နေရာကူးပြောင်းခြင်းအစီအရင်အတွက် လေလံပွဲ (၂)
Vol. 19 Ch. 372
ကျန်းချန်ရွှမ်တို့စုံတွဲ သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူတို့သီးသန့်ခန်း၏နံပါတ်မှာ ၂၆၄ဖြစ်ကြောင်း သတိထားမိလိုက်သည်။
ဒီတော့ သူတို့ထက်အရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူပေါင်း ၂၆၃ယောက် ရောက်နေပြီလို့ ဆိုလိုတာလား။
***
ထိုခန့်မှန်းချက်မှာ အတော်လေးဖြစ်နိုင်ပေသည်။
ထို့အပြင် သူတို့သည် လေလံအိမ်ထဲရှိ ၂၆၄ခန်းမြောက် သီးသန့်ခန်းတွင်နေရာရခြင်းဖြစ်ကာ နောက်ဆုံးအခန်းမဟုတ်ပေ။ နောက်ထပ် သီးသန့်အခန်းလွတ်တွေ အများကြီးရှိနေသေးသည်။
ထိုသို့ဖြင့် ကျန်းချန်ရွှမ်တို့စုံတွဲသည် ရတနာအသင်္ချေလေလံပွဲ တရားဝင်မစတင်ခင် နေ့တစ်ဝက်လောက်အထိ သူတို့၏ သီးသန့်ခန်းထဲတွင် ထိုင်နေခဲ့ကြလေသည်။
ပထမဆုံးပေါ်လာသူကတော့ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ဦဂဖြစ်သည်။
ထိုလူသည် ဆံပင်အဖြူရောင်ရှိကာ အသက်ကြီးဟန်ပေါ်ပြီး သူ့ဆီမှ ထွတ်လွှတ်နေသည့်အော်ရာကတော့ ဘယ်သူမှ သူ့ကို လျှော့မတွက်ရဲလောက်အောင် များပြားပြီး ရှိန်လောက်စရာပင်။ သူက ပြုံးလိုက်ကာ လက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး အားလုံးကို ပြောလာလေသည်။
“ကျုပ်ကတော့ ဒီလေလံပွဲရဲ့တင်ဆက်သူ၊ ချောင်မိသားစုက ချောင်ကျန်းဖုန်း ပါ။ ပထမဆုံးအနေနဲ့ ရတနာအသင်္ချေအင်မော်တယ်မြို့တော်ရဲ့ကိုယ်စား ဒီလေလံပွဲကို ပါဝင်ဆင်နွှဲဖို့ လာရောက်ခဲ့ကြသူတိုင်းကို ကြိုဆိုနှုတ်ဆက်ပါရစေ။
နောက်ဆက်လက်ပြီး ဒီလေလံပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သတ်ပြီး ရှင်းပြပါမယ်။
ဒါပေါ့ လေလံပွဲတစ်ခုရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံး စည်းမျဉ်းကတော့ ဈေးအမြင့်ဆုံးပေးနိုင်တဲ့လူဆီ လေလံပစ္စည်းကို ရောင်းချပေးမှာပါ။ ဒီအချိန်အတွင်း လေလံပွဲကို ဝင်နှောက်ယှက်တာ ဒါမှမဟုတ် လေလံဆွဲနေတဲ့လူကို ခြိမ်းခြောက်တဲ့လူမျိုး ရှိခဲ့ရင် ခင်ဗျားတို့ဘာသာ ဘယ်သူကြီးပဲဖြစ်နေနေ ကျုပ်တို့ဘက်က ဘာငဲ့ညှာမှုမှ ပြမှာမဟုတ်ပါဘူး။
ဒီနေရာမှာရှိနေကြတဲ့လူတိုင်းလည်း စည်းမျဉ်းတွေကို သေချာမှတ်သားထားပြီး စည်းမကျော်ကြဖို့ မျှော်လင့်ပါတယ်။”
ထိုအချက်အရောက်တွင် ချောင်ကျန်းဖုန်းက ဆက်မပြောသေးခင် ခဏမျှ ရပ်လိုက်သည်။
“ကောင်းပြီ၊ ဒီလောက်ပဲ ပြောကြတာပေါ့။ အခုပဲ ရတနာအသင်္ချေလေလံပွဲ တရားဝင်စတင်ပြီဖြစ်ကြောင်း ကြေညာပါတယ်။
