← Chapters

နေရာကူးပြောင်းခြင်းအစီအရင်အတွက် လေလံပွဲ

Vol. 19 Ch. 371

နေရာကူးပြောင်းခြင်းအစီအရင်အတွက် လေလံပွဲ

Vol. 19 Ch. 371

ရှောက်လျန်၏စကားများကိုကြားသည်နှင့် ရေနဂါးသွေးအဆီအနှစ်ကို ပိုင်ဆိုင်လိုကြသည့် ကျင့်ကြံသူများ၏အမူအရာမှာ ချက်ချင်းပင် ကြည့်ရဆိုးကုန်ကြတော့သည်။ တစ်ဖက်လူက မင်ကျန်းဂိုဏ်းကို သိသိသာသာပင် ဖော်ထုတ်ပြသွားခဲ့သည်။

ကျန်းချန်ရွှမ်သည်လည်း တုံ့ဆိုင်းသွားရလေသည်။ ယုနိုင်ငံ၏ အခြေတည်ဝိညာဉ်အဆင့် အင်အားစုကြီးသုံးခုအနက် တစ်ခုဖြစ်သော မင်ကျန်းဂိုဏ်းသည် သွားရှုပ်လို့မကောင်းမှန်း သူကောင်းကောင်းသိပေသည်။ သို့သော်လည်း ကျင့်ကြံသူများသည် အခွင့်အလမ်းများကို ရှာဖွေရင်း တိုက်ခိုက်နေရသည်ပင်။ သူသာ ဒီရေနဂါးသွေးအဆီအနှစ်ကို ဒီကနေ့မှ လက်လွှတ်လိုက်ရလျှင် နောက်ထပ် ရေနဂါးသွေးအဆီအနှစ် ထပ်ပြီးတွေ့လာအောင် သူဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာ ဘုရားသာသိပေလိမ့်မည်။

ဆိုရိုးအတိုင်းပင်၊ ခြေတစ်လှမ်းနှေးသူက ခြေဆယ်လှမ်းနှေးသူကို ဦးဆောင်သွားပေမည်။

ထိုသို့တွေးမိပြီးနောက် ကျန်းချန်ရွှမ်သည် ချက်ချင်းပင် စင်ပေါ်မှ ကျင့်ကြံသူကို ပြောလိုက်တော့သည်။

“တာအိုမိတ်ဆွေကြီး၊ ခင်ဗျားက ဒီရေနဂါးသွေးအဆီအနှစ်ကို သုံးပြီး ခင်ဗျားရဲ့ရှေးဦးဝိညာဉ်ခွန်အားကို တိုးတက်လာစေနိုင်တဲ့ အဆင့်မြင့် အမြုတေဖွဲ့စည်းခြင်း ဝိညာဉ်ပစ္စည်း ဒါမှမဟုတ် ရတနာတစ်ခုခုနဲ့ လဲလှယ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။

ဒါဆို ကျုပ်လက်ထဲက အမြုတေဖွဲ့စည်းခြင်းဆေးလုံးကို ခင်ဗျားသဘောကျလောက်မလားပဲ။”

ထိုစကားကိုကြားလိုက်ရသည်နှင့် စင်ပေါ်ရှိ ကျင့်ကြံသူသည် အလွန်ဝမ်းသာသွားလေသည်။ တစ်ဖက်မှာတော့ ရှောက်လျန်၏အမူအရာမှာ မည်းမှောင်သွားတော့သည်။ သူက ရုတ်ချည်းပင် ကျန်းချန်ရွှမ်ကို လှည့်ကြည့်လိုက်ကာ လေသံကိုနှိမ့်၍ပြောလာလေသည်။ “ဒီက တာအိုရောင်းရင်း၊ ဒီ ရေနဂါးသွေးအဆီအနှစ်က ကျုပ်အတွက် အရမ်းအသုံးဝင်တယ်လို့ ကျုပ်မပြောခဲ့ဘူးလား။ ဒီတော့ ခင်ဗျားလည်း ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ လက်လွှတ်လိုက်ဖို့ မျှော်လင့်တယ်။”

