ရွှေအမြုတေအလယ်အဆင့်၊ ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ် အဆင့်တက်ခြင်း (၂)
Vol. 19 Ch. 376
ကျန်းချန်ရွှမ်သည် ဘေးမှာရှိနေသည့် ရေပုံးအကြီးကြီးတစ်ခုကို လှမ်းယူလိုက်ကာ သူကြိုတင်ပြင်ဆင်ထားသည့် ခန္ဓာကိုယ်မွမ်းမံခြင်းဝိညာဉ်ဆေးပင်များကို ထည့်လိုက်သည်။ ရေပုံးထဲရှိ ဝိညာဉ်ဆေးပင်များက ဆေးရည်များအဖြစ်သို့ ပြောင်းလဲသွားသည်နှင့် ကျန်းချန်ရွှမ်သည် သူ့လက်ထဲရှိ ရေနဂါးသွေးအဆီအနှစ်ကို ပုံးထဲသို့ လောင်းထည့်လိုက်တော့သည်။
ပလုံ…ပလုံ…
မကြာလိုက်ပါဘဲ ရေပုံးထဲရှိရေများမှာ ပူဖောင်းများပွက်ထလာပြီး အရောင်သည်လည်း နဂို အစိမ်းပုပ်ကနေပြီး အနီရောင်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
နာရီဝက်ကြာပြီးနောက်…
ရေပုံးထဲရှိ အရည်၏အရောင်မှာ လုံးဝနီရဲတောက်သွားပြီး ပြင်းထန်သည့် အပူလှိုင်းများက လိမ့်တက်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် ဘေးတွင်ရပ်နေခဲ့တာတောင်မှ ရေပုံးထဲမှတက်လာသည့် အပူလှိုင်းများသည် သာမာန်မီးတောက်တစ်ခု၏ အပူချိန်ကိုပင် ယှဉ်နိုင်ကြောင်း ခံစားမိနေသည်။ ဒီလောက်ဆို ရေပုံးထဲက အပူချိန်က ဘယ်လောက်တောင်မှ ပူနေမလဲ ခန့်မှန်းကြည့်လို့ရလောက်ပေပြီ။
ထို့နောက် ကျန်းချန်ရွှမ်သည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် ရေပုံးထဲသို့ ခုန်ဝင်သွားတော့သည်။
သူ ရေပုံးထဲသို့ရောက်သွားသည်နှင့် သူခန္ဓာကိုယ်မှ အနီရောင်အငွေ့များ ထွက်လာတော့သည်။ ခံစားချက်မှာတော့ မီးပင်လယ်ထဲရောက်သွားရသလိုပင်။
သူ့လက်ရှိခန္ဓာကိုယ်ကြံခိုင်မှုနှင့်တောင်မှ နာကျင်မှုကို သိသိသာသာခံစားမိနေသေးသည်။ ထို့အပြင် သူသည် အကန့်အသတ်မဲ့ဘီးကို အသက်သွင်းထားကာ နာကျင်မှုကလည်း အဆက်မပြတ်တိုးလာနေသည်။ လက်ရှိအနှစ်သာရကိုးပါး ကျင့်ကြံရေးလောကကြီးတစ်ခုလုံးတွင် ခန္ဓာကိုယ်မွမ်းမံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသည့် ကျင့်ကြံသူအရေအတွက် သိပ်မများသည်မှာ မထူးဆန်းတော့ပေ။
အလွန်ကောင်းမွန်သည့် ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ်များ မရှိသည့်အချက်ကို အသာထားဦးတော့၊ နာကျင်မှုနှင့် ခက်ခဲမှုကပင် သာမာန်ကျင့်ကြံသူများ သည်းခံဖြတ်ကျော်နိုင်သည့်အရာ မဟုတ်ပေ။
ဝုန်း…
