ယုနိုင်ငံသို့ရောက်ရှိ (၂)
Vol. 19 Ch. 363
ဒိုင်းတစ်ခုလုံးတွင် အပေါက်များအဆက်မပြတ်ထွက်ပေါ်လာကာ ထပ်ပြီး အသုံးပြု၍မရတော့ပေ။
“မိသားစုခေါင်းဆောင်။” ထိုအခြေအနေကြောင့် ကျန်သည့် ယန်မိသားစုဝင်များမှာ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ သူတို့က ယန်ကျင်းယွမ်ကို ကာကွယ်လိုသည့်အလား ချက်ချင်းပင် ပြေးသွားကြလေသည်။ သို့သော်လည်း သူတို့အရှိန်က အဆင့် ၂ ဓမ္မရတနာထက် မြန်နိုင်မှာတဲ့လား။
ဒိုင်းကာကို ဖျက်ဆီးပြီးသည့်နောက်မှာတော့ ဟွားတောက်ကျန်၏ အဆင့် ၂ ဓမ္မရတနာသည် ယန်ကျင်းယွမ်၏ရှေ့မှောက်တည့်တည့်သို့ ရောက်ရှိသွားလေသည်။ ယန်ကျင်းယွမ်၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်ရိပ်များ ထိုးတက်လာတော့သည်။ သို့သော်လည်း ထိုအခိုက်မှာပဲ ဓားချီတစ်ခုက ယန်ကျင်းယွမ်၏အသက်ကို ဇီဝိန်ချုပ်ပေးတော့မည့် အဆင့် ၂ဓမ္မရတနာပေါ်သို့ အသာအယာသက်ဆင်းလာခဲ့လေသည်။
ဒင်။
အဆင့် ၂ ဓမ္မရတနာသည် ချက်ချင်းဆိုသလိုပင် အလင်းရောင်မှိန်ဖျော့သွားကာ ဟွားတောက်ကျန်ဆီသို့ ပြန်လည်ပျံသန်းသွားခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဟွားတောက်ကျန်၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
ယန်ကျင်းယွမ်နှင့် အခြားလူများသည်လည်း အံ့ဩသွားခဲ့ကြသည်။ သူတို့က ဓားချီလာရာလမ်းကြောင်းသို့ မျက်လုံးပြူးမျက်စံပြူးများဖြင့် တပြိုင်တည်း လှမ်းကြည့်မိကြလေသည်။
“မင်းဘယ်သူလဲ။ ဘာလို့ ငါ့မိသားစုကိစ္စကို ဝင်ပါရတာလဲ။”
ဟွားတောက်ကျန်က ဆိုးရွားလှသည့်အမူအရာဖြင့် ပြောလိုက်သည်။
သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကတော့ သူ့ကိုလျစ်လျူရှုကာ ယန်ကျင်းယွမ်ဆီသို့သာ တန်းတန်းမတ်မတ်လျှောက်သွားလေသည်။
ယန်ကျင်းယွမ်ကလည်း ထိုအခြေအနေကိုမြင်ပြီး ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဦးညွှန်ဂါရဝပြုလိုက်ကာ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လိုက်သည်။
“ကျုပ်က ယန်ကျင်းယွမ်ပါ။ ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် စီနီယာတို့ကို ကျေးဇူးတင်ပါတယ်။”
ကျန်းချန်ရွှမ်က လက်ကိုယမ်းလိုက်ပြီး မေးလိုက်လေသည်။ “တစ်ခုလောက်မေးချင်လို့။ ဒီနေရာက ဘယ်နေရာလဲ။ ဟွားယွင်မြို့နဲ့ ဘယ်လောက်ဝေးသေးလဲ။”
ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ယန်ကျင်းယွမ်၏မျက်လုံးထဲ အံ့ဩရိပ်တချို့ဖြတ်ပြေးသွားသော်လည်း မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေလိုက်လေသည်။ “စီနီယာကြီး၊ ဒီနေရာက စုန့်ယန်ဈေးရဲ့ပိုင်နက်နယ်မြေထဲမှာပါ။
