အခန်း (၁၁၅၉)
Vol. 78 Ch. 1159
ရီရှင်းချန်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည် အစစ်အမှန်ပဲ ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သည့်နေရာတွင် လွယ်ကူသည့်ပုံစံကိုသာ ရွေးချယ်ယှဉ်ပြိုင်ခဲ့၏။
ကောင်းကင်ဘုံ …. ဤအရာသည် အတိတ်တုန်းကသာဆိုလျှင် ဘယ်သောအခါမှ ဖြစ်ပွားလိမ့်မည် ကိစ္စမျိုး မဟုတ်ချေ။
ထို့အပြင် ညအင်ပါယာဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံးသောလူများထဲမှ တစ်ယောက်ပင် ဖြစ်၏။ သူ့အနေနှင့် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲတွင် လွယ်ကူသည့် လုပ်ဆောင်မှု ပုံစံကို မရွေးချယ်ချင်သောကြောင့် တစ်ခါတည်း ငရဲခန်းလုပ်ဆောင်မှုပုံစံကိုပင် ရွေးချယ်ကာ ယှဉ်ပြိုင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းတွင်နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ပြီးသည့်နောက် သူသည် အပြင်ဘက်တွင် မာနကြီးသည့်ပုံပန်းသွင်ပြင်မျိုး ရှိနေသည်ဆိုသော်လည်း နှလုံးသားထဲတွင်တော့ တော်တော် များများ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
အတိအကျပြောရမည်ဆိုလျှင် ညအင်ပါယာသည် အရင်တုန်းကကဲ့သို့ အဆင်ခြင်ကင်းမဲ့စွာဖြင့် ပြုလုပ်တတ်သူ တစ်ယောက် မဟုတ်တော့ချေ။ ဤအရာသည် သတ္တိကြောင်သွားခြင်း မဟုတ်ပေ။ အစစ်အမှန် ခံစားမှုနှင့် အစစ်အမှန် ဖြစ်တည်မှုကို နားလည်သွားခြင်းသာ ဖြစ်တော့သည်။
လက်ရှိအချိန်မှာတော့ သူသည် ကျွင်းချောင်ရှောင်း နှင့်အတူတူ သီချင်းတောင် အော်ဟစ်သီဆိုနိုင်သည့် အခြေအနေဆီသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
ဆွစ်
လွယ်ကူသည့်လုပ်ဆောင်မှုပုံစံကို ရွေးချယ်ပြီးသည့်နောက်မှာတော့ ရွေးချယ်စရာ ပုံပန်းသွင်ပြင်ကိုးခုသည် ၎င်း၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအရာများမှာ သစ်သား၊ သတ္တု၊ ရေ၊ မီး၊ မြေ၊ လေ၊ မိုးကြိုး၊ ရေခဲနှင့် သိုင်း တို့ဖြစ်တော့၏။
ရီရှင်းချန်သည် အရှေ့မှ စကားလုံးများ၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်၏။ သို့ပေမဲ့ သိုင်းဆိုသည် မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သိုင်းပညာ သို့မဟုတ် သိုင်းနည်းစနစ်များနှင့် ပတ်သက်သည့်အရာမျိုးများ ဖြစ်နေသည်လား။
“ဒီလိုဆိုရင်”
အားညိုသည် ချက်ချင်းပဲ သိုင်းဆိုသည့်အရာအား ရွေးချယ်လိုက်တော့၏။ သူ၏ ခန္ဓာကိုယ်အားအင် သည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် သိုင်းနည်းစနစ်များကို ပိုမိုတိုးတက်အောင် အာရုံစိုက်ရ မည့် အခြေအနေတွင် တည်ရှိနေသည်။ အကယ်၍ ဤသိုင်းဆိုသောအရာသည် သူ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ် များကို အကူအညီဖြစ်စေသည်ဆိုပါက ပိုမိုကောင်းမွန်ပေလိမ့်မည်။
ဆွစ်
