ပင်လယ်ချောက်ကမ်းပါးများတွင် နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခြင်း
Vol. 18 Ch. 360
ဟွမ်းလင်းအယ် ရွှမ်မင်တောင်ထွတ်မှထွက်သွားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည်လည်း အချိန်ကြာကြာ ဆက်မနေခဲ့ကြပေ။ နှစ်ယောက်သား ကျန်းရန်ယီနှင့် ရှန်းယွမ်လုံတို့ကို အသီးသီးသတင်းစကားများပေးပို့လိုက်ကြပြီးနောက် လျန်နိုင်ငံမှ ထွက်ခွာခဲ့ကြသည်။
လျန်နိုင်ငံမှ ယုနိုင်ငံရှိ ရတနာအသင်္ချေအင်မော်တယ်မြို့တော်သို့ သွားသည့် ခရီးလမ်းမှာ အလွန်ဝေးလှသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ ပျံသန်းမှုအရှိန်နှင့်တောင်မှ နှစ်ဝက်ခန့် အချိန်ယူရပေသည်။
အရေးအကြီးဆုံးအချက်ကတော့ဖြင့် လျန်နိုင်ငံမှ ယုနိုင်ငံသို့သွားရာတွင် သူတို့အနေနှင့် နတ်ဆိုးသားရဲများကျင်လည်ကျက်စားသည့် နေရာများစွာကို ဖြတ်သန်းသွားရမည်ဖြစ်သည်။
အကယ်၍ သူတို့သာ လမ်းတွင် မတော်တဆ အဆင့်၄ နတ်ဆိုးဘုရင်များကို သတိပေးသလိုဖြစ်သွားတာမျိုး သို့မဟုတ် နတ်ဆိုးသားရဲအုပ်ကြီး၏ အဝိုင်းခံရတာမျိုးဖြစ်ခဲ့လျှင် သူတို့ကိုယ်တိုင် မရုန်းထွက်နိုင်လောက်အောင် ခက်ခဲသော အခြေအနေထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ အကယ် သူတို့ကံက အကောင်းလွန်ပြီး အဆင့် ၅နတ်ဆိုးဧကရာဇ်နှင့်ပါ တွေ့သွားလျှင်တော့ သူတို့ဘဝအဆုံးသတ်ပေပြီ။
ကံကောင်းစွာဖြင့် ကျန်းချန်ရွှမ်တွင် အိတ်ဆောင်ဗလာနယ်ခရီးသွားအစီအရင်ပြားရှိသေးသည်။ ထိုအစီအရင်ပြားဖြင့်ဆိုလျှင်တော့ အဆင့်၅ နတ်ဆိုးဧကရာဇ်လက်က လွတ်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။
ထိုသို့ဆိုလျှင်ပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လမ်းတစ်လျှောက်တွင် သတိလက်လွတ်ဖြင့် မသွားလာရဲပေ။ သူတို့ပျံသန်းနေရင်း ဘာအသံမှမထွက်သွားအောင် အတတ်နိုင်ဆုံးသတိထားခဲ့ကြကာ သူတို့၏အော်ရာများကိုပင် ကန့်သတ်ကာ ထိန်းချုပ်ထားခဲ့ကြသည်။
ထိုသို့ဖြင့် ဇနီးမောင်နှံနှစ်ယောက်သည် ဘာအန္တရာယ်ကိုမှ မကြုံတွေ့ရဘဲ နှစ်လတာ ပျံသန်းရင်း ခရီးဆက်နိုင်ခဲ့ကြသည်။
လက်ရှိတွင်တော့ သူတို့နှစ်ယောက်လုံး ကန်းနန်တိုက်ကြီး၏ပိုင်နက်မှ ထွက်ခွာခဲ့ပြီးကြပြီဖြစ်ကာ ပင်လယ်ချောက်ကမ်းပါးများဟု ခေါ်သည့် နေရာတစ်ခုသို့ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာကို ပင်လယ်ချောက်ကမ်းပါးများဟု ခေါ်သော်လည်း တကယ်တမ်း ပင်လယ်တော့မဟုတ်ပေ။ ထိုနေရာမှာ ချောက်ကမ်းပါးများ မရေမတွက်နိုင်အောင်ရှိသည့် ဧရာမတောင်တန်းကြီးတစ်ခုသာ ဖြစ်ပေသည်။ ထိုနေရာတွင် နတ်ဆိုးသားရဲများစွာ နေထိုင်ကြသည်။ ထိုနေရာတွင် အဆင့် ၄ နတ်ဆိုးဘုရင်များစွာပင် ရှိသည်ဟု ပြောကြပေသည်။
လူသားကျင့်ကြံသူများ ပင်လယ်ချောက်ကမ်းပါးများသို့ ဝင်လာသည်ကို အာရုံခံမိသည်နှင့် နတ်ဆိုးဘုရင်များအပါအဝင် နတ်ဆိုးသားရဲပေါင်းများစွာသည် သူတို့ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် လူသားကျင့်ကြံသူများကို သတ်ဖြတ်ရန်အတွက် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ပေါင်းစည်းသွားကြမည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သိထားသလောက်ဆိုလျှင် ဤနေရာ၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြဖူးပေသည်။
