← Chapters

စည်းဝေးပွဲစတင်ပြီ၊ ဝိညာဉ်သန့်စင်ပန်း (၂)

Vol. 19 Ch. 370

စည်းဝေးပွဲစတင်ပြီ၊ ဝိညာဉ်သန့်စင်ပန်း (၂)

Vol. 19 Ch. 370

“သူတို့ကလည်း တာအိုကျင့်ကြံဖော်တွေပဲ။”

ကွမ်းရှင်းထင်ပြောလာသည့် မီးတိမ်တိုက်ဂိုဏ်းဆိုသည်မှာ ယုနိုင်ငံရှိ အလယ်အလတ်တန်းစား ရွှေအမြုတေဂိုဏ်းတစ်ခုဖြစ်သည်။ ထိုဂိုဏ်းတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ စုစုပေါင်း ရှစ်ဦးရှိပေသည်။

ကန်းနန်ဒေသမှာဆိုလျှင်တော့ ထိုသို့သောဂိုဏ်းမျိုးမှာ သေချာပေါက် လွှမ်းမိုးနိုင်စွမ်းအမြင့်ဆုံးအဖြစ် ရပ်တည်နေမည်ပင်။ “တာအိုမိတ်ဆွေယွင်၊ ဝမ်ကျူး၊ ဒါက ကျွန်မ အစောတုန်းက ပြောခဲ့တဲ့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်လေ။”

ထိုအချိန်မှာပဲ ကွမ်းရှင်းထင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ယွင်ရှင်းခုံးနှင့် ချိုးဝမ်ကျူးထံ မိတ်ဆက်ပေးလာခဲ့သည်။

နှစ်ဦးနှစ်ဖက်လုံး အချင်းချင်းနှုတ်ဆက်လိုက်ကြပြီးသည့်နောက် သူတို့ငါးယောက်အဖွဲ့သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက် ပစ္စည်းဖလှယ်ပွဲကျင်းပမည့် ရတနာအသင်္ချေစင်မြင့်၏ ထိပ်ဆုံးအလွှာသို့ တက်သွားခဲ့ကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြပြီး ဤနေရာတွင် ရွှေအမြုတေအဆင့် အယောက် တစ်ရာမှ နှစ်ရာအထိပင် ရောက်နေကြပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ရွှေအမြုတေအဆင့်ကျင့်ကြံသူ အရေအတွက်မှာ တရိပ်ရိပ်ဆက်တိုးလာခဲ့လေသည်။

ထိုအခိုက်အတန့်မှာပဲ ရတနာအသင်္ချေစင်မြင့်၏ တာဝန်ခံ ရန်ခုံးမင်က ရောက်လာကာ အားလုံးကို ပြုံးပြလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကိုဆုပ်ကာ နှုတ်ဆက်လာလေသည်။ “အားလုံးပဲ၊ ရတနာအသင်္ချေစည်းဝေးပွဲကို လာရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

စည်းမျဉ်းတွေအရ၊ ခင်ဗျားတို့ လဲလှယ်ချင်တဲ့ရတနာတွေကို ပြသဖို့အတွက် စင်ပေါ်ကို တက်လာနိုင်တယ်။

အခုတော့ ပစ္စည်းဖလှယ်ပွဲရဲ့တင်ဆက်သူတစ်ယောက်အနေနဲ့ ကျုပ်ကပဲ အခမ်းအနားကိုစဖွင့်ပြီး ကျုပ်ဆီမှာ ခင်ဗျားတို့လိုချင်တဲ့ပစ္စည်းရှိမလားဆိုတာ ကြည့်လိုက်ကြတာပေါ့။”

ထိုသို့ပြောပြီးနောက် ရန်ခုံးမင်သည် သူ့လက်ကိုမှောက်လိုက်ကာ တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။ နောက်တစ်ခဏမှာပဲ သူ့ရှေ့တွင် ပစ္စည်းလေးမျိုး ပေါ်ထွက်လာခဲ့သည်။

၎င်းတို့မှာ အဆင့်မြင့် အဆင့်၄ အကာအကွယ်အဆောင်၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဓမ္မစွမ်းအားကို နှစ်သုံးဆယ်စာ တိုးမြှင့်ပေးစေနိုင်သည့် ဆေးလုံးတစ်လုံး၊ အဆင့်၄အဖြစ်သတ်မှတ်ထားသော တိုက်ခိုက်ရေးနတ်စွမ်းအားတစ်ခု နှင့် အဆင့်မြင့် အဆင့်၄ တိုက်ခိုက်ရေးဓမ္မရတနာတစ်ခုတို့ဖြစ်ကြသည်။ ထိုပစ္စည်းလေးမျိုးလုံးတွင် တစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ အဖိုးတန်သည်ဟု ပြော၍ရပေသည်။