ရုတ်တရက် သူ၏ မျက်လုံးရှေ့ရှိမြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။ ပုံပန်းသွင်ပြင် အရွယ်အစား အမျိုးမျိုးဖြင့် များပြားလှသည့် လက်နက်များ အသီးသီးသည် သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအရာများသည် အလွန် တရာ အားကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိပြီး ၎င်း၏ရှေ့ လေထုထဲတွင် လွင့်မျောလျက် ရှိနေကြသည်။
“ဒါက လက်နက်တွေနဲ့ သက်ဆိုင်နေတာကိုး”
ရီရှင်းချန်သည် စိတ်ဓာတ်ကျသွားမိတော့၏။ ဤသို့သာ သိမည် ဆိုပါက ဓာတ်ငါးပါးထဲမှ တစ်ခုကိုသာ ရွေးချယ်မိမှာ သေချာ၏။ အနည်းဆုံးတော့ ဓာတ်ငါးပါးကောင်းကင် နည်းစနစ်နှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားနိုင်ပေသေးသည်။ လက်နက် များမှာတော့ သူအနေနှင့် စိတ်ဝင်စားမှု မရှိချေ။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ အဝေးတစ်နေရာတွင် လွင့်မျောနေသော ဓားတစ်စင်းသည် ပျံသန်းရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ ထိုဓား လေထုထဲတွင် ဥဒေါင်းတစ်ကောင် အတောင်ပံဖြန့်ကားလိုက်သည့် အသွင်မျိုး ဓားပေါင်းများစွာအဖြစ် ဖြန့်ကားသွားတော့သည်။
ရီရှင်းချန်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွား၏။ သူသည် လှုပ်ရှားမှု နည်းစနစ်ကိုအသုံးပြုကာ ချက်ချင်းရှောင်ရှားလိုက်၏။ သို့ပေမဲ့ မလှုပ်ရှားသည်ကမှ အဆင်ပြေနေသေးသည်။ လှုပ်ရှားလိုက်သည့် အချိန်မှာတော့ ဓားများသည် ပိုမိုမြန်ဆန်စွာဖြင့် ရောက်ရှိလာခဲ့၏။
ထို့ကြောင့် သူသည် ဖင်ကို ကျစ်ကာဖြင့် အလုအယက် ရှောင်ရှားနေရတော့သည်။
“အင်း... ငါက ကျွမ်းကျင်သူ၊ ငါက လောကကြီးမှာ ပြိုင်ဘက်ကင်းပဲ။ ဒါတွေကို ရအောင်ရှောင်မှ ဖြစ်မယ်”
..................
အားညိုသည် တစ်နှစ်ပတ်လုံး ၎င်း၏ ခန္ဓာကိုယ်ကို အပြင်းအထန် တည်ဆောက်ခဲ့ရသူဖြစ်ပြီး မနက်ခင်း လေ့ကျင့်ခန်းများကိုလည်း နေ့စဉ်ရက်စက် မပျက်မကွက် ပြုလုပ်ခဲ့ရသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်အခြေအနေသည် အလွန်အားကောင်းသည့်အပြင် အကြောများမှာလည်း ပျော့ပျောင်းလွန်းလှသည်ဟု ဆိုရမည်။
ထို့ကြောင့် ရောက်ရှိ လာသည့်ဓားများအား ခန္ဓာကိုယ်ပျော့ပျောင်းစွာဖြင့် ဝေ့ဝိုက်ကာ ရှောင်ရှားနိုင်နေတော့၏။ သို့ပေမဲ့ ဓားမော့ ပထမလှိုင်းအသုတ်ကို ရှောင်ရှားပြီးသည့်နောက်မှာတော့ ဒုတိယအသုတ်သည် ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ သူ့အား အသက်ရှူရန် အခွင့်အရေးပင် မပေးခဲ့ချေ။
ရွှီး
ရီရှင်းချန်သည် ကြီးမားသည့်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ လေထုထဲသို့ လှမ်းကာ ဆွဲလိုက်သည်။ နတ်ဘုရားလက်နက်တစ်ခုဖြစ်သော ကောင်းကင်စတေးခြင်းဝိုင်ဂျားသည် သူ၏ရှေ့၌ ပေါ်ပေါ်လာခဲ့တော့သည်။ ထိုအရာကို ဝှေ့ယမ်းပြီးသည့်နောက် ရောက်ရှိလာသည့် ဓားမော့များအား ဖြေရှင်းလိုက် တော့၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
................