အခုချိန်မှာတော့ ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံသည် မြေပြင်နှင့်နီးနီးကပ်ကပ်တွင် ပျံသန်းနေကြကာ အတတ်နိုင်ဆုံး အသံမထွက်အောင် ကြိုးစားနေကြသည်။ ကျန်းချန်ရွှမ်တောင်မှ အသွင်မဲ့နည်းစနစ်ကို အသုံးပြုထားလေသည်။
ကျန်းချန်ရွှမ်တို့နှစ်ယောက် ပင်လယ်ချောက်ကမ်းပါးများပိုင်နက်မှ ပျံသန်းထွက်ခွာနိုင်တော့မည့်အချိန်မှပဲ စူးရှတောက်ပသည့် အလင်းရောင်တစ်ခုက ရုတ်တရက်ကြီး သူတို့နှင့် မိုင်တစ်ထောင်လောက် အကွာကနေ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သည့် သားရဲဟိန်းဟောက်သံများလည်း ပေါ်ထွက်လာခဲ့သည်။
နတ်စွမ်းအားနှင့် မန္တာန်မျိုးစုံတို့သည် ကောင်းကင်ယံတွင် ပေါ်ထွက်လာလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကသည်။ ထိုကဲ့သို့ အဖြစ်မျိုးကို မြင်တွေ့လိုက်ရမည်ဟု နှစ်ယောက်လုံး မမျှော်လင့်ထားခဲ့မိပေ။ မကြာလိုက်ပါပဲ ကျန်းချန်ရွှမ်၏မျက်လုံးများသည် ကောင်းကင်ဘုံအတွင်းစိတ်မျက်လုံးကို အသက်သွင်းလိုက်ခြင်းကြောင့် ဝိညာဉ်အလင်းများဖြင့် တောက်ပလာခဲ့သည်။
ထိုနေရာတွင် အဆင့် ၄ နတ်ဆိုးဘုရင်များစွာ တစ်ကောင်နှင့်တစ်ကောက် တိုက်ခိုက်နေကြခြင်းဖြစ်ပေသည်။ သူတို့နှင့် မဝေးသည့်နေရာတွင်တော့ သစ်ပင်ကြီးတစ်ပင်ရှိနေခဲ့သည်။ သစ်ပင်ပေါ်တွင်တော့ နီဝါပြာသည့် အရောင်းအဆင်းများရှိသော သစ်သီးလေးလုံးရှိလို့နေသည်။
ကျန်းချန်ရွှမ် ပုံမှန်မဟုတ်သည်ကို သတိထားမိလိုက်သည့် ရှန်းရူယန်က အသံပေးပို့ကာ ချက်ချင်းမေးလာခဲ့သည်။
“ယောက်ျား၊ ဘာတွေ့လိုက်လဲ။”
ကျန်းချန်ရွှမ်သည် သူ့စိတ်ကိုသူ ပြန်တည်ငြိမ်အောင် လုပ်ယူလိုက်ပြီးနောက် ရှန်းရူယန်ထံသို့ အသံပြန်ပို့ပေလိုက်သည်။
“အဲ့ဒီမှာ အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး လေးလုံးရှိနေတယ်။”
“ဘာ? အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး လေးလုံးတောင်ရှိနေတာလား။” ရှန်းရူယန်လည်း ကြားလိုက်ရသည့်စကားကြောင့် ထိတ်လန့်အံ့ဩသွားတော့သည်။
အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးသည် အသုံးပြုသူ၏ခန္ဓာကိုယ်၊ ဓမ္မစွမ်းအားနှင့် ရှေးဦးဝိညာဉ်တို့ကို တပြိုင်တည်း အားကောင်းလာစေသည်မှန်း သူမလည်း သိပေသည်။ ထိုအသီးကိုသာ အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံး၏ အဓိကပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းသန့်စင်ပါက အကျိုးသက်ရောက်မှုမှာ ပို၍ပင် အားကောင်းလာပေလိမ့်မည်။
သူမနှင့် ကျန်းချန်ရွှမ်သာ ထိုအသီးကို ရလိုက်မည်ဆိုလျှင် ဆေးတစ်လုံးတစ်တည်းဖြင့်ပင် ရွှေအမြုတေ အလယ်အဆင့်သို့ ချက်ချင်း ချိုးဖြတ်နိုင်သွားပေမည်။
