ပင်လယ်ချောက်ကမ်းပါးများတွင် နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခြင်း (၂)
Vol. 19 Ch. 361
ထို့ကြောင့် နောက်တစ်စက္ကန့်မှာပဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။ သူတို့၏ပုံရိပ်များက အလင်းတန်းများအသွင်ပြောင်းလဲသွားကာ သစ်ပင်ကြီးထံသို့ အလျင်အမြန်ပင် ချဉ်းကပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ ငွေရောင်ဝတ်စုံနှင့် အမျိုးသမီးသည်လည်း လှုပ်ရှားလာခဲ့သည်။
ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံ စလှုပ်ရှားလိုက်သည်နှင့် သူမ၏ပုံရိသည်လည်း တဖက်ကနေ တဟုန်ထိုး ပျံသန်းထွက်ခွာလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးယောက်လုံး သစ်ပင်အနားသို့ ရောက်သွားကြသည်။
“ဟိန်းဟောက်သံ!”
“မင်းတို့က သေလမ်းရှာနေတာပဲ။”
ပြင်းထန်လှသည့် တိုက်ပွဲအလယ်တွင်ရှိနေကြသည့် နတ်ဆိုးဘုရင်သုံးပါးသည် ရွှေအမြုတေအဆင့် လူသားကျင့်ကြံသူများ ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရတာကြောင့် အလွန်ဒေါသထွက်သွားကြလေသည်။
သူတို့က တပြိုင်တည်းနီးပါးပင် အချင်းချင်း စုတ်ဖြဲတိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြကာ ထိုအစား ကျန်းချန်ရွှမ်တို့ကို တိုက်ခိုက်ရန် ဦးတည်ရာပြောင်းလိုက်ကြသည်။
ရွှေဦးချိုမျောက်သည် ရုတ်တရက် သူ့လက်သည်းများကို မြှောက်ကာ လေထုကို ဆွဲဖြဲလိုက်လေသည်။
ခရက်…
ရွှေရောင်မိုးကြိုးသွားတစ်ခုက သူ့လက်ဝါးထဲတွင်ပေါ်ထွက်လာကာ ကျန်းချန်ရွှမ်ရှိရာသို့ ပြေးဝင်သွားလေသည်။
မရဏမြွေစမ်းသည်လည်း သူ့ပါးစပ်ကြီးကို ဟလိုက်လေသည်။
ရွှီး…
အနက်ရောင် လေပွေတစ်ခုက မြေပြင်ပေါ်မှ မြင့်တက်လာပြီး တဖြည်းဖြည်းကြီးကာ လည်နှုန်းက မြန်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ပေပေါင်းထောင်ချီအထိ ကျယ်ပြန့်ကြီးမားလာပြီး ကျန်းချန်ရွှမ်တို့ သုံးဦးကို လှဲထုတ်ပစ်ရန် ဦးတည်လာခဲ့သည်။
လေလကျားဖြူသည် ကောင်းကင်ယံသို့ဦးမော့ကာ ဟိန်းဟောက်လိုက်သည်။ ထို့နောက်မှာတော့ ကြီးကျယ်ခမ်းနားလှသည့် လရောင်သည် ကောင်းကင်ယံမှနေပြီး ၎င်း၏ခန္ဓာကိုယ်အပေါ်သို့ ဖြာကျလာကာ ၎င်း၏ခန္ဓာကိုယ်ကို ချက်ချင်းပင် ကြီးမားသွားစေသည်။ ၎င်း၏ခြေထောက်အောက်တွင်တော့ လေဓားသွားများ ဝဲပျံ့နေလေသည်။
ကြီးမားလှသည့်ကျားကိုယ်ထည်ကြီးသည် အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ငွေရောင်ဝတ်အမျိုးသမီးထံသို့ ဦးတည်သွားခဲ့သည်။
