အခန်း (၁၁၅၀)
Vol. 78 Ch. 1150
အချက်အလက်အားဖြင့် တစ်စုံတစ်ယောက်သည် သတ်မှတ်ထားသော မြင့်မားသည့်အဆင့် တစ်ခုသို့ ရောက်ရှိသွားသည်ဆိုသည်နှင့် ရက်အတော်ကြာ အစားမစားဘဲ နေထိုင်နိုင်စွမ်း ရှိကြသည်။
သို့ပေမဲ့ သိုင်းကျင့်ကြံခြင်းလောကတွင် အစားသည် တစ်စုံတစ်ယောက်၏ ဆာလောင်မှုကို ဖြည့်ဆည်းပေးသည့်နေရာတွင် အသုံးပြုသည့်အရာ မဟုတ်ပေ။ များပြားလှသော လူများသည် ၎င်းတို့၏ လျှာအား အရသာခံရန် အလွန် အရသာ ရှိလှသော အစာများကို စားသုံးချင်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် အထက်နယ်မြေမှာရှိသော စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ပြီး နှစ်ပေါင်းရာချီ၍ အစားအသောက်များ မစားဘဲ နေထိုင်နိုင်စွမ်း ရှိသည်ဆိုလျှင်တောင်မှ ၎င်းတို့သည် လျှာအရသာကို ခံချင်ကြသည်မှာ သဘာဝပင်။
လက်ရှိ ပြိုင်စံရှားဂိုဏ်း၏ စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်း၊ လီချင်းယန်နှင့် တခြားသော သူများ အားလုံးသည် ရှိရှိသမျှသော အစားအသောက်များ အားလုံးကို အမဲဖျက်သလို စားသုံးလျက်ရှိနေကြသည့် အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့အား ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုလျက် ရှိနေကြသည်။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်က တီးတိုးပြောလိုက်သည်။ “သူတို့ကို ဖြည်းဖြည်းစားခိုင်းပါအုံး။ နင်ပြီးလည်း သေသွားအုံးမယ်”
“အစ်ကိုကြီးတို့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မလောပါနဲ့။ မလောပါနဲ့။ အစ်ကိုကြီးတို့ဆီက အစားအစာကို ဘယ်သူမှ လုမစားပါဘူး”
ဘုတ်
အဖြူရောင်နတ်ဆိုးသည် သူ၏တူအား အသာချပြီးသည့်နောက်မှာတော့ မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာသည်။ “ငါ ဒီလောက် အရသာရှိတဲ့ အစားအစာကို အရင်တုန်းက မစားရခဲ့ဖူးဘူး”
“ဟုတ်တယ်”
အမဲရောင်နတ်ဆိုးသည် မျက်လုံးများ ချာချာလည်ကာဖြင့် သူ၏ပန်းကန်လုံးကို ချကာ ပြောလိုက်၏။ “ညီလေး... ကြက်ဥများများလေးနဲ့ ထမင်းကြော်တစ်ပွဲလောက် ထပ်ပေးပါအုံး”
ပထမတုန်းက ၎င်းတို့နှစ်ယောက်သည် သေမျိုးလောကရှိ အစားအစာများကို မစားသုံးဟု ဇွဲကောင်းကောင်းနှင့် တင်းခံထားခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ အစားအစာများကို စားပြီးသည့်နောက်မှာတော့ ၎င်းတို့သည် အလွန်တရာ ထိတ်လန့်တုန်လှုပ်မိကြသည်။
အထက်နယ်မြေတွင် စားသောက်ခဲ့သော အစားအစာများ အားလုံးသည် နွားချေးများ ကဲ့သို့ပင် ခံစားခဲ့ရတော့သည်။ လျှိုဝမ်ရှစ် ချက်ပြုတ်သော အစားအစာသည် ဤကဲ့သို့ ဖြစ်သည်မှာ အံ့အားသင့်စရာတော့ မရှိချေ။
“လာကြ၊ လာကြ”
ကျွင်းချောင်ရှောင်းသည် သူ့အစ်ကိုကြီးနှစ်ယောက်၏ ခွက်ထဲသို့ ဝိုင်များလောင်းထည့်ကာ ပြောလိုက်၏။ “ဒါက အရက်မူးအိမ်မက်ဝိုင်လို့ ခေါ်တယ်လေ။ ပြိုင်စံရှားဂိုဏ်းရဲ့ ဝိုင်ဖန်တီးပြုလုပ်သူ သေသေချာချာ ပြုလုပ်ထားတဲ့အရာပဲ”
