ယုနိုင်ငံသို့ရောက်ရှိ
Vol. 19 Ch. 362
ကျန်းချန်ရွှမ်တို့ ပျောက်သွားခြင်းကြောင့် ရွှေဦးချိုမျောက်နှင့် ကျန်နတ်ဆိုးဘုရင်နှစ်ပါးမှာ အလွန်ဒေါသထွက်သွားကြလေသည်။ ထိုရွှေအမြုတေအဆင့် လူသားကျင့်ကြံသူ သုံးယောက်လုံးတွင် နေရာရွှေ့ပြောင်းနိုင်သည့် ဝှက်ဖဲများရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
အခု တစ်ယောက်ကိုမှ မတားနိုင်လိုက်ဘူး။ ဘယ်လိုလုပ်ကြမလဲ။
ဘုန်း။
ထိုအချိန်မှာပဲ တိုက်ပွဲနေရာသို့ အကောင်ကြီးကြီး ၄ကောင်က ရုတ်တရက် သက်ဆင်းလာခဲ့လေသည်။ သူတို့အားလုံး၏အော်ရာများသည် ရွှေဦးချိုမျောက်တို့နှင့် တူညီပေသည်။
“ဘာတွေဖြစ်သွားတာလဲ။ ဘယ်လိုလုပ် အားလုံးကို လွတ်သွားတာလဲ။”
တောင်တစ်လုံးလောက်ကြီးသည့် ကျွဲရိုင်းနတ်ဆိုးဘုရင်က တုန်လှုပ်ဖွယ်အသံကြီးဖြင့် ပြောလိုက်သည်။ ထိုစကားများကိုကြားပြီး တခြားနတ်ဆိုးဘုရင်သုံးပါးကလည်း ရွှေဦးချိုမျောက်တို့ကို လှမ်းကြည့်လာကြသည်။
ရွှေဦးချိုမျောက်နှင့် ကျန်သည့်နတ်ဆိုးဘုရင်နှစ်ပါးသည် အစကတည်းက စိတ်အခြေအနေမကောင်းနေကြရာ ကျွဲရိုင်းနတ်ဆိုးဘုရင်၏အမေးလေသံကကြောင့် ပို၍ပင် စိတ်အနှောက်အယှက်ဖြစ်သွားတော့သည်။ သူတို့ကြားရှိ ဆက်ဆံရေးမှာ ကောင်းသည့်ပုံမပေါ်ပေ။
သို့သော်လည်း သူတို့ဘာမှပြန်မပြောရသေးခင်မှာပဲ ကမ္ဘာကြီးလောက်ကြီးမားလှသော တစ္ဆေဆန်ဆန်ပုံရိပ်ကြီးတစ်ခုက ရွှေဦးချိုမျောက်နှင့် ကျန်သည့် နတ်ဆိုးဘုရင်များရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
“နတ်ဆိုး… နတ်ဆိုးဧကရာဇ် ဆင်ဖြူပဲ။”
သူတို့အားလုံး မသိစိတ်အရ ချက်ချင်းပင် မြေပေါ်သို့ဒူးထောက်ကျသွားကြသည်။
ထိုကြီးမားသည့် တစ္ဆေပုံရိပ်ယောင်ကြီးသည် အဆင့်၅နတ်ဆိုးသားရဲဖြစ်သော ဆင်ဖြူနတ်ဆိုးဧကရာဇ်၏ပုံရိပ်ယောင်သာဖြစ်သော်လည်း သူတို့အားလုံးကို စိတ်နှလုံးအောက်ခြေကတိုင် ကြောက်ရွံ့မှုကို ခံစားရစေသည်။ မြေပေါ်ဒူးထောက်နေမိကြသည့် သူတို့တစ်ကိုလုံး ထိန်းချုပ်မရနိုင်အောင် တုန်ရီနေခဲ့ကြသည်။
“နတ်ဆိုးသားရဲတွေအားလုံး အခုချက်ချင်း အဲ့ဒီလွတ်သွားတဲ့ ရွှေအမြုတေအဆင့် လူသားသုံးယောက်ကိုရှာရမယ်၊ ငါ့အမိန့်ကို နာခံကြ။”
ရုတ်တရက် ဆင်ဖြူနတ်ဆိုးဧကရာဇ်၏ ကြီးကျယ်ခမ်းနားလှသည့်အသံက သူတို့နားထဲသို့ တိုးဝင်လာခဲ့သည်။ ထိုသို့ကြားလိုက်ရုံဖြင့်ပင် ရွှေဦးချိုမျောက်နှင့် ကျန်နတ်ဆိုးဘုရင်အားလုံးမှာ အသက်ရှုရပ်မတတ် ကြောက်လန့်သွားကြလေသည်။ နောက်ထပ်တစ်ခွန်းပင် ထပ်ပြောနေရန်မလိုဘဲ သူတို့အားလုံး ချက်ချင်းပင် တရိုတသေဒူးထောက်ဝပ်တွားလိုက်ကြလေသည်။
“ဟုတ်ကဲ့ပါ။”
တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်လှသည့် တောအုပ်ကြီးထဲတွင်။