ထိုပစ္စည်းလေးမျိုးကိုကြည့်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူပေါင်း ၂၀၀ကျော်လောက်၏ မျက်လုံးများမှာ အရောင်တောက်လာကြလေသည်။

အဆုံးမှာတော့ ထိုပစ္စည်းလေးမျိုးကို ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးဦးမှ လဲလှယ်သွားခဲ့သည်။

ထိုသို့ဖြင့် ရွှေအမြုတေပစ္စည်းဖလှယ်ပွဲကို စတင်ခဲ့လေသည်။

ချက်ချင်းဆိုသလိုပင် အမျိုးမျိုးသော မိသားစုများနှင့် ဂိုဏ်းများမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကာ သူတို့၏၇တနာများကို တခြားလူများနှင့် လဲလှယ်ရန်အတွက် ထုတ်ယူလာခဲ့လေသည်။

ထိုအချိန်အတွင်း ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကွမ်းရှင်းထင်နှင့် ယွင်ရှင်းခုံးတို့သည် သူတို့သဘောကျသည့်အရာများတွေ့လျှင် ဖလှယ်ပွဲတွင် ပါဝင်ခဲ့ကြလေသည်။

သို့သော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူများထဲကတစ်ယောက်နှင့် ပစ္စည်းများအောင်မြင်စွာ ဖလှယ်နိုင်ခဲ့သည့် ကွမ်းရှင်းထင်ကလွဲ၍ ကျန်းချန်ရွှမ်နှင့် ကျန်လူများကတော့ သူတို့ဆန္ဒရှိသလို သဘောတူညီမှုရအောင် မလှယ်နိုင်ခြင်းမရှိခဲ့ကြပေ။ အဓိကအကြောင်းအရင်းကတော့ သူတို့ထုတ်လာသည့်ပစ္စည်းများက တခြားသူများလောက် ကောင်းမနေခြင်းကြောင့်ဖြစ်သည်။

ထိုအချိန်မှာပဲ နောက်ထပ် ရွှေအမြုတေ အလယ်အဆင့်ကျင့်ကြံသူတစ်ဦး စင်ပေါ်သို့ တက်လာခဲ့ပြန်သည်။

သူက ပစ္စည်းနှစ်ခုကို ထုတ်ပြလာခဲ့သည်။ တစ်ခုမှာ သဲကြယ်လေရိုင်းဟုခေါ်သော အဆင့် ၄ သတ္တုရိုင်းတစ်မျိုးဖြစ်သည်။ နောက်တစ်ခုကတော့ ကျန်းချန်ရွှမ်တို့ အလွန်ကိုမှ လိုချင်နေကြသည့် အဆင့် ၄ ဝိညာဉ်ပန်းဖြစ်သော ဝိညာဉ်သန့်စင်ပန်းပင် ဖြစ်ပေသည်။

ဝိညာဉ်သန့်စင်ပန်းကိုမြင်သည်နှင့် ကျန်းချန်ရွှမ်တို့စုံတွဲ အလွန်ကို ဝမ်းသာသွားကြတော့သည်။

ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူက ပြောလာလေသည်။ “ကျုပ် ဒီပစ္စည်းနှစ်ခုကိုသုံးပြီး အဆင့် ၄ နတ်ဆိုးအမြုတေ ဒါမှမဟုတ် အဆင့် ၄ အသက်ဆက်ဝိညာဉ်ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်ချင်တယ်။” သူ့စကားဆုံးသွားသည်နှင့် ကျန်းချန်ရွှမ်တို့အပါအဝင် ခန်းမထဲရှိ လူတော်တော်များများ မျက်မှောင်ကြုတ်သွားကြတော့သည်။

အကြောင်းကတော့ ရှင်းလေသည်။ အဆင့် ၄ နတ်ဆိုးအမြုတေဖြစ်ဖြစ် အဆင့် ၄ အသက်ဆက်ဝိညာဉ်ပစ္စည်းဖြစ်ဖြစ်၊ ထိုတစ်မျိုးစီ၏တန်ဖိုးများမှာ ထိုလူထုတ်ပြလာသည့် ပစ္စည်းနှစ်မျိုးလုံးထက် မြင့်နေခြင်းကြောင့်ဖြစ်သည်။ ထို ရွှေအမြုတေ အလယ်အဆင့်ကျင့်ကြံသူ စင်ပေါ်မှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရတော့မည်ဟု အားလုံး တွေးနေချိန်မှာပဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

