အခန်း (၁၁၅၄)
Vol. 78 Ch. 1154
ကျွင်းချောင်ရှောင်းသည် ၎င်း၏ တိုက်ရိုက်တပည့်အကြောင်းကို မပြောနှင့် စီနီယာတုံးကုဆိုသည့်လူ၏ အကြောင်းကိုပင် တစ်ခါမှ မကြားခဲ့ဘူးချေ။
သို့ပေမဲ့ အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့၏ မျက်လုံးထဲတွင်ရှိသော ချီးကျူးမှုနှင့် ကိုးကွယ်မှု အရိပ်အယောင်များကို တွေ့ရှိပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းပဲ လိမ်ညာပြောဆိုရန် စဉ်းစားလိုက်မိ၏။ “ငါ့ဘဝမှာ ရေတွက်လို့မရအောင် များပြားလှတဲ့ လိမ်လည်မှုတွေကို ပြုလုပ်ခဲ့တယ် ဆိုပေမဲ့ ဒီအရာလောက် ပြည့်စုံတဲ့ လိမ်လည်မှု ဖြစ်မယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ဘာသာသူတို့ လာပြီးတော့ အလိမ်ခံတာလေ။ ငါ ဘာမှတောင် မလုပ်လိုက်ရဘူး”
“အစ်ကိုကြီးတို့ နောက်ဆုံးတော့ သိသွားကြပြီကိုး”
ကျွင်းချောင်ရှောင်းသည် ထိုသို့ ပြောလိုက်ပြီးသည့်နောက်မှာ တော့ အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့ဘက်သို့ အသာလှည့်လိုက်၏။ ပြီးသည့်နောက် လေးဆယ့်ငါး ဒီဂရီ ခေါင်းကိုစောင်းကာ ဖြင့် ကောင်းကင်နှင့် မြေကြီးသို့ မော့ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင်တော့ များပြား လှသည့် ဇာတ်ကြောင်းများ တည်ရှိနေသည့် ပုံစံမျိုး ထွက်ပေါ်လျက်ရှိနေတော့၏။
“ထင်ထားတဲ့အတိုင်းပဲကိုး”
အမြဲတမ်း တည်ငြိမ်နေတတ်သော အမဲရောင်နတ်ဆိုးသည် မည်သည့် ပြစ်ချက်ကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် သူ၏ ညီငယ်လေးမှာ စီနီယာတုံးကု၏ တိုက်ရိုက်တပည့်ဖြစ်မည်ဟု ကျိန်းသေပေါက် တွက်ဆလိုက်တော့သည်။
“ကောင်းကင်ဘုံ”
အနည်းငယ် စဉ်းစားမှု နည်းပါးတတ်သော အဖြူရောင်နတ်ဆိုးမှာတော့ တစ်ခါတည်းပင် ယုံကြည်လက်ခံသွားပြီဖြစ်၏။ “ညီငယ်လေးက ဒီလိုလူမျိုးကိုး။ တကယ့်ကို ဆန်းကြယ်လွန်းတာပဲ”
ကျွင်းချောင်ရှောင်းသည် အသာလှည့်ပြီးနောက် နာနာကျင်ကျင်နှင့် ပြောလိုက်သည်။ “ကျုပ်က အစ်ကိုကြီးတို့ နှစ်ယောက်ကို သာမန်လူလိုပဲ ဆက်ဆံချင်တာလေ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရတော့ဘူးပဲ”
စနစ်က ပြောလိုက်သည်။ “ချီးတဲ့မှ... ဒါကြီးက တကယ့်ကို အရှက်မဲ့လွန်းတယ်”
အဖြူရောင်နှင့် အမဲရောင်နတ်ဆိုး - ဤအရူးအနှစ်ယောက်သည် လက်ခံသူ၏ လှည့်စားမှုကို ခံယူနေရသည်။ ထို့အပြင် တခြားသော သူများထက်ပင် ပို၍ ဆိုးရွားလွန်းလှ၏။ အလိမ်အညာခံရရန် မိမိကိုယ်ကို တစ်ခါတည်းမောင်းသွင်းလျက်ရှိနေကြ၏။
အစစ်အမှန်တရားမှာတော့ ၎င်းတို့နှစ်ယောက်အားလည်း အပြစ်တင်၍ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် စီနီယာတုံးကုဆိုသည်မှာ အထက်နယ်မြေတွင် အလွန်တရာ ကျော်ကြားလှပြီး အားကောင်းလှသော လူတစ်ယောက်လည်းဖြစ်သည်။
