စံသခင်ကြီး၏ဟောပြောပွဲ (၂)
Vol. 19 Ch. 367
“ပုံမှန်အားဖြင့်ဆိုရရင်တော့ ရွှေအမြုတေရဲ့အရည်အသွေးကို အဆင့်၉ဆင့် ခွဲခြားနိုင်တယ်…
ပထမအဆင့်က တတိယအဆင့်ကို အဆင့်နိမ်ရွှေအမြုတေ၊ အဆင့်လေးကနေ အဆင့်ခြောက်အထိကိုတော့ အလယ်အဆင့်ရွှေအမြုတေ၊ အဆင့် ခုနှစ်ကနေ အဆင့် ကိုးအထိကိုတော့ အဆင့်မြင့် ရွှေအမြုတေဆိုပြီးခွဲတယ်။
အလယ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် ရွှေအမြုတွေကို သိပ်သည်းနိုင်မှာသာလျှင် အနာဂါတ်မှာ အခြေတည်ဝိညာဉ်ကို သန့်စင်ဖို့ဆိုတာ ဖြစ်နိုင်မယ်။
အဆင့်နိမ့်ရွှေအမြုတေတွေကတော့ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် နတ်ဘုရားက အခွင့်အရေးပေးလာရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင်တော့…”
စံသခင်ကြီးရွှမ်းယန်သည် ကျန်သည့်အပိုင်းကို ဆက်မပြောသော်လည်း ရှိနေသည့်လူတိုင်းကတော့ သူဘာကိုဆိုလိုချင်လည်း နားလည်ကြပေသည်။
“တစ်ခုလောက်မေးလို့ရမလား၊ စံသခင်ကြီး..”
ထိုအချိန်မှာပဲ တစ်ယောက် ထပ်ရပ်လာကာ တလေးတစားဖြင့် မေးလိုက်သည်။
“နဝမအဆင့်ထက် ပိုပြီးကောင်းတဲ့ ရွှေအမြုတေရောရှိပါသလား။”
စံသခင်ကြီးရွှမ်းယန်က အသေအချာကို ခေါင်းယမ်းလိုက်လေသည်။ “မရှိဘူး။
နဝမအဆင့်ရွှေအမြုတေက ဂိတ်ဆုံးပဲ။
တခါတည်း ငါမင်းကို အကြံပေးလိုက်ချင်တာကတော့ မတည်ရှိတဲ့အရာတွေကို မတပ်မက်ပါနဲ့။ အဲ့ဒါက မင်းအတွက် ဘေးဥပါဒ်ကိုပဲ ဆောင်ယူလာပေးလိမ့်မယ်။
အဲ့ဒီအချိန်ကျရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး။”
ထိုသတိပေးချက်မှာ ကြမ်းတမ်းလှကာ ကျင့်ကြံသူများစွာ၏အမူအရာတို့မှာ ဖြူဖျော့ကုန်တော့သည်။ သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကတော့ စံသခင်ကြီးရွှမ်းယန်၏စကားထဲတွင် တစ်ခုခုရှိနေလိမ့်မည်ဟု ခံစားမိလေသည်။ သူ့အနေနှင့် ပြောဖို့ အဆင်မပြေတာ ဒါမှမဟုတ် မပြောချင်တာမျိုး ဖြစ်မည့်ပုံပင်။
တိုတိုပြောရလျှင်တော့ ရွှေအမြုတေအကြောင်းအပိုင်းမှာ ပြီးဆုံးသွားခဲ့သည်။
နောက်ဆက်ပြီး ရွှေအမြုတေအဆင့်မှာ ကျင့်ကြံရာတွင် အလေးထားသည့်သည့် အကြောင်းအရာအချို့အပြင် ထိုသို့ကျင့်ကြံနေစဉ်အတွင်း ထိုလူ၏ကျင့်ကြံခြင်းလမ်းကြောင်းမှ သွေဖယ်မသွားအောင် မည်သို့ပြုလုပ်ရမည်အကြောင်းကို ပြောသွားခဲ့သည်။
ထိုအသိပညာများမှာ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် တခြားသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက် အလွန်ကိုမှ အသုံးဝင်လေသည်။
လူတိုင်းက အလေးအနက်အာရုံထားကာ နားထောင်နေခဲ့ကြသည်။
မသိလိုက်မသိဘာသာဖြင့်ပင် နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့ပြန်သည်။
ထိုအချိန်မှာတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသာ ကျန်ရစ်ခဲ့တော့သည်။
ကျီဖုအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူများကတော့ မမြင်နိုင်သော စွမ်းအားတစ်ရပ်က သူတို့ကို အဝေးသို့တွန်းပို့လိုက်သည်မှာ ကြာပြီဖြစ်သည်။ ပြောရလျှင် ရွှေအမြုတေအဆင့်နှင့်ပတ်သတ်သည့် အကြောင်းအရာများသည် အလွန်ကိုမှ နက်နဲလှသည်။ ထိုအဆင့်အောက် ကျင့်ကြံသူများသာ ၎င်းတို့ကို စောစီးစွာထိတွေ့မိပါက သူတို့အတွက် ကောင်းတာ ဘာမှမရှိပေ။ ထို့အပြင် ပွင့်ပွင့်လင်းလင်းပြောရလျှင်တော့ သူတို့တွင် ထိုအကြောင်းအရာများကို နားထောင်ဖို့ အရည်အချင်းမပြည့်မီသေးပေ။
ထိုအချိန်မှာပဲ စံသခင်ကြီးရွှမ်းယန်က ထပ်ပြောလာခဲ့လေသည်။
“နောက်ဆက်ပြီး အမြုတေကနေ အခြေတည်ဝိညာဉ်ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သတ်ပြီး နည်းနည်းလောက်ပြောပြပေးမယ်။
ဒါက မင်းတို့အတွက် အကူအညီဖြစ်လောက်မှာပါ။
အထူးသဖြင့် အနာဂါတ်လမ်းကြောင်းကို ရွေးချယ်တဲ့အခါမှာပေါ့…”
ထို့နောက် စံသခင်ကြီးရွှမ်းယန်က အမြုတေမှ အခြေတည်ဝိညာဉ်သို့ပြောင်းလဲသည့်အကြောင်း အားလုံးကို ပြောပြာလာခဲ့သည်။
ထိုဖြစ်စဉ်သည် အခြေတည်ဝိညာဉ်သို့ဝင်ရောက်မည်ဆိုလျှင် သူတို့၏ရွှေအမြုတေကို အရင်ဆုံးချိုးဖြတ်ဖို့လိုသည်ဟု တချို့လူများ တွေးထားသလို မဟုတ်ပေ။ အခြေတည်ဝိညာဉ်အဆင့်ကိုရောက်ရှိရန်မှာ တကယ်တော့ ရွှေအမြုတေကို ထိုကျင့်ကြံသူ၏ ရှေးဦးဝိညာဉ်ပုံစံအတိုင်း တဖြည်းဖြည်းပြောင်းလဲစေရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပေသည်။ ထို့အပြင် အခြေတည်ဝိညာဉ်ကို ကောင်းကင်ဘုံ၊ မြေကမ္ဘာ၊ အနက်ရောင်နှင့် အဝါရောင်ဟူ၍ အဆင့်များစွာခွဲထားသေးသည်။
ကောင်းကင်ဘုံအဆင့်အခြေတည်ဝိညာဉ်သည် အမြင့်ဆုံးဖြစ်ကာ အဝါရောင်အဆင့် အခြေတည်ဝိညာဉ်ကတော့ အနိမ့်ဆုံးဖြစ်သည်။
အကြမ်းအားဖြင့်ပြောရလျှင်တော့ အဆင့်နိမ့်နှင့် အလယ်အဆင့်ရွှေအမြုတေများသည် အများဆုံး အနက်ရောင်အဆင့် အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်သော်လည်း ဖြစ်နိုင်ချေအရှိဆုံးရလဒ်ကတော့ အဝါရောင်အဆင့်သာ ဖြစ်ပေလိမ့်မည်။
မင်းရဲ့ရွှေအမြုတေက သတ္တမအဆင့်ကိုရောက်မှသာလျှင် မြေကမ္ဘာအဆင့်အခြေတည်ဝိညာဉ်ကို သိပ်သည်းဖို့ အခွင့်အရေးရှိလိမ့်မည်ဖြစ်သည်။
နဝမအဆင့်ရွှေအမြုတေသာရှိလျှင်တော့ မြေကမ္ဘာအဆင့်အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်မည့် အခွင့်အရေးမှာ ၈၀ရာခိုင်နှုန်းအထိ ရှိပေလိမ့်မည်။
“စံသခင်ကြီး၊ ကောင်းကင်ဘုံအဆင့် အခြေတည်ဝိညာဉ်ဆိုရင်ရော ရွှေအမြုတေက ဘယ်အဆင့်အထိရောက်နေဖို့လိုလဲဆိုတာကို မေးကြည့်လို့ရမလား။”
ရုတ်တရက် တစ်ယောက် မေးခွန်းထုတ်လာခဲ့သည်။
လူတိုင်းကလည်း သူတို့နားများကို ချက်ချင်းပင် အမြင့်ဆုံးထောင်ထားလိုက်ကြတော့သည်။
သူတို့သည်လည်း အကောင်းဆုံးအခြေတည်ဝိညာဉ်ကို ဘယ်လိုသိပ်သည်းရမလဲဆိုတာနဲ့ ပတ်သတ်ပြီး သိချင်နေကြသည်မှာ အသိအသာပင်။
စံသခင်ကြီးရွှမ်းယန်က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပြန်ဖြေလာခဲ့သည်။
“မင်းသာ ကောင်းကင်ဘုံအဆင့် အခြေတည်ဝိညာဉ်ကို သိပ်သည်းချင်ရင် အရင်ဆုံး မူလချီကို ရှာဖို့လိုအပ်တယ်။”
“မူလချီ?”