ထိုစကားကိကြားလိုက်ရသည့် စင်ပေါ်ကကျင့်ကြံသူသည် ကျန်းချန်ရွှမ်တစ်ယောက် ရှောက်လျန်၏ တောင်းဆိုချက်ကို သဘောတူလိုက်မည်အား စိုးရိမ်နေသည့်အမူအရာဖြင့် ကျန်းချန်ရွှမ်ကို ကြည့်လာခဲ့သည်။

“စိတ်မကောင်းပါဘူး၊ တာအိုမိတ်ဆွေရှောက်။ ဒီရေနဂါးသွေးအဆီအနှစ်ပုလင်းက ကျုပ်အတွက်လည်း အရမ်းအသုံးဝင်တဲ့အရာမို့လို့ပါ။”

ကျန်းချန်ရွှမ်သည် ရှောက်လျန်ကို လှည့်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ “ဒီတော့ ကျုပ်ကပဲ တောင်းပန်ပါတယ်။”

သူစကားစပြောလိုက်ကတည်းက မင်ကျန်းဂိုဏ်းကို စော်ကားမိပြီမှန်း သူကောင်းကောင်း သိလေသည်။ သူ့တာအိုလမ်းကြောင်းတိုးတက်ရေးနှင့် ပတ်သတ်သည့် အခွင့်ကောင်းတစ်ခုရှေ့တွင် သူက ဘာလို့ ရူးရူးမိုက်မိုက်နဲ့ ငြင်းပယ်ရမှာလဲ။

ကိုယ်ကိုယ်တိုင်၏သန်မာမှုကလွဲပြီး ဘာကမှ ယုံကြည်စရာမကောင်းပေ။

“ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်။”

ကျန်းချန်ရွှမ်က သူ့ကို လုံးဝမျက်နှာသာမပေးမှန်း မြင်လိုက်ရသည်နှင့် ရှောက်လျန်၏ နက်ရှိုင်းသည့် မျက်လုံးအိမ်ထဲတွင် အမှောင်ရိပ်များ တရိပ်ရိပ်လိမ့်တက်လာတော့သည်။

လက်ရှိတွင် ကျန်းချန်ရွှမ်အနေနှင့် တစ်ဖက်လူကို ဘယ်လောက်တောင် စော်ကားနေမိပြီလဲဆိုသည်ကို ဂရုမစိုက်နိုင်ပေ။ မကြာခင်မှာပဲ သူက အမြုတေဖွဲ့စည်းခြင်းဆေးလုံးကို သုံးကာ စင်ပေါ်မှ ကျင့်ကြံသူနှင့် အောင်အောင်မြင်မြင် အပေးအယူလုပ်နိုင်ခဲ့လေသည်။

ထိုသို့ဖြင့် ပစ္စည်းဖလှယ်ပွဲမှာ ပြီးဆုံးလုနီးပါးဖြစ်သွားခဲ့သည်။ ထို့နောက် ရင်းနှီးကြပြီးသား ကျင့်ကြံသူတချို့က အချင်းချင်း ဆက်သွယ်ပြောဆိုခဲ့ကြသည်။

အခုလေးတင် ကျန်းချန်ရွှမ်တို့နှင့် သိကျွမ်းခဲ့သည့် ယွင်ရှင်းခုံးနှင့် သူ့ဇနီးက မဖော်ရွေသည့်သဘောထားမျိုး စတင်ပြသလာခဲ့လေသည်။ ဒီလိုက ကြားထဲက မိတ်ဆက်ပေးခဲ့သည့် ကွမ်းရှင်းထင်ကို အနည်းငယ် အဆင်မပြေဖြစ်စေခဲ့သည်။ သူမက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နားသို့ ရောက်လာကာ ရှင်းပြလာခဲ့သည်။

“တာအိုမိတ်ဆွေကျန်း၊ တာအိုမိတ်ဆွေရှန်း၊ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။