သွေးအဆီအနှစ်နှင့် ဆေးရည်များကို သူစုပ်ယူလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် ဆူနာမီလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်လိုက်သလိုမျိုး အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ခန္ဓာကိုယ်ရှိ သွေးပြန်ကြောများမှာ ဖောင်းထွက်လာကာ ပုံမှန်အမြင်ဖြင့်ပင် သွေးများစီးဆင်းနေသည်ကို မြင်နိုင်ပေသည်။
ကျန်းချန်ရွှမ်သည် အံကိုတင်းတင်းကြိတ်ထားကာ သူ့အသွေးအသားတို့ကို ချွန်ထက်ထက်ဓားသွားဖြင့် အကြိမ်ပေါင်းထောင်သောင်းမက လှီးဖြတ်နေသလို ခံစားရသည့် နာကျင်မှုကို တောင့်ခံထားခဲ့သည်။
သူ့နဖူးထက်တွင်လည်း ချွေးစက်များသီးလာကာ မြန်မြန်ဆန်ဆန်ပင် အငွေ့ပြန်ကာ ပျောက်ကွယ်သွားလေသည်။
အချိန်မည်မျှကြာသွားသည်မသိ၊ ကျန်းချန်ရွှမ်တစ်ကိုယ်လုံး သွေးပိုးအိမ်ကြီးတစ်ခုက ရစ်ပတ်လွှမ်းခြုံသွားလေသည်။ ဒါ့အပြင် ထိုထဲမှနေပြီး သားရဲရိုင်းများအော်ဟစ်ဟိန်းဟောက်သံလိုမျိုး ကြောက်မက်ဖွယ်အသံများ ထွက်ပေါ်လို့နေသည်။
ထိုအခြေအနေအတိုင်း လပေါင်းများစွာ ဆက်လက်ဖြစ်နေခဲ့သည်။
ဒီကနေ့မှာတော့။
အက်ကွဲကြောင်းတစ်ခုက ထိုကြီးမားသည့်သွေးပိုးအိမ်ကြီးပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
ထို့နောက် အက်ကြောင်းများက တဖြည်းဖြည်း ပိုများလာကာ ကွဲအက်သံများကလည်း အဆက်မပြတ်ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးမှာတော့ ဖုန်းခနဲအသံနှင့်အတူ သွေးပိုးအိမ်တစ်ခုလုံး သွေးရောင်အလင်းတန်းများအဖြစ်သို့ ပေါက်ကွဲထွက်သွားတော့သည်။
ထို့နောက်မှာတော့ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်…
သူ့တွင် ကြေးဝါရောင်အသားအရည်၊ ပေါ်လွင်သည့်မျက်နှာသွင်ပြင်နှင့် သန်မာကာ ဖောင်းကြွနေသည့် ကြွက်သားများရှိလေသည်။ ထိုသူကတော့ ကျန်းချန်ရွှမ်ပင်။
လက်ရှိတွင်တော့ သူ၏ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ်သည် အဆင့် ၄သို့ တရားဝင်, ဝင်ရောက်သွားပြီဖြစ်သည်။
ဒါ့အပြင် ရေနဂါးသွေးအဆီအနှစ်၏အကူအညီကြောင့် သူသည် တခါတည်းနှင့် ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ် အဆင့် ၄ အစောပိုင်း အထွတ်အထိပ်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားခြင်းပင်။