ထို့အပြင် ထိုသူသည် ၎င်း၏ ရှေးရွက်သင်္ဘောကြီးကို အမွေဆက်ခံသူမှာ သူ၏ တိုက်ရိုက်တပည့်ဖြစ်သည်ဟု လူသိထင်ရှား ကြေညာထားခဲ့သည် မဟုတ်ပါလား။ အချိန်အတော်ကြာသည်အထိ ရှေးသင်္ဘောကြီး အကြောင်းကို သိုင်းကျင့်ကြံသူများသည် ဆွေးနွေးခဲ့ဖူးကြ၏။ သို့ပေမဲ့ အမွေဆက်ခံသူသည် မည်သူဖြစ်မှန်း သူတို့ မသိကြချေ။
စီနီယာတုံးကု … ၎င်း၏ တာအိုနာမည် - ကြီးမြတ်သောတုံးကုသည် အထက်နယ်မြေ၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။ အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့သည် သူတို့ကို သူတို့ ဂျူနီယာ အဖြစ် သတ်မှတ်ပြီး အလွန်တရာ လေးစားသမှု ရှိကြ၏။ အထက်နယ်မြေအား ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကြီးမြတ်သောတုံးကုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာလိုမျိုး ကြီးကျယ် ခမ်းနားလှသည့် တည်ရှိမှုမျိုးပင် ဖြစ်တော့၏။ ဤကဲ့သို့အဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် လေနှင့်မိုးကိုပင် ဆင့်ခေါ်နိုင်သောလူများဖြစ်သည်။ ထို့ကြောင့် များပြားလှသည့် ပါရမီရှင်တပည့် များသည် ၎င်း၏ တိုက်ရိုက်တပည့်ဖြစ်ရန် အကြီးအကျယ် လိုချင်လျက်ရှိနေ၏။
အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့သည်လည်း ကြီးမြတ်သောတုံးကု အကြောင်းကို ကြားသိပြီးပြီဖြစ်၏။ သို့ပေမဲ့ အောက်နယ်မြေတွင်ရှိနေသော ၎င်းတို့၏ ညီငယ်လေးသည် ရှေးရွက်သင်္ဘောကြီးကို ပိုင်ဆိုင်ပြီး စီနီယာတုံးကု၏ တိုက်ရိုက်တပည့် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်မိခဲ့ကြချေ။
တိုက်ရိုက်တပည့်၊ ဤအရာသည် ကျိန်းသေပေါက် တိုက်ရိုက်တပည့် ဖြစ်တော့သည်။ ဤနေရာတွင် မေးမြန်းစရာ ရှိနေသည်မှာ ဤသင်္ဘောကြီး သည် အတုဖြစ်မည်လား သို့မဟုတ် ခိုးယူခဲ့သည့်အရာများ ဖြစ်မည်လားဟု အဘယ်ကြောင့် သံသယမဝင်ကြသနည်း။
ဤရှေးသင်္ဘောကြီး၏ လက်ရာနှင့် အသုံးပြုထားသည့်ပစ္စည်းများကို ကြည့်ရှုလိုက်မည် ဆိုသည်နှင့် ဤအရာသည် အတုပြုလုပ်ထားသည့်အရာ မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း နားလည်ကြ၏။ ထို့အပြင် အထက် နယ်မြေမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှပစ္စည်းကို မည်သို့သောသူက သွား၍ ခိုးယူရမည်နည်း။
မိမိအားအင်အဆင့်ကို တိုးတက်စေရန်အတွက် နဂါးမျိုးနွယ်ထဲသို့ဝင်၍ နဂါးဥအား ခိုးယူရဲသော ခရမ်းရောင်ဘုရင် ကဲ့သို့ လူမျိုးပင်လျှင် စီနီယာတုံးကု၏ ခြံဝန်းထဲသို့ လူမပြောနှင့် အရိပ်တောင် ဖြတ်ရဲလိမ့်မည် မဟုတ်ချေ။
အတိုချုပ် ပြောရမည်ဆိုလျှင် ၎င်းတို့၏ သွေးသောက်ညီငယ်လေးသည် စီနီယာတုံးကု၏ တိုက်ရိုက်တပည့် ဖြစ်နေသောကြောင့်သာလျှင် ရှေးရွက်သင်္ဘောကြီးကို အပိုင်ရရှိခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
လောကတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသောအရာမှာ မိမိ၏ အတွေးပင် ဖြစ်တော့၏။ အတွေးသည် တွေးတောလေ ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းလေ ဖြစ်တော့သည်။
တကယ်တော့ ဤရှေးရွက်သင်္ဘောကြီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျွင်းချောင်ရှောင်း အနေနှင့် အဘယ်ကြောင့် ဤရွက်သင်္ဘောကြီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲတွင် စည်းခတ်ခံ ထားရသည်ဆိုသည့် အကြောင်းကိုတော့ သေသေချာချာ မသိရှိပေ။
“ညီငယ်လေး”
အဖြူရောင်နတ်ဆိုးသည် အရှေ့သို့ အသာတိုးပြီးသည့်နောက် ၎င်း၏ ပခုံးပေါ်သို့လက်တင်ကာ ပြုံး၍ ပြောလိုက်တော့၏။ “အနာဂတ်မှာ မင်းအနေနဲ့ ငါတို့ကို စောင့်ရှောက်ပေးဖို့ သင့်တယ်”
သူနှင့် အမဲရောင်နတ်ဆိုးတို့ အားလုံးသည် အထက်နယ်မြေတွင် ကျွမ်းကျင်သူအဖြစ် သုံးသပ်နိုင်၏။ သို့ပေမဲ့ ထိပ်ဆုံးသို့ ရောက်ရှိရန်တော့ အလှမ်းကွာဝေးလို့ ရှိနေသေးသည်။ လက်ရှိအခြေအနေမှာတော့ သူတို့၏ သွေးသောက် ညီငယ်လေးသည် ကျောက်ရုပ်တု စွမ်းအင်ကို ပိုင်ဆိုင်သည့်အပြင် စီနီယာတုံးကု၏ တိုက်ရိုက်တပည့်လည်း ဖြစ်လို့နေသေးသည်။ ထို့ကြောင့် အဆင့်အတန်းမြင့်မားသူတစ်ယောက် ဖြစ်မှန်း သိသာလှသည်။ ထို့အပြင် သက်တန့်ရောင်သူတော်စင်နှင့်လည်း ပတ်သက် ဆက်နွယ်လို့ နေသေးသည်။
“ကောင်းကင်ဘုံ.... ဒါက တကယ့်ကို ရွှေပေါင်ကြီးပဲ”
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ ကျွင်းချောင်ရှောင်း သည် သူတို့ ညီအစ်ကိုနှစ်ယောက်အား ရွှေပေါင်ကြီးများ ဖြစ်သည်ဟု သုံးသပ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ ပြောင်းပြန်ဖြစ်လို့ သွားခဲ့သည်။ ဤညီအစ်ကိုနှစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ ရွှေပေါင်ကြီးကို ဖက်ကာဖြင့် ပြောလိုက်မိသည်။ “ညီငယ်လေး... ဘာတွေများ လိုအပ်နေသေးလဲ”
.................
အဖြူရောင်နှင့် အမဲရောင် နတ်ဆိုးတို့၏ လှပသော နားလည်မှုလွဲခြင်းသည် ကျွင်းချောင်ရှောင်းအား ၎င်း၏ ညီငယ်လေးအဖြစ်သို့ ပိုမိုကာ လေးလေးနက်နက် ဆက်ဆံစေခဲ့တော့သည်။ ဤနေရာတွင် ဆေးလိပ်နှင့် မီးခြစ် မရှိသည်မှာ တော်သေးသည်။ မဟုတ်ပါက တစ်ယောက်သည် ဆေးလိပ်ကမ်းပေး၍ တစ်ယောက် သည် မီးညှိပေးနေမှာ သေချာတော့သည်။
လက်ရှိ အခြေအနေသည် ကောင်းမွန်သည့် အခွင့်အလမ်းပင် ဖြစ်၏။ ၎င်းတို့၏ အမူအကျင့်များ ပြောင်းလဲ လာသည်ကို သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အခွင့်အရေးယူကာဖြင့် ၎င်းတို့အား ဆွဲဆောင် လိုက်တော့သည်။ “အစ်ကိုကြီးတို့... အထက်နယ်မြေကို အချိန်အတိုင်းအတာ တစ်ခုအထိ ပြန်သွားနိုင်မှာ မဟုတ်ဘူးလေ။ ဘာလို့ ပြိုင်စံရှားဂိုဏ်းထဲကိုဝင်ပြီး ကျုပ်ကို မကူညီတာလဲ”
“ဒါက”
