← Chapters

စည်းဝေးပွဲစတင်ပြီ၊ ဝိညာဉ်သန့်စင်ပန်း

Vol. 19 Ch. 369

စည်းဝေးပွဲစတင်ပြီ၊ ဝိညာဉ်သန့်စင်ပန်း

Vol. 19 Ch. 369

နေခဲ့ဖို့အခေါ်မခံရသူများကတော့ ကျန်းချန်ရွှမ်တို့ကို မနာလိုစွာ စိုက်ကြည့်လာကြသည်။ စံသခင်ကြီးရွှမ်းယန်ထံမှ ကိုယ်တိုင်ရွေးချယ်ခံရကာ သီးသန့်မေးခွန်းများ မေးနိုင်သည့်အခွင့်အရေးမှာ လူတော်တော်များများအတွက် သူတို့ဘဝတစ်လျှောက်လုံးတွင်တောင်မှ မရနိုင်သည့် အခွင့်ကောင်းမျိုးဖြစ်ပေသည်။

ကျန်းချန်ရွှမ်တို့လည်း အတော်လေး ဝမ်းသာသွားကြလေသည်။

စံသခင်ကြီးရွှမ်းယန်ကို တလေးတစား ပြန်ဖြေပြီးနောက် တခြားလူများအကုန်ထွက်သွားသည်ကို စောင့်ကာ သူတို့စိတ်ထဲမရှင်းလင်းသည့်မေးခွန်းတချို့ကို တစ်ယောက်ပြီးတစ်ယောက် စံသခင်ကြီးရွှမ်းယန်ထံသို့သွားကာ မေးမြန်းခဲ့ကြသည်။

စံသခင်ကြီးရွှမ်းယန်ကလည်း စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားပေးခဲ့လေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အလှည့်ရောက်လာချိန်မှာတော့ စံသခင်ကြီးသည် ရှားရှားပါးပါး ပြုံးလာခဲ့လေသည်။ သူက သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြောလာခဲ့သည်။

“ကန်းနန်ဒေသရဲ့ လျန်နိုင်ငံက မိတ်ဆွေလေးနှစ်ယောက်ပဲ၊ ငါမင်းတို့ကို သိတယ်။”

ထိုသို့ပြောလိုက်သည်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို သတိကပ်သွားစေသည်။ စံသခင်ကြီးရွှမ်းယန်က သူတို့ကို ဘယ်လိုလုပ်မှတ်မိနေလဲဆိုတာ သူတို့မသိကြသည်မှာ ရှင်းလှသည်။

စံသခင်ကြီးရွှမ်းယန်က ပြောလာလေသည်။ “မင်းတို့မှာ ဘာမေးခွန်းတွေများရှိလဲ သိချင်မိသား။”

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

ထို့နောက် ကျန်းချန်ရွှမ်က စကားမပြောခင် သူတို့နှစ်ယောက်လုံး စံသခင်ကြီးရွှမ်းယန်ကို တရိုတသေ ဦးညွှတ်လိုက်သည်။

“စံသခင်ကြီး၊ နဝမအဆင့်ထက်ပိုမြင့်တဲ့ ရွှေအမြုတေအဆင့်ရှိသေးလား။”

“ရှိတာပေါ့။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့ဩသွားကြသည်။

စံသခင်ကြီးရွှမ်းယန်သည် ကျန်းချန်ရွှမ်၏မေးခွန်းကို ကြားလိုက်သည်နှင့် သူက ချက်ချင်းပင် အဖြေတစ်ခုပေးလာခဲ့လေသည်။

စံသခင်ကြီးရွှမ်းယန်က ပြုံးလိုက်ပြီး ဆက်ပြောလာခဲ့သည်။

“ငါ အစောကဟောပြောတုန်းကတော့ မရှိဘူးလို့ပြောပြီး အခုတော့ လုံးဝဆန့်ကျင်ဘက် အဖြေမျိုးပေးလာတဲ့အတွက် ထူးဆန်းတယ်လို့ ထင်ကြတယ်မဟုတ်လား။”

ကျန်းချန်ရွှမ်တို့နှစ်ယောက် မဖြေနိုင်သေးခင်မှာပဲ စံသခင်ကြီးရွှမ်းယန်က ထပ်ပြောလာလေသည်။

