မျက်စိတစ်မှတ်အတွင်း ၁၀နှစ်ကုန်လွန်သွားပြီ (၂)
Vol. 18 Ch. 359
လက်ရှိအချိန်မှာတော့ ကျန်းအန်းယန်၏ကျင့်ကြံဆင့်သည် အခြေခံတည်ဆောက်ခြင်း တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထို့အပြင် သူမ၏အခြေခံသည် အလွန်ကိုမှခိုင်မာလှသည်။ ထိုကဲ့သို့အရှိန်မျိုးသည် အခြေတည်ဝိညာဉ်မိသားစုများတွင်တောင်မှ အလွန်ထူးကဲသည်ဟု ယူဆနိုင်ပေသည်။
ကျန်းအန်းယန်အပြင် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ကျန်းမိသားစုတွင် ကျီဖုအဆင့်သို့ရောက်ရှိနိုင်ခဲ့သည့် ကျင့်ကြံသူသုံးဦးလည်း ရှိသေးသည်။ သူတို့ကတော့ ကျန်းရန်ချွမ်း၊ ရှန်းပိုင်ဖေးနှင့် ရှန်းရူရွှမ်းတို့ပင်ဖြစ်သည်။
သူတို့ထဲတွင် ကျန်းရန်ချွမ်းနှင့် ရှန်းပိုင်ဖေးတို့သည် ကျီဖုအဆင့်သို့ အောင်အောင်မြင်မြင်ချိုးဖြတ်နိုင်ရန် ခရမ်းရောင်ကောင်းကင်ဘုံဆေးလုံး တစ်လုံးစီကိုသာ သောက်ခဲ့ကြသည်။ ရှန်းရူရွှမ်းသည်သာ ခရမ်းရောင်ကောင်းကင်ဘုံဆေးတစ်လုံးနှင့် ကျီဖုကျောက်စိမ်းတစ်ခုကိုသုံးပြီးမှ ကျီဖုအဆင့်ကို အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင်တော့ ဤသည်မှာ အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာဖြစ်ပေသည်။
ရှန်းရူရွှမ်းသည် အစောပိုင်းနှစ်များတွင် ကျင့်ကြံရေးလောကအတွင်းရှိ အစစ်အမှန်တိုက်ပွဲအတွေ့အကြံများ မရှိခဲ့သလို သူမ၏ကျင့်ကြံခြင်းအခြေခံမှာလည်း အထူးခိုင်မာခြင်းမရှိပေ။ အနာဂါတ်မှာသာ အထူးအခွင့်အရေးမျိုးမရှိခဲ့ပါက သူမအနေနှင့် ဆက်လျှောက်နိုင်သည်မှာ ကျီဖုအဆင့်ကအထိသာဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူမသည် ရှန်းရူယန်၊ ကျန်းချန်ရွှမ်တို့နှင့် ရင်းနှီးလေသည်။ အထူးသဖြင့် ရှန်းရူယန်နှင့် ပိုရင်းနှီးသည်။ ဝမ်းကွဲတော်စပ်သူဖြစ်တာကြောင့် ရှန်းရူယန်သာ ကူညီပေးသ၍ သူမအနေနှင့် အကောင်းဆုံးလုပ်ဆောင်သွားနိုင်လိမ့်မည်။
နောက်ပြီး ကျန်းရန်တောက်၏သား ကျန်းယွင်ချန်းနှင့် ကျန်းယန်ချွမ်း၏သမီး ကျန်းယွင်ရုံတို့ ရှိသေးသည်။ ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း သူတို့၏ကျင့်ကြံဆင့်များသည်လည်း အတော်လေးတိုးတက်လာခဲ့ပေသည်။ နှစ်ယောက်စလုံးသည် အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
အထူးသဖြင့် အခြေခံတည်ဆောက်ခြင်း အဌမအဆင့်သို့ရောက်ကာ အခြေခံခိုင်မာလှသော ကျန်းယွင်ချန်းပင်ဖြစ်သည်။ မမျှော်လင့်ထားသည့် အခြေအနေများသာ မဖြစ်လာပါက သူသည် နောက်လာမည့် ဆယ်နှစ်မှ အနှစ်၂၀အတွင်း ကျီဖုအဆင့်သို့ရောက်နိုင်ချေ အမြင့်ဆုံးလူဖြစ်ပေသည်။
