← Chapters

ရတနာအသင်္ချေအင်မော်တယ်မြို့၊ အသိတစ်ယောက်နှင့်တွေ့ဆုံခြင်း

Vol. 19 Ch. 365

ရတနာအသင်္ချေအင်မော်တယ်မြို့၊ အသိတစ်ယောက်နှင့်တွေ့ဆုံခြင်း

Vol. 19 Ch. 365

“နားလည်ပါပြီ။ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုင်တာဝန်ခံရန်။

ရတနာအသင်္ချေပစ္စည်းဖလှယ်ပွဲစတဲ့နေကျရင် ကျုပ်ရဲ့တာအိုကျင့်ကြံဖော်နဲ့အတူ ဒီကို မှတ်မှတ်ရရ ပြန်လာခဲ့ပါ့မယ်။”

ထို့နောက်မှာတော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လက်နှစ်ဖက်ကိုဆုပ်ကာ ရန်ခုံးမင်ကို နှုတ်ဆက်လိုက်ပြီး ရတနာအသင်္ချေစင်မြင့်မှ ပြန်ခဲ့ကြလေသည်။

အပြင်သို့ရောက်သည်နှင့် ကျန်းချန်ရွှမ်တို့စုံတွဲသည် သူတို့ငှားထားသည့်ဂူဆီသို့ ပြန်ရန် အလောမကြီးနေခဲ့ပေ။ ဝိညာဉ်သန့်စင်ပန်းမရှိတာကြောင့် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို ဆေးလုံးအဖြစ်သို့ သန့်စင်၍မှ မရနိုင်ဘဲ။

သူတို့အနေနှင့် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို တိုက်ရိုက်စားသုံးကာ ရွှေအမြုတေအလယ်အဆင့်သို့ရောက်အောင် ချိုးဖြတ်ကြည့်နိုင်သော်လည်း ထိုသို့စားလိုက်ခြင်းက အလွန်ဖြုန်းတီးရာကျပေသည်။

နည်းလမ်းလုံးဝမရှိတော့သည့် အခြေအနေမျိုးမှမဟုတ်လျှင် ကျန်းချန်ရွှမ်တို့အနေနှင့် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို တိုက်ရိုက်စားသုံးမည့် နည်းလမ်းကို ရွေးဖို့ရန် ရည်ရွယ်ချက်မရှိပေ။

လောလောဆယ်မှာတော့ သူတို့သည် ရတနာအသင်္ချေအင်မော်တယ်မြို့ကို ပတ်ကြည့်ရင်း သူတို့အတွက် အသုံးဝင်နိုင်မည့်ပစ္စည်းများရှိမရှိ လေ့လာကြည့်မည်ဖြစ်သည်။ သို့သော်လည်း နေ့တစ်ဝက်လောက် လျှောက်ပတ်ကြည့်ပြီးတာတောင်မှ သူတို့ သုံးနိုင်လောက်သည့် ပစ္စည်းတစ်ခုကိုမှ မတွေ့ခဲ့တာကြောင့် အလွန်ကိုမှ စိတ်ပျက်သွားကြရသည်။

ကျန်းချန်ရွှမ်တို့စုံတွဲ ပြန်တော့မည့်အချိန်မှာပဲ ရုတ်တရက် အသိအကျွမ်းတစ်ယောက်နှင့် ပက်ပင်းတိုးမိလေသည်။

သူမကတော့ ငွေရောင်ဝတ်စုံနှင့် ပြိုင်ဘက်ကင်းအလှလေးပင်ဖြစ်သည်။ သူမသည် ထိုနေ့တုန်းက ပင်လယ်ချောက်ကမ်းပါးများတွင် သူတို့နှင့်တွေ့ခဲ့သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်ပေသည်။ လက်ရှိတွင်တော့ ထိုအမျိုးသမီးကျင့်ကြံသူသည်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တွေ့သွားခဲ့ကာ သူတို့လိုပင် သူမလည်း မှင်သက်သွားလေသည်။ သူတို့အချင်းချင်း ရတနာအသင်္ချေအင်မော်တယ်မြို့တွင် ပြန်တွေ့ကြလိမ့်မည်ဟု လုံးဝမထင်ခဲ့ကြပေ။