အဖြူရောင်နှင့် အမဲရောင် နတ်ဆိုးတို့သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ၎င်းတို့သည် အထက်နယ်မြေဆီမှ လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ကြသည်။ ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်ရန် ဘယ်သောအခါကမှ မစဉ်းစားခဲ့ချေ။ လွတ်လပ်သည့်ဘဝဖြင့် လှုပ်ရှားသွားလာရသည်ကိုသာ အသားကျနေပြီ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စကားကို သနားစဖွယ် ပြောလိုက်မိ၏။ “တကယ်လို့ သဘောမတူရင်လည်း အတင်း တွန်းအား မပေးပါဘူး။ ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူနေရာကို ရယူဖို့အတွက် တခြားသော တစ်စုံတစ်ယောက် ကို ကျုပ်ရှာဖွေနိုင်ပါသေးတယ်”
“ကာကွယ်စောင့်ရှောက်သူ ဟုတ်လား”
ဤရာထူးသည် ဂိုဏ်းတစ်ခုတွင် နိမ့်ပါးလှသည့်ရာထူးမျိုး မဟုတ်ပေ။ သာမန်အခြေအနေတွင် ဂိုဏ်းချုပ်၊ ဒု-ဂိုဏ်းချုပ်၊ အကြီးအကဲ၊ ကာကွယ်စောင့်ရှောက်သူ စသည်တို့ အားလုံးသည် ဂိုဏ်း၏ အမြင့်မားဆုံးသော ရာထူးရာခံ ရှိကြသူများဖြစ်၏။ ထို့အပြင် ကာကွယ်စောင့်ရှောက်သူ ဆိုသည်မှာ တိုက်ခိုက်ရာကိုသာ ဦးစားပေးကြရသည်ဖြစ်ပြီး ကာကွယ်စောင့်ရှောက်ရမည့် အနေအထားမျိုးတွင်သာ အလုပ် လုပ်ကိုင်ကြရသည့်လူများဖြစ်သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ကို စမ်းသပ်ဖို့အတွက် ဆရာက အဆင့်နိမ့်ဂြိုဟ်တစ်ခုကို စေလွှတ်ပြီး ဂိုဏ်းတစ်ခုကို တည်ထောင်ခိုင်းခဲ့တယ်လေ။ ပြီးတော့ သူက အထက် နယ်မြေကို တက်သွားတယ်။ ဒီတော့ ပေါ်မလာတာတောင် နည်းနည်းကြာနေပြီ”
အဖြူရောင်နှင့် အမဲရောင် နတ်ဆိုးတို့သည် အစစ်အမှန်ပင် အံ့အားသင့်သွား၏။ ကုန်းရှန့်၏ စကားသည် အကြောင်းအရာနှစ်ခုအား ဖော်ပြခဲ့၏။ ပထမတစ်ခုသည် စီနီယာတုံးကုမှာ ၎င်းအား အဆင့်နိမ့်ဂြိုဟ်တစ်ခုထဲတွင် ဂိုဏ်းတစ်ခု ဖန်တီးရန် စေခိုင်းခဲ့သည် ဆိုသည့်အကြောင်းပင် ဖြစ်၏။ ဒုတိယအချက်မှာတော့ အနာဂတ်တွင် အထက်နယ်မြေဆီသို့ ပြန်ရမည်ဆိုသည့်အကြောင်းပင် ဖြစ်သည်။
သူတို့၏ ညီငယ်လေးအား ဂိုဏ်းဖွံ့ဖြိုး တိုးတက်မှုကို ကူညီနိုင်မည်ဆိုပါက သူတို့သည်လည်း အနာဂတ်တွင် ကြီးမြတ်သော တုံးကုနှင့် တွေ့ရှိနိုင်မည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် အဘိုးကြီးသည် သူတို့အား အခွင့်အရေးနှင့် လက်ဆောင်ပဏာများ ပေးနိုင်ပေသေး၏။
“ညီငယ်လေး”
အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “စိတ်မရှိဘူး ဆိုရင် ကျုပ်တို့ ညီအစ်ကိုက ပြိုင်စံရှားဂိုဏ်းထဲကို လိုလိုချင်ချင်နဲ့ ဝင်ချင်ပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အစ်ကိုကြီးတို့နှစ်ယောက် ဂိုဏ်းထဲကိုဝင်တာ ကျုပ်က ပျော်တာထက် တောင် ပိုသေးတယ်လေ။ ဘယ်လိုလုပ် စိတ်ရှိရမှာလဲ”
ပြောပြီးသည့်နောက် သူသည် ဝင်ခွင့်ဖောင်နှစ်ခုအား ထုတ်ယူလိုက်၏။
“.........”