“ဒုတိယစီနီယာအစ်ကို”
လျှို့ဝှက်တည်နေရာ၏ အပြင်ဘက်တွင်တော့ စုရှောင်မိုသည် တီးတိုးမေးလိုက်သည်။ “ဂျူနီယာညီလေးရီက ဒါကို ကျော်ဖြတ်နိုင်ပါ့မလား”
“သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြှောတုန်းကလို ဂျူနီယာညီလေးရီ တစ်ယောက် ငရဲခန်းလုပ်ဆောင်မှု ပုံစံကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ ပြဿနာကြီး တက်ကုန်မှာ စိုးရတယ်” လီချင်းယန်က ပြောလိုက်သည်။
တစ်နာရီလောက် ကြာမြင့်သည်အထိ အားလုံးသည် စိုးရိမ်ပူပန်စွာဖြင့် စောင့်မျှော်လျက် ရှိနေကြ၏။ နောက်ဆုံးမှာတော့ ရီရှင်းချန်သည် ဘုံကိုးပါးလျှို့ဝှက်နယ်မြေဆီမှ လှမ်းလျှောက်ထွက်လာခဲ့၏။ ၎င်း၏ မျက်နှာပေါ်တွင်ရှိသော မောက်မာမှုသည် ယခင်ကထက် ပိုမို၍ အားကောင်းနေခဲ့၏။
“တပည့် ရီရှင်းချန်သည် သိုင်းစစ်ဆေးမှုအား ကျော်ဖြတ်နိုင်ခဲ့သည်”
လေးနက်သည့်အသံတစ်ခုသည် လျှို့ဝှက် နယ်မြေအတွင်းဆီမှ ထွက်ပေါ်လာခဲ့သည်။
“သူအောင်မြင်သွားပြီပဲ”
“ဂျူနီယာညီလေးရီက အံ့အားသင့်စရာကောင်းတယ်”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် သူ့အား ဝိုင်းဝန်းက မေးမြန်းလျက် ရှိနေတော့၏။ ဘာတွေ ဖြစ်နေသည်ကို မမေးမြန်းခင်မှာပဲ ရီရှင်းချန်၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျပြီး မျက်နှာနှင့် မြေပြင်ပင် ရိုက်မိသွားခဲ့၏။ ၎င်း၏ နောက်ကျောတစ်ခုလုံးသည် ဓားရာများနှင့် စုတ်ပြတ်သတ်လျက် ရှိနေတော့၏။
“ငါက အရှေ့ကကြည့်ရင် ဘာတစ်ခုမှ ဒဏ်ရာ မရဘူး။ ဒါပေမဲ့ နောက်ကျောမှာတော့ ဗရပွပဲ”
“ဒါက ….”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် ဆွံ့အသွားခဲ့ကြတော့၏။ ဂျူနီယာညီလေးရီ သည် အောင်မြင်ခဲ့သည်ဆိုသော်လည်း ဆိုးရွားသည့်အခြေအနေကို ကြုံဆုံခဲ့ရ၏။ ဤဘုံကိုးပါးလျှို့ဝှက်နယ်မြေ သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ထိုအရာကို ကြည့်ရှုလိုက်သည်နှင့် သိရှိနိုင်၏။
“ဂျူနီယာညီလေး”
လီချင်းယန်သည် ၎င်းအား ဖေးမကာဖြင့် မေးလိုက်မိသည်။ “ဘယ်လုပ်ဆောင်မှုပုံစံကို ရွေးချယ်ခဲ့တာလဲ”
“သာမန်လုပ်ဆောင်မှု”
ရီရှင်းချန်သည် သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်နေတုန်းပင် ရှိသေး၏။ ထို့ကြောင့် လွယ်ကူသည့် လုပ်ဆောင်မှု ပုံစံကို ရွေးချယ်ခဲ့သည်ဖြစ်ကြောင်း ဘယ်တော့မှ ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ချေ။
လီချင်းယန်က ပြောလိုက်သည်။ “ဒါဆိုရင် လွယ်ကူတဲ့ လုပ်ဆောင်မှု ပုံစံကိုပဲ ရွေးချယ်ကြရအောင်”
“ကောင်းပြီ”
ရီရှင်းချန်သည် အားကောင်းလွန်းလှ၏။ ၎င်း၏ အားအင်အဆင့်သည် သူတို့အားလုံး၏ အသိအမှတ်ပြုခြင်းကို ရရှိ ပြီးသားဖြစ်သည်။
သူတို့အနေနှင့် သာမန်လုပ်ဆောင်မှုပုံစံကို သွား၍ ရွေးချယ်ရသည်အထိ ရူးကြောင်သည့်လူများ မဟုတ်ကြချေ။ တပည့်များအားလုံးသည် မိမိကိုယ်ပိုင်ရွေးချယ်မှုကို သတ်မှတ်ပြီးသည့်နောက်မှာတော့ ဘုံကိုးပါး လျှို့ဝှက်နယ်မြေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားခဲ့ကြတော့၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ဓာတ်သဘာဝများအတိုင်း အမျိုးအစားကိုးမျိုးထဲမှ ရွေးချယ်ကာ ယှဉ်ပြိုင်ကြ၏။
“ဒင်... တပည့် လီချင်းယန်သည် မိုးကြိုးဓာတ်သဘာဝ စမ်းသပ်မှုအား အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်”
“တပည့် ရှောင်ကျီသည် မြေဓာတ်သဘာဝ စမ်းသပ်မှုအား အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်”
“တပည့် စုရှောင်မိုသည် လေဓာတ်သဘာဝ စမ်းသပ်မှုအား အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်”
.......................