ပထမဆုံးပစ္စည်းကတော့ ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ဆန္ဒရှိသူတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ရတနာတစ်ခုပါ။ အမြုတေသိပ်သည်းခြင်းဆေးလုံး။
ဒီဆေးလုံးရဲ့အစွမ်းသတ္တိက အမြုတေဖွဲ့စည်းခြင်းဆေးလုံးလောက်တော့ မကောင်းပေမယ့် ဒါကလည်း ရှားပါးလှတဲ့ ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်နေတုန်းပဲနော်။
ဒါကြောင့် ဒီဆေးလုံးကိုလိုအပ်တဲ့ တာအိုမိတ်ဆွေတို့ လက်လွှတ်မခံကြပါနဲ့။
အဖွင့်ဈေးကတော့ ဝိညာဉ်ကျောက်တုံး ၅သိန်းပါ။ တစ်ကြိမ်ဈေးခေါ်တိုင်း အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၅သောင်း တိုးသွားရပါမယ်။”
ဘုရားရေ၊ တကယ်ကို ရွှေအမြုတေသိပ်သည်းခြင်းဆေးလုံးနဲ့ ပွဲဦးစဖွင့်တယ်တဲ့လား။
ယုနိုင်ငံရဲ့ အကြီးဆုံးလေလံပွဲဆိုတဲ့ အတိုင်းပါပဲ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့စိတ်ထဲ ထိုအတွေးက ဝင်လာချိန်မှာပဲ လေလံခန်းမတစ်ခုလုံး၏ အပူချိန်သည်လည်း စတင် မြင့်တက်လာတော့သည်။
လေလံဆွဲသည့်အရှိန်ကလည်း တက်လိုက် ကျလိုက်ပင်။
ဝိညာဉ်ကျောက်တုံး ၈သိန်း၊ ဝိညာဉ်ကျောက်တုံး ၁၃သိန်း…
အချိန်ခဏလေးအတွင်းမှာပဲ အမြုတေသိပ်သည်းခြင်းဆေးလုံး၏တန်ကြေးသည် ဝိညာဉ်ကျောက်တုံး ၁၃သိန်းအထိ တိုးမြင့်သွားလေသည်။ ထိုဈေးနှုန်းသည် အဆင့် ၄ ရတနာအများစုကိုပင် ကျော်လွန်နေပြီဖြစ်သည်။
ထိုသို့ဆိုလျှင်ပင် အမြုတေသိပ်သည်းခြင်းဆေးလုံးကို ဈေးခေါ်နေခြင်းမှာ မရပ်တန့်သွားသေးပေ။
၁၄သိန်း၊ ၁၅သိန်း၊ ၁၆သိန်း၅သောင်း…
အဆုံးမှာတော့ ဈေးနှုန်းသည် ဝိညာဉ်ကျောက်တုံး ၁၆သိန်း၅သောင်းတွင် ရပ်တန့်သွားလေသည်…
အမြုတေသိပ်သည်းခြင်းဆေးလုံးတစ်လုံးကို ဝိညာဉ်ကျောက်တုံး ၁၆သိန်း၅သောင်း ပေးရခြင်းက တကယ်တော့ ပြင်ပပေါက်ဆေးထက်ပင် အတော်လေးမြင့်နေပြီဖြစ်သည်။
သို့သော်လည်း ပြဿနာသည်က ထိုကဲ့သို့ ကျီဖုအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်နိုင်အောင် ကူညီပေးနိုင်သည့် အမြုတေသိပ်သည်းခြင်းဆေးလုံးမျိုးသည် ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူ၍မရနိုင်ခြင်းပင်။
မင်းဘက်က အဆင့်မြင့်ဝိညာဉ်ကျောက်တုံးမျိုး မသုံးလာသေးသ၍ပေါ့။
သို့သော်လည်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်သည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူမှာ သိပ်မများလှပေ။
