ရတနာအသင်္ချေအင်မော်တယ်မြို့၊ အသိတစ်ယောက်နှင့်တွေ့ဆုံခြင်း
Vol. 19 Ch. 364
နဂါးပုံရိပ်ယောင်မြို့တော်သို့ရောက်ရှိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အရှေ့မှော်ဝင်အင်မော်တယ်မြို့သို့သွားသည့် နေရာကူးပြောင်းခြင်းအစီအရင်ရှိရာသည် မြန်မြန်ဆန်ဆန်ပင် ဆက်သွားခဲ့သည်။
သို့သော်လည်း သူတို့ အရှေ့မှော်ဝင်အင်မော်တယ်မြို့သို့ရောက်ရှိသွားချိန်မှာတော့ ရတနာအသင်္ချေအင်မော်တယ်မြို့သို့သွားမည့် နေရာကူးပြောင်းခြင်းအစီအရင်သည် နောက်နှစ်ရက်နေမှ ဖွင့်မည်ဖြစ်ကြောင်း သိလိုက်ရသည်။ ဒါကြောင့် သူတို့ ထိုမြို့တွင် နှစ်ရက်ဆက်နေခဲ့ရသည်။
တတိယမြောက်နေ့တွင်တော့ နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးကာ ရတနာအသင်္ချေအင်မော်တယ်မြို့သို့ သွားခဲ့လေသည်။
ကမ္ဘာမြေစွမ်းအားမှလွတ်ကာ အနည်းငယ်ပေါ့ပါးသွားသည့် ခံစားချက်နှင့်အတူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ သူတို့ဦးတည်ရာနေရာဖြစ်သော ရတနာအသင်္ချေအင်မော်တယ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
ရတနာအသင်္ချေစည်းဝေးပွဲသို့ နီးကပ်လာ၍ဖြစ်မည် မြို့သည် ပုံမှန်ထက်ပင် ပို၍ သက်ဝင်လှုပ်ရှားနေခဲ့သည်။ လမ်းများထက်တွင် လူသားများဖြင့် ပြည့်နေသည်မှာ မျက်စိတစ်ဆုံးပင်ဖြစ်သည်။ အခုချိန်သည် ရတနာအသင်္ချေစည်းဝေးပွဲ တရားဝင်စတင်ရန် လေးလသာလိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနေနှင့် သူတို့တည်းခိုမည့်နေရာကို အရင်ဆုံး ရှာဖို့လိုအပ်ပေသည်။ လိုက်လံရှာဖွေကြည့်ပြီးနောက် သိပ်မဝေးသည့်နေရာတွင် အဆင့်မြင့်ယာယီလှိုင်ဂူတစ်လုံးကို ရှာတွေ့သွားခဲ့သည်။ ထိုလှိုင်ဂူအမျိုးအစားမျိုးသည် သူတို့နှစ်ဦး တပြိုင်တည်းကျင့်ကြံလျှင်ပင် လုံလောက်အောင် ထူထပ်သည့် ဝိညာဉ်ချီစွမ်းအင်များရှိပေသည်။
ပြီးခဲ့သည့်လများအတွင်း သူတို့နှစ်ဦးလုံး ခရီးတစ်လျှောက် သွားလာနေရင်းဖြင့် အလှုပ်ရှုပ်နေခဲ့ကြသည်။ သူတို့တွင် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး ၂လုံးရရှိထားသော်လည်း ထိုမှစွမ်းအင်များကို စုပ်ယူကာ အဆင့်တက်နိုင်ရန်အတွက် အချိန်မရှိခဲ့ပေ။ အခုတော့ သူတို့လည်း ရတနာအသင်္ချေအင်မော်တယ်မြို့သို့ ရောက်ရှိလာပြီဖြစ်ကာ အဆင့်မြင့်ဂူတစ်လုံးကိုလည်း ငှားရမ်းထားပြီးဖြစ်တာကြောင့် စတင်ကျင့်ကြံနိုင်ပြီဖြစ်သည်။
သို့သော်လည်း ထိုသို့မလုပ်ခင် အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ရှာတွေ့နိုင်ရန်အတွက် ရတနာအသင်္ချေအင်မော်တယ်မြို့ကို တစ်ချက်လောက် ပတ်ကြည့်ချင်မိကြသည်။