ထိုမြင်ကွင်းများကြောင့် ကျန်းချန်ရွှမ်နှင့် ကျန်နှစ်ယောက်လုံး၏ အမူအရာတို့မှာ ရုတ်ချည်းပင် ပြောင်းလဲသွားတော့သည်။ ကျန်းချန်ရွှမ်သည် ချက်ချင်းပင် လက်ကိုမြှောက်ကာ ဝိညာဉ်နက်ဒိုင်းကာကို ထုတ်လွှတ်လိုက်သည်။
သူ၏ဓမ္မစွမ်းအားကို အသက်သွင်းလိုက်သည်နှင့် ဝိညာဉ်နက်ဒိုင်းကာသည် အဆက်မပြတ်ကြီးမားလာကာ ပေတစ်ထောင်လောက်ကြီးသည့် ဒိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကျယ်လောင်လှသည့် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
ရွှေဦးချိုမျောက်၏ ရွှေရောင်အလင်းတန်းနှင့် မရဏမြွေစိမ်း၏ လေပွေသည် အဆင့်၄ အကာအကွယ်ဓမ္မရတနာကို ဝင်တိုက်သွားခဲ့သည်။ ဒိုင်းမျက်နှာပြင်ပေါ်ရှိ ဝိညာဉ်အလင်းများမှာ လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။
ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်တောင်မှ တန်ပြန်တွန်းကန်အားကြောင့် ဆယ်မီတာလောက်အထိ နောက်ဆုတ်သွားရကာ မြေပြင်တွင် ရှည်လျားသည့် မြောင်းနက်ကြီးတစ်ခု ထင်ကျန်ခဲ့ပေသည်။
သို့သော်လည်း သူ့နောက်ရှိ ရှန်းရူယန်သည်တော့ နတ်ဆိုးဘုရင်သုံးပါး သူမခင်ပွန်းကို တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ သစ်ပင်အနားသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့လေသည်။ သူမ လက်လှမ်းကာ သစ်ပင်ပေါ်မှ အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို ခူးယူနိုင်တော့မည့်အချိန်မှာပဲ ငွေရောင်ဝတ်စုံနှင့်အမျိုးသမီးကို တိုက်ခိုက်နေသည့် လေလကျားဖြူသည် ရုတ်တရက် ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ရှန်းရူယန် သူမခေါင်းထဲ တဝီဝီမြည်သံများကို ခံစားလိုက်ရလေသည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် တုနှိုင်းမဲ့ကြီးကျယ်ခမ်းနားလှသည့် လျှပ်စီးသဏ္ဍာန်ပုံရိပ်က သူမ၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်ထွက်လာကာ ကျားဟိန်းသံက သူမ၏ရှေးဦးဝိညာဉ်ကို ထိခိုက်လာမည်အား ကာကွယ်ပေးလိုက်လေသည်။
သူမပြန်ခုခံနေချိန်မှာပဲ လေလကျားဖြူနှင့် ငွေရောင်ဝတ်စုံအမျိုးသမီးသည်လည်း သစ်ပင်အနားသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးလုံးသည် သဘောတူညီချက်တစ်ခုရလိုက်သလိုမျိုး အချင်းချင်းတိုက်ခိုက်နေသည်အား ရပ်လိုက်ကြလေသည်။
သူတို့သုံးဦးလုံးက တချိန်တည်းမှာပဲ အသီးကို ခူးယူရန် လက်လှမ်းလိုက်ကြသည်။
ရှန်းရူယန်က အမြန်ဆုံးပင်။
တိုးညှင်းသောအသံတစ်သံကပါ ထွက်ပေါ်လာခဲ့သည်။ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်နှင့်အညီ ရှန်းရူယန်သည် သူမနှင့်အနီးဆုံးတွင်ရှိသည့် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး နှစ်လုံးကို အရင်ဆုံး ခူးယူလိုက်သည်။