ထို့နောက် ကျန်းချန်ရွှမ်က ထရပ်လိုက်ကာ ပြောလိုက်လေသည်။

“ကျုပ်မှာ အဆင့် ၄ နတ်ဆိုးအမြုတေရှိတယ်။”

သို့သော်လည်း ရွှေအမြုတေ အလယ်အဆင့်ကျင့်ကြံသူဘက်က ဝမ်းသာအားရ အမူအရာကို မဖော်ပြနိုင်သေးခင်မှာပဲ ကျန်းချန်ရွှမ်က ဆက်ပြောလာလေသည်။

“ဒါပေမယ့် ခင်ဗျားထုတ်ပြလာတဲ့ပစ္စည်းနှစ်မျိုးက အဆင့် ၄ နတ်ဆိုးအမြုတေရဲ့တန်ဖိုးကို မယှဉ်နိုင်ဘူးဆိုတာ ခင်ဗျားလည်း သိမယ်လို့ ထင်တယ်။

ခင်ဗျား ဒီနတ်ဆိုးအမြုတေကို တကယ်လိုချင်နေတာဆိုရင် နောက်ထပ်တစ်ခုခုတော့ ထပ်ပေါင်းပေးဖို့လိုမယ်။”

ကျန်းချန်ရွှမ်၏စကားများကို နားထောင်ပြီးနောက် ရွှေအမြုတေ အလယ်အဆင့်ကျင့်ကြံသူသည် ခဏမျှတွေးလိုက်ကာ နောက်ထပ် ပစ္စည်းတစ်မျိုးကို ထပ်ထုတ်လာခဲ့သည်။

ထိုပစ္စည်းမှာ အနည်းငယ် ကွဲနေသော အဆင့် ၄ လိပ်ခွံဖြစ်ကာ သန့်စင်ရာတွင်သုံးသော ပစ္စည်းတစ်မျိုးဖြစ်သည်။

ဒါပေါ့၊ ထိုအဆင့် ၄ လိပ်ခွံသာ မူလလိုအကောင်းအတိုင်းရှိနေပါက ၎င်း၏တန်ဖိုးမှာ အဆင့် ၄ နတ်ဆိုးအမြုတေထက် အနည်းငယ်မျှသာ နည်းပေလိမ့်မည်။ ကျန်းချန်ရွှမ်တစ်ယောက် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ရှေ့သို့တက်ကာ ထိုပစ္စည်းသုံးမျိုးကို အဆင့် ၄ နတ်ဆိုးအမြုတေနှင့် လဲလှယ်လိုက်တော့သည်။

ဒီလဲလှယ်မှုတွင် ဘယ်သူကရှုံးပြီး ဘယ်သူကမြတ်လဲဆိုသည်က ပြောရခက်ပေသည်။ အနည်းဆုံးတော့ နှစ်ဦးနှစ်ဖက်လုံး ရလဒ်အပေါ် အလွန်ကျေနပ်နေခဲ့ကြသည်။

ဝိညာဉ်သန့်စင်ပန်းနှင့်ဆိုလျှင် ကျန်းချန်ရွှမ်တို့စုံတွဲလည်း အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးအဖြစ် သန့်စင်နိုင်တော့မည်ဖြစ်သည်။

သဲကြယ်လေရိုင်းကိုတော့ဖြင့် သွေးလင်းယုန်တောင်ပံများနှင့် ပေါင်းစပ်ပြီး ၎င်း၏အရှိန်နှုန်းကို နောက်ထပ်အဆင့်တစ်ခုအထိ မြှင့်တင်လို့ရမလားဆိုတာ စမ်းကြည့်နိုင်ပေသည်။ ကွဲနေသည့် လိပ်ခွံကိုတော့ စွယ်စုံအသုံးပြုနိုင်သည်။ ၎င်းကို နတ်ဆိုးဘုရင်သုံးပါးနှင့်တိုက်ပွဲတွင် ပျက်စီးမှုအချို့ရှိခဲ့သော ဝိညာဉ်နက်ဒိုင်းကာကို ပြန်လည်ပြင်ဆင်ပြီး ခုခံနိုင်စွမ်းပိုသန်မာလာအောင် လုပ်ရာတွင် အသုံးပြုနိုင်သည်။