မကြာခင်မှာပဲ သူတို့နှစ်ဦး မြို့၏အကြီးဆုံးဆိုင်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းကို ရတနာအသင်္ချေစင်မြင့်ဟုခေါ်သည်။ ထိုစင်မြင့်၏ပိုင်ရှင်သည် ယုနိုင်ငံ၏ အုပ်ချုပ်သူ အင်အားစုကြီး သုံးခုဖြစ်သော ဓားဖုံးနန်းတော်၊ အခြေတည်ဝိညာဉ်အင်မော်တယ်မိသားစုဖြစ်သော ချောင်မိသားစုနှင့် မင်ကျန်းဂိုဏ်းများ အနက်မှ တစ်ခုဖြစ်သည်ဟုလည်း ပြောကြသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ဦး ရောက်ရှိလာသည်နှင့် ဆိုင်တာဝန်ခံသည် သတိအနေအထားဖြစ်သွားခဲ့သည်။ ထိုဆိုင်တာဝန်ခံသည် အသက်၄၀ ဝန်းကျင်ခန့်ရှိကာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးပင်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုမြင်သည်နှင့် သူက ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်ကာ အပြုံးဖြင့် နှုတ်ဆက်လာလေသည်။
“တာအိုမိတ်ဆွေတို့ မင်္ဂလာပါ၊ ကျုပ်က ဒီရတနာအသင်္ချေစင်မြင့်ရဲ့ လက်ရှိ ဆိုင်တာဝန်ခံ ရန်ခုံးမင်ပါ။
တာအိုမိတ်ဆွေတို့က အဝေးကလာကြတဲ့ဧည့်သည်တွေပဲဖြစ်ရမယ်။ တွေ့ရတာဝမ်းသာပါတယ်။”
တစ်ဖက်လူက သူတို့ကိုမြင်သည်နှင့် အဝေးကလာကြမှန်း ပြောနိုင်နေတာကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အနည်းငယ် အံ့ဩမိသွားကြလေသည်။
ရန်ခုံးမင်က ပြုံးရင်းဆက်ပြောလာခဲ့သည်။ “ကျုပ်ဘယ်လိုသိလဲဆိုပြီး အံ့ဩနေကြမယ်ထင်တယ်။ ကျုပ်က အဆင့်တူတာအိုမိတ်ဆွေအများစုကို အနည်းနဲ့အများ ရင်းနှီးထားတယ်လေ။ ခင်ဗျားတို့နှစ်ယောက်ကိုတော့ တစ်ခါမှမြင်ဖူးဘူး။ ဒါကြောင့် ခင်ဗျားတို့က အခုမှလာ အသစ်ရောက်လာကြတဲ့လူတွေလို့ ပြောနိုင်တာပါ။
ဒါနဲ့ စကားမစပ်၊ ခင်ဗျားတို့ ဒီမှာ ဘာလာရှာကြတာလဲ။”
ကျန်းချန်ရွှမ်က ပြောလိုက်လေသည်။ “ခင်ဗျားဆီမှာ လရောင်မြက်ပင်၊ ခရမ်းရောင်ညသစ်သီး နဲ့ ဝိညာဉ်သန့်စင်ပန်း ရှိလား။”
ကျန်းချန်ရွှမ်ရွတ်ပြလာသည့် ပစ္စည်းများကိုကြားပြီး ရန်ခုံးမင် အံ့ဩသွားမိလေသည်။ သူက တစ်ခုခုကို ခန့်မှန်းမိသွားသည့်ပုံရသော်လည်း ရှည်ရှည်ဝေးဝေး ဘာမှ မေးမလာခဲ့ပေ။ ထိုအစား သူက ခဏလောက်စဉ်းစားပြီးနောက်တွင် ပြန်ဖြေလာခဲ့သည်။
“ကျုပ်တို့ဆိုမှာ လောလောဆယ် လရောင်မြက်ပင်နဲ့ ခရမ်းရောင်ညသစ်သီးပဲရှိဦးမယ်။ ဝိညာဉ်သန့်စင်ပန်းကတော့ မရှိသေးဘူး။
ရှေးဦးဝိညာဉ်ပေါ်မှာ အသုံးပြုနိုင်တဲ့ စိတ်ဝိညာဉ်ပစ္စည်းမျိုးဆိုတာ အရမ်းရှားပါးတယ်လေ။
ကျုပ်တို့မှာ တခါတလေတော့ တစ်ခုလောက် ရှိတတ်ပေမယ့် မြန်မြန်ပဲ ရောင်းကုန်သွားတာ။”
“အဲ့လိုကိုး။” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သိသိသာသာပင် စိတ်ပျက်သွားပုံပေါ်လေသည်။