“ငါ လူတိုင်းကို ဒီလိုဖြေလိုက်ရတာက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှာ သာမာန်လူတွေအတွက် ရွှေအမြုတေ နဝမအဆင့်ကို ကျော်တက်ဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးဖြစ်တာကြောင့်ပဲ။

တကယ်လို့ သူတို့ ဖြတ်ကျော်နိုင်သွားခဲ့ရင်တောင်မှ ရောက်လာမယ့် ကောင်းကင်ဘုံအတိဒုက္ခကနေတော့ ရှင်သန်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့်ပဲ။ သူတို့ကို အဓိပ္ပါယ်မဲ့တဲ့ မျှော်လင့်ချက်တွေပေးမယ့်အစား လက်တွေ့ကျကျပြောလိုက်တာက ပိုကောင်းတယ်။”

ထိုစကားကိုကြားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏နှလုံးမှာ တစ်ချက်ခုန်လှုပ်သွားလေသည်။

သူတို့ ခန့်မှန်းထားသည့်အတိုင်းပါပင်။

လက်ရှိကျင့်ကြံရေးလောကထဲတွင် ရွှေအမြုတေ နဝမအဆင့်ကို ကျော်လွန်နိုင်မည့် မည်သည့်သက်ရှိကိုမှ ပေါ်ထွက်လာခွင့်ပြုမည်မဟုတ်ပေ။

စံသခင်ကြီးရွှမ်းယန်က ဆက်ပြီး ရှင်းပြလာခဲ့သည်။

“တကယ်တော့ အခုငါပြောလိုက်တဲ့ထဲမှာ မပါတာရှိသေးတယ်။ အဲ့ဒါက နဝမအဆင့်အထက်ရှိတဲ့ ရွှေအမြုတေကို သိပ်သည်းနိုင်တဲ့လူတွေက ကောင်းကင်ဘုံအခြေတည်ဝိညာဉ်ကို သန့်စင်နိုင်မယ့် အခွင့်အရေး ၉၀ရာခိုင်နှုန်းနီးပါးရှိတယ်။

ဒီအကြောင်းပြောတုန်းက ငါသက်ပြင်းချလိုက်ရတာက ဘာကြောင့်လဲဆိုတော့ ဒီလက်ရှိ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကထဲမှာ ရွှေအမြုတေ နဝမအဆင့်ကို ကျော်တက်နိုင်မယ့်လူ တကယ်ကို မရှိသလောက်ဖြစ်တာကြောင့်ပဲ။

ဒီလိုအခြေအနေနဲ့၊ ကောင်းကင်ဘုံအခြေတည်ဝိညာဉ်ကို သန့်စင်တာက ငါတို့ရောက်နိုင်တဲ့ နောက်ဆုံးကန့်သတ်ချက်ဖြစ်နေပြီ။

ပြစ်ချက်ကင်းတဲ့အခြေတည်ဝိညာဉ်ကတော့… အဲ့ဒါက ဒဏ္ဍာရီထဲမှာပဲရှိတယ်။”

“ဒါကြောင့်ကိုး…”

ရုတ်တရက် စံသခင်ကြီးရွှမ်းယန်၏အမူအရာက အလွန်လေးနက်သွားလေသည်။ သူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုကြည့်ကာ အလေးအနက်ပြောလာခဲ့သည်။

“ဒီအနှစ်သာရကိုးပါးကျင့်ကြံရေးလောကထဲမှာ ရွှေအမြုတေ နဝမအဆင့်အထက်ရှိတဲ့လူတစ်ယောက် ထွက်ပေါ်လာတဲ့ ဆန်းကျယ်တဲ့ အဖြစ်အပျက်မျိုး တကယ်ပဲရှိလာခဲ့မယ်ဆိုရင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းရဲ့မိသားစုအပါအဝင် တတိယလူကို မသိစေနဲ့။

ဘာလို့ဆို ဒီဖြစ်တည်မှုကို မင်းရော ငါရောမသိတဲ့ ငါတို့ထက် စွမ်းအားပိုကြီးတဲ့ အင်အားစုတွေက တွေ့ရှိသွားတာနဲ့ ငါတို့အပေါ် ကြီးမားလှတဲ့ ဘေးကပ်ဆိုးတွေ ကျရောက်လာနိုင်လို့ပဲ။”