အကယ်၍ သူတို့တွင်ရှိနေလျှင်တောင်မှ အများဆုံး အရေအတွက်အနည်းအကျဉ်းသာ ဖြစ်ပေမည်။ သေချာပေါက် အမြုတေသိပ်သည်းခြင်းဆေးလုံး ဝယ်ရန်လုံလောက်သည်အထိ သူတို့ပိုင်ဆိုင်မှုမှာ အတုံး၁၀၀ထက် ကျော်မည်မဟုတ်ပေ။
အမြုတေသိပ်သည်းခြင်းဆေးလုံးပြီးသည့်နောက် လေလံပွဲသည် ပစ္စည်းကောင်းများစွာကို ထုတ်ပြကာ ဆက်လက်ကျင်းပခဲ့လေသည်။
သို့သော်လည်း ထိုပစ္စည်းအားလုံးမှာ အဆင့် ၄အောက်များသာ ဖြစ်ကြသည်။
ကျန်းချန်ရွှမ်နှင့် တခြားသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက်တော့ တချို့သော ထူးခြားသည့် အဆင့် ၃ရတနာများကလွဲ၍ အဆင့် ၄ အောက် ရတနာများမှာ သူတို့အာရုံကို ဖမ်းစားနိုင်စွမ်းမရှိပေ။
မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်ရက် ကုန်လွန်သွားခဲ့သည်။
ထိုအချိန်အတွင်း အဆင့် ၄ ရတနာပေါင်း များစွာကို လေလံပစ်ခဲ့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်တော့ အသုံးမဝင်တာကြောင့် သူတို့ လေလံဝင်မဆွဲခဲ့ကြပေ။
ထိုအချိန်မှာပဲ ချောင်ကျန်းဖုန်း၏လက်ထဲတွင် ပေါ်လာသည့် ပစ္စည်းတစ်ခုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
အတိအကျပြောရလျှင်တော့ လေလံပွဲခန်းမထဲတွင် ရှိနေကြသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းကတော့ နေရာကူးပြောင်းခြင်း အစီအရင် တစ်ခုပင်။
၎င်းသည် အလယ်အလတ်အကွာအဝေးတို နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုသာ ဖြစ်သော်လည်း လောလောဆယ်တွင် နေရာကူးပြောင်းခြင်းအစီအရင် မရှိကြသေးသည့် ရွှေအမြုတေအဆင့် ဂိုဏ်းများ၊ မိသားစုများအတွက်တော့ ထူးခြားသည့် ဖြစ်တည်မှုတစ်ခုပင်။
ကျင့်ကြံသူများအတွက် နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု သန့်စင်နိုင်ဖို့ဆိုသည်က လွယ်ကူသည့်အရာ မဟုတ်ကြောင်းကိုတော့ သိထားဖို့လိုပေသည်။
ပထမဆုံးအနေနှင့် သလင်းကျောက်တုံးနှင့် နေရာလပ်ကျောက်တုံး ပမာဏများစွာ လိုအပ်ပေသည်။ ဦးဆုံးလုပ်ရမည်က နေရာကူးပြောင်းခြင်းအစီအရင်၏ အခြေခံတည်ဆောက်မှုပင်။
နေရာကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းရင်ဖြစ်ဖြစ် နေရာကူးပြောင်းခြင်းအစီအရင်ကို ပြန်လည်ပြုပြင်မွမ်းမံရသည်ပဲဖြစ်ဖြစ် ထိုပစ္စည်းသည် မရှိမဖြစ်လိုအပ်ပေသည်။
နောက်ဆက်ပြီးတော့ ကူးပြောင်းချိန်အတွင်း ကိုယ့်ဘေးကင်းရေးသေချာစေရန် တည်ငြိမ်သည့်နေရာလွတ်စွမ်းအင် ရှိဖို့လိုသည်။