“ဆရာ၊ တပည့် တောင်အောက်ကိုဆင်းလို့ရပြီလား။”
ရွှမ်းမင်တောင်ထွတ်တွင်ဖြစ်သည်။
မိန်းမလှလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်သော ကျန်းအန်းယန်သည် အံ့ဩရိပ်များဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်နေခဲ့သည်။
အခုလေးတွင် ထိုဇနီးမောင်နှံက ကျန်းအန်းယန်၏ တောင်ပေါ်မှဆင်းကာ ခရီးခဏထွက်မည့် တောင်းဆိုချက်ကို သဘောတူလိုက်ခြင်းဖြစ်သည်။
ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ “အဟုတ်ပဲ။ မင်းက အတွေ့အကြုံစုဆောင်းဖို့ ခရီးထွက်ချင်တယ်ဆိုမှတော့ ဆရာတို့ မင်းကို မတားပါဘူး။ တောင်ပေါ်မှာပဲနေပြီး တချိန်လုံးကျင့်ကြံနေတယ်ဆိုတာကလည်း ကောင်းတဲ့အရာမှမဟုတ်တာ။ မင်းလည်း အပြင်လောကကိုထွက်ပြီး ကမ္ဘာကြီးကိုတစ်ချ်လောက်ကြည့်ဖို့ အချိန်ရောက်လာပြီပဲ။”
ရှန်းရူယန်လည်း ပြုံး၍ခေါင်းညိတ်လေသည်။ “ဟုတ်တယ်။ မင်းသွားချင်တဲ့ ဘယ်နေရာကိုမဆို သွားနိုင်တယ်။ ဒါပေမယ့် လျန်နိုင်ငံကနေတော့ ထွက်မသွားရဘူး။ ပြီးတော့ အရေးအကြီးဆုံးအချက်တစ်ခုလည်းရှိသေးတယ်။ အဲ့ဒါကတော့ အပြင်ဘက်ကမ္ဘာကြီးက အိမ်မှာနဲ့ လုံးဝမတူဘူးဆိုတာပဲ။ မင်း အပြင်မှာ ဘာပဲလုပ်လုပ် သေချာဂရုစိုက်ရမယ်။”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ အရမ်းစိုးရိမ်မနေကြပါနဲ့။ တပည့် စိတ်ထဲ သေချာမှတ်ထားပါတယ်။”
ကျန်းအန်းယန်သည် အလျင်စလိုပင် ခေါင်းညိတ်လိုက်သည်။
ကျန်းချန်ရွှမ်က ပြုံး၍ ပြောလိုက်လေသည်။ “မင်းမထွက်သွားခင် မင်းနဲ့သင့်တော်မယ့်တာဝန် ရှိမရှိဆိုတာ ကြည့်သွားလိုက်ဦး။ မင်းလုပ်နိုင်လောက်မယ့် တာဝန်တချို့ကို စမ်းလုပ်ကြည့်။ ဒီလိုဆို မင်းရဲ့အရည်အချင်းကို အနည်းနဲ့အများ လေ့ကျင့်ရာရောက်တယ်။”
“ဟုတ် နားလည်ပါပြီ၊ ဆရာ။” ကျန်းအန်းယန် ထပ်ပြီး ခေါင်းညိတ်လိုက်ပြန်သည်။
“ဒါဆို တပည့် သွားလိုက်ပါဦးမယ်။”
“သွားပါ။ သေချာဂရုစိုက်ဖို့ မမေ့နဲ့နော်။” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခေါင်းညိတ်လိုက်ကြသည်။
ကျန်းအန်းယန်တစ်ယောက် ထပ်ပြီး အချိန်ဆွဲမနေတော့ဘဲ ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံ ရှေ့မှောက်တွင် အလွန်လေးနက်သည့်အမူအရာဖြင့် ဒူးထောက်ချလိုက်သည်။ သူတို့ကို အကြိမ်အနည်းခန့် ဦးချကန်တော့ပြီးသည်နှင့် ရွှမ်းမင်တောင်ထွက်မှ အလျင်အမြန်ပင် ပျံသန်းထွက်ခွာသွားတော့သည်။