အဖြူရောင်နှင့် အမဲရောင် နတ်ဆိုးတို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့တော့သည်။ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် သွားလေရာတွင် ဝင်ခွင့်ဖောင်များကို ယူဆောင်သွားတတ်သည်။
“နာမည်”
“အဖြူရောင် နတ်ဆိုး၊ အမဲရောင် နတ်ဆိုး”
“လိင်”
“မင်း ရေးချင်ရာသာ ရေးလိုက်ပါတော့ကွာ”
...................
ဖောင်အား ဖြည့်ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ စည်းတံဆိပ်တုံးကို ထုနှက်လိုက်၏။ အမဲရောင်နှင့် အဖြူရောင် နတ်ဆိုးတို့သည် ပြိုင်စံရှားဂိုဏ်း၏ တရားဝင်ဂိုဏ်းသားများ ဖြစ်လို့ သွားခဲ့တော့သည်။ ကာကွယ်စောင့်ရှောက်သူ ရာထူးကို ရယူပြီးသည့်အတွက် သူတို့သည် ဂိုဏ်းဆီသို့ ပြန်ရန် စီစဉ်လိုက်ကြတော့သည်။
“ဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုလို့ပြောရင် ဘယ်သူက သဘော မတူရဲဘဲ နေမှာလဲ” ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာ ပြောလိုက်မိ၏။
စနစ်က ပြောလိုက်သည်။ “အားအင်အဆင့်အရဆိုရင်တော့ အားအကောင်းဆုံးပေါ့။ ဒါပေမဲ့ လက်ခံသူအနေနဲ့ ဂိုဏ်းရဲ့အဆင့်ကို အရင်ဆုံးမြှင့်ဖို့ လိုအပ်နေသေးတယ်”
“ဒါက ကိစ္စမရှိဘူး” ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏အဆင့် ဆိုသည်ကို ဂရုမစိုက်ချေ။ ထို့ပြင် ထိပ်တန်း အားအင် အဆင့်နှင့် အဓိကအတွင်းစည်းတပည့်များ၏ အားအင်အဆင့်သည် တဖြည်းဖြည်း တိုးတက်လျက်ရှိ၏။ ထို့ကြောင့် ဂိုဏ်း၏အဆင့်ကို မြှင့်တင်ရန်ဆိုသည်မှာ လွယ်ကူလွန်းလှ၏။
“ဂိုဏ်းချုပ်”
အဖြူရောင်နတ်ဆိုးက ပြောလိုက်သည်။ “ဒီရွက်သင်္ဘောကြီးကို တစ်ခါတည်း ယူသွားမှာလား”
“အစ်ကိုကြီးတို့”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်တို့က သွေးသောက်ညီအစ်ကိုတွေလေ။ အနာဂတ်မှာ အပြင်လူတွေမရှိဘူးဆိုရင် ဂိုဏ်းချုပ်လို့ ခေါ်စရာ မလိုပါဘူး”
သိုင်းအင်ပါယာနှစ်ယောက်တို့သည် သူ့အား အသိအမှတ်ပြုခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ကောင်းကောင်းမွန်မွန် ပြန်လည်ဆက်ဆံမှ ဖြစ်ပေလိမ့်မည်။ အဖြူရောင်နှင့် အမဲရောင် နတ်ဆိုးတို့သည် ပြုံးကာ တွေးလိုက်မိ၏။ ဒီလိုမျိုး ညီငယ်လေးကို ရရှိတယ်ဆိုတာ တကယ့်ကို ကောင်းကင်ကပေးတဲ့ ဆုလာဘ်ပဲ။
...............
ဝှစ်
ဤလူသူကင်းရှင်းလှသော ဂြိုဟ်အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးကို မောင်းနှင်ကာဖြင့် တည်နေရာအတားအဆီးကို ကျော်ဖြတ်ကာ အဆုံးမဲ့စကြဝဠာအတွင်းသို့ ရောက်ရှိသွားခဲ့၏။
“ထူးဆန်းလိုက်တာ”
လမ်းတလျှောက်မှာတော့ သူသည် ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “ဘာလို့ အဓိက တာဝန်ရဲ့ ဆုလာဘ်က မရသေးတာလဲ”
“ဒင်... လက်ခံသူသည် ဒုတိယသီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၉၀၀၀၀ / ၇၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်...”
