← Chapters

မျက်စိတစ်မှတ်အတွင်း ၁၀နှစ်ကုန်လွန်သွားပြီ

Vol. 18 Ch. 358

မျက်စိတစ်မှတ်အတွင်း ၁၀နှစ်ကုန်လွန်သွားပြီ

Vol. 18 Ch. 358

ကျန်းချန်ရွှမ်၏စကားကို ရုတ်တရက်ကြားလိုက်ရတာကြောင့် ကျန်းရန်ယီတစ်ယောက် မှင်သက်သွားလေသည်။ သို့သော်လည်း သူပြန်မမေးနိုင်ခင်မှာပဲ ကျန်းချန်ရွှမ်က ဆက်ပြောလာခဲ့သည်။

“ပြန်သွားပြီး ရန်ချွမ်းနဲ့ ကျန်တဲ့နှစ်ယောက်ဆီမှာ သူတို့လိုအပ်တဲ့ ဝိညာဉ်ပစ္စည်းတွေကို လဲလှယ်ဖို့အတွက် ထောက်ပံ့မှုအမှတ် ဘယ်လောက်လိုနေလဲဆိုတာ မေးကြည့်လိုက်။ သူတို့လိုတဲ့အမှတ်က အရမ်းမကွာနေရင် မင်းရဲ့စီနီယာဒေါ်လေးနဲ့ငါက သူတို့လိုတာကို ဖြည့်ဖို့အတွက် အမှတ်ချေးပေးနိုင်တယ်။”

ကျန်းချန်ရွှမ်သည် ထောက်ပံ့မှုအမှတ်ကို ချေးပေးမည်ဟူသည့် အကြံမျိုးထုတ်လာလိမ့်မည်ဟု ကျန်းရန်ယီ လုံးဝမထင်ထားခဲ့ပေ။ ဒီအတိုင်းဆိုလျှင် မိသားစုစည်းမျဉ်းများကို ဖောက်ဖျက်ရာကျတော့မည်မဟုတ်ပေ။ မိသားစုအတွင်းကျင့်သုံးသည့် နည်းစနစ်ကို ထိန်းသိမ်းထားနိုင်ရုံသာမက အကူအညီလိုနေသည့်လူကိုလည်း ကူညီပေးနိုင်သွားမည်။ ပြောရမယ်ဆိုလျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် သတ်နိုင်လိုက်ခြင်းပင်။

တစ်ခုတည်းသော ပြဿနာကတော့ လူတိုင်းတွင် ထိုသို့သော အထူးအခွင့်အရေးမျိုးရှိမည်မဟုတ်ခြင်းဖြစ်သည်။

ကျန်းနှင့်ရှန်းမိသားစုဝင်အားလုံးထဲတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ ထောက်ပံ့မှုအမှတ်များ ချေးယူနိုင်မည့်လူမှာ အလွန်ကိုမှ နည်းပါးလှသည်။

ကျန်းချန်ရွှမ်နှင့် တခြားအကြီးအကဲများထံက ထောက်ပံ့မှုအမှတ်ကို ချေးယူဖို့မပြောနှင့် မိသားစုဝင်အများစုမှာ ကျန်းချန်ရွှမ်နှင့် လူကိုယ်တိုင်တွေ့ဆုံနိုင်မည့် အခွင့်အရေးတောင်မှ မရှိကြပေ။

ဒါဆို တစ်ယောက်ယောက်က ကျန်းချန်ရွှမ် ဒီလိုလုပ်တာကို မတရားဘူးလို့ ပြောလာခဲ့ရင်ရော။

ဒါပေမယ့် ဒီလောကမှာ တရားမျှတမှုဆိုတာ လုံးဝမတည်ရှိနေသည့်အရာသာဖြစ်သည်။ လူသားများသည် သူတို့နှင့်အရင်းနှီးဆုံးလူများကိုသာ ကူညီပေးလိုစိတ်ရှိကြသည်။