သိတဲ့အတိုင်း တာအိုမိတ်ဆွေယွင်နဲ့ ဝမ်ကျူးတို့က ယုနိုင်ရဲ့ဂိုဏ်းကပဲလေ။ မင်ကျန်းဂိုဏ်းက ကျင့်ကြံသူကို စော်ကားလို့ သူတို့အတွက် ကောင်းတာမရှိဘူး။”

သူမ၏အပြုအမူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အမြင်ကောင်းရှိသွားစေသည်။ ဘာပဲဖြစ်ဖြစ် အခုလို အခြေအနေမျိုးမှာပင် ကွမ်းရှင်းထင်သည် သူတို့အနားသို့လာကာ ရှင်းပြပေးချင်စိတ်ရှိနေသေးသည်။ ဒါက ဒီအမျိုးသမီးသည် မိတ်ဆွေဖွဲ့ဖို့ထိုက်တန်ကြောင်း ပြနေပေသည်။

ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“တာအိုရောင်းရင်းကွမ်း၊ မစိုးရိမ်ပါနဲ့။ ကျုပ်တို့လည်း နားလည်ပါတယ်။

အဲ့ဒါထက် ခင်ဗျား ကျုပ်တို့နဲ့အတူရှိနေတဲ့အတွက် တာအိုမိတ်ဆွေရှောက်ရဲ့ မလိုမုန်းထားခံရမှာကို မကြောက်ဘူးလား။ တာအိုမိတ်ဆွေကွမ်း။”

ကျန်းချန်ရွှမ်က ပြောရင်းဖြင့် ရှောက်လျန်ရှိသည့်ဘက်ကို တစ်ချက်ကြည့်လိုက်လေသည်။ ယွင်ရှင်းခုံးနှင့် ချိုးဝမ်ကျူးတို့က ရှောင်လျန်နားသို့ လျှောက်သွားကာ တစ်ခုခုပြောနေသည်ကို တွေ့လိုက်ရလေသည်။ သူ့အမေးက ကွမ်းရှင်းထင်၏လှပသောမျက်နှာလေးထက်တွင် စိုးရိမ်မှုတချို့ ထွက်ပေါ်လာစေသည်။

“ရပါတယ်။ မင်ကျန်းဂိုဏ်းက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ၊ သူတို့ ကျွန်မကို မထိနိုင်ပါဘူး။

ပြီးတော့ ရှောက်လျန်က မင်ကျန်းဂိုဏ်းက ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက်သာသာပဲလေ။ ဘာများ ကြောက်နေစရာလိုလို့လဲ။”

သူမ၏လေသံအရ ကွမ်းရှင်းထင်သည် ရှောက်လျန်၏နောက်က မင်ကျန်းဂိုဏ်းကို ကြောက်ပုံမပေါ်ပေ။

စိတ်ဝင်စားစရာကောင်းသား။

ဒါဆို သူမမှာလည်း ပိုကောင်းတဲ့ နောက်ခံရှိနေတာ မဟုတ်ဘူးလား။

ရက်အနည်းငယ်ကြာပြီးနောက်…

ရတနာအသင်္ချေစည်းဝေးပွဲ၏ ဒုတိယအပိုင်းဖြစ်သော ရတနာအသင်္ချေလေလံပွဲကို နောက်ဆုံးမှာတော့ လေလံအိမ်တွင် ကျင်းပခဲ့ပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်တာကြောင့် လေလံအိမ်၏ သီးသန့်ခန်းထဲတွင်နေရန် အရည်အချင်းပြည့်မီကြသည်။ သူတို့အနေနှင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပေးလိုက်ရုံပင်။

ကျန်းချန်ရွှမ်တို့စုံတွဲ သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူတို့သီးသန့်ခန်း၏နံပါတ်မှာ ၂၆၄ဖြစ်ကြောင်း သတိထားမိလိုက်သည်။

ဒီတော့ သူတို့ထက်အရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူပေါင်း ၂၆၃ယောက် ရောက်နေပြီလို့ ဆိုလိုတာလား။

***

All Chapters