ဒီလိုဆိုင်အကြီးကြီးမှာပင် ဝိညာဉ်သန့်စင်ပန်းမရှိပါက သူတို့ တခြားနေရာများတွင် လှည့်ပတ်ရှာကြည့်လျှင်ပင် တွေ့နိုင်မည့်အခွင့်အရေးမှာ အလွန်ကိုမှ နည်းပါးသွားပြီဖြစ်သည်။
ချက်ချင်းပင် ကျန်းချန်ရွှမ်တို့သည် ရနေသည့် လရောင်မြက်ပင် ၂ပင် နှင့် ခရမ်းရောင်ညသစ်သီး ၂လုံးကို ဝယ်ယူလိုက်သည်။ လရောင်မြက်ပင်နှင့် ခရမ်းရောင်ညသစ်သီး နှစ်ခုလုံးသည် အဆင့် ၄ ဝိညာဉ်ပစ္စည်းများဖြစ်သော်လည်း ဈေးနှုန်းကတော့ အရမ်းဈေးမကြီးလှပေ။ အနည်းဆုံးတော့ သူတို့စုံတွဲ အပြည့်အဝတတ်နိုင်ပေသည်။
ပစ္စည်းနှစ်မျိုးပေါင်း စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၂သိန်း ကျပေသည်။
တချို့သော အဆင့်၃ စိတ်ဝိညာဉ်အထူးပစ္စည်းများဆိုလျှင်တောင် လရောင်မြက်ပင်နှင့် ခရမ်းရောင်ညသစ်သီးတို့ထက် များစွာတန်ဖိုးကြီးသည်ကိုတော့ သိထားရပေမည်။ ဥပမာအားဖြင့် ကျီဖုကျောက်စိမ်းနှင့် ခရမ်းရောင်ကောင်းကင်ဘုံဆေးလုံးတို့ပင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လရောင်မြက်ပင်နှင့် ခရမ်းရောင်ညသစ်သီးတို့ကို ဝယ်ယူပြီးနောက် ပြန်ကြတော့မည်ကို မြင်သည်နှင့် ရန်ခုံးမင်သည် ရုတ်တရက် သူတို့ကို လှမ်းခေါ်လိုက်သည်။
“ခဏလေးနေပါဦး။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နားမလည်နိုင်စွာ ပြန်လှည့်ကြည့်လာကြသည်။
ရန်ခုံးမင်က ပြုံးကာ ပြောလိုက်လေသည်။ “ခင်ဗျားတို့နှစ်ယောက် ဝိညာဉ်သန့်စင်ပန်းကို တကယ်လိုချင်နေတာဆိုရင် နောက်လေးလမှာ တရားဝင်စတင်မယ့် ရတနာအသင်္ချေစည်းဝေးပွဲနေ့ကျရင် လာကြည့်လိုက်ပါ။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အခုထိ နားမလည်နိုင်ဖြစ်နေကြသေးသည်ကို မြင်သော် ရန်ခုံးမင်က အရိပ်အမြွက်ပြနေသည်ကို ရပ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
“ဒီတစ်ခေါက် ရတနာအသင်္ချေစည်းဝေးပွဲက ကဏ္ဍနှစ်ခုခွဲထားတယ်လေ။ ခင်ဗျားတို့လည်း ဒီအကြောင်းကို သိလောက်မှာပါ။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပြန်မဖြေနိုင်သေးခင်မှာပဲ ရန်ခုံးမင်က ဆက်ပြောခဲ့သည်။ “ပထမအပိုင်းကတော့ ရတနာအသင်္ချေပစ္စည်းဖလှယ်ပွဲပဲ။
အဲ့ဒီအချိန်ကျရင် ချီသန့်စင်ခြင်းအဆင့်ကနေ အခြေတည်ဝိညာဉ်အဆင့်အတွက်ရယ်၊ ကျီဖုအဆင့်ကနေ ရွှေအမြုတေအဆင့်အတွက်ရယ်ဆိုပြီး အမျိုးမျိုးသောအဆင့်က ကျင့်ကြံသူတွေအတွက် ပစ္စည်းဖလှယ်ပွဲကျင်းပပေးလိမ့်မယ်။
ရွှေအမြုတေအဆင့်တွေအတွက် ပစ္စည်းဖလှယ်ပွဲကျင်းပပေးမယ့်နေရာကတော့ ဒီစင်မြင့်မှာပဲ။”
ရန်ခုံးမင်က သူတို့ကို စည်းဝေးပွဲရက်တရားဝင်စလျှင် ဤနေရာသို့ ပြန်လာကြည့်ရန်ခေါ်သည်မှာ အံံဩစရာမရှိတော့ပေ။
ကျန်းချန်ရွှမ်လည်း ချက်ချင်းပင် ရန်ခုံးမင်ကို ခေါင်းညိတ်ပြလိုက်လေသည်…
***