ဓမ္မစွမ်အားနှင့် ဝှက်ဖဲများကိုပါပေါင်းလိုက်လျှင် သာမာန် ရွှေအမြုတေ နှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူများပင် သူ့လက်ချက်ဖြင့် သေသွားနိုင်ပေပြီ။
ကျန်းချန်ရွှမ်သည် သိလိုစိတ်တစ်ခုကြောင့် အဆင့် ၃ ဓားပျံတစ်ချောင်းကိုထုတ်ကာ သူ့လက်မောင်းကို ခုတ်လိုက်လေသည်။
သို့သော်လည်း အဆင့် ၃ ဓားပျံသည် သူ့လက်နှင့်ထိသွားသည်နှင့် အသံတစ်ချက်သာထွက်ပေါ်လာခဲ့ကာ သူ့ခန္ဓာကိုယ်ကိုတော့ ဘာဒဏ်ရာမှ မဖြစ်စေခဲ့ပေ။ နောက်ဆုံး ပွန်းရာလေးတစ်ခုပင် ရှိမနေပေ။
ထိုသို့ဖြင့် ကျန်းချန်ရွှမ်သည် သူ့ခန္ဓာကိုယ်၏လက်ရှိအခြေအနေကို အကြမ်းဖျင်းခန့်မှန်းနိုင်သွားခဲ့သည်။
လက်ရှိ သူ့ခန္ဓာကိုယ်၏သန်မာမှုသည် အဆင့် ၃ ဓမ္မရတနာများကို မမှုတော့ပေ။ အဆင့် ၄ အဆင့်နိမ့် ဓမ္မရတနာဆိုလျှင်တော့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သော်လည်း ပုံမှန်အခြေအနေများဆိုလျှင်တော့ သူ့ကို ဒဏ်ရာအပြင်းအထန်ရစေဖို့အထိ မဖြစ်နိုင်ပေ။
သူ့ရဲ့ ရွှေဗလာနယ်ဓားလို အသံတိတ်သတ်ဖြတ်ခြင်းကို အထူးပြုသည့် မူလဓားပျံမျိုးမှ မဟုတ်ရင်ပေါ့။
[ဒင်]
သူ့စိတ်ထဲ အတွေးတွေများနေချိန်မှာပဲ ရုတ်တရက် သူ့စိတ်ထဲတွင် ရင်းနှီးနေပြီးသား အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
[ခန္ဓာကိုယ်မွမ်းမံခြင်း အဆင့် ၄ ကိုရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ အခု အကန့်အသတ်မဲ့ဘီးရဲ့ သေမျိုးအခန်းအပြည့်အစုံကို ရရှိသွားပါပြီ။]
ထိုအချိန်မှာပဲ အကန့်အသတ်မဲ့ဘီး၏ နောက်ဆက်တွဲကျင့်ကြံခြင်းအချက်လက်များသည် ရုတ်တရက်ဆိုသလို ကျန်းချန်ရွှမ်၏စိတ်ထဲတွင် ပေါ်လာတော့သည်။
ထိုထဲတွင် အဆင့် ၄၊ အဆင့် ၅ နှင့် အဆင့် ၆ တောင်မှပါလေသည်။ ဒါကတော့ ကျန်းချန်ရွှမ် ရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားသည့် အရာပင်။
အခုလေးတင် ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ်ကို အဆင့် ၄အထိရောက်သွားနိုင်ခဲ့ပြီကို တွေးနေတုန်းပင်ရှိသေး ကျန်နေသည့် အကန့်အသတ်မဲ့ဘီး၏အချက်အလက်များမှာ သူဆက်ပြီး ကျင့်ကြံစရာမကျန်တော့ပေ။
ဒါဆို သူဘာဆက်လုပ်ရမလဲ။
မမျှော်လင့်ထားစွာပင် စနစ်က သူ့ကို အံ့ဩအောင်လုပ်သွားခဲ့သည်။ အနည်းဆုံးတော့ ဗလာနယ်အပြန်အဆင့်သို့ မရောက်ခင်အထိ အကန့်အသတ်မဲ့ဘီးကျင့်ကြံဖို့အတွက် စိုးရိမ်နေစရာမလိုတော့ပေ။