ကျန်းအန်းယန်၏ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ရှန်းရူယန်တစ်ယောက် အပြုံးတစ်ပွင့်ဖြင့် ကျန်းချန်ရွှမ်ကို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
“အန်းယန် ဒီခရီးကနေပြီး တစ်ခုခုသင်ယူနိုင်ခဲ့ဖို့ မျှော်လင့်တယ်။ အထူးသဖြင့် စိတ်ကိုထိန်းချုပ်တတ်ဖို့ပေါ့။ သူငယ်ငယ်လေးကတည်းက ကျွန်မတို့ကပဲ သူ့ကို ကောင်းကောင်း ကာကွယ်စောင့်ရှောက် ပေးခဲ့ကြတာလေ။”
ထိုနေရာအရောက်တွင် ရှန်းရူယန်သည် ခဏမျှ ရပ်တန့်သွားခဲ့သည်။ “ကျွန်မအထင်သာမမှားရင် ရှင် သူမကို ကာကွယ်ဖို့အတွက် အရံအစီအစဉ်တွေအများကြီး ချထားတယ်မဟုတ်လား။”
“မင်းလည်း အတူတူပဲ မဟုတ်ဘူးလား။” ကျန်းချန်ရွှမ်က ပြုံးကာ ပြန်မေးလိုက်သည်။
သူတို့ ဇနီးမောင်နှံ၏ ပထမဆုံးတပည့်ဖြစ်ကာ သူမငယ်စဉ်ကတည်းက ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ပေးခဲ့ကြခြင်းလည်း ဖြစ်တာကြောင့် သူတို့နှစ်ဦး၏ ကျန်းအန်းယန်အပေါ်ထားသော ခံစားချက်များမှာ သံသယဖြစ်စရာမလိုအောင် ကြီးမားလှသည်။ ထို့ကြောင့်ပဲ ကျန်းအန်းယန် ဘေးကင်းအောင် ကာကွယ်လိုကြသည်မှာ သဘာဝပင်။ သို့သော်လည်း ထိုအကြောင်းများကိုတော့ သူတို့ ကျန်းအန်းယန်အား မပြောခဲ့ကြပေ။
ဒါကြောင့် ကျန်းအန်းယန်အနေနှင့် သတိထားမိသွားဖို့ဆိုသည်က ပို၍ပင် မဖြစ်နိုင်ပေ။
“အာ၊ အစ်ကိုကျန်း၊ အစ်မရှန်း။ အန်းယန် ထွက်သွားပြီလား။”
တခဏကြာပြီးနောက် ရုတ်တရက် အလင်းတန်းတစ်ခုက အဝေးမှ ပျံသန်းရောက်ရှိလာခဲ့သည်။ အလင်းရောက်ပျောက်ကွယ်သွားသောအခါတွင်တော့ ဟွမ်းလင်းအယ်၏ တင့်တယ်လှပသည့် ပုံရိပ်လေးက ပေါ်ထွက်လာခဲ့သည်။
အခုချိန်တွင်တော့ သူမသည် အံ့အားသင့်နေသည့်အမူအရာဖြင့် ကျန်းဇနီးမောင်နှံကိုကြည့်ကာ မေးနေခြင်းပင်။
သူမကို ကျန်းမိသားစုသို့ ထိုဇနီးမောင်နှံ ခေါ်ဆောင်လာပြီးကတည်းက ဟွမ်းလင်းအယ်သည် ဘဝအသစ်တစ်ခုကို မြန်မြန်နေသားကျသွားကာ အထူးသဖြင့် ကျန်းအန်းယန်နှင့် အလွန်ရင်းနှီးခဲ့သည်။ အမြဲတမ်းဆိုသလို ဟွမ်းလင်းအယ်သည် ကျန်းအန်းယန်အတွက် အရသာရှိသည့် အစားအသောက်များစွာကို ယူလာပေးတတ်သည်။
အချိန်ကုန်လာသည်နှင့်အမျှ သူတို့နှစ်ဦးကြားထဲမှ ဆက်ဆံရေးမှာ အလွန်နက်ရှိုင်းလာခဲ့လေသည်။