ကျန်းချန်ရွှမ်တို့စုံတွဲမှာ စံသခင်ကြီးရွှမ်းယန်ထံမှ ထိုကဲ့သို့သော စကားမျိုးကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ဒါက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကြီးရဲ့ လျှို့ဝှက်ချက်တစ်ခုလို့တောင်မှ ယူဆနိုင်ပေသည်။

ဒါက သူတစ်ခုခုကို ခန့်မှန်းမိနေပြီးသားလို့ ဆိုလိုချင်တာမဟုတ်ဘူးလား။

ထိုအကြောင်းကို ဆက်မမေးကြတော့ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်ကို သူ့ကိုဦးညွှတ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။

“အခုလိုသင်ပြပေးတဲ့အတွက် စံသခင်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ သေချာ မှတ်ထားလိုက်ပါ့မယ်။”

“ကောင်းတယ်။ ကောင်းတယ်။” စံသခင်ကြီးရွှမ်းယန်က ခေါင်းညိတ်လိုက်သည်။

ထိုစုံတွဲက စံသခင်ကြီးရွှမ်းယန်ကို သေချာနှုတ်ဆက်လိုက်ပြီးနောက် တစ်ဖက်ခြမ်းတွင် စောင့်နေသည့် ကွမ်းရှင်းထင်နှင့် သွားတွေ့လိုက်သည်။ ကွမ်းရှင်းထင်က ချက်ချင်းပင် သူတို့ကို ပြုံးပြလာကာ မေးလိုက်လေသည်။

“ဘယ်လိုလဲ။ စီနီယာရွှမ်းယန်ရဲ့ သီးသန့်လမ်းညွှန်ချက်နဲ့ဆိုရင် ရှင်တို့ အများကြီးသင်ယူနိုင်ခဲ့ကြမှာပေါ့။ ဟုတ်တယ်မလား။”

ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ “ဒါတွေအားလုံး ဒီဟောပြောပွဲရှိတဲ့အကြောင်း ပြောပြပေးခဲ့တဲ့ မင်းရဲ့ကျေးဇူးကြောင့်ပါပဲ။

မဟုတ်ရင် ကျုပ်ဇနီးနဲ့ကျုပ်လည်း ဒီလောက်ဉာဏ်အလင်းပွင့်နိုင်ခဲ့မှာမဟုတ်ဘူး။”

မကြာခင်မှာပဲ သုံးယောက်သားသည် ရတနာအသင်္ချေအင်မော်တယ်မြို့သို့ ပြန်လာခဲ့ကြလေသည်။

တစ်လကြာပြီးနောက် …

ရတနာအသင်္ချေစည်းဝေးပွဲကြီး တရားဝင် စတင်ခဲ့လေသည်။

ဤနေ့မျာတော့…

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရတနာအသင်္ချေစင်မြင့်သို့ ဝင်လိုက်သည်နှင့် သူတို့ထက်အရင် ရောက်ရှိနေသည့် ကွမ်းရှင်းထင်ကို တွေ့လိုက်ရလေသည်။

အခုချိန်မှာတော့ သူမဘေးတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပါ ရှိနေခဲ့သည်။

“တာအိုမိတ်ဆွေကျန်း၊ တာအိုမိတ်ဆွေရှန်း၊ ရှင်တို့ ရောက်ပြီပေါ့။”

ကွမ်းရှင်းထင်က ချက်ချင်းပင် ပြုံးလိုက်ကာ သူမဘေးရှိ အမျိုးသားနှင့် အမျိုးသမီးကို အရင်ဦးစွာ မိတ်ဆက်ပေးလာခဲ့သည်။

“ဒီတာအိုမိတ်ဆွေနှစ်ယောက်လုံးက မီးတိမ်တိုက်ဂိုဏ်းက အထွတ်အထိပ်အဆင့် အကြီးအကဲတွေဖြစ်တဲ့ ယွင်ရှင်းခုံးနဲ့ ချိုးဝမ်ကျူးလေ…”

***

All Chapters