတို့ကျန်းမိသားစု၏ ကျီဖုအဆင့်ကျင့်ကြံသူ အရေအတွက် တိုးပွားလာမည်မှာ ကြာတော့မည်မဟုတ်ပေ။
ထိုသို့တိုးတက်လာပါက ကျန်းမိသားစု၏ ဘက်စုံခွန်အားနှင့် အခြေခံအုတ်မြစ်ကိုပါ များစွာ မြှင့်တင်ပေးသွားနိုင်သည်။ ထို့အပြင် သူတို့မှာသာ ကျီဖုအဆင့်ကျင့်ကြံသူ အနည်းငယ်ပိုရှိလာလျှင် လူအင်အားမလုံလောက်သည့် ပြဿနာရှိတော့မည်မဟုတ်ပေ။
ရွှေအမြုတေအဆင့်မိသားစုဖြစ်သည်နှင့်အညီ ကျန်းမိသားစုသည် လျန်နိုင်ငံအနှံ့အပြား၌ စီးပွားရေးလုပ်ငန်းများစွာရှိပေသည်။ ထိုလုပ်ငန်းအများအပြားကို ကျီဖုအဆင့်ကျင့်ကြံသူများကသာ စောင့်ကြပ်ပေးကြရသည်။
သို့သော်လည်း ပြဿနာတော့ရှိသေးသည်။
ရှန်းမိသားစုမှ ကျီဖုအဆင့်ကျင့်ကြံသူ ၃ဦးပါလျှင်တောင်မှ ကျန်းမိသားစုမှ ကျီဖုအဆင့်ကျင့်ကြံသူ အရေအတွက်မှာ လုံလောသည့်အရေအတွက်ရောက်ဖို့ပင် အလှမ်းဝေးနေသေးသည်။ ထိုအကြောင်းတွေးမိပြီးနောက် ကျန်းရန်ယီတစ်ယောက် ထုတ်မမေးဘဲ မနေနိုင်တော့ပေ။
“ဒါဆို၊ စီနီယာဦးလေး, ကျွန်တော်တို့..”
သို့သော်လည်း ကျန်းရန်ယီစကားဆုံးအောင် မပြောရသေးခင်မှာပင် ကျန်းချန်ရွှမ်က ခေါင်းယမ်းလာခဲ့သည်။
“ရန်ယီ၊ မျိုးနွယ်စုတစ်ခု ဒါမှမဟုတ် ဂိုဏ်းတစ်ခုဆက်လက်ရပ်တည်ဖို့ရာမှာ သူတို့ရဲ့ တင်းကြပ်တဲ့စည်းမျဉ်းလိုက်နာမှုအပေါ် မူတည်နေတယ်ဆိုတာကို မင်းသိထားသင့်တယ်။
သတ်မှတ်ထားတဲ့ပုံစံအတိုင်း စည်းမျဉ်းတွေကိုလိုက်နာမှသာ မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းတစ်ခုက တဖြည်းဖြည်း ပိုအားကောင်းလာပြီး စည်းလုံးညီညွတ်နိုင်နေလိမ့်မယ်။ ငါတို့လို ခေါင်းဆောင်တွေကသာ ငါတို့သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကို အရင်ဆုံး ချိုးဖောက်ခဲ့မယ်ဆိုရင် နောက်ဆိုဘာတွေဖြစ်လာနိုင်မလဲ တွေးကြည့်စမ်းပါ။”
ကျန်းရန်ယီ ရှက်မိသွားသည်။
အမှန်ပင်။
ကျန်းချန်ရွှမ်ပြောသည်က မှန်ပေသည်။
ခေါင်းဆောင်တွေကိုယ်တိုင်က မိသားစု၏စည်းမျဉ်းစနစ်တွေကို ဖောက်ဖျက်ခဲ့မည်ဆိုပါက ကျန်သည့် နောက်လိုက်များကလည်း ထိုလမ်းအတိုင်း ဆက်လျှောက်ကြပေလိမ့်မည်။ အချိန်ကြာလသည်နှင့်အမျှ ထိုစည်းမျဉ်းနည်းစနစ်များသည် ဘာကိုမှ ထိန်းချုပ်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။
ထိုကိစ္စများကို ကျန်းရန်ယီ တွေးမိနေချိန်မှာပဲ ကျန်းချန်ရွှမ် ထပ်ပြောလာသည်ကို ကြားလိုက်ရလေသည်။
“ဒါပေမယ့် အရာအားလုံးမှာ ချွင်းချက်ဆိုတာတော့ ရှိတာပဲ။ ပြောရမယ်ဆိုရင် စည်းမျဉ်းတွေဆိုတာ သက်မဲ့ဖြစ်ပြီး လူသားတွေကတော့ ရှင်သန်နေကြတာလေ။
စည်းမျဉ်းတွေကို မချိုးဖြတ်ဘဲနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုရှိတယ်…”
***