“တာအိုရောင်းရင်းတို့ ကျွန်မတို့ ပြန်တွေ့ကြပြန်ပြီနော်။” ငွေရောင်ဝတ်စုံဝတ်အမျိုးသမီးက အရင်ဦးစွာ နှုတ်ဆက်လိုက်သည်။

သူမက ပြုံးရင်းဖြင့် ဆက်ပြောလာလေသည်။ “အဲ့ဒီနေ့တုန်းက ကျွန်မတို့ အလျင်စလို လမ်းခွဲခဲ့လိုက်ရတယ်။ အခုလို ထပ်ပြီးဆုံတွေ့ဖို့ ကံကြမ္မာဖန်လာမှတော့ တစ်နေရာရာမှာ ထိုင်ပြီး စကားခဏလောက် ပြောကြရင် မကောင်းဘူးလား။

ကျွန်မကပဲ အရင်စမိတ်ဆက်ပါရစေ၊ ကျွန်မက ကွမ်းရှင်းထင်းပါ။ ရှင်တို့နှစ်ယောက်ကိုရော ဘယ်လိုခေါ်ရမလဲ။”

ထိုနေ့တုန်းက ဒီအမျိုးသမီးအပေါ် အလွန်ကို အထင်ကြီးသွားခဲ့သည်ကိုတော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မငြင်းနိုင်ပေ။ သူတို့သုံးယောက် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးအတွက် တိုက်ခိုက်ခဲ့ကြသော်လည်း နတ်ဆိုးဘုရင်များနှင့် ရင်ဆိုင်ရချိန်တွင်လည်း တစ်စုတစ်စည်းတည်း အတူပြန်တိုက်ခဲ့ကြသည်။

အရေးအကြီးဆုံးအချက်ကတော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ပဲဖြစ်ဖြစ် ကွမ်းရှင်းထင်ပဲဖြစ်ဖြစ် သူတို့နှစ်ဖက်လုံး၏ အောက်ခြေစည်းကို ကိုင်ဆွဲထားကြကာ အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးများ ရရှိပြီးချိန်တွင် အချင်းချင်းလက်ထဲမှ လုယူခြင်းမျိုး မပြုလုပ်ကြပေ။ ဒါကပဲ ကွမ်းရှင်းထင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရင်းရင်းနှီးနှီးဆက်ဆံလာစေသည့် အဓိကအကြောင်းအရင်းပင်ဖြစ်သည်။

လက်ရှိတွင်တော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည်လည်း သူတို့ကိုယ်သူတို့ ပြန်လည်မိတ်ဆက်လာခဲ့လေသည်။ သူတို့၏ဇစ်မြစ်များအကြောင်းကိုတော့ နှစ်ဦးနှစ်ဖက်နားလည်စွာ မေးမြန်းခြင်းမရှိကြပေ။

ခဏကြာပြီးနောက်…

သူတို့သုံးဦးသည် ဝမ်လိုင်စားသောက်ဆိုင်ဟုခေါ်သော စားသောက်ဆိုင်ကြီးတစ်ခု၏ သီးသန့်ခန်းတစ်ခန်းထဲသို့ ရောက်ရှိလာခဲ့ကြသည်။

စားပွဲထိုးက စိတ်ဝိညာဉ်လက်ဖက်ရည်နှင့် သရေစာအချို့ကို ဧည့်ခံလာပြီးနောက် ကွမ်းရှင်းထင်က သူတို့နှစ်ယောက်ကို ပြုံးပြလာကာ မေးလိုက်လေသည်။

“တာအိုမိတ်ဆွေကျန်းနဲ့ တာအိုမိတ်ဆွေရှန်းတို့လည်း ဒီကို ရတနာအသင်္ချေစည်းဝေးပွဲမှာ ပါဝင်ဖို့ ရောက်လာတာမဟုတ်လား။”