မဟုတ်ပါက နေရာလွတ်က မတည်ငြိမ်နေလျှင် မတော်တဆမှုဖြစ်လာနိုင်ကာ အခြေတည်ဝိညာဉ် ပြီးပြည့်စုံသည့်အဆင့်မှ သခင်ကြီးများ၏အသက်ကိုပင် ခြိမ်းခြောက်နိုင်သည်အထိ အန္တရာယ်များလှသည်။
ထိုပစ္စည်းနှစ်မျိုးကို လက်ရှိဈေးကွက်ထဲတွင်တော့ အမြောက်အမြား မလည်ပတ်နေသေးပေ။ ၎င်းတို့ကို နေရာကူးပြောင်းခြင်းအစီအရင်များ ပြုလုပ်ရာမှ သူတို့ကိုသူတို့ ကမ္ဘာအစွန်းစင်မြင့်ဟု ခေါ်သည့် ဂိုဏ်းမှ အခိုင်အမာထိန်းချုပ်ထားလေသည်။
ထိုဂိုဏ်းသည် မြောက်ပိုင်းနယ်နမိတ်ရှိ ထျန်းယပြည်နယ်တွင် တည်ရှိသည်။ ၎င်းသည် ထိပ်တန်း အခြေတည်ဝိညာဉ်အဆင့်ဂိုဏ်းတစ်ခုဖြစ်ကာ ထျန်းယပြည်နယ်တစ်ခုလုံး၏ တုနှိုင်းမဲ့အရှင်သခင်လည်း ဖြစ်သည်။
“ရူယန်၊ ကိုယ်တို့မိသားစုအတွက် ဒီလိုနေရာကူးပြောင်းခြင်းအစီအရင် တစ်ခုတော့လိုတယ်။ ဖြစ်နိုင်ရင် ဒါကိုရအောင် ကိုယ်တို့ကြိုးစားကြရအောင်။”
ကျန်းချန်ရွှမ်က ရှန်းရူယန်ကို ပြောလိုက်လေသည်။
အခုချိန်အထိ ကျန်းမိသားစုတွင် နေရာကူးပြောင်းခြင်းအစီအရင် မရှိထားသေးပေ။ အရေးအကြီးဆုံးကတော့၊ ကျန်းမိသားစု၏အင်အား တိုးပွားလာသည်နှင့်အမျှ သူတို့လက်အောက်ရှိ လုပ်ငန်းများသည်လည်း တိုးတက် ကျယ်ပြန့်လာလေသည်။
တခါတလေဆို မိသားစုဌာနချုပ်နှင့် ထိုလုပ်ငန်းများအကြား သွားလိုက်ပြန်လိုက်လုပ်ရသည်က တကယ်ကို အဆင်မပြေလှပေ။
ထိုလုပ်ငန်းနေရာများနှင့် ကျန်းမိသားစုဌာနချုပ်ကိုသာ နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုနှင့် ချိတ်ဆက်ထားနိုင်မည်ဆိုလျှင် အချိန်ကုန်သက်သာစွာ သွားလာနိုင်မည်မှာ သေချာလှသည်။
ကံမကောင်းစွာဖြင့် နေရာကူးပြောင်းခြင်းအစီအရင်လိုမျိုး ရင်းမြစ်မျိုးသည် ဈေးကွက်ထဲတွင် မြင်တွေ့ရခဲလှသည်။ ရံဖန်ရံခါ ပေါ်လာတတ်သည်ဆိုလျှင်တောင်မှ မြန်မြန်ဆန်ဆန်ပဲ ရောင်းထွက်သွားလေသည်။
ရှန်းရူယန်လည်း ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
သူတို့စုံတွဲ ဆွေးနွေးနေတုန်းမှာပဲ လူတော်တော်များများသည် နေရာကူးပြောင်းခြင်းအစီအရင်အတွက် လေလံတိုက်ပွဲကို စတင်ဆင်နွှဲနေလေပြီ။
“၁.၄သန်း”
“၁.၈သန်း”
“၂.၂သန်း”
ခဏလေးနှင့်ပင် နေရာကူးပြောင်းခြင်းအစီအရင်၏တန်ကြေးမှာ ၂.၂သန်းအထိ မြင့်တက်သွားခဲ့သည်။ ထို့အပြင် ရပ်တန့်သွားမည့်အရိပ်အယောင်လည်း မတွေ့ရပေ။
“၂.၃သန်း”
“၂.၆သန်း”
“၃သန်း”
