← Chapters

ကွမ်းရှင်းထင်၏ဖိတ်ကြားချက်

Vol. 19 Ch. 373

ကွမ်းရှင်းထင်၏ဖိတ်ကြားချက်

Vol. 19 Ch. 373

ချောင်ကျန်းဖုန်း၏စကားဆုံးသွားသည်နှင့် နေရာကူးပြောင်းခြင်းအစီအရင်သည် ကျန်းချန်ရွှမ်၏ သီးသန့်ခန်းဆီသို့ ပို့ပေးလာခဲ့သည်။ ငွေပေးချေမှုပြီးဆုံးသည့်နောက် နောက်ထပ်ပစ္စည်းတစ်ခုကို လေလံဆက်တင်လေသည်။

၎င်းသည် အမျိုးသမီးကျင့်ကြံသူများအတွက် အလွန်သင့်လျော်သော ကောင်းကင်ညှို့ဓာတ်လက်ကောက်ဟု ခေါ်သည့် လက်ရာမြောက်ဖန်တီးထားသော ပန်းရောင်လက်ကောက်တစ်ခုဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းသည် အဆင့် ၃ အလယ်အဆင့်တွင်သာ ရှိတာကြောင့် လက်ရှိ ရှန်းရူယန်အတွက် အသုံးမဝင်တော့ပေ။

နောက်ထပ် ပစ္စည်းအနည်းငယ် ဆက်ပြီး ပြသလာခဲ့ကာ ကျန်းချန်ရွှမ်တို့စုံတွဲကတော့ စိတ်မဝင်စားကြပေ။

ရက်အနည်းငယ်ကြာပြီးနောက် …

ချောင်ကျန်းဖုန်းသည် လျှပ်စီးများတလက်လက်ထနေသော ဓားမြှောင်ပျံခုနှစ်ချောင်းကို ရုတ်တရက် ထုတ်ယူလာလေသည်။

သူက အားလုံးကို ပြုံးပြလိုက်ပြီး၊ “အားလုံးပဲ၊ ဒါကတော့ မိုးကြိုးနတ်ဆိုးသတ်ဖြတ်သူ လို့ခေါ်တဲ့ ဓားမြှောင်ပျံခုနှစ်ချောင်းပါ။

ဒါက ဓမ္မရတနာအတွဲလိုက်ဖြစ်ရုံတင်မကဘူး အရမ်းကိုမှ သန့်စင်တဲ့လျှပ်စီးဂုဏ်သတ္တိလည်း ရှိတယ်။ အရေးအကြီးဆုံးအချက်ကတော့ ဒါက ဘယ်လိုမိစ္ဆာသက်ရှိမျိုးပဲဖြစ်ဖြစ် နတ်ဆိုးကျင့်ကြံသူတွေပဲဖြစ်ဖြစ် အားလုံးကို ထိန်းချုပ်နိုင်တဲ့ သဘာဝရှိတယ်။

တချိန်တည်းမှာပဲ ဒါက အဆင့် ၄ အလယ်အဆင့်ကိုရောက်နေပြီ။ လျှပ်စီးနဲ့ဆိုင်တဲ့ကျင့်စဉ်မျိုးကို ကျင့်ကြံတဲ့ လူတွေ၊ လျှပ်စီးဝိညာဉ်အမြစ်ရှိတဲ့လူတွေအတွက် အထူးသင့်တော်ပါတယ်။

ဒီရတနာရဲ့စဦးဈေးကတော့ ဝိညာဉ်ကျောက်တုံး ၄သိန်းပါ။ တစ်ကြိမ်ဈေးတင်တိုင်း အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁သောင်းတိုးရပါမယ်။”

ချောင်ကျန်းဖုန်းထုတ်ယူလာသည့် ဓားမြှောင်ခုနှစ်ချောင်းကိုမြင်သည်နှင့် ရှန်းရူယန်တစ်ယောက် မျက်လုံးများလက်လာခဲ့သည်။ ထို မိုးကြိုးနတ်ဆိုးသတ်ဖြတ်သူဓားမြှောင်သည် ရှန်းရူယန်အတွက် အလွန်သင့်တော်နေတာ အသိအသာပင်။

ကျန်းချန်ရွှမ်က ဘာတစ်ခွန်းမှတိုင်ပင်မနေတော့ဘဲ စတင်ဈေးခေါ်လိုက်တော့သည်။

“ဝိညာဉ်ကျောက်တုံး ၆သိန်း။”

“ဝိညာဉ်ကျောက်တုံး ၆သိန်း၅သောင်း။”