လေထုထဲတွင် ရုတ်တရက် လှိုင်းများပေါ်ထွက်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပဲ ထိုလှိုင်းများထနေသည့် လေထုထဲကနေပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်က လျှောက်ထွက်လာခဲ့သည်။ ထိုလူများမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကလွဲ၍ တခြားလူမဟုတ်ပေ။
လက်ရှိတွင် သူတို့နှစ်ယောက်လုံးသည် ပတ်ဝန်းကျင်ကို ရှုပ်ထွေးနေသည့်အမူအရာများဖြင့် ကြည့်နေကြလေသည်။
ကျန်းချန်ရွှမ်က ပြောလာလေသည်။ “ရူယန်၊ ဒါဘယ်နေရာလဲ မင်းသိလား။”
ရှန်းရူယန်က သူမ၏နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။
ခဏကြာပြီးနောက်မှာတော့…
သူမက မသေချာမရေရာဖြင့်သာ ပြန်ပြောလာနိုင်ခဲ့သည်။ “ဒီနေရာက ကြိုးကြာတောအုပ် ဖြစ်မယ်ထင်တယ်။”
“ကြိုးကြာတောအုပ်။” သူတို့လက်ရှိရောက်နေသည့်နေရာကို သိလိုက်ရသည်နှင့် ကျန်းချန်ရွှမ် အံ့ဩသွားသည့်ပုံပင်။
သူသိသလောက်ဆိုလျှင် ကြိုးကြာသစ်တောသည် ယုနိုင်ငံနှင့် သိပ်မဝေးသည့်နေရာတွင်ရှိခြင်းဖြစ်သည်။ နေရာကူးပြောင်းခြင်းအစီအရင်က သူတို့ကို ဒီနေရာအထိရောက်အောင် ပို့ပေးလိုက်တာများလား။ ဒီလိုသာဆို သူတို့ခရီးဆက်ရမယ့်အချိန်တွေ တော်တော်လေးသက်သာသွားတာပဲ။
သို့သော်လည်း ဤနေရာသည် တကယ်ပဲ ကြိုးကြာတောအုပ် ဟုတ်မဟုတ်ကိုတော့ သူတို့ သေချာလေး စုံစမ်းကြည့်ရပေဦးမည်။ ဤသို့ဖြင့် ကျန်းချန်ရွှမ်တို့စုံတွဲသည် သူတို့အသွင်အပြင်များနှင့် အရှိန်အဝါတို့ကို ထပ်မံပြီး ဖုံးကွယ်ထားလိုက်ကြပြန်သည်။
ရက်အနည်းငယ်ကြာ စူးစမ်းလေ့လာကြည့်ပြီးနောက်မှာတော့ ဤနေရာသည် အမှန်ကို ကြိုးကြာတောအုပ်ဖြစ်ကြောင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သေချာသွားတော့သည်။ အကြမ်းဖျင်းတွက်ချက်ကြည့်ပြီးနောက် ဤနေရာသည် ယုနိုင်ငံနှင့် အနီးဆုံးဖြစ်သော ဟွားယွင်မြို့သို့သွားရန် လဝက်လောက်သာ အချိန်ပေးရမည်မှန်း သိလာခဲ့သည်။
ဟွားယွင်မြို့သို့ရောက်သည်နှင့် သူတို့သာ ဂရုစိုက်ပြီး သူတို့ကိုယ်သူတို့ မဖော်ထုတ်မိပါက ယုနိုင်ငံသို့ အဟန့်အတားမရှိ ရောက်ရှိသွားပေလိမ့်မည်။
ဆယ်ရက်ကြာပြီးနောက်…
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကြိုးကြာသစ်တောကို အောင်မြင်စွာဖြတ်ကျော်နိုင်ပြီး နေရာလွတ်ကွင်းပြင်တစ်ခုသို့ ခြေချနိုင်ခဲ့သည်။ ဤနေရာသည် ယုနိုင်ငံ၏ပိုင်နက်ထဲတွင်ရှိခြင်းဖြစ်သည်။ သွားလာနေကြသည့် လူအများစုမှာ ကျင့်ကြံသူများသာဖြစ်လေသည်။
သို့သော်လည်း ထိုကျင့်ကြံသူများ၏ကျင့်ကြံဆင့်များသည် သိပ်မမြင့်ကြပေ။ အများစုမှာ ချီသန့်စင်ခြင်းအဆင့်သာဖြစ်ကြပြီး ရံဖန်ရံခါတွင်တော့ အခြေတည်အဆင့် ကျင့်ကြံသူအနည်းအကျဉ်းကို မြင်တွေ့နိုင်ပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တောအုပ်ထဲမှ ထွက်လာပြီးမကြာခင်မှာပဲ မလှမ်းမကမ်းတွင် အဖွဲ့နှစ်ဖွဲ့တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ တစ်ဖက်အဖွဲ့သည် လူ၇ယောက် ၈ယောက်ခန့်ရှိကာ အားလုံး ချီသန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူများဖြစ်ကြသည်။ ကျန်တစ်ဖွဲ့တွင်တော့ လူ၂ယောက်သာရှိသော်လည်း တစ်ယောက်မှာ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်ပေသည်။