အတွင်းစည်းတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားပြီးသည့်နောက် တစ်နာရီခန့် ကြာမြင့် သည့်အခါ အားလုံးအောင်မြင်သွားခဲ့ကြတော့သည်။ သို့ပေမဲ့ ၎င်းတို့သည် ရီရှင်းချန်ကဲ့သို့ မောပန်းနွမ်းနယ်လျက် ရှိနေကြပြီး မြေပေါ်သို့ပင် ပြုတ်ကျနေကြသည်။
အခြေအနေသည် အရမ်းကို မဆိုးရွားလှပေ။ အရေးကြီးသည်မှာ ရလဒ်ပင် ဖြစ်တော့၏။ ၎င်းတို့သည် ဒဏ်ရာများ ရရှိခဲ့ကြသည် ဆိုသော်လည်း သိုင်းပညာ၊ သိုင်းနည်းစနစ် ဓာတ်သဘာဝများ နှင့်ပတ်သက်၍ ပိုမို အားကောင်း ၊ နားလည်လာကြ၏။
အထူးသဖြင့် သူ၏ ဂိုဏ်းတူညီအစ်ကိုများထက် နိမ့်ကျစွာကျန်ရစ်ခဲ့သော စုရှောင်မိုပင် ဖြစ်တော့သည်။ သူသည် လေဓာတ်သဘာဝစမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ အမြန်နှုန်းသည်သာ တိုးတက် လာသည်မကဘဲ ကျင့်ကြံခြင်းအဆင့်သည်လည်း တစ်ဆင့်ပိုကာ တိုးသွားခဲ့သည်။
“ဒင်... တပည့်စုရှောင်မိုသည် လေဓာတ်သဘာဝစမ်းသပ်မှုကို အောင်မြင်ပြီးသည့်နောက်မှာတော့ အဆင့်သေး တစ်ဆင့် တိုးတက်ခဲ့သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်ကို ရရှိပါသည်”
ဂိုဏ်းအတွင်းထဲတွင် ရေနွေးကြမ်းသောက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် စနစ်၏ ကြေညာမှုကို ကြားပြီး သည့်နောက်မှာတော့ မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
ဘုံကိုးပါး လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး အောင်မြင်အောင် ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ တပည့်သည် အဆင့်တစ်ဆင့် တိုးတက်ခဲ့၏။ ထို့ကြောင့် သူသည်လည်း ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ် ရရှိခဲ့သည်။ တပည့် တစ်သောင်းကျော်သည်သာ အဆင့်တစ်ဆင့် ချိုးဖြတ်နိုင်သည်ဆိုပါက သူ့အနေနှင့် များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိမှာ မဟုတ်လား။
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
အနီးအနားတွင် လှည့်ပတ်ကြည့်ရှုနေသော တပည့်များသည် ၎င်းတို့ ဂိုဏ်းချုပ်၏ ရယ်သံကို ကြားရပြီးသည့် နောက်မှာတော့ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်က စိတ်လွတ်ပြန်ပြီနဲ့ တူတယ်”
ဂိုဏ်းထဲမှာရှိနေသော ဂိုဏ်းသူဂိုဏ်းသားများသည် သူတို့၏ ဂိုဏ်းချုပ် ရုတ်တရက် ရယ်မောခြင်း၊ ရုတ်တရက် ဒေါသထွက်ခြင်းတို့နှင့် ပတ်သက်၍ အသားကျနေကြပြီဖြစ်၏။ တစ်ခါတရံ ကိုယ့်ကိုယ်ကိုယ်ပင် လည်ပင်းညှစ် နေတတ်သေး၏။