သူမစကားကို ကျန်းချန်ရွှမ်တို့ကြားသည်နှင့် ချက်ချင်းပင် ပြုံး၍ ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်၊ သူထွက်သွားတာ မကြာသေးဘူး။ ငါ့အထင်တော့ မင်းနေတဲ့နေရာကို သူအရင်သွားလောက်တယ်။ ဒါပေမယ့် မင်းက ငါတို့ဆီရောက်လာတယ်လေ။”
“အိုက်ယား၊ ကံဆိုးလိုက်တာ။” ဟွမ်းလင်းအယ်တစ်ယောက် ထိုစကားကြားပြီး ခြေဆောင့်လိုက်လေသည်။ “မဖြစ်သေးဘူး။ သူမထွက်သွားခင် နောက်ဆုံးအကြိမ်အဖြစ် သူ့ကိုမြင်ရအောင် ကျွန်မမြန်မြန် ပြန်သွားမှဖြစ်မယ်။”
ဟွမ်းလင်းအယ် ထွက်သွားတော့မည့်အချိန်မှာပဲ ရှန်းရူယန်က သူမကို တားလိုက်လေသည်။
“လင်းအယ်၊ ခဏနေဦး။”
“ဟမ်။” ဟွမ်းလင်းအယ်သည် နားမလည်နိုင်စွာဖြင့် ပြန်လှည့်လာခဲ့သည်။
ရှန်းရူယန်က ပြောလာခဲ့လေသည်။ “မင်းရဲ့အစ်ကိုကျန်းနဲ့ ငါက ဒီနေ့ ခရီးရှည်တစ်ခုသွားဖို့ရှိတယ်။ အချိန်အတော်ကြာတဲ့အထိ ပြန်ရောက်မှာမဟုတ်ဘူး။ ဒီအချိန်အတွင်း အရေးကြီးကိစ္စတစ်ခုခုရှိခဲ့ရင် ငါ့ရဲ့ပဉ္စမဘိုးဘေး ဒါမှမဟုတ် ကျန်းရန်ယီ ဒါမှမဟုတ် လင်းလုံကို သွားရှာလို့ရတယ်။”
“ဟမ်၊ အစ်မရှန်းတို့လည်း အစ်ကိုကျန်းနဲ့အတူ ထွက်သွားကြမှာလား။”
ရှန်းရူယန်၏စကားများကိုကြားပြီး ဟွမ်းလင်းအယ်တစ်ယောက် အံ့ဩသွားခဲ့သည်။
“ဟုတ်တယ်။” ရှန်းရူယန် ခေါင်းညိတ်လိုက်သည်။
“မင်းလည်း ဒီကန်းနန်တိုက်ကြီးထဲမှာ ငါနဲ့မင်းအစ်ကိုကျန်းတို့ လိုချင်တာရှာနိုင်ဖို့ အရမ်းခက်ခဲနေပြီဆိုတာ သိမှာပါ။ ဒါကြောင့် ငါတို့ ယုနိုင်ငံထဲကို တစ်ချက်လောက်သွားကြည့်ကြဖို့ ဆုံးဖြတ်လိုက်တယ်။
ပြောကြတာတော့ နှစ်၅၀တိုင်းကျင်းပတဲ့ ရတနာအသင်္ချေစည်းဝေးပွဲက နောက်နှစ်ဝက်ဆို လာတော့မှာတဲ့။ ဒီလိုသာဆို ငါတို့ အဲ့ဒီကိုရောက်ဖို့လည်း နှစ်ဝက်လောက်အချိန်ယူရလိမ့်မယ်။ ဒါကြောင့် အခုချိန်ထွက်မှာသာ အဲ့ဒီကိုရောက်တာနဲ့ ရတနာအသင်္ချေစည်းဝေးပွဲမှာ ငါတို့ပါဝင်နိုင်မှာ။”
“အစ်မတို့ ရတနာအသင်္ချစည်းဝေးပွဲအတွက် ယုနိုင်ငံကို သွားကြမှာပေါ့။” ထိုစကားကိုကြားပြီးချိန်တွင် ဟွမ်းလင်းအယ်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
လျန်နိုင်ငံနှင့် ယုနိုင်ငံ၏ ရတနာအသင်္ချေအင်မော်တယ်မြို့တော်သည် ဘယ်လောက်တောင်ဝေးမှန်း သူမ သိပေသည်။ အခုလေးတင် ထိုနေရာကိုရောက်ရှိရင် နှစ်ဝက်လောက် အချိန်ယူရမည်ဖြစ်ကြောင်း ရှန်းရူယန်လည်း ပြောခဲ့သည်မဟုတ်လား။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်နှုန်းကို မင်းတို့သိထားသင့်တယ်။ ဒီနေရာမှာ ကျီဖုအဆင့်ကျင့်ကြံသူတစ်ယောက်သာဆို တစ်နှစ်ကျော်လောက်တောင် အချိန်ယူရလောက်ပေသည်။