ထိုသို့ဖြင့် ပစ္စည်းဖလှယ်ပွဲမှာ ဆက်လက်ကျင်းပခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ကွမ်းရှင်းထင်နှင့် ယွင်ရှင်းခုံးတို့လည်း သူတို့လိုချင်သည့် ရတနာပစ္စည်းများကို လဲလှယ်နိုင်ခဲ့ကြသည်။

ထိုအချိန်အတွင်း ရှန်းရူယန်တောင်မှ အဆင့် ၄ မိုးကြိုးနက္ခတ်ကျောက်တုံးတစ်ခု လဲလှယ်နိုင်ခဲ့သည်။ နောက်ကျရင် အဆင့် ၄ ပစ္စည်းတချို့နဲ့ပေါင်းကာ သူမ၏ မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်ကို အဆင့် ၄ ရောက်အောင် မြှင့်နိုင်ပေသည်။

ဖလှယ်ပွဲကြီးတစ်ခုလုံးက တဖြည်းဖြည်းနှင့် အဆုံးသတ်သို့ နီးကပ်လာခဲ့လေသည်။

ထိုအချိန်မှာပဲ လူအချို့ ဝင်လာခဲ့သည်။ သူတို့ကတော့ ရွှေအမြုတေအဆင့်များအတွက် အထူးသီးသန့်ကျင်းပပေးသော ပစ္စည်းဖလှယ်ပွဲရှိကြောင်းသိလိုက်ရ၍ အလျင်စလိုရောက်လာခဲ့ခြင်းဟု ပြောပေသည်။ သူတို့ထဲတွင် ကျန်းချန်ရွှမ်နှင့် ရန်ငြှိုးရှိသော ရှန်းကွမ်းယုံရှန်းလည်း ပါပေသည်။

သူတို့နှစ်ဦး၏အကြည့်များ ဆုံသွားကြသည်နှင့် နှစ်ဖက်လုံး မျက်မှောင်တင်းတင်း ကြုတ်သွားကြသည်။ သို့သော်လည်း ဘယ်သူမှ ဘာမှမပြောခဲ့ကြပေ။ မကြာခင်မှာပဲ ရှန်းကွမ်းယုံရှန်းနှင့် အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူအနည်းငယ်က သူတို့ရတနာများကို ထုတ်ပြလာခဲ့ကြသည်။

သူတို့ထဲကတစ်ယောက်က အဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ် တစ်ပုလင်းကို ထုတ်ပြလာတာကြောင့် လူတော်တော်များများကို တုန်လှုပ်သွားစေခဲ့သည်။ လူတိုင်းသိပြီးဖြစ်သည့်အတိုင်း နတ်ဆိုးသားရဲများ၏ သွေးအဆီအနှစ်ကို အသုံးပြုနည်းများစွာရှိပေသည်။ အထူးသဖြင့် အဆင့်မြင့် အဆင့် ၄ ရေနဂါး၏သွေးအဆီအနှစ်ဆိုလျှင် ပိုလို့တောင်မှ စွယ်စုံသုံးနိုင်ပေသေးသည်။

၎င်းကို ထိပ်တန်းအဆောင်များရေးဆွဲသည့် ဟသာင်္ပြဒါးပြုလုပ်ရာတွင် အသုံးပြုနိုင်သလို ဆေးလုံးသန့်စင်ရာတွင်လည်း အသုံးပြုနိုင်သေးသည်။ ဒါ့အပြင် ၎င်းသည် ခန္ဓာကိုယ်မွမ်းမံခြင်းအတွက် အထူးအသုံးဝင်သည့်ပစ္စည်းလည်း ဖြစ်သေးသည်။

၎င်းတွင်ပါဝင်သော ဘဝအနှစ်သာရသည် ခန္ဓာကိုယ်မွမ်းမံသည့် ကျင့်ကြံသူတစ်ယောက်အတွက် အဆင့်ကြီးတစ်ဆင့်ကို တက်လှမ်းနိုင်စွမ်းရှိသည်။

ကျန်းချန်ရွှမ်သာ ထိုအဆင့် ၄ ရေနဂါးသွေးအဆီအနှစ်ကို ရရှိပြီး အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးနှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် …. သူ၏ ခန္ဓာကိုယ်မွမ်းမခံခြင်းကျင့်စဉ်ကို အဆင့် ၄ နှင့်ညီမျှသည့် အဆင့်မျိုးရောက်အောင် တိုးမြှင့်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိပေသည်။