လူတော်တော်များများ၏မျက်နှာများပေါ်တွင် စိတ်ရှုပ်ထွေးသည့်အမူအရာများ ပေါ်လာခဲ့ကြသည်။ ထို မူလချီ ဟုခေါ်သောအရာကို သူတို့ ဘယ်တုန်းကမှ မကြားဖူးကြပေ။
စံသခင်ကြီးရွှမ်းယန်က ရှင်းပြလာခဲ့သည်။
“မူလချီဆိုတာ ကောင်းကင်နဲ့မြေကြီး အပြန်အလှန်အကျိုးသက်ရောက်တဲ့အချိန် နှစ်ခြောက်ဆယ်တိုင်းမှာ အာဟာရသိပ်သည်းလာတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ချီပဲ။
ဒီအရာကို မင်းရဲ့အခြေတည်ဝိညာဉ်ထဲမှာ လောင်ကျွမ်းစေတာကပဲ မင်းရဲ့ရှိရင်းစွဲ အလားအလာရဲ့ ကန့်သတ်ချက်ကို ချိုးဖြတ်ပြီး ကောင်းကင်ဘုံအဆင့် အခြေတည်ဝိညာဉ်ကို ရရှိစေနိုင်တယ်။”
ထိုအချက်အရောက်တွင် စံသခင်ကြီးရွှမ်းယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည့်အလား သူ့ခေါင်းကို ယမ်းကာ သက်ပြင်းချလိုက်သည်။
လူများစွာမှာ ထိုအချင်းအရာကြောင့် စိတ်ရှုပ်ထွေးသွားကြလေသည်။
သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လို အကဲခတ်တော်သူများကတော့ စံသခင်ကြီးရွှမ်းယန် သက်ပြင်းချလိုက်ရာကနေပြီး တစ်စုံတစ်ခုကို သိလိုက်နိုင်လေသည်။ စံသခင်ကြီးရွှမ်းယန် မပြောနိုင်သည့် ဒါမှမဟုတ် ပြောဖို့ မသင့်တော်သည်ကို သိသွားတာမျိုး ဖြစ်ပုံရလေသည်။
သို့သော်လည်း စံသခင်ကြီးရွှမ်းယန်သည် ထိုအကြောင်းအရာကို အသေးစိတ်မဖော်ပြဘဲ အဓိကခေါင်းစဉ်အကြောင်းကိုသာ ဆက်ပြောလာခဲ့သည်။
“ကောင်းကင်ဘုံအဆင့် အခြေတည်ဝိညာဉ်တစ်ခုသိပ်သည်းဖို့အတွက် အရေးအကြီးဆုံး အခြေအနေတစ်ရပ်ကတော့ မူလချီကို ပိုင်ဆိုင်ထားဖို့ပဲ။
အဲ့ဒါအပြင်ကို နောက်ထပ် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတစ်ခုလည်း ရှိသေးတယ်။”
ဤတစ်ခေါက်တွင်တော့ ဘယ်သူကမှ မမေးနိုင်သေးခင် စံသခင်ကြီးရွှမ်းယန်က ထပ်ပြောလာခဲ့သည်။
“အဲ့ဒါကတော့ မင်းလိုက်စားနေတဲ့ တာအိုကို နားလည်ဖို့ပဲ…”
***