မကြာခင်မှာပဲ တစ်ဖက်အခြမ်းရှိ သီးသန့်ခန်းထဲမှအသံတစ်သံ ထွက်ပေါ်လာလေသည်။

“၇သိန်း”

“၇သိန်း၃သောင်း”

“၈သိန်း၆သောင်း”

“၁သန်း”

အဆုံးမှာတော့ ကျန်းချန်ရွှမ်က ဝိညာဉ်ကျောက်တုံး တစ်သန်းကိုသုံးကာ ရှန်းရူယန်အတွက် မိုးကြိုးနတ်ဆိုးသတ်ဖြတ်သူဓားမြှောင်တွဲကို ဝယ်ပေးလိုက်တော့သည်။

ထို့နောက်မှာတော့ လေလံပွဲတစ်ခုလုံး အဆုံးသတ်သို့ နီးလာတော့သည်။

နေ့တစ်ဝက်ကြာပြီးနောက်…

လေလံပွဲ၏နောက်ဆုံးပစ္စည်းကို ထုတ်ပြလာခဲ့သည်။

၎င်းသည် ရွှေအမြုတေ အဆင့်၉ ကျင့်ကြံဿူတစ်ယောက်ကို အခြေတည်ဝိညာဉ် သိပ်သည်းနိုင်မည့်‌ အောင်မြင်မှုကို ၅ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သော အဆင့် ၅ စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်း ဖြစ်သည်။ ၅ရာခိုင်နှုန်းပဲ ပိုတိုးသွားစေနိုင်သော်လည်း စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းကို ထုတ်ပြလိုက်သည်နှင့် ကျင့်ကြံသူအားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်တုန်းပင်။

အခြေတည်ဝိညာဉ်သိပ်သည်းခြင်းသည် ရွှေအမြုတေကျင့်ကြံသူများစွာ၏ ဘဝတစ်လျှောက် ရည်မှန်းချက်လည်းဖြစ်သည်။

ထိုစစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းသည် ရွှေအမြုအဆင့်ကျင့်ကြံဿူ ရာထောင်ချီကြား စစ်ပွဲတစ်ခုကို စတင်စေဖို့ရန် လုံလောက်သည်ဟု ပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။

အထူးသဖြင့် သူတို့၏အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်မည့် အခွင့်အရေး ရရှိရန် ကြိုးပမ်းနေကြသည့် ရွှေအမြုတေ နဝမအဆင့်ကျင့်ကြံသူများအနေနှင့် ထိုအခွင့်အရေးမျိုးကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မည်နည်း။

ချက်ချင်းဆိုသလိုပင် စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်း၏တန်ကြေးသည် ဝိညာဉ်ကျောက်တုံး ၈သန်းအထိ မြင့်တက်သွားလေသည်။ ဒါ့အပြင် ဆက်ပြီးလည်း တိုးနေတုန်းဖြစ်သည်။

၉သန်း၊ ၁၀သန်း၊ ၁၁သန်း…

စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်း၏တန်ကြေးသည် ၁၁သန်းအထိသို့ မြင့်တက်သွားချိန်မှာတော့ လူတိုင်း ပင့်သက်ရှိုက်လိုက်မိတော့သည်။

နောက်ဆုံးတွင် စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းကို ဘယ်သူပဲရသွားပါစေ လေလံပွဲခန်းမတစ်ခုလုံးအတွင်း မျက်စိကျစရာအကောင်းဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်လာပေတော့မည်။ တကယ်တော့ ထိုလေလံပွဲနိုင်သူအနေနှင့် စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းကို အိမ်သို့ လုံလုံခြုံခြုံ ပြန်သယ်သွားနိုင်မလားဆိုတာကလည်း မေးစရာတစ်ခုပင်။

သို့သော်လည်း လက်ရှိတွင်တော့ စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းကို ဈေးပေးနေသည့်လူများမှာ အပြန်လမ်းတွင် ဘေးကင်းလုံခြုံရေးကို ဘယ်သူမှ စိတ်ထဲမထည့်ထားခဲ့ကြပေ။

ထိုပစ္စည်းသည် သူတို့၏တာအိုလမ်းကြောင်းနှင့် သက်ဆိုင်နေခြင်းဖြစ်သည်။ သူတို့အနေနှင့် ဓားတောင်ကိုပဲ တက်ရပါစေ၊ မီးပင်လယ်ကိုပဲ ဖြတ်ကျော်ရပါစေ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်သွားမည်ဖြစ်သည်။