တချိန်တည်းမှာပဲ ကျန်နေသည့် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး နှစ်လုံးကိုလည်း ငွေရောင်ဝတ်စုံအမျိုးသမီးနှင့် လေလကျားဖြူတို့က အသီးသီးခူးယူလိုက်ကြလေသည်။
သူတို့သုံးဦး အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို ကိုယ်စီရသွားကြသည်နှင့် တပြိုင်နက် ရုတ်ချည်းဆိုသလို လေလကျားဖြူသည် သူ့ပါးစပ်ကြီးကို ဖွင့်လာခဲ့သည်။ ထိုသို့ဖြင့် အစိမ်း၊ အဝါ၊ အနက်၊ ခရမ်းစသည့် လေဓားသွားပေါင်း ထောင်နှင့်ချီက ရှန်းရူယန်နှင့် ငွေရောင်ဝတ်စုံအမျိုးသမီးထံသို့ မိုးစက်မိုးပေါက်များသဖွယ် တရစက်ကျဆင်းလာလေသည်။
ထို့အပြင် ကျား၏ဘေးပတ်လည်တွင် ငွေလရောင်ကနေပြီး သိပ်သည်းထားသည့် ချည်မျှင်များက ပိုက်ကွန်ကြီးတစ်ခုသဖွယ် သူတို့ထွက်ပြေးလာသည်နှင့် ဖမ်းယူရန် အဆင်သင့်တည်ရှိလို့နေသည်။ ထိုအချိန်မှာပဲ ငွေရောင်ဝတ်အမျိုးသမီးက ရုတ်တရက် ငွေရောင်ဓားကောက်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ထိုငွေရောင်ဓားကောက်သည် လေဓားသွားများကို ပိတ်ဆို့ထားနိုင်သည်အထိ အလွန်ကိုမှ ထက်ရှလှသည်။
ရှန်းရူယန်သည်လည်း ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ သူမက ချက်ချင်းပင် လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားကို ထုတ်ယူလိုက်သည်။ မိုးခြိမ်းသံတစ်သံနှင့်အတူ ငွေဓားသွားများသည် အလျင်အမြန်ပင် စွမ်းအင်များဆုံးရှုံးလိုက်ရကာ လေထဲတွင် ပျံ့လွင့်ပျောက်ကွယ်သွားလေသည်။
၎င်း၏တိုက်ခိုက်မှုက ရှန်းရူယန်နှင့် ငွေရောင်ဝတ်စုံအမျိုးသမီးအပေါ် ကြီးကြီးမားမား ထိခိုက်မှုတစ်စုံတစ်ရာကိုမှ မပေးနိုင်သလို၊ ရွှေဦးချိုမျောက်နှင့် မရဏမြွေစိမ်းသည်လည်း ကျန်းချန်ရွှမ်ကို ထိခိုက်အောင် မလုပ်နိုင်တာကြောင့် လေလကျားဖြူသည် ချက်ချင်းပင် ပြန်ဆုတ်ရန် ပြင်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ့အတွက် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး တစ်လုံးကို ရရှိထားပြီးဖြစ်ပေသည်။ ဤနေရာတွင် ကြာကြာဆက်နေလို့လဲ သူ့အတွက် ဘာကောင်းကျိုးမှရှိမည်မဟုတ်ဘဲ ထိုအစား သူကိုယ်တိုင် အန္တရာယ်ထဲ တိုးဝင်သလိုသာဖြစ်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကျားဖြူသည် ရွှေဦးချိုမျောက်နှင့်ရော မရဏမြွေစိမ်းနှင့်ပါ ကောင်းမွန်သည့်ဆက်ဆံရေး ရှိနေခဲ့တာမဟုတ်ပေ။ အခုလေးတင်ပဲ သူတို့သုံးဦးလုံး အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးရရှိရေးအတွက် တိုက်ခိုက်နေခဲ့ကြသည်မဟုတ်လား။