အဖြူရောင်နတ်ဆိုးသည် ခွက်ကိုအသာကောက်ယူပြီးသည့်နောက်မှာတော့ ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ အရသာခံလိုက်၏။ ပြီးနောက် ချီးကျူးလိုက်သည်။ “ဝိုင်ကောင်းပဲ။ ညီလေး... မင်းရဲ့ဂိုဏ်းမှာ နဂါးတွေ၊ ကျားတွေ ပုန်းအောင်းနေကြတာပဲ”
အမဲရောင်နတ်ဆိုးသည် ဝိုင်၏ အရသာကို ခံကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်နှင့်မြေကြီး အတွင်းမှာရှိသော ဓာတ်သဘာဝများအား နားလည်မှု ပိုမိုကာ တိုးတက်သွားသည်ကို ခံစားမိ၏။ သို့ပေမဲ့ သူ့ကဲ့သို့သော သိုင်းအင်ပါယာတစ်ယောက်အတွက် ထိုကဲ့သို့သော တိုးတက်မှုမျိုးသည် မည်သို့မျှ အကူအညီ မဖြစ်ပေ။ ထို့ကြောင့် စိတ်ထဲတွင် သိပ်၍ မထားချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အစ်ကိုကြီးတို့နှစ်ယောက်အတွက် လွတ်လပ်တဲ့ခြံဝန်းလေးနှစ်ခု စီစဉ် ပေးထားတယ်လေ။ အဲဒီမှာ သဘောကျတယ်ဆိုရင် အချိန်အတော်ကြာ နေလို့ရတယ်”
“ဒီလိုမဖြစ်ဘူး”
အရက်မူးအိမ်မက်ဝိုင်ကို သောက်သုံးပြီး အစွမ်းပြနေပြီ ဖြစ်သောကြောင့် အဖြူရောင်နတ်ဆိုးသည် သူ၏ ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည်။ “မြန်မြန်... ကြယ်နှင်ဘုရင်ဆိုတဲ့လူကို ရှာမယ်။ ငါတို့ ညီငယ်လေး အတွက် သေသေချာချာ လက်စားချေမှ ဖြစ်မယ်”
ကျွင်းချောင်ရှောင်းသည် သူ၏ ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့သည် စိတ်လိုလက်ရ စားသောက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတွင် ခဏတာ တည်းခိုနေထိုင်ကြတော့၏။ နောက်ရက်မှာတော့ ၎င်းတို့သည် လေထဲတွင် လွင့်မျောလျက်ရှိနေသော တိမ်ကြီးနှင့် အလွန်တရာ ခမ်းနားလှသည့် အဆောက်အဦများကို ကြည့်ရှုကာ ချီးကျူးလျက်ရှိနေသည်။ ၎င်းတို့သည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိ၏။ “စီနီယာသက်တန့်ရောင် သူတော်စင် ဖန်တီးခဲ့တဲ့ ဒီနေရာကြီးက တကယ့်ကို သာမန်ထက်ပိုတာပဲ”
သူ၏ဂိုဏ်းသည် သက်တန့်ရောင်သူတော်စင်နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ကျွင်းချောင်ရှောင်းက တစ်ခါမှ မပြောခဲ့ချေ။ သို့ပေမဲ့ ဤနှစ်ယောက်သည် သူတို့ဘာသာ ကွက်လပ်ဖြည့်ကာဖြင့် ပြိုင်စံရှားဂိုဏ်း၏ ဘိုးဘေးဆိုသည်မှာ သက်တန့်ရောင်သူတော်စင်ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြတော့၏။
ကုန်းရှန့်၏ လိမ်ညာလှည့်စားတတ်သည့် အမူအကျင့်အရဆိုလျှင် အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့ မပြောနှင့် သက်တန့်ရောင်သူတော်စင် လာလျှင်ပင် ၎င်းကိုယ်တိုင် ဖန်တီးခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်မည်ဟု သတ်မှတ်မိမှာ သေချာပေသည်။
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေး၊ လီလိုရှုနှင့် တခြားသောသူများ၏ သတင်းပို့ချက်များကို အကြမ်းဖျင်း နားထောင်တော့၏။
သူ့အား အံ့အားသင့်စေသည့် သတင်းတစ်ခုက တည်ရှိလို့ နေသည်။ ထိုအရာမှာ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီမှ ပြန်လာပြီးသည့်နောက်တွင် ၎င်းတို့၏ ဂြိုဟ်အား စည်းမျဉ်းစည်းကမ်းများ ချိုးဖြတ်သည်ဟု သဘောထားကာဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ဂြိုဟ်တိုက်ပွဲ တည်နေရာအကြား ဆက်စပ်လျက်ရှိနေသည့် ဂိတ်တံခါးကြီးအား ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။