ကျန်းချန်ရွှမ်က သူရင်းနှီးသည့်လူ၏တောင်းဆိုချက်ကိုတော့ ငြင်းပယ်ပြီး သူနဲ့သိကျွမ်းရုံလောက်သာရှိသည့် လူတစ်ယောက်ကို ကူညီပေးပါ့မလား။ ဒီလိုကမှ အရမ်းမတရားရာရာရောက်တာ မဟုတ်ဘူးလား။ တစ်ယောက်ယောက်ကသာ သူတို့အတွက် ထောက်ပံ့မှုအမှတ်ချေးဖို့ရန် အရေးတကြီးလိုအပ်လာလျှင် သူတို့နှင့်အရင်းနှီးဆုံးလူများကိုသာ အရင်ဆုံးရှာဖွေကြလိမ့်မည်။

“ဒါနဲ့…” ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်က တစ်ခုခုကိုတွေးမိသွားဟန်ဖြင့် မေးလာခဲ့သည်။

“အန်းရန် ဘယ်မှာလဲ။ အခုတလော သူဘယ်လိုနေလဲ။”

ကျန်းအန်းရန်အကြောင်း ထည့်ပြောလိုက်သည်နှင့် ကျန်းရန်ယီ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

“ဒေါ်လေးငယ်က လောလောဆယ် ကျွန်တော်နဲ့အတူ နေ,နေပါတယ်။ သူက ကောင်းကောင်းနေပြီး ကြိုးကြိုးစားစားလဲ ကျင့်ကြံနေတယ်။ အခုဆို သူ့ရဲ့ကျင့်ကြံမှုက ချီသန့်စင်ခြင်း ပဉ္စမအဆင့်ကို ရောက်နေပါပြီ။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းအန်းယန်ကို သူတို့၏တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်ထားကြပြီးဖြစ်သည်။ ထို့ကြောင့် ဝါစဉ်အရကြည့်မည်ဆိုလျှင် သူမသည် ကျန်းရန်ယီနှင့် အခြားသူများထက် မျိုးဆက်တစ်ခု ပိုမြင့်လေသည်။

ထိုအကြောင်းတွေးမိကာမှ သူတို့ ကျန်းအန်းယန်ကို ခေါ်လာခဲ့သည်မှာ ၁၀နှစ်ပင်ရှိသွားခဲ့ပေပြီ။ ပြီးခဲ့သည့် ၁၀နှစ်အတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အလွန် အလုပ်ရှုပ်နေသော်လည်း ထိုကောင်မလေးအား သင်ပြပေးရာတွင် များစွာအားစိုက်ခဲ့ကြပေသည်။

ကျန်းအန်းယန်၏နာမည်ကိုကြားလိုက်ကြရုံဖြင့် ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံသည်လည်း အပြုံးပန်းများ ပွင့်နေကြတော့သည်။

“မဆိုးဘူး။ ကြည့်ရတာ ဒီကောင်မလေးက ကြားထဲမှာ သူကျင့်ကြံတာကို အချောင်မခိုခဲ့ပုံပဲ။ ဒီအသက်အရွယ်လေးနဲ့ ချီသန့်စင်ခြင်း ပဉ္စမအဆင့်ကိုရောက်နိုင်တယ်ဆိုတော့ တကယ်ကို ကောင်းကင်ဘုံဝိညာဉ်အမြစ်ပိုင်ရှင် ဖြစ်ထိုက်ပါပေတယ်။”

ထိုအချက်အရောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ထို့နောက် ရှန်းရူယန်က ပြောလိုက်လေသည်။ “ရန်ယီ၊ ပြီးကျရင် အန်းယန်ကို ငါတို့ဆီ ခေါ်လာခဲ့ပေးပါ။ ဒီနေ့ကစပြီး သူ့အခြေခံ ပိုသန်မာလာအောင် ငါ့ယောက်ျားနဲ့ ငါ နှစ်ယောက်လုံး သူ့ကို ကိုယ်တိုင်ကိုယ်ကျ အကောင်းဆုံး သင်ပေးတော့မယ်။”

ရှန်းရူယန်၏စကားကိုကြားသည်နှင့် ကျန်းရန်ယီ ချက်ချင်းပင် သဘောတူလိုက်သည်။

တချိန်တည်းမှာပဲ သူ့စိတ်ထဲတွင် မနာလိုစိတ်လေးဝင်လာခဲ့သည်။

ကျန်းအန်းယန်၏နောက်ခံဇာတ်ကြောင်းသည် အလွန်သနားစရာကောင်းပြီး သူမမွေးပြီးပြီးချင်း မိဘများကို ဆုံးရှုံးခဲ့ရသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ပျိုးထောင်မှုကို ခံရသည်အထိ သူမကံက ကောင်းခဲ့လေသည်။