ထိုမေးခွန်းကိုမေးလာချိန်တွင် ကျန်းချန်ရွှမ်တို့စုံတွဲသည် ဖုံးကွယ်မနေခဲ့ပေ။ တကယ်တော့ ဖုံးကွယ်နေစရာအကြောင်းလည်း မရှိပေ။ သူတို့က ခေါင်းညိတ်လိုက်သည်။

“တာအိုမိတ်ဆွေကွမ်းလည်း အတူတူပဲမဟုတ်လား။”

“ဟုတ်ပါတယ်။” ကွမ်းရှင်းထင် ခေါင်းညိတ်လိုက်သည်။

သူမက ဆက်ပြီးပြောလာလေသည်။ “ဒါဆို ဒီတစ်ခေါက် စည်းဝေးပွဲက ပစ္စည်းဖလှယ်ပွဲနဲ့ လေလံပွဲဆိုပြီး နှစ်ပိုင်းခွဲထားတာကို ရှင်တို့ သိလောက်မှာပေါ့။ ပြီးတော့ စံသခင်ကြီးရဲ့ ဟောပြောပွဲလည်းရှိတယ်လေ။”

“စံသခင်ကြီးရဲ့ ဟောပြောပွဲလား။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူတို့ ထိုအကြောင်းကို ကွမ်းရှင်းထင်ပြောမှ သိကြခြင်းဖြစ်သည်။ ထိုစကားသာ အမှန်ဆိုလျှင် ထိုအချိန်၌ လူတွေ ဘယ်လောက်တောင်မှ ပြည့်ကျပ်ပြီး သက်ဝင်နေလောက်မလဲဆိုသည်ကို သူတို့မြင်ယောင်ကြည့်၍ပင် ရလေသည်။ ပြီးပြည့်စုံသည့် အခြေတည်ဝိညာဉ်အဆင့် စံသခင်ကြီး၏ ဟောပြောပွဲမျိုးကို နားထောင်နိုင်မည့် အခွင့်အရေးမှာ ရှားပါးလှပေသည်။

အကယ်၍များ တက်ရောက်နိုင်ခဲ့သည်ဆိုလျှင် ဘယ်လောက်တောင်မှ ကံကောင်းလဲဆိုတာ သိလိုက်သင့်တယ်။

“ဘယ်အချိန်လဲဆိုတာ သိလား။” ကျန်းချန်ရွှမ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။

ကွမ်းရှင်းထင်က ခေါင်းညိတ်ကာ ပြောလာခဲ့သည်။ “သိတယ်။ နောက်လဝက်နေရင်ဖြစ်လိမ့်မယ်။ ဟောပြောပွဲလုပ်မယ့်နေရာကတော့ ရတနာအသင်္ချေအင်မော်တယ်မြို့ကနေ ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ဘန်ဒူရင်ပြင်မှာ။”

“တကယ်ပဲ မြို့ထဲမှာမဟုတ်ဘူးပေါ့။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့ဩသွားကြသည်။

အကယ်၍များ ကွမ်းရှင်းထင်သာ သူတို့ကို ဒီအကြောင်း မပြောပြလာခဲ့ပါက ဒီလိုရှားပါးလှသည့် အခွင့်ကောင်းကြီးတစ်ခုကို လွဲချော်သွားရနိုင်ပေသည်။ ထိုသို့တွေးလိုက်မိသည်နှင့် ကျန်းချန်ရွှမ်တို့ စုံတွဲသည် ချက်ချင်းပင် ထရပ်လိုက်ကာ လက်နှစ်ဖက်ဆုပ်ပြီး ကွမ်းရှင်းထင်ကို အလွန်လေးနက်သည့်အမူအရာဖြင့် ဦးညွှတ်လိုက်သည်။

“ဒီအကြောင်းပြောပြပေးတဲ့အတွက် တာအိုမိတ်ဆွေကွမ်းကို ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ဒီလိုအခွင့်အရေးမျိုးကို ကျုပ်တို့လင်မယား လွဲချော်သွားတော့မှာ။”

ကွမ်းရှင်းထင်က ချက်ချင်းပင် လက်ကိုယမ်းလိုက်သည်။ “အဲ့လောက်ကြီး အလေးအနက်မလုပ်ကြပါနဲ့။