လီလိုရှုက ပြောလိုက်၏။ “စောင့်ကြည့်ရေးမျှော်စင်ဆီက သတင်းအရဆိုရင် ကျွန်မတို့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို တရားမဝင် ဝင်ရောက်ခဲ့တယ်။ ဂိုဏ်းချုပ်က စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ခဲ့တယ်လို့ ပြောတယ်”
ကျွင်းချောင်ရှောင်းက မပျော်မရွှင်ပြောလိုက်သည်။ “ငါ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာလဲ”
“လက်ခံသူအနေနဲ့ ချိုးဖြတ်ခဲ့လား၊ မချိုးဖြတ်ခဲ့ဖူးလား ဆိုတာကို စိတ်ထဲမှာ တကယ် မသိဘူးလား” စနစ်က ဝင်ရောက်ကာ မာန်မဲလိုက်၏။
လီလိုရှုက ဆက်ပြောလိုက်သည်။ “ကျွန်မတို့က စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖြတ်ခဲ့တယ်ဆိုပေမဲ့ အထက်နယ်မြေက အပြစ်ပေးခဲ့ပြီးသား မဟုတ်လား။ ဒါပေမဲ့အခု ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်သလို ကျွန်မတို့ ဂြိုဟ်တည်နေရာကို တခြား ဂြိုဟ်တစ်ခုက အစားထိုး ဝင်ရောက်သွားပြီ”
“ကိစ္စမရှိဘူး”
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်သည်။ “ဂြိုလ်တိုက်ပွဲ တည်နေရာကြီးဆီကို သွားနိုင်တဲ့ တည်နေရာဂိတ်တံခါး ငါတို့ဆီမှာ ရှိနေတယ်လေ။ ဒီတော့ စိတ်ရှိသလို ငါ့ရဲ့တပည့်တွေကို စေလွှတ်နိုင်သေးတယ်”
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိသည့် ကျင့်ကြံသူများမှာတော့ ခံစားလျက်ရှိနေသည်။ ၎င်းတို့သည် တာဝန်များပြည့်စုံအောင် ပြုလုပ်ပြီး ပြန်လာသည့်နောက်မှာတော့ အနာဂတ်တွင် ၎င်းတို့၏ သွေးမျိုးဆက်များအား လေ့ကျင့်စေရန် အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီဟု သတ်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ တည်နေရာဂိတ်တံခါးကြီးသည် ပိတ်ပင်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ထပ်မံဝင်ရောက်ခွင့် မရရှိကြတော့ချေ။
“ဂိုဏ်းချုပ်”
ယွမ်သခင်လေးက ပြုံးကာပြောလိုက်သည်။ “ဒါက ပိုက်ဆံရှာဖို့အတွက် အခွင့်အရေးကောင်းပဲလေ”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘာကိုဆိုလိုတာလဲ”
ယွမ်သခင်လေးက ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ ဂိတ်တံခါးကြီးက လုံးဝကို ပျောက်သွား ပြီလေ။ ဒီတော့ အထဲကို ဝင်ချင်တဲ့ ကျင့်ကြံသူတွေက ဂိုဏ်းချုပ်ကို ပိုက်ဆံပေးရမယ်။ ပိုက်ဆံရမှ တည်နေရာ ဂိတ်တံခါးကနေ အထဲကိုဝင်ခွင့်ပေးမှာပေါ့”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ လင်းလက်သွားမိ၏။ “ဒါက ဟုတ်တာပဲ”
သူတို့တွင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်နိုင်သည့် တည်နေရာဂိတ်တံခါးရှိသည်ဆိုခြင်းကို အားလုံးသော သူများက သိရှိကြသည်။
“ယွမ်ကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားရဲ့ အကူအညီကြောင့် ကျုပ်က စိတ်သက်တောင့် သက်သာ ဖြစ်ပြီပဲ”
“ဟင်း...”
လီလိုရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဆိုးတာက ကျွန်မတို့ ကြယ်ကြွေကုန်းမြေတိုက်ကြီး အစား အစားထိုးဝင်ရောက်တဲ့ဂြိုဟ်ကတော့ သနားစရာပဲ”
“ဒါက ကိစ္စမရှိဘူးလေ။ ငါတို့နဲ့မှ မဆိုင်တာ။ ကျင့်ကြံခြင်းလောကကြီးထဲမှာ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ မဟုတ်ဘူးလား”
သူသည် စီးပွားရေးကိစ္စများကို ဆွေးနွေးပြီးသည့်နောက်မှာတော့ အကျဉ်းထောင်ရှိရာသို့ လှမ်းတက်လာခဲ့သည်။ ယွမ်သခင်လေး၏ စီစဉ်မှုများ ပြုလုပ်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်သည် နှစ်မျိုး နှစ်စားဖြင့် ခွဲခြားထားခဲ့၏။ တစ်ခုသည် ကောင်းကင်အကျဉ်းထောင်ဖြစ်ပြီး တခြားတစ်ခုမှာတော့ မြေအကျဉ်းထောင်ဖြစ်သည်။ ပုံမှန်အားဖြင့် ကျိုးဒူဒူနှင့် တိုင်လုတို့သည် သီးခြားချုပ်နှောင်ခြင်းကို ခံထားရပြီး နောက်ပိုင်းမှ ရောက်ရှိလာခဲ့ကြသော ကတုံးနှင့် တခြားသောသူများသည် သီးခြားချုပ်နှောင်ခြင်းကို ခံထားရသည်။
ကျွီ
အကျဉ်းထောင်တံခါး ပွင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက လျှောက်ဝင်လာခဲ့သည်။
ဆွစ်
ရှောင်ကျီသည် ထိုင်ခုံတစ်ခုကို ကြိုတင်ကာ ပြင်ဆင်ပြီးဖြစ်သည်။ ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းချုပ်၏ နောက်တွင် ရင်ကိုကော့ကာဖြင့် ခပ်မတ်မတ် ရပ်လျက်ရှိသည်။ မျက်မှန်တစ်လက်နှင့် အင်္ကျီအမဲကိုသာ ဝတ်ဆင် ပေးထားလိုက်မည်ဆိုပါက အလွန်တရာ ကြီးကျယ်ခမ်းနားလှသော သက်တော်စောင့်တစ်ယောက်၏ ပုံပန်းသွင်ပြင် မျိုးနှင့် ဆင်တူပေလိမ့်မည်။
“ရုပ်ဆိုးလိုက်တာ”
ကျွင်းချောင်ရှောင်းသည် လက်များကို ယှက်ကာဖြင့် အသာပြောလိုက်သည်။ “ဒီမှာနေရတာ အသားကျပြီလား”
အတိတ်တုန်းကသာဆိုလျှင် ဤခေါင်းတုံးပြောင်သည် ရုပ်ဆိုးသည်ဟု သူ့ကိုခေါ်ဆိုသည်ကို ကြားသည်နှင့် တပြိုင်နက် ရှိရှိသမျှအရာအားလုံးကို ဝင်ရောက်တိုက်ခိုက်မှာ သေချာ၏။
သို့ပေမဲ့ အားရာနှင့် သွန်သင်ညွှန်ပြမှုကို ခံရပြီးသည့်နောက်မှာတော့ သူ၏စိတ်ထဲတွင် အတွင်းစိတ်မိစ္ဆာဆိုးများနှင့် ပြည့်နှက်လျက် ရှိနေတော့၏။ ကျွင်းချောင်ရှောင်းကို မြင်သည်ဆိုသည်နှင့် သူသည် အသည်းငယ်ကာ ထိတ်လန့်တုန်လှုပ်နေမိသည်။
“လိုရင်းကို ပြောရအောင်”
ကျွင်းချောင်ရှောင်းသည် သူ၏ဆေးပြင်းလိပ်ကြီးကို ထုတ်ယူကာဖြင့် ခေါင်းကိုမော့ကာ ဟန်ပါပါ ပြောလိုက်တော့သည်။ “ငါ့ကိုပြော၊ မင်းတို့ရဲ့ဆရာက ဘယ်မှာနေတယ်ဆိုတာကို တိတိကျကျ လိပ်စာပေး”
“ကျုပ်..”
“ပြောစမ်း” ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ရုတ်တရက် လေသံကို မြှင့်လိုက်သော ကြောင့် မိုးခြိမ်းသံကဲ့သို့ပင် ဖြစ်တည်လာသည်။
ခေါင်းတုံးပြောင်နှင့်လူသည် လဲပြိုလုမတတ် ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ သူသည် ခြောက်ခြားစွာဖြင့် ပြောလိုက်မိသည်။ “ပြော.. ပြောပါ့မယ်။ အရာအားလုံးကို ပြောပါ့မယ်”
...............