အဆုံးမှာတော့ စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းသည် ဝိညာဉ်ကျောက်တုံး ၁၆သန်းနှင့်ရပ်သွားကာ လေလံပွဲတစ်ခုလုံး၏ ဈေးအကြီးဆုံးပစ္စည်း ဖြစ်လာတော့သည်။

ထိုအချိန်မှာပဲ ဈေးမြင့်ဆုံးပေးခဲ့သည့် လေလံဆွဲသူသည်လည်း သူ့အခြေအနေသူ သေချာသိနေသည်။

ဒါကြောင့်…

စစ်မှန်သောမူလဝိညာဉ်ကျောက်စိမ်းကို ရရှိလိုက်သည်နှင့်တပြိုင်နက် လေလံခန်းမထဲမှ အစအနမကျန်အောက် ပျောက်သွားတော့သည်။

သို့သော်လည်း ထိုအမြင့်ဆုံးလေလံဆွဲသူ ထွက်သွားသည်နှင့် လေလံခန်းမထဲမှ လူတစ်ဝက်နီးပါးလောက်လည်း ပျောက်သွားသည်ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း သတိထားမိလိုက်ကြပေသည်။ သူတို့အားလုံး ဘာလုပ်ကြမည်မှန်း သိသာလှသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကတော့ ထိုပွဲကြီးလမ်းကြီးမျိုးထဲ ဝင်ပါမည်မဟုတ်ပေ။

တကယ်တော့ သူတို့သည် ထိုအပြုအမူမျိုးကို အလွန်ပင် ဆန့်ကျင်သည့်ထဲ ပါပေသည်။

ကျန်းမိသားစုထဲတွင် ကျန်းချန်ရွှမ်သည် ကျန်းမိသားစု၏စီရင်ပိုင်ခွင့်နယ်မြေထဲရှိ တခြားတစ်ယောက်၏ ရတနာကို လုယူရန် သတ်ဖြတ်ဝံ့ပါက ပြစ်ဒဏ်ပေးမည်ဟူသော စည်းကမ်းချက်ကို ချမှတ်ထားခဲ့သည်။

လေလံပွဲပြီးသည်နှင့် ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံသည် လျှောက်ပတ်မနေတော့ဘဲ ချက်ချင်းပင် ခန်းမထဲမှ ထွက်ခွာခဲ့တော့သည်။

သူတို့ ဝေးဝေးမရောက်သေးခင်မှာပဲ ကွမ်းရှင်းထင်က သူတို့ကို တားလိုက်လေသည်။

“တာအိုမိတ်ဆွေကျန်း၊ တာအိုမိတ်ဆွေကွမ်း၊ ခဏလောက်နေပါဦး။”

“ဟမ်။” ကွမ်းရှင်းထင်ကိုမြင်လိုက်ရတာကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နားမလည်နိုင်ဖြစ်သွားကြသည်။

ကျန်းချန်ရွှမ်က မေးလိုက်လေသည်။ “တာအိုမိတ်ဆွေကွမ်း၊ ဘာဖြစ်လို့များလဲ။”

ကွမ်းရှင်းထင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ရှင်တို့နှစ်ယောက် အဆင့် ၄ စကြဝဠာစစ်မှန်သောကျောက်စိမ်းကို ဝယ်ချင်နေတယ်လို့ ကြားတယ်၊ ဟုတ်လား။”

“အိုး၊ အဲ့ဒါ ဘယ်မှာဝယ်လို့ရလဲ ခင်ဗျားသိလား။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှလုံးတစ်ချက်ခုန်လှုပ်သွားလေသည်။

စကြဝဠာစစ်မှန်သောကျောက်စိမ်းသည် ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာဖြစ်သော ယင်ယန်နတ်ဘုရားကျောက်စိမ်းကို အဆင့်မြှင့်တင်ရာတွင် မရှိမဖြစ်လိုအပ်သည့်ပစ္စည်းတစ်ခုဖြစ်သည်။

အစကတော့ လေလံပွဲတွင် ထိုအဆင့် ၄ ဝိညာဉ်ပစ္စည်း ပေါ်လာလိမ့်မည်ဟု သူတို့တွက်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ရလဒ်က သူတို့ကို စိတ်ပျက်သွားစေခဲ့သည်။

အခုတော့ ကွမ်းရှင်းထင်က ထိုအကြောင်း ရုတ်တရက်ကြီး ပြောလာတာကြောင့် ကျန်းချန်ရွှမ်စိတ်ထဲ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ခံစားလာမိတော့သည်…

***

All Chapters