ဟွားယွင်မြို့က ဒီနေက တော်တော်ဝေးသေးတယ်။ ကီလိုမီတာ ၆သောင်း ၇သောင်းလောက်ပေါ့။”
ကျန်းချန်ရွှမ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အလယ်အဆင့် အဆင့် ၂ ရွှေသံချပ်ကာရုပ်သေး အဆောင်ကို ယန်ကျင်းယွမ်အားပေးလိုက်လေသည်။
“ဒီအဆောင်က အဆင့် ၂ ရွှေသံချပ်ကာရုပ်သေး အဆောင်ပဲ။ အသက်သွင်းလိုက်တာနဲ့ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်နဲ့ ယှဉ်နိုင်တဲ့ တိုက်ပွဲဝင်ရုပ်သေးတစ်ခုကို ဆင့်ခေါ်နိုင်တယ်။ ကြာချိန်ကတော့ ၅မိနစ်။
ငါ့မေးခွန်းကိုဖြေပေးတဲ့အတွက် အခကြေးအနေနဲ့ ယူလိုက်ပါ။”
“ဘာ..။ အဆင့်…. အဆင့် ၂ ရုပ်သေးအဆောင်လား။”
ကျန်းချန်ရွှမ်၏စကားကိုကြားပြီး ယန်ကျင်းယွမ်နှင့် ယန်မိသားစုဝင်များအားလုံး ထိတ်လန့်အံ့ဩသွားကြလေသည်။ ကမ္ဘာပေါ်တွင် ဒီလို အဆင့် ၂ အဆောင်တစ်ခုရှိသည်ဟုပင် တစ်ခါမှမကြားဖူးပေ။ ရုပ်သေးကိုဆင့်ခေါ်နိုင်သည့် ကြာချိန်က ၅မိနစ်သာဆိုသော်လည်း ဒါကတင် အလွန်အထင်ကြီးစရာကောင်းနေပြီးဖြစ်သည်။
“ဟမ်။”
ထိုအချိန်မှာပဲ ဟွားတောက်ကျန်နှင့် အခုလေးတင် ယန်ကျင်းယွမ်တို့ကို အနိုင်ကျင့်နေခဲ့သည့် နောက်တစ်ယောက်တို့သည် ရုတ်ချည်းပင် အဝေးသို့ ပျံပြေးသွားကြတော့သည်။ ကျန်းချန်ရွှမ် ထုတ်ဖော်ခဲ့သည့် အင်အားကို သုံးသပ်ကြည့်ရုံဖြင့် သေချာပေါက် သာမာန်မဟုတ်မှန်း သူတို့ခံစားမိလေသည်။
အခုတော့ ကျန်းချန်ရွှမ်က အဆင့် ၂ အဆောင်တစ်ခုကိုပါ ဘာမှမဟုတ်သလို ပေးပစ်လိုက်တာကြောင့် သူတို့စိတ်ထဲမှ သံသယမှာ ကြောက်လန့်မှုသို့ ကူးပြောင်းသွားတော့သည်။ ထို့ကြောင့် နည်းနည်းလေးမှပင် အချိန်မဆွဲနေရဲတော့ဘဲ ကျန်းချန်ရွှမ်တစ်ယောက် ယန်ကျင်းယွမ်နှင့် စကားပြောနေချိန်မှာပဲ ချက်ချင်း ပျံပြေးသွားကြခြင်းဖြစ်ပေသည်။
သို့သော်လည်း သူတို့ထွက်ပြေးဖို့ကြိုးစားခြင်းသည် ရွှေအမြုတေအဆင့်တစ်ယောက်၏ ရှေ့မှောက်တွင်တော့ အသုံးမဝင်သည့်အားထုတ်မှုတစ်ခုသာဖြစ်ပေသည်။ ရုတ်ချည်းဆိုသလို ဓားအလင်းတန်းတစ်ခုက လေထုကို ဖြိုခွင်းလာခဲ့သည်။
ထို့နောက် ချက်ချင်းပင် အဝေးကြီးသို့ ထွက်ပြေးသွားပြီးဖြစ်ကြသည့် ဟွားတောက်ကျန်နှင့် နောက်တစ်ယောက်တို့၏ ဦးခေါင်းများမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်ကို ယန်ကျင်းယွမ်တို့ ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ကြရလေသည်။ သူတို့၏အလောင်းများသည် မြေပြင်နှင့် ရိုက်မိပြီး ရွံ့တုံးများလို တစ်စစီပျံ့ကျဲသွားတော့သည်။