နေရာကူးပြောင်းခြင်းအစီအရင်၏တန်ကြေးသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝိညာဉ်ကျောက်တုံး ၃သန်းအထိ ရောက်သွားသည်ကို မြင်လိုက်ရတာကြောင့် ကျန်းချန်ရွှမ်ရော ရှန်းရူယန်ပါ တောက်ခေါက်လိုက်မိကြသည်။
အထူးသဖြင့် ရှန်းရူယန်ပင်။
အခုဆို သူမ၏အတိတ်ဘဝက မှတ်ဉာဏ်တော်တော်များများကို ပြန်လည်ရရှိနေပြီဖြစ်တာကြောင့် နေရာကူးပြောင်းခြင်းအစီအရင် သန့်စင်နည်း တစ်ခု နှစ်ခုလောက်ကို သူမ သိထားလေသည်။
နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု သန့်စင်ရန် လိုအပ်သည့် သလင်းကျောက်တုံးနှင့် နေရာလပ်ကျောက်တုံးတို့၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ရာဂဏန်းထက် မပိုပေ။
အခုတော့ ကြည့်ပါဦး။
ဈေးက အမြင့်ကြီးဖြစ်နေပြီ။ ပြီးတော့ ဆက်ပြီးလည်း တိုးနေသေးတယ်။
သို့သော်လည်း ထိုသို့ဆိုလျှင်ပင် ကျန်းချန်ရွှမ်သည် ကျည်ကိုကိုက်ကာ ဈေးပေးလိုက်လေသည်။
ကျန်းချန်ရွှမ် အော်လိုက်သည်။ “ဝိညာဉ်ကျောက်တုံး ၄သန်း။”
ဈေးက ရုတ်တရက်ကြီးတချိုးတည်းမြင့်တက်သွားသည်နှင့် အစတုန်းက ဆက်ပြီး ဈေးခေါ်ချင်နေသည့်လူများမှာ တိတ်ကျသွားတော့သည်။
သိသိသာသာကိုပဲ နေရာကူးပြောင်းခြင်းအစီအရင်၏ တန်ကြေးမှာ ထိုသို့ဒုံးပျံတစ်စင်းလို ထောင်တက်သွားလိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြပေ။
ကျန်းချန်ရွှမ်၏လှုပ်ရှားမှုတစ်ချက်က လူတော်တော်များများကို ထိတ်လန့်သွားစေကာ အများစုဆိုလျှင် လေလံပွဲစဉ်မှ နှုတ်ထွက်ကုန်ကြသည်။ ကျန်းချန်ရွှမ်နှင့်အပြိုင် ဈေးလိုက်ပေးသည့်လူ အနည်းငယ်သာ ကျန်တော့လေသည်။
သို့သော်လည်း ထိုလူများသည် ဈေးတင်ချိန်တွင် အလွန်ကိုမှ ဂရုစိုက်ကြကာ တစ်ကြိမ်တင်တိုင်း ဝိညာဉ်ကျောက်တုံး ၁သိန်းထက် ပိုမပေးကြပေ။
ထိုအခြေအနေကိုမြင်ပြီး ကျန်းချန်ရွှမ်သည် တစ်ချက်တွေးကြည့်လိုက်ကာ ချက်ချင်းပင် ထအော်လိုက်သည်။
“ဝိညာဉ်ကျောက်တုံး ၄.၅သန်း။”
ထိုသို့ဖြင့် ကျန်နေသေးသည့်လူများလည်း လုံးဝလက်လျှော့သွားကြတော့သည်။
လေလံပွဲကိုဦးစီးနေသည့် ချောင်ကျန်းဖုန်းသည် အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး နောက်ထပ်ဈေးပိုပေးမည့်လူရှိလား သုံးကြိမ်သုံးခါ မေးလိုက်လေသည်။ အဆုံးမှာတော့ သူက လေလံတူကိုခေါက်ကာ အော်လိုက်တော့သည်။
“၄.၅သန်း တစ်ကြိမ်၊ ၄.၅သန်း နှစ်ကြိမ်၊ ၄.၅သန်း သုံးကြိမ်။
အခန်းနံပါတ် ၂၆၄ကဧည့်သည်တော်၊ နေရာကူးပြောင်းခြင်းအစီအရင်ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။”
***