ရှင်တို့အဆင့်အတန်းနဲ့ဆိုရင် ကျွန်မ သတိမပေးရင်တောင်မှ အနှေးနဲ့အမြန် သိလာကြမှာပဲကို။”

သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကတော့ ဘယ်သူနဲ့မှမသိသည့် ဒီလိုနေရာမျိုးတွင် သတင်းရှာဖွေစုဆောင်းဖို့ဆိုသည်က မလွယ်ကူမှန်း သိနေကြသည်။ ထို့ကြောင့် ကွမ်းရှင်းထင်ကို အလွန်ကျေးဇူးတင်မိကြကာ သူမ၏ကျေးဇူးကို အလေးအနက်ထားပြီး မှတ်သားထားလိုက်ကြတော့သည်။

“ဒါနဲ့…” ထိုအခိုက်မှာပဲ ရှန်းရူယန်က စကားစပြောလာလေသည်။

“ဘန်ဒူရင်ပြင်မှာ ဘယ်စံသခင်ကြီး တာအိုအကြောင်း ဟောပြောမှာလဲဆိုတာ တာအိုမိတ်ဆွေကွမ်း သိလား။”

ကျန်းချန်ရွှမ်သည်လည်း ထိုမေးခွန်းနှင့်ပတ်သတ်ပြီး အလွန်သိချင်နေလေသည်။ သူက ချက်ချင်းပင် ကွမ်းရှင်းထင်ကို လှမ်းကြည့်လိုက်သည်။

“ဓားဖုံးနန်းတော်ရဲ့ စံသခင်ကြီး ရွှမ်းယန်ဖြစ်မယ်။ ဒီစံသခင်ကြီးက တာအိုဟောပြောပွဲ တော်တော်များများကို လုပ်ပေးပြီး ဂျူနီယာတွေကို အထောက်အပံ့ပေးတယ်လေ။”

“တကယ် သူပေါ့။” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။

ထိုစံသခင်ကြီးရွှမ်းယန်သည် တခါတုန်းက လျန်နိုင်ငံကိုဝင်တော့မည့် ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ကို ကူညီတားဆီးပေးခဲ့ဖူးသည်အား သူတို့သိပေသည်။ ထိုပုဂ္ဂိုလ်ကြောင့်သာမဟုတ်လျှင် ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်သည် လျန်နိုင်ငံကို အမှုန့်ကြိတ်ပစ်လောက်ပေပြီ။

အတွင်းလူများကတော့ ထိုစံသခင်ကြီးကို ပေါင်းသင်းရခက်သူ၊ ကျိုးကြောင်းမဆီလျော်သူနှင့် စကားအထအနကောက်တတ်သူဟု ညွှန်းဆိုကြသည်။ ထိုပုဂ္ဂိုလ်၏ ကျေးဇူးတရားကို လက်ခံထားရသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်တော့ ထိုညွှန်းဆိုချက်များမှာ မမှန်ကြောင်း သိကြလေသည်။ ထိုစံသခင်ကြီးအကြောင်း သေချာသိကာ နားလည်သူများကတော့ သူ့အပေါ် ထိုကဲ့သို့အမြင်မျိုး ရှိကြလိမ့်မည်မဟုတ်ပေ။

ခဏကြာပြီးနောက်…

ကျန်းချန်ရွှမ်တို့စုံတွဲသည် ကွမ်းရှင်းထင်အား နှုတ်ဆက်လိုက်ကြသည်။ သူတို့မခွဲခွာကြခင် သူတို့နှစ်ယောက်က ကွမ်းရှင်းထင်ကို ထပ်ပြီး ကျေးဇူးတင်လိုက်ကြပြန်ကာ လဝက်နေလျှင် ဘန်ဒူရင်ပြင်သို့သွားပြီး ဟောပြောပွဲကို နားထောင်မည်ဟု ကတိပေးလိုက်သည်။