“ဒင်.. လက်ခံသူသည် အဓိကတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အဓိကတာဝန် ပြည့်စုံသွားသည့်အတွက် စည်းဖွင့်ခြင်းအဆောင် (နံပါတ်သုံး) တစ်ခုကို ရရှိသည်။ သက်တန့်ရောင်စဉ်ကျမ်း (၄) ကိုလည်း ရရှိ၏”
“ဒါ.. ဒါပဲ”
သတိပေးသံကိုကြားတော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ အသစ်ဖန်တီးထားသော စည်းဖွင့်ခြင်းအဆောင်ကို ရရှိခဲ့သည့်အပြင် သက်တန့်ရောင်စဉ်ကျမ်း (၄) ကိုလည်း ရရှိခဲ့သည်။ ဤအရာမှာ ကျိန်းသေပေါက် ကြီးမားလှသည့် အရာပင် ဖြစ်တော့၏။
“ဒင်... လက်ခံသူသည် အဓိကတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။ ထို့ကြောင့် အဆင့်မြင့် စတိုးထဲတွင်ရှိသော အရာများသည် ပစ္စည်းကောင်းများဖြင့် အစားထိုးသွားသည်။ နှစ်ဆယ့်လေးနာရီအတွင်း ဝယ်ယူပါ။ မဟုတ်ပါက မူလပုံစံအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပေမည်”
“ချီးတဲ့မှ... တကယ့်ကို အထူးပစ္စည်းတွေပဲ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွား၏။ ထိုအချိန်မှာပဲ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆင့်တက်သည့် အရိပ်လက္ခဏာများ ထပ်တိုးပေါ်ပေါက်လာခဲ့တော့သည်။
“ဒင်... လက်ခံသူသည် ဓားနှင့်သိုင်းနယ်မြေ အဆင့်ခြောက်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်”
“ဒင်... လက်ခံသူသည်....”
“ဒင်.. လက်ခံသူသည်...”
“ဒင်... လက်ခံသူသည် ဓားနှင့်သိုင်းနယ်မြေအဆင့်ကိုးဆီသို့ အောင်မြင်စွာ ချိုးဖြတ်ရောက်ရှိခဲ့သည်”
သတိပေးသံများ ဆုံးသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် ကြက်သေသေလျက် ရှိနေတော့၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် လက်သီးကို ဆုပ်ကာဖြင့် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်သည်။ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ယေး... ယေး... ယေး ….။
ဘုတ်
ချက်ချင်းပဲ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ညီငယ်လေး”
အဖြူရောင်နတ်ဆိုးက လှမ်းပြောလိုက်သည်။ “အကောင်းကြီးကနေ ဘာလို့ မြေပေါ်ခွေကျသွားရတာလဲ။”
“အစ်ကိုကြီး... ကျုပ် နည်းနည်း အားနည်းသွားလို့ပါ”
ကျွင်းချောင်ရှောင်းသည် အားပျော့စွာဖြင့် ပြောလိုက်မိသည်။ “ခဏလောက် အနားယူဖို့ လိုသေးတယ်။ ဒီတော့ အစ်ကိုကြီးတို့ပဲ ရွက်သင်္ဘောကို ထိန်းချုပ်ပေးပါအုံး”
အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့၏ မျက်နှာပေါ်တွင် နဝေတိမ်တောင် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။ စောနကတုန်းက မျောက်တစ်ကောင်ကဲ့သို့ ခုန်ပေါက်လျက်ရှိနေသော ညီငယ်လေးသည် အဘယ်ကြောင့် ရုတ်တရက် အားနည်းသွားရသနည်း။
“ညီငယ်လေး”
အဖြူရောင်နတ်ဆိုးသည် ကျွင်းချောင်ရှောင်းအား ကူညီကာ ဆွဲမပြီးနောက် ပြောလိုက်သည်။ “မင်းက တော်တော်ငယ်သေးတယ်။ ဒီတော့ ကျင့်ကြံခြင်းအပေါ်ကိုပဲ အာရုံထားဖို့သင့်တယ်။ မိန်းမတွေနဲ့ ပတ်သက်ပြီးတော့ အပျော်အပါးတွေကို လျှော့သင့်တယ်။ မင်းက အခု ဒူးတောင်ခွေနေပြီ”
“……..” ကျွင်းချောင်ရှောင်း။
ကျုပ်က စည်းဓားမော့ကြီးကို သုံးလို့ ဘေးထွက်ဆိုးကျိုး ဖြစ်သွားတာပါဗျ။ ခင်ဗျားတို့ ထင်သလို မဟုတ်ပါဘူး။