ရွှေအမြုတေအဆင့် လူသားကျင့်ကြံသူ သုံးဦးသာ ရုတ်တရက် ဝင်မလာခဲ့ပါက ကျားဖြူသည် အသတ်ခံလိုက်ရနိုင်သည်။
လေလကျားဖြူက ပြန်ဆုတ်ကာ တိုက်ပွဲမြေပြင်မှ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပဲ အဝေးတနေရာမှ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာလေသည်။ ထိုအသံနှင့်အတူ ရွှေအမြူတေအဆင့်နှင့်တူညီသည့် အော်ရာများစွာကပါ တပြိုင်တည်း ပေါ်လာခဲ့သည်။ နောက်ထပ် နတ်ဆိုးဘုရင်များစွာ ရောက်လာခြင်းဖြစ်ပေသည်။
ရုတ်ချည်းပြောင်းလဲသွားသည့်အခြေအနေကြောင့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ငွေရောင်ဝတ်စုံဝတ်အမျိုးသမီးတို့ မျက်မှောင်ကြုတ်လိုက်မိကြသည်။ ဤနေရာရှိ ရုန်းရင်းဆန်ခတ်ဖြစ်မှုက ပင်လယ်ချောက်ကမ်းပါးများရှိ နတ်ဆိုးသားရဲအများစုကို လှုံ့ဆောင်လိုက်ခြင်းဖြစ်ပေသည်။ အဆင့် ၅ နတ်ဆိုးဧကရာဇ်တောင်မှ သတိထားမိသွားလောက်သည်။
ထိုသို့တွေးမိသည်နှင့် ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံရော ငွေရောင်ဝတ်စုံဝတ်အမျိုးသမီးသည်ပါ ဤနေရာတွင် ကြာကြာ ဆက်မနေရဲကြတော့ပေ။
သို့သော်လည်း တိုက်ပွဲမှ ထွက်ခွာဖို့ဆိုသည်က ဝင်လာတုန်းကလောက် လွယ်ကူမနေပေ။ လက်ရှိတွင် ရွှေဦးချိုမျောက်နှင့် မရဏမြွေစိမ်းတို့သည် ရုတ်တရက် ရူးသွပ်သွားသလိုမျိုးပုံစံဖြင့် သူတို့ထွက်သွားမည်ကို တားဆီးလာကြလေသည်။
ရွှေဦးချိုမျောက်သည် လူသားဘာသာစကားဖြင့် လေလကျားဖြူအား ပြောလိုက်သည်။
“ကျားဖြူ၊ မင်းရဲ့ကတိသစ္စာကို မင်းမေ့သွားပြီလား။ ဒီပင်လယ်ချောက်ကမ်းများထဲကို လူသားကျင့်ကြံသူတစ်ယောက်ဖြစ်ဖြစ် ဝင်လာပြီဆိုတာနဲ့ ငါတို့ကြားမှာ ဘယ်လိုရန်ငြှိုးတွေပဲရှိနေပါစေ အရင်ဆုံးပူးပေါင်းပြီး လူသားကျင့်ကြံသူတွေကို သတ်ဖို့တာဝန်ရှိတယ်လေ။
မင်းရဲ့ ကတိသစ္စာကို ချိုးဖောက်ရဲရင် ငါတို့လည်း မင်းလုပ်သမျှကို နတ်ဆိုးဧကရာဇ်ဆင်ဖြူဆီ အကုန်ပြောပြရမှာပဲ။ ကိုယ့်ဘာသာသေချာစဉ်းစား။ အဲ့အချိန်ကျရင် မင်းဘာဖြစ်သွားမလဲဆိုတာကို။”
ထိုစကားလုံးများကိုကြားလိုက်သည်နှင့် လေလကျားဖြူ၏မျက်နှာထက်တွင် ကြောက်လန့်မှုများ ပြည့်နှက်သွားလေသည်။ ၎င်းက ဒေါသတကြီးဟိန်းဟောက်လိုက်ကာ ချက်ချင်းဆိုသလိုပင် ရှန်းရူယန်နှင့် ငွေရောင်ဝတ်စုံဝတ်အမျိုးသမီးတို့ကို ပြန်လည်တိုက်ခိုက်တော့သည်။