အချိန်တစ်ခုအထိ ထိုအတွေးများနှင့် တဝဲလည်လည်ဖြစ်ပြီး နောက်ဆုံးမှာတော့ ကျန်းချန်ရွှမ်၏အာရုံက သူ၏အဆင့် ၄ ဓမ္မရတနာနှစ်ခုထံ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သွေးလင်းယုန်တောင်ပံနှင့် အနက်ရောင်ဝိညာဉ်ဒိုင်းပင်ဖြစ်သည်။
ပြီးခဲ့သည့် ပစ္စည်းဖလှယ်ပွဲတုန်းက ဝိညာဉ်သန့်စင်ပန်းကို လဲလှယ်ခဲ့သည့်အပြင် နောက်ထပ်ပစ္စည်းနှစ်မျိုးကိုလည်း ရခဲ့ပေသေးသည်။ တစ်ခုကတော့ သဲကြယ်လေရိုင်းဖြစ်ပြီးကျန်တစ်ခုကတော့ ကွဲနေသည့် အဆင့် ၄ လိပ်ခွံဖြစ်သည်။
ပထမတစ်ခုကိုတော့ သွေးလင်းယုန်တောင်ပံထဲသို့ ပေါင်းထည့်ကာ သူ့အဆင့်ကို မြှင့်တင်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ ၎င်း၏အရှိန်နှင့် လျင်မြန်မှုက တိုးလာနိုင်ပေသည်။
နောက်တစ်ခုကိုတော့ ပျက်စီးနေသည့် အနက်ရောင်ဝိညာဉ်ဒိုင်းကာ ပြုပြင်ရန်အတွက် အသုံးပြုနိုင်ပေသည်။
ကျန်းချန်ရွှမ်၏ လက်နက်သန့်စင်မှုအဆင့်သည် အဆင့် ၄သို့ အစစ်အမှန်မရောက်ရှိသေးတာကြောင့် အခုအခွင့်အရေးကို အသုံးချကာ အဆင့် ၄သို့ မြှင့်တင်မည်ဖြစ်သည်။
ဒါကြောင့် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ပျက်စီးနေသည့် အနက်ရောင်ဝိညာဉ်ဒိုင်းကာကို ထုတ်ယူလိုက်လေသည်။
သူက အရင်ဆုံး ဒီ အဆင့် ၄ အကာအကွယ်ဓမ္မရတနာကို အဆင့် ၄ လိပ်ခွံကွဲကိုသုံးကာ ပြင်ကြည့်ဖို့ စိတ်ကူးထားလေသည်။
ပြောရရင် အနက်ရောင်ဝိညာဉ်ဒိုင်းကာကို ပြင်ရသည်က သွေးလင်းယုန်တောင်ပံထဲသို့ သဲကြယ်လေရိုင်းကို ပေါင်းစပ်ရသည်ထက် ပို၍လွယ်ကူပေသည်။
လအနည်းငယ်ကြာပြီးနောက်…
ကျန်းချန်ရွှမ်သည် အသစ်စက်စက် အနက်ရောင်ဝိညာဉ်ဒိုင်းကာကို ကြည့်ပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းတညိတ်ညိတ်မလုပ်မိဘဲ မနေနိုင်ခဲ့ပေ။
အနက်ရောင်ဝိညာဉ်ဒိုင်းကာကို အောင်အောင်မြင်မြင် ပြင်ဆင်နိုင်ခဲ့တာကြောင့် သွေးလင်းယုန်တောင်ပံထဲသို့ သဲကြယ်လေရိုင်းကို ပေါင်းစပ်မည့် လုပ်ငန်းစဉ်အတွက်ပါ ကျန်းချန်ရွှမ်တစ်ယောက် အကြောင်းအရင်းမရှိ ယုံကြည်ချက်ရှိလာခဲ့သည်။
လေးလနီးပါး မရပ်မနားသန့်စင်ပြီးနောက်တွင်တော့ ကျန်းချန်ရွှမ်သည် သဲကြယ်လေရိုင်းကို သွေးလင်းယုန်တောင်ပံနှင့် အောင်မြင်စွာ ပေါင်းစပ်သွားနိုင်ခဲ့ပေသည်။