ထိုအချိန်ကျလျှင် သူ၏ခန္ဓာကိုယ်ကြံခိုင်မှုမှာ သိသိသာသာကို တိုးတက်လာပေလိမ့်မည်။

သူ၏ ရုပ်ပိုင်းနတ်ဘုရားစွမ်းအားဖြစ်သော နဂါးဆင်ရုပ်ပိုင်းနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် ရွှေအမြုတေ နောက်ဆုံးအဆင့်နှင့်ပင် လက်ရည်တူ ယှဉ်တိုက်နိုင်မည်ဟု ယုံကြည်သည်။

ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်တစ်ယောက် ထိုအဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ်ပုလင်းကို ရရှိရင် အစွမ်းကုန်ကြိုးစားရန် သန္ဒိဌာန်ချလိုက်တော့သည်။

သာမာန်အဆင့် ၄ နတ်ဆိုးသားရဲများ၏ သွေးအဆီအနှစ်မှာ ရရှိဖို့လွယ်ကူသော်လည်း အဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ်ကတော့ ခန္ဓာကိုယ်မွမ်းမံခြင်းအတွက် အသုံးပြုနိုင်တာကြောင့် ရှားပါးလှသည်။ တွေးကြည့်ပြီးနောက် ကျန်းချန်ရွှမ်သည် ချက်ချင်းပင် ရှန်းရူယန်ကို အသံပို့လွှတ်လိုက်လေသည်။

သူက အမြုတေဖွဲ့စည်းခြင်းဆေးလုံးကိုသုံးကာ အဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ်ကို လဲလှယ်ရန် စီစဉ်ထားလေသည်။ တကယ်တော့ သူတို့တွင်ရှိသည့် အရင်းအမြစ်များအနက် အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးသည် အဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ်တစ်ပုလင်းကို လဲလှယ်ရန် အပြည့်စုံဆုံးသောပစ္စည်းဖြစ်သည်။

သို့သော်လည်း ထိုသို့သောဝိညာဉ်သစ်သီးမျိုးသည် ဓမ္မစွမ်းအင်၊ ခန္ဓာကိုယ်ခွန်အား နှင့် ရှေးဦးဝိညာဉ်တို့ကို တချိန်တည်းမှာပဲ တိုးတက်လာစေနိုင်တာကြောင့် အမြုတေဖွဲ့စည်းခြင်းဆေးလုံးထက် များစွာ တန်ဖိုးကြီးလေသည်။

ကျင့်ကြံသူတိုင်း သူတို့ဘဝတစ်လျှောက်လုံးတွင် ဆေးလုံးပုံစံဖြင့်ဆိုလျှင်တောင်မှ အနှစ်သာရသုံးပါးဝိညာဉ်သစ်သီး တစ်လုံးကိုသာ သုံးစွဲနိုင်သော်လည်း ထိုဝိညာဉ်သစ်သီးသည် အလွန်ရှားပါးတာကြောင့် ကျန်းချန်ရွှမ်တို့စုံတွဲသည် အနာဂါတ်တွင် ပိုပြီး တန်ဖိုးကြီးသည့် တစ်စုံတစ်ခုရှိလာပါက လဲလှယ်လို့ရအောင် အချိန်တစ်ခုအထိ သိမ်းထားကြဖို့ ဆုံးဖြတ်ထားခဲ့သည်။

ထိုအချိန်မှာပဲ အဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ်အတွက် ယှဉ်ပြိုင်နေကြခြင်းမှာ ပို၍ အရှိန်အဟုန်မြင့်လာခဲ့သည်။ အနည်းငယ် မာနကြီးပုံပေါ်သည့် လူငယ်တစ်ယောက်က ရုတ်တရက်ဆိုသလို အဆင့်မြင့် အဆင့် ၄ ဝိညာဉ်ဆေးပင်တစ်ပင်ကို ထုတ်လိုက်ကာ ပြောလာခဲ့သည်။ “တာအိုရောင်းရင်း၊ ကျုပ်က မင်ကျန်းဂိုဏ်းက ရှောက်လျန်ပါ။ ဒီ အဆင့်မြင့် အဆင့် ၄ ရေနဂါးသွေးအဆီအနှစ်က ကျုပ်အတွက် အရမ်းအသုံးဝင်တယ်။ ကျုပ်ကို မျက်နှာပေးတဲ့အနေနဲ့ လဲလှယ်ပေးမယ်ဆိုရင် ကျုပ် အရမ်းကျေးဇူးတင်မိမှာပါ။ ဒီကျေးဇူးကို နောင်တစ်ချိန်ကျရင် ပြန်ဆပ်ဖို့ ဘယ်တော့မှ မမေ့စေရဘူး…”

***

All Chapters