အခြေခံတည်ဆောက်ခြင်းနှင့် ချီသန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူများအတွက်ဆိုလျှင်တော့ ထည့်ပြောနေစရာပင် မလိုတော့ပေ။ သူတို့သာ ကံအလွန်ကောင်းပြီး ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံနေရတာ မဟုတ်လျှင် လမ်းတစ်ဝက်မှာတင် သေသွားနိုင်သည်။
ဒါပေါ့ ဒါတွေက တကယ့်အရေးအကြီးဆုံးကိစ္စမဟုတ်သေးပါဘူး။ အရေးအကြီးဆုံးအချက်ကတော့ သူတို့ ယုနိုင်ငံကိုသွားမည့်သတင်းသာ ပျံ့သွားပါက လမ်းတစ်လျှောက်တွင် ကြီးမားသည့်အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။
သူတို့၏ ယုနိုင်ငံသို့ ခရီးစဉ်က ချောမွေ့ခဲ့မည်ဆိုလျှင်တောင်မှ ရတနာအသင်္ချစည်းဝေးပွဲကို တက်လိုက်သည်နှင့် သတင်းကို ဖုံးထားရန် လွယ်ကူတော့မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် လျန်နိုင်ငံကို ပြန်လာသည်လမ်းမှာ နှောက်ယှက်ခံရနိုင်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သူတို့ကိုယ်ကို ကာကွယ်နိုင်ကြပါ့မလား။
တကယ်လို့ မကာကွယ်နိုင်ခဲ့ရင်ရော။
ဟွမ်းလင်းအယ်သည် ထိုမျှဆိုးရွားသည့် အခြေအနေကို တွေးပင် မတွေးကြည့်ရဲတော့ပေ။ သူမအနေနှင့် ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့ကို ယုနိုင်ငံသို့သွားမည့် အစဉ်အစီအား ပြန်စဉ်းစားကြည့်နိုင်မလားဟုသာ မေးချင်လာခဲ့သည်။
သို့သော်လည်း သူတို့ ဆုံးဖြတ်ထားပြီးမှတော့ဖြင့် သူတို့စိတ်ကို ပြန်ပြောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း သူမလည်း သိပေသည်။
ဒါကြောင့် လောလောဆယ်တွင် သူမဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေခဲ့သည်။
ထိုပုံစံကိုမြင်ပြီး သူမဘာကို စိုးရိမ်နေမှန်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သိလိုက်လေသည်။ ရှန်းရူယန်က ရှေ့တိုးလာကာ သူမပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“လင်းအယ်၊ မစိုးရိမ်ပါနဲ့။ ငါနဲ့ မင်းအစ်ကိုကျန်းတို့ ဖြစ်လာနိုင်တဲ့အခြေအနေတွေ အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ ဘာအန္တရာယ်မှ ကြုံရမှာမဟုတ်ဘူး။ မင်း အရမ်းစိုးရိမ်မနေပါနဲ့။”
“ဒါဆိုလည်း ကောင်းပါပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ဂရုစိုက်ကြရမယ်နော်။”
“ဟုတ်ပါပြီ။ သေချာဂရုစိုက်ပါ့မယ်။” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခေါင်းညိတ်လိုက်ကြသည်။
***