လှပလှသော ခြံဝန်းထဲမှာတော့ …
ကျွင်းချောင်ရှောင်းသည် သေးငယ်လှသည့် ခန်းမဆောင်လေး၌ ထိုင်လျက်ရှိသည်။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။ “အစ်ကိုကြီးတို့... ဟိုလူရဲ့ လိပ်စာကိုသိပြီ။ ဒါပေမဲ့ …”
“ဒါပေမဲ့ ဘာဖြစ်လဲ” အဖြူရောင်နတ်ဆိုးသည် ရေနွေးတစ်ခွက်ကို ကောက်သောက်ကာဖြင့် မေးလိုက်သည်။
“နည်းနည်း ဝေးတယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့က စကြဝဠာကြီးကို ဖြတ်ပြီး ခရီးနှင် ရမှာ။ ဒါပေမဲ့ ညီလေးဆီမှာ အဲလိုမျိုးသွားနိုင်တဲ့ စွမ်းအင်မျိုး မရှိဘူးလေ”
ခေါင်းတုံးဆီမှ ရရှိသည့် သတင်းအချက်အလက်များအရဆိုလျှင် ကြယ်နှင်ဘုရင်သည် စကြဝဠာ တစ်ခုပြီးတစ်ခုကို လှည့်လည်သွားလာပြီးသည့်နောက် လူသူကင်းရှင်းပြီး သီးသန့်ကျလွန်းလှသည့် ဂြိုဟ်ကြီးတစ်ခုတွင် ခဏတာ နေထိုင်၏။
သူ့အနေနှင့် အချိန်နှင့်တည်နေရာပိုးကောင်ကို အသုံးပြုကာ သွားလာနိုင်သည်ဆိုသော်လည်း အနည်းငယ် နှောင့်နှေးပေလိမ့်မည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ကလဲ့စားချေမှု အစီအရင်အား ဆယ်နှစ်ကြာလျှင်ပင် နောက်မကျသေးဟု တွေးတောထားခဲ့သည်။ ဖြစ်နိုင်မည်ဆိုပါက ထိုချောမောလှပသည့်လူ ဆီသို့ ချက်ချင်းသွား၍ မြေပေါ်တွင် နင်းချေကာ ကောင်းကောင်းရိုက်နှက်ချင်မိသည်။ လောလောဆယ် မသွားနိုင်သေးလျှင်လည်း ခဏတာ တေးထားရမှာ ဖြစ်၏။
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “တိကျတဲ့နေရာကိုသာ ပေး။ တစ်ဖက်လူက သေမျိုးလောကရဲ့ စကြဝဠာထဲမှာ ရှိနေသေးတယ်ဆိုရင် လောကရဲ့အဆုံးအထိ သွားရတယ်ဆိုရင်တောင်မှ ပုန်းနေလို့ရမှာ မဟုတ်ဘူး။ ငါတို့ရှာဖွေပေးနိုင်တယ်”
သေမျိုးလောက၏ စကြဝဠာဂြိုဟ်အတွင်းသို့ လှည့်လည်သွားလာရခြင်းသည် သူတို့အတွက်တော့ ကိစ္စသေးလေး တစ်ခုသာဖြစ်သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ “ညီငယ်လေးက လမ်းပြမယ်လေ”
ဝှစ် ဝှစ်
ထိုနေ့မှာပဲ အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့သည် ကျွင်းချောင်ရှောင်းကို ခေါ်ဆောင်ကာဖြင့် တည်နေရာအတားအဆီးကို ချိုးဖြတ်ကာ မဲမှောင်လွန်းလှသော စကြဝဠာကြီး အတွင်းသို့ ဝင်ရောက်သွားခဲ့ကြတော့သည်။
ထူးခြားလှသည့် အထူးစွမ်းအင်နှစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသောကြောင့် စကြဝဠာ၏ စွမ်းအင်များသည် ကျွင်းချောင်ရှောင်း အား မသက်ရောက်ခဲ့ချေ။
“ညီငယ်လေး... တည်နေရာကိုပြော”
“နေအုံး... ကျုပ်ကြည့်လိုက်အုံးမယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းတုံးဆီမှ ရရှိခဲ့သော သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာဖြင့် တည်နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ “အစ်ကိုကြီး.. အဲလမ်းအတိုင်း သွားကြရအောင်”
ဝှစ် ……။