“ဟွားတောက်ကျန်၊ ခင်ဗျားက အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာကြီးလေ။ ကျုပ်တို့လေ ချီသန့်စင်ခြင်းအဆင့်ဂျူနီယာတွေ ကြားထဲဝင်ပြီး တိုက်ခိုက်နေတာ မရှက်ဘူးလား။ စုန့်ယန်ဈေးက ခင်ဗျားကို စာရင်းလာရှင်းမှာ မကြောက်ဘူးလား။”
ထိုအချိန်တွင် ချီသန့်စင်ခြင်းကျင့်ကြံသူများအနက်မှ ချီသန့်စင်ခြင်း နဝမအဆင့်ကျင့်ကြံသူဖြစ်သော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ဒေါသတကြီး ပြောလာခဲ့သည်။
သူ့စကားများကိုကြားပြီး ဟွားတောက်ကျန်ဟုခေါ်သည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် နှာခေါင်းသာ ရှုံ့လိုက်လေသည်။
“ငါ့ကို စာရင်းလာရှင်းမယ်? မင်းတို့အားလုံးကို သတ်လိုက်သ၍ ဒီမှာဘာတွေဖြစ်ခဲ့မှန်း ဘယ်သူမှ သိတော့မှာမဟုတ်ဘူး။
ယန်ကျင်းယွမ် မင်းအပြစ်တင်ချင်သပဆို မင်းရဲ့ ယန်မိသားစုက အရမ်းလောဘကြီးလွန်းတာကိုပဲ အပြစ်တင်လိုက်။
ချီသန့်စင်ခြင်းအဆင့်ပဲရှိတဲ့ မိသားစုကများ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို တပ်မက်ရဲတယ်ပေါ့။ ဒီကပ်ဆိုးကို မင်းတို့ကိုယ်တိုင် ဖိတ်ခေါ်လိုက်တာပဲ။”
သူက ပြောပြီးသည်နှင့် ဟွားတောက်ကျန်သည် သူ၏ အဆင့်၂ ဓမ္မရတနာကို ထိန်းချုပ်ကာ သူနှင့်အနီးဆုံးတွင်ရှိနေသော ယန်ကျင်းယွမ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ထိုအခြေအနေကြောင့် ယန်ကျင်းယွမ် အလွန်မခံမရပ်နိုင်ဖြစ်သွားလေသည်။
ယန်မိသားစုသည် တချိန်က ဂုဏ်သိက္ခာရှိသည့်ကျီဖုအဆင့်မိသားစုတစ်ခု ဖြစ်ခဲ့လေသည်။ သို့သော်လည်း နောက်ပိုင်းမျိုးဆက်များသည် ကောင်းမွန်သည့်အရည်အချင်းမရှိကြတာကြောင့် ယန်မိသားစုသည် ဆုတ်ယုတ်သွားကာ ချီသန့်စင်ခြင်းအဆင့်မိသားစုငယ်တစ်ခု ဖြစ်လာခဲ့သည်။ ယခုတွင် ယန်မိသားစုသည် သူတို့ပိုင်ဆိုင်သမျှအားလုံးနည်းပါးကို အသုံးပြုကာ စုန့်ယန်ဈေးမှနေပြီး အခြေခံတည်ဆောက်ခြင်းဆေးခံလုံးကို ဝယ်ယူခဲ့သည်။ အဆုံးမှာတော့ သူတို့ ယန်မိသားစုဆီ မပြန်နိုင်သေးခင်မှာပင် ဟွားတောက်ကျန်က သူတို့ကို ဝင်နှောက်ယှက်လာခဲ့သည်။
အဆင့် ၂ ဓမ္မရတနာက သူ့ဆီတိုက်ရိုက်တိုးဝင်လာသည်ကို မြင်သည်နှင့် ယန်ကျင်းယွမ်သည် အလျင်အမြန်ပင် အဆင့်မြင့် အဆင့် ၁ ဒိုင်းကာတစ်ခုကို ထုတ်ယူလိုက်သည်။
ဘန်းခနဲအသံနှင့်အတူ အဆင့်မြင့် အဆင့် ၁ အကာအကွယ်ဒိုင်းသည် ယန်ကျင်းယွမ်နှင့်အတူ နောက်သို့ ကန်ထွက်သွားတော့သည်…
***