လက်ရှိတွင်တော့ သွေးလင်းယုန်တောင်ပံ၏အဆင့်သည် အဆင့် ၄ အဆင့်နိမ့်မှ အဆင့် ၄ အလယ်အဆင့်သို့ တိုးတက်သွားခဲ့ပြီဖြစ်သည်။ ၎င်းကို သုံးလိုက်လျှင် ပို၍မြန်ဆန်ပြီး လျင်မြန်လာရုံသာမက အဆင့် ၄ လေဒြပ်စင်မန္တာန်များကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။ တချိန်တည်းမှာပဲ ၎င်းသည် ကောင်းကင်ထက်ရှိ ကြယ်များ၏စွမ်းအားကိုပါ စုပ်ယူပြီး ၎င်း၏စွမ်းအားကို ၃၀ရာခိုင်နှုန်းအထိ တိုးတက်စေမည်ဖြစ်သည်။
ထိုဓမ္မရတနာကို သူ့အစွမ်းရှိသလောက်သုံးကာ အသက်သွင်းလိုက်သည်နှင့် ရွှေအမြုတေ နဝမအဆင့်ကျင့်ကြံသူပင်လျှင် သူနှင့်အလားတူ ဓမ္မရတနာတစ်ခုမသုံးဘဲ သူ့ကို ဖမ်းနိုင်တော့မည်မဟုတ်ဟု ပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။
[ဒင်]
ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်၏စိတ်ထဲသို့ စနစ်၏အသံက ဝင်လာခဲ့သည်။
[အဆင့် ၄ လက်နက်သန့်စင်သူဖြစ်လာပြီး စက်သားရဲများကိ သန့်စင်နိုင်မည့် ကျောက်စိမ်းပြားတစ်ခုကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။]
ဟမ်? စက်သားရဲ?
ကျန်းချန်ရွှမ်သည် သူ့လက်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည့် ကျောက်စိမ်းပြားကို ကြည့်လိုက်ပြီးနောက် အနည်းငယ်မှင်သက်သွားလေသည်။
ထိုကျောက်စိမ်းပြားထဲတွင် စက်သားရဲများကို သန့်စင်နိုင်မည့် နည်းလမ်းများ ပါဝင်နေလေသည်။
စက်သားရဲနှင့် ရုပ်သေးလိုမျိုး အမွေအနှစ်များသည် အဆင့်မြင့်ဂိုဏ်းကြီးများနှင့် အခြေတည်ဝိညာဉ်ဂိုဏ်းများ၏ အခိုင်အမာဆုပ်ကိုင်ထားသည်ကို သူသိပေသည်။
အခြေတည်ဝိညာဉ်အဆင့်အောက် သာမာန်ဂိုဏ်းများနှင့် မိသားစုများတွင်တော့ ထိုသို့သော အမွေအနှစ်မျိုးရှိသည်က အလွန်ကိုမှ ရှားပါးလှသည်။ ကျန်းချန်ရွှမ်သိထားသလောက်တော့ ယုနိုင်ငံတစ်ခုလုံးရှိ ရွှေအမြုတေအဆင့်ဂိုဏ်းများ၊ မိသားစုများတွင် ထိုအမွေအနှစ်မျိုးရှိပုံမပေါ်ပေ။
ကျန်းချန်ရွှမ်သာ ၎င်းကို ဆရာသခင်အဆင့်ရောက်အောင် လုပ်နိုင်လျှင် သူတို့ ကျန်းမိသားစုအတွက် ပုံဖော်ကြည့်၍ပင်မရနိုင်လောက်သည့် အကျိုးအမြတ်များ ယူဆောင်ပေးလာမည်မှာ အသိအသာပင်။ ထိုအတွေးခေါင်းထဲရောက်လိုက်သည်နှင့် ကျန်းချန်ရွှမ်သည် သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို သူ့နဖူးပေါ်တွင် ချက်ချင်း ကပ်လိုက်တော့သည်…
***