ဆိုရိုးစကားများအရဆိုလျှင် ကပ်ဆိုးကြီးမှလွတ်မြောက်ပြီးနောက် ကောင်းမွန်သည့်ကံကြမ္မာတစ်ခုက စောင့်ကြိုနေမည်ဖြစ်သည်။ ဤနှစ်များအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းအန်းယန်ကို မည်မျှပင် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသလဲဆိုသည်ကို လူတိုင်းမြင်တွေ့နိုင်သည်။ သူတို့ သမီးအရင်းတစ်ယောက်လို ဆက်ဆံသည်ဟု ပြောလျှင်ပင် ချဲ့ကားရာမကျပေ။

ခဏကြာပြီးနောက်…

ဆံထုံးသေးသေးလေးနှင့် ချစ်စရာကောင်မလေးတစ်ယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှေ့သို့ ရောက်လာခဲ့လေသည်။

သူမကတော့ ကျန်းအန်းယန်ပင်။

သူမရောက်လာသည်နှင့် သူမ၏ဝမ်းသာအားရအော်ဟစ်သံကပါ ပေါ်လာခဲ့သည်။

“ဆရာ၊ ပြန်လာပြီ!”

ကျန်းအန်းယန်သည် ပြောပြောဆိုဆိုနှင့်ပင် ရှန်းရူယန်၏လက်မောင်းထဲသို့ ခုန်ဝင်သွားခဲ့သည်။

သူတို့သုံးဦး လမ်းလျှောက်ရင်း အချိန်ခဏလောက် စကားပြောခဲ့ကြသည်။ အဆုံးမှာတော့ ရှန်းရူယန်က ပြုံးကာ ကျန်းအန်းယန်အား ပြောလိုက်လေသည်။

“အန်းယန်၊ ဒီနေ့ကစပြီး ငါတို့နဲ့အတူနေနိုင်ပြီ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင်ရောက်ရှိသွားရင်တော့ ကိုယ့်နေရာကိုယ် ပြန်လို့ရတယ်။”

ရှန်းရူယန်၏စကားများကြောင့် ကောင်မလေးသည် သိသိသာသာကိုပင် အလွန်ပျော်ရွှင်သွားရကာ ခေါင်းညိတ်လိုက်လေသည်။

“ယေး၊ ဒါဆို ဆရာတို့ကို နေ့တိုင်း တွေ့နိုင်တော့မှာပေါ့။”

ထိုသို့ဖြင့် ကျန်းအန်းယန်သည် ရွှမ်းမင်တောင်ထွတ်တွင်နေဖို့ ဖြစ်လာခဲ့လေသည်။

ထိုသို့နေလိုက်သည်က ၁၀နှစ်တင်းတင်းပင် ကုန်လွန်သွားခဲ့သည်။ ပြီးခဲ့သည့် ၁၀နှစ်တာအတွင်း ကျန်းအန်းယန်သည် ကောင်းကင်ဘုံဝိညာဉ်အမြစ်ပိုင်ရှင်တစ်ယောက်အနေဖြင့် သူမ၏ကျင့်ကြံမှုစွမ်းရည်ကို အပြည့်အဝဖော်ပြခဲ့ပေသည်။

ပထမငါးနှစ်အတွင်း ကျန်းအန်းယန်၏ကျင့်ကြံဆင့်သည် ချီသန့်စင်ခြင်း ပဉ္စမအဆင့်မှ နဝမအဆင့်သို့ ဖြတ်ကျော်သွားနိုင်ခဲ့သည်။ ဤသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူမ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ကာ စစ်မှန်သောအဆီအနှစ်ကိုပိုပြီး အရောင်တင်နိုင်ရန်အတွက် အချိန်ယူလိုက်ခြင်းကြောင့်သာဖြစ်သည်။

တစ်နှစ်ကြာပြီးနောက်…

ကျန်းအန်းယန်သည် ပြင်ပအကူအညီအပေါ် လုံးဝမမှီခိုပါဘဲနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့ပေသည်။

နောက်ပိုင်း လေးနှစ်အတွက်ကတော့ ကျန်းအန်းယန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်၏ ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် တဆင့်ပြီးတဆင့် ဆက်လက်ကျင့်ကြံခဲ့ပေသည်။

***

All Chapters