“အာ…” ယန်ကျင်းယန်နှင့် ယန်မိသားစုဝင်များ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချလိုက်မိကြသည်။
ဟွားတောက်ကျန့်ကို ဘာဓမ္မရတနာမှအသုံးမပြုဘဲ ဒီလောက် အလွယ်လေး သတ်နိုင်ဖို့ဆိုလျှင် ကျန်းချန်ရွှမ်တို့၏အဆင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ထက် များစွာ ပိုမြင့်နေလောက်ပေသည်။ သို့သော်လည်း သူတို့ ကျန်းချန်ရွှမ်ကို မေးမြန်းရန် ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ ကျန်းချန်ရွှမ်နှင့် သူ့ဘေးနားရှိအမျိုးသမီးတို့ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။
ဒါကြောင့် ဘာစကားမှပြောမနေတော့ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရပ်နေခဲ့သည့် နေရာသို့သာ တလေးတစားဖြင့် ဦးညွှတ်လိုက်ကြတော့သည်။ ထို့နောက် သူတို့သည်လည်း ဟွားတောက်ကျန်တို့ သေသွားသည့်နေရာသို့ အလျင်စလို သွားရောက်ခဲ့ကြလေသည်။ ထိုနေရာတွင် သူတို့ကောက်ယူနိုင်မည့် သိုလှောင်အိတ်နှစ်လုံး အဆင်သင့်ရှိလို့နေသည်။
ကျန်းချန်ရွှမ်အတွက် ထိုသိုလှောင်အိတ်များမှာ လိုချင်စရာမရှိသော်လည်း ယန်ကျင်းယွမ်တို့အတွက်တော့ တကယ့်ကိုပွပေါက်ကြီးတစ်ခုပင်။
ရက်အနည်းငယ်ကြာပြီးနောက်…
နောက်ဆုံးမှာတော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွားယွင်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။
ဟွားယွင်မြို့သည် ကျီဖုအဆင့်ဂိုဏ်းများ၊ မိသားစုများစွာရှိသည့် ယုနိုင်ငံနယ်စပ်ရှိ အကြီးမားဆုံးသော ကျင့်ကြံရေးမြို့တော်တစ်ခုဖြစ်ပေသည်။ မြို့အရှင် ကျူးကောထျန်းလုံသည် စစ်မှန်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကတော့ ထိုအချက်ကို ဂရုစိုက်မနေပေ။ သူတို့ ဤမြို့သို့လာရသည့် အကြောင်းအရင်းမှာ ဤနေရာရှိ နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုရန်သာဖြစ်သည်။
ယုနိုင်ငံ၏နယ်မြေအကျယ်အဝန်းမှာ ကန်းနန်ဒေသထက် အဆပေါင်းများစွာ ကြီးမားသည်ကို သိထားရမည်။ မြို့များကြားမှ အကွာအဝေးပင်လျှင် လွန်စွာဝေးကွာလှပေသည်။ ဟွားယွင်မြို့မှ ရတနာအသင်္ချေအင်မော်တယ်မြို့သို့ရောက်ရန်အတွက် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းနှင့်တောင်မှ နှစ်ဝက်ကျော် သို့မဟုတ် ထိုထက်မက အချိန်ယူရမည်ဖြစ်သည်။ ဒါကြောင့်ပဲ နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုတည်ရှိမှုသည် အလွန်မကိုမှ မရှိမဖြစ်လိုအပ်နေခြင်းဖြစ်ပေသည်။
နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုကို ခင်းကျင်းကာ ထိန်းသိမ်းရန် နှစ်စဉ်နှစ်တိုင်း လူအင်အားနှင့် အရင်းအမြစ်မြောက်မြားစွာ လိုအပ်သော်လည်း တစ်ချိန်တည်းမှာပဲ အစီရင်မှ ပြန်လည်ရှိလာသည့် အကျိုးအမြတ်များသည်လည်း အံ့ဩလောက်စရာကောင်းသည့် ကိန်းဂဏန်းကြီးတစ်ခုပင်ဖြစ်သည်။
လက်ရှိတွင်တော့ ကျန်းချန်ရွှမ်တို့စုံတွဲသည် မြို့ထဲရှိ နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ထိုနေရာကို စောင့်ကြပ်နေသည့် လူများမှာ အခြေခံတည်ဆောက်ခြင်း နဝမအဆင့်ကျင့်ကြံသူ နှစ်ဦးဖြစ်ပေသည်။
တစ်ယောက်ယောက် သူတို့ဘက်ကိုလာနေသည်အား မြင်လိုက်သည်နှင့် ထိုကျင့်ကြံသူနှစ်ဦးသည် သူတို့၏နတ်အာရုံကိုအသုံးပြုကာ သတိထား၍ စစ်ဆေးကြည့်ကြလေသည်။ တစ်ဖက်လူ၏အခြေအနေကို တွေ့ရှိလိုက်ရသည်နှင့် နှစ်ယောက်လုံး ထိတ်လန့်သွားကြတော့သည်။
သူတို့က အလေးအနက်မထားဘဲ မနေဝံ့ကြတော့ဘဲ ချက်ချင်းပင် တလေးတစားနှုတ်ဆက်လိုက်ကြသည်။
“စီနီယာတို့ကို နှုတ်ဆက်ပါတယ်။ စီနီယာတို့ နဂါးပုံရိပ်ယောင်မြို့တော်ကို သွားမလို့များလား။”
“နဂါးပုံရိပ်ယောင်မြို့တော်?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နားမလည်ဖြစ်သွားကြသည်။
ဒီတော့မှ ထိုစုံတွဲသည် အခုမှ ဟွားယွင်မြို့သို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်လောက်ကြောင်း သိသွားသည်နှင့် အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးသည် ချက်ချင်းပင် ရှင်းပြလာခဲ့လေသည်။
“စီနီယာတို့ သိပြီးသားဖြစ်မလားတော့ မသိပေမယ့် ဟွားယွင်မြို့တော်မှာက နဂါးပုံရိပ်ယောင်မြို့တော်နဲ့ အဖြူရောင်ဝင်ရိုးစွန်းမြို့တော်ကို သွားတဲ့ နေရာကူးပြောင်းခြင်းအစီအရင်နှစ်ခုပဲ ရှိပါတယ်။
အခု ကျွန်တော်တို့ တာဝန်ကျနေတဲ့နေရာကတော့ နဂါးပုံရိပ်ယောင်မြို့တော်ကို သွားတဲ့တစ်ခုပါ။
အဖြူရောင်ဝင်ရိုးစွန်းမြို့တော်ကိုသွားလို့ရမယ့် နေရာကူးပြောင်းခြင်းအစီအရင်ကတော့ အရှေ့ဘက်မှာရှိပါတယ်။”
“အဲ့လိုကိုး။”
သူတို့ရှင်းပြသည်များကို နားထောင်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နားလည်သွားကြသည်။ ကြည့်ရသည်မှာ ဟွားယွင်မြို့မှ ရတနာအသင်္ချေအင်မော်တယ်မြို့သို့ တိုက်ရိုက်ရောက်သည့် နေရာကူးပြောင်းခြင်းအစီအရင် မရှိသည့်ပုံပင်။
ကျန်းချန်ရွှမ်က ထိုအခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးကို မေးလိုက်လေသည်။
“ငါတို့က ရတနာအသင်္ချေအင်မော်တယ်မြို့ကိုသွားချင်တာ။ ဒါဆို နဂါးပုံရိပ်ယောင်မြို့နဲ့ အဖြူရောင်ဝင်ရိုးစွန်းမြို့ထဲက ဘယ်တစ်ခုကို အရင်သွားသင့်လဲ။”