တစ်ချိန်တည်းမှာပဲ…

ဆေးလုံးတစ်ရာစင်မြင့်ဟုခေါ်သော ဆိုင်တစ်ဆိုင်တွင်…

လွန်ခဲ့သည့် သုံးနှစ်က ရှန်းကွမ်းမော်ဖန်းကို ရတနာအသင်္ချေအင်မော်တယ်မြို့သို့ ခေါ်လာခဲ့သည့် ရှန်းကွမ်းယုံရှန်းသည် ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်မှ ဖြတ်သွားသည့် လူနှစ်ယောက်ကိုကြည့်ပြီး သူ့မျက်လုံးများက ချက်ချင်းမည်းမှောင်လာခဲ့လေသည်။

ထိုလူများမှာ တခြားလူမဟုတ်ဘဲ အခုလေးတင် ကွမ်းရှင်းထင်နှင့် လမ်းခွဲလာသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင် ဖြစ်ပေသည်။ လမ်းပေါ်တွင် လူများစွာဖြင့် ပြည့်နေတာကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းကွမ်းယုံရှန်း၏အကြည့်ကို သတိမထားလိုက်မိကြပေ။

တစ်ဖက်မှာတော့ ရှန်းကွမ်းမော့ဖန်းသည် ရှန်းကွမ်းယုံရှန်း၏အမူအရာကို သတိပြုမိသွားတာကြောင့် ချက်ချင်းပင် သူ့အကြည့်လားရာအတိုင်း ဆေးလုံးတစ်ရာစင်မြင့်၏ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူ့အမူအရာသည်လည်း ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

“စတုတ္ထအဘိုးလေး၊ သူတို့က…”

“ဟုတ်တယ်။” ရှန်းကွမ်းယုံရှန်းသည် သူ့လက်ညှိုးကို နှုတ်ခမ်းပေါ် အသာတင်လိုက်ကာ ခေါင်းကို ယမ်းပြလိုက်သည်။ သူက အမူအရာဖြင့် ထိုနေရာသို့ ဆက်မကြည့်တော့ရန် အချက်ပြလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ရွှေအမြုတေအဆင့်တစ်ယောက်အနေနှင့် ရန်လိုသော သို့မဟုတ် မဖော်ရွေသောအကြည့်မှန်သမျှကို အလွယ်တကူ ခံစားသိရှိနိုင်ကြပေသည်။

ရှန်းကွမ်းယုံရှန်းသည်လည်း ၎င်းကို စဉ်းစားမိတာကြောင့် ရှန်းကွမ်းမော်ဖန်းကို ဆက်မကြည့်တော့ရန် ပြောလိုက်ခြင်းဖြစ်သည်။

ထိုလင်မယားနှစ်ယောက် သူတို့ငှားသည့် ဂူဆီသို့ ပြန်သွားသည့်နောက်တွင်မှ ရှန်းကွမ်းမော်ဖန်းသည် ရှန်းကွမ်းယုံရှန်းကို မေးနိုင်တော့သည်။

“စတုတ္ထအဘိုးလေး၊ ဒီလူနှစ်ယောက်က သတ္တမအဘိုးလေးကို သတ်ခဲ့တဲ့ တရားခံတွေမဟုတ်လား။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။”

ရှန်းကွမ်းယုံရှန်းသည် အတွေးများဖြင့် ခေါင်းကိုယမ်းရုံကလွဲ၍ မလုပ်နိုင်ခဲ့ပေ။

“အရမ်း အလောမကြီးနဲ့။ သူတို့အကြောင်းပိုသိရအောင် စုံစမ်းဖို့ ငါလူတစ်ယောက်လွှတ်လိုက်မယ်။ ဒီရတနာအသင်္ချေအင်မော်တယ်မြို့မှာ သူတို့ကို ကူညီပေးမယ့်လူ တစ်ယောက်ယောက်များ ရှိမလားဆိုတာကိုပေါ့။

သူတို့အခြေအနေကို သေချာသိပြီးတော့မှ နောက်ဆက်ပြီး ဘာလုပ်ကြမလဲဆိုတာ အစီအစဉ်ဆွဲကြမယ်။”

***

All Chapters