တစ်ချိန်တည်းမှာပဲ ရွှေဦးချိုမျောက်နှင့် မရဏမြွေစမ်းတို့သည်လည်း ကျန်းချန်ရွှမ်နှင့် ဆက်လက်တိုက်ခိုက်လေသည်။ နတ်ဆိုးဘုရင်သုံးပါးတွင် ရှင်းလင်းသည့်ဗျူဟာတစ်ခုရှိပြီးသားပင်။ သူတို့အနေနှင့် သူတို့အသက်ကိုစွန့်ကာ အသေအကြေတိုက်ခိုက်ဖို့အထိ မလိုအပ်ပေ။ သူတို့အနေနှင့် လုပ်ဖို့လိုသည်က ကျန်းချန်ရွှမ်နှင့် ကျန်နှစ်ယောက် မလွတ်မြောက်စေရန်အတွက် ထိန်းထားရန်သာဖြစ်ပေသည်။
မကြာခင်မှာပဲ နောက်ထပ် နတ်ဆိုးဘုရင်သုံးပါးရောက်ရှိလာကာ အင်အားဖြည့်လာကြသည်။ ဒီလိုဆိုလျှင် သူတို့အားလုံးပေါင်းကာ လူသားကျင့်ကြံသူ သုံးဦးကို အလွယ်လေး သတ်နိုင်လောက်ပြီပင်။
နတ်ဆိုးဘုရင်များပေါ်လာသည်နှင့် ကျန်းချန်ရွှမ်နှင့် ကျန်နှစ်ယောက်တွင် တူညီသည့်အတွေးများ ပေါ်လာလေသည်။ ဤအတိုင်းသာဆက်သွားပါက သူတို့အခြေအနေမှာ ပိုဆိုးလာရုံသာရှိပေတော့သည်။ သူတို့သာ နတ်ဆိုးဧကရာဇ်မရောက်မချင်း ဆက်လက်တိုက်ခိုက်ရင်း ပိတ်မိနေကြမည်ဆိုလျှင် သူတို့တွင် ဝှက်ဖဲတွေဘယ်လောက်ပဲရှိရှိ အသုံးဝင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် အစွမ်းရှိသလို အားကုန်တိုက်ခိုက်ပြီးနောက်မှာတော့ သူတို့ထွက်ပြေးနိုင်မည့် ဝှက်ဖဲများကို ထုတ်ယူလိုက်ကြတော့သည်။
ငွေရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အဆင့် ၄ အကာပြင်ချိုးဖြတ်အဆောင်ကို ထုတ်လိုက်လေသည်။ ရွှေဦးချိုမျောက်နှင့် တခြားကောင်များ မတုံ့ပြန်နိုင်သေးခင်မှာပဲ ငွေရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အဆောင်ကို အသက်သွင်းလိုက်ပြီဖြစ်သည်။ ချက်ချင်းဆိုသလို အဖြူရောင်အလင်းတစ်ခုက ထိုအမျိုးသမီးကို လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် သူမပုံရိပ်က ဝေဝါးလာကာ တဖြည်းဖြည်းနှင့် အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ထိုဖြစ်ရပ်မှာ ရွှေဦးချိုမျောက်နှင့် လေလကျားဖြူတို့ကို အလွန်ဒေါသထွက်သွားစေသည်။
သူတို့တစ်ဖက်အမျိုးသမီးကြောင့် ဒေါသထွက်နေတုန်းမှာပဲ ကျန်းချန်ရွှမ်သည် အလွန်တောက်ပသည့် အလင်းများထုတ်လွှတ်နေသော အိတ်ဆောင်ဗလာနယ်ခရီးသွားအစီအရင်ပြားကို ထုတ်ယူလိုက်သည်နှင့် သူ့ဘေးပတ်လည်ရှိလေဟာနယ်မှာ ရုတ်ချည်းပင် အလွန်ပြင်းထန်သည့်အတက်အကျများ ဖြစ်ပေါ်လာတော့သည်။
“မြန်မြန်၊ သူတို့ကို တားကြ။”
ရွှေဦးချိုမြောက်ကာ ဟိန်းဟောက်ကာ အော်ပြောလိုက်သည်။
၎င်းက ကျန်းချန်ရွှမ်နေရာကူးပြောင်းမည်ကို နတ်စွမ်းအားများသုံးကာ ကြားဝင်နှောက်ယှက်ဖို့ရန် ပြင်လိုက်သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့လေသည်။
ဝှီးခနဲအသံနှင့်အတူ အစီအရင်ပြားသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့်အတူ နေရာမှ ပျောက်ကွယ်သွားတော့သည်…
***