ထို့ကြောင့် သိပ်ဂရုမစိုက်ကြတော့ဘဲ ဘုံကိုးပါး လျှို့ဝှက်နယ်မြေထဲသို့ သွားရောက်ရန်သာ ပိုမို အာရုံစိုက်နေကြ၏။
တစ်ရက်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ တပည့်တစ်သောင်းကျော်တို့သည် ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ကြ၏။ အဆုံးသတ်မှာတော့ တပည့်တစ်ထောင်ကျော်တို့သည်သာ အောင်မြင်ခဲ့တော့သည်။ ထိုနေရာတွင် စမ်းသပ်မှု မျှော်စင် သို့မဟုတ် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေဆိုပါက တစ်စုံတစ်ယောက်သည် ကျရှုံးသွားမည် ဆိုပါက ရက်အနည်းငယ် အနားယူရမှာဖြစ်သည်။ သို့ပေမဲ့ အလယ်အလတ်အဆင့် ဘုံကိုးပါးလျှို့ဝှက်နယ်မြေသည် လူသားဆန်လွန်းလှ၏။ ထိုအရာကို ဝင်ရောက်ယှဉ်ပြိုင် ကျရှုံးပြီးသည့်နောက်မှာတော့ လေးနာရီကျော်သာ အနားယူရန် လိုအပ်ခဲ့သည်။
စမ်းသပ်မှုကို ကျရှုံးခဲ့သည် ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်သည် သိုင်းအရင်းအမြစ် အတွေ့အကြုံများကို ပိုမိုကာ ရရှိခဲ့တော့၏။ စမ်းသပ်မှုကို အောင်မြင်သွားသူများအတွက် ဆုလာဘ်မှာလည်း အလွန်တရာ ရက်ရောလွန်း လှ၏။ ထိုအရာကို ကျော်ဖြတ်နိုင်ခဲ့သော တပည့်တစ်ထောင်ကျော်တို့တွင် လူရှစ်ရာကျော်တို့သည် ၎င်းတို့၏ မူလ အဆင့်ထက် အဆင့်တစ်ဆင့် ပိုမိုကာ ချိုးဖြတ်နိုင်ခဲ့ကြသည်။ အဆင့်မချိုးဖြတ်နိုင်ခဲ့သည့် လူများမှာလည်း ယခုမှ အဆင့်ချိုးဖြတ်ပြီးကာစ လူများ ဖြစ်နေသောကြောင့်ပင်။
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် သာမန်အရာတစ်ခု ဖြစ်သည်ဆိုလျှင် အလယ်အလတ်အဆင့် ဘုံကိုးပါး လျှို့ဝှက်နယ်မြေသည် တကယ့်ကို အဆင့်မြင့် တည်နေရာကြီးတစ်ခုပင် ဖြစ်နေတော့သည်။
“ငါသာ ဒီထဲကို ဝင်သွားပြီးတော့ ကျော်ဖြတ်နိုင်အောင် ပြုလုပ်မယ်ဆိုရင် ကြောက်စရာကောင်းလောက်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား ၏။ သူသည် အလွန်တရာ ခံစားလို့ကောင်းသည့် ခံစားချက်များကို ရရှိနေတော့သည်။ ထို့အပြင် တပည့် ရှစ်သောင်း နီးပါးတို့သည် ထိုအထဲသို့ ဝင်ရောက်သွားမည်ဆိုပါက သူသည် ဂိုဏ်းစုဆောင်းမှတ် ရှစ်သိန်းလောက် ရနေမည် မဟုတ်ပါလား။
ဘုတ်
ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် ပြုံးပြုံးကြီး သတိလစ်သွားတော့သည်။
“မကောင်းတော့ဘူး။ ဂိုဏ်းချုပ်က ထပ်ပြီး မေ့သွားပြန်ပြီနဲ့တူတယ်။ စွန်းပုကုံး... စွန်းပုကုံး... ကယ်ပါအုံး”