သူတို့ဇနီးမောင်နှံက ထိုသစ်သီးမျိုးကို သာမာန်ရတနာတစ်ခုခုကို တွေ့မြင်လိုက်ရသလိုမျိုး ဘာမှမမြင်ခဲ့သလို မျက်ကွယ်ပြုပြီးထွက်သွားနိုင်မှာလား။
သို့ပေမယ့် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးလိုမျိုး အဖိုးတန်လှသည့်အရာကို ကျန်းချန်ရွှမ်ရော ရှန်းရူယန်ပါ လက်မလျှော့ချင်ကြပေ။ သူတို့နှစ်ဦး၏မျက်လုံးထဲ၌ စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် မကြာခင်မှာပဲ သူတို့ ထိုတိုက်ပွဲနေရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ဦးသည် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးနှင့် ကီလိုမီတာ ၅၀သာ ကွာဝေးသည့်နေရာသို့ ရောက်ရှိလာခဲ့တော့သည်။ လက်ရှိတွင်တော့ သူတို့နှစ်ဦးလုံး မြေပြင်အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေပြီဖြစ်သည်။
ထိုနေရာတွင် စုစုပေါင်း နတ်ဆိုးသားရဲမျိုးနွယ် သုံးခုက အချင်းချင်းတိုက်ခိုက်နေခဲ့ကြသည်။ ၎င်းတို့မှာ ရွှေဦးချိုမျောက်မျိုးနွယ်၊ မရဏမြွေစိမ်းမျိုးနွယ်နှင့် လေလကျားဖြူမျိုးနွယ်တို့ ဖြစ်ကြသည်။ ခေါင်းဆောင်များကတော့ အဆင့် ၄ နတ်ဆိုးဘုရင်များပင်။
အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို ရရှိနိုင်ရေးအတွက် ထိုနတ်ဆိုးဘုရင်သုံးကောင်နှင့် သူတို့လက်အောက်ရှိ အဆင့်၁၊ အဆင့်၂ နှင့် အဆင့် ၃ နတ်ဆိုးသားရဲများသည် အသေအကြေကို တိုက်ခိုက်နေခဲ့ကြခြင်းဖြစ်သည်။ ဘယ်ဘက်ကမှ နောက်ပြန်ဆုတ်မည့်ပုံမပေါ်ပေ။ အမျိုးမျိုးသော မန္တာန်ပေါက်ကွဲသံများနှင့်အတူ နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာသည်လည်း မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျလာနေခဲ့သည်။ နတ်ဆိုးဘုရင် သုံးပါးတောင်တောင်မှ တစ်ကိုယ်လုံး သိသာထင်ရှားလှသည့် ဒဏ်ရာများ ရရှိထားပြီးဖြစ်လေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ စပြီးလှုပ်ရှားကြတော့မည့်အချိန်မှာပဲ ရုတ်တရက် သူတို့နှင့် မီတာရာကျော်ဝေးသည့်နေရာသို့ လှမ်းကြည့်မိလိုက်ကြလေသည်။
ထိုနေရာတွင် ငွေရောင်ဝတ်စုံနှင့် လှပသည့်အမျိုးသမီးတစ်ယောက်ကလည်း သူတို့ကို ကြည့်လာခဲံသည်။ သူတို့သုံးဦး၏အကြည့်များ လေထဲတွင် စုံမိသွားကြသည်နှင့် အားလုံး ကြောင်အသွားကြလေသည်။
သူတို့ကလွဲပြီး ဤနေရာတွင် တခြားလူရှိနေလောက်မည်ဟု နှစ်ဖက်လုံး မထင်ထားခဲ့ကြပုံပင်။ သို့သော်လည်း အခုချိန်တွင် ဘာဆက်လုပ်ရမလဲ များများစားစား တွေးတောနေရန် အချိန်မရှိပေ။ အခုလေးတင် နှစ်ဖက်လုံးက စပြီးလှုပ်ရှားကြရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်တာကြောင့် သူတို့ဖိနှိပ်ထားသည့် အော်ရာများကိုလည်း လွှတ်ပေးလိုက်ပြီဖြစ်သည်။ ဒါကပဲ သူတို့အချင်းချင်း သတိထားမိသွားရသည့် အဓိကအကြောင်းအရင်းဖြစ်ပေသည်။
သူတို့သာ ဆက်ပြီးအချိန်ဆွဲနေကြမည်ဆိုလျှင် ထိုနတ်ဆိုးဘုရင်သုံးကောင်က အရင်ဆုံး တုံ့ပြန်လာမည်ဖြစ်ကာ အခြေအနေက သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားနိုင်ပေသည်…
***
စာစဉ် ၁၈ ပြီးပါပြီ။