ကျန်းချန်ရွှမ်၏စကားများကိုနားထောင်ပြီးနောက် အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးမှာ ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားတော့သည်။
အရပ်ပိုရှည်သည့် အခြေတည်အဆင့်ကျင့်ကြံသူက ပြန်ဖြေလာခဲ့သည်။ “စီနီယာတို့က ရတနာအသင်္ချေစည်းဝေးပွဲကိုတက်ဖို့အတွက် ရတနာအသင်္ချေအင်မော်တယ်မြို့ကို သွားချင်ကြတာလား။
ဒီလိုသာဆိုရင် အရင်ဆုံး နဂါးပုံရိပ်ယောင်မြို့တော်ကိုသွားပြီး အဲ့ကနေမှ အရှေ့မှော်ဝင်အင်မော်တယ်မြို့ကို ဆက်ပြီး နေရာကူးပြောင်းခြင်းအစီအရင်နဲ့ သွားရပါမယ်။
အဲ့ဒီကနေတဆင့် ရတနာအသင်္ချေအင်မော်တယ်မြို့ကို နေရာကူးပြောင်းခြင်းအစီအရင် ထပ်သုံးလို့ရပါတယ်။”
တစ်နည်းပြောရလျှင်တော့ သူတို့ ရတနာအသင်္ချေအင်မော်တယ်မြို့သို့ရောက်ရန် ကြားထဲတွင် မြို့နှစ်မြို့ကို ကူးဖို့လိုပေသေးသည်။
ထိုအထိသေချာနားလည်သွားပြီးနောက် ကျန်းချန်ရွှမ်က ချက်ချင်းပင် ထိုကျင့်ကြံသူနှစ်ဦးကို ပြောလိုက်လေသည်။
“ဒါဆို ငါတို့ နဂါးပုံရိပ်ယောင်မြို့တော်ကို အရင်သွားကြတာပေါ့။”
အရပ်ရှည်ရှည်ပိန်ပိန်နှင့် ကျင့်ကြံသူက ချက်ချင်းပင် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့။ နဂါးပုံရိပ်ယောင်မြို့တော်ကိုသွားခက တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၁၆၀၀ ကျပါတယ်။ နှစ်ယောက်ဆိုတော့ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၃၂၀၀ ပါ။”
“ဒီမှာ အားလုံးပေါင်း ဝိညာဉ်ကျောက်တုံး ၄၀၀၀ရှိတယ်။ ပိုတာကို မင်းတို့ယူလိုက်။ ငါတို့မေးတာကို ဖြေပေးတဲ့အတွက် အဖိုးအခပဲ။”
ကျန်းချန်ရွှမ်သည် သိုလှောင်အိတ်တစ်လုံးကို သာမာန်ကာလျှံကာ ပစ်ပေးလိုက်လေသည်။
ကျင့်ကြံသူနှစ်ဦးမှာ ဝမ်းသာသွားကြတော့သည်။ အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး ၈၀၀ တောင်ပိုတာကြောင့် သူတို့နှစ်ယောက် ညီတူညီမျှ ခွဲယူလိုက်လျှင် တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၄၀၀ စီရရှိကြလိမ့်မည်ဖြစ်သည်။
သူတို့လို အခြေတည်အဆင့်ကျင့်ကြံသူများအတွက်တော့ ဤသည်မှာ များပြားလှသည့်အပိုဝင်ငွေပင်ဖြစ်သည်။
မကြာခင်မှာပဲ..
ကျန်းချန်ရွှမ်တို့စုံတွဲသည် နေရာကူးပြောင်းခြင်း အစီအရင်ထဲတွင် ရပ်လိုက်ကြသည်။ အစီအရင်မှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူတို့၏ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
***