အခန်း (၁၁၆၀)
Vol. 78 Ch. 1160
ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲရှိ အဆင့်ကိုးဆင့်သည် ကောင်းကင်နှင့်မြေကြီး အတွင်းမှာရှိသော ဓာတ်ကိုးပါးနှင့် ဆက်စပ်လျက်ရှိနေ၏။ ထို့ကြောင့် တပည့်များအားလုံးသည် ထိုနေရာကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ ပိုမိုကာ အားကောင်းသည့် ဓာတ်သဘာဝများကို နားလည်နိုင်ခဲ့ကြတော့သည်။
ရီရှင်းချန်သည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်ပြီးသည့်နောက်မှာတော့ ထိုနေရာထဲသို့ ဝင်ရောက်ကာ ထပ်မံ ယှဉ်ပြိုင်ခဲ့တော့သည်။ သူ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ပိုမိုကာ တိုးတက်လာခဲ့တော့၏။ စမ်းသပ်မှုကို အောင်မြင်သွားသော တပည့်များအနေနှင့် ၎င်းတို့၏ ကျင့်ကြံခြင်းနှင့် လောကထဲတွင်ရှိသော ဓာတ်သဘာဝများကို ပိုမိုကာ နားလည်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် တမဟုတ်ခြင်း တိုးတက်လာခဲ့ကြ၏။
“ဘုံကိုးပါးလျှို့ဝှက်နယ်မြေက တကယ့်ကို နတ်ဘုံနတ်နန်းလိုပဲ။ ဒါက အဆင့်တက်နိုင်စွမ်းရှိတဲ့ အရာပဲလေ”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ခေါင်းကိုခါယမ်းလိုက်မိ၏။ “ကံဆိုးတာက ငါက အားနည်းတဲ့ အခြေအနေ မှာပဲ ရှိနေသေးတယ်။ မဟုတ်ရင် အထဲကို ဝင်သွားမိတာ ကြာပြီလေ”
သူ့အနေနှင့် အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေ၏ အချိန်ကာလ အကန့်အသတ် ကုန်ဆုံးမည့်အချိန်ကို စောင့်မျှော်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေမှာတော့ ကုန်းရှန့်သည် လက်ဖက်ရည် သောက်လိုက်၊ ငါးမျှားလိုက်သာ ပြုလုပ်နိုင်သည်။
ဟုတ်ပေသည်။ သူအနေနှင့် စဦးအဆင့် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် စဉ်းစားခဲ့ ဖူးသည်။ သို့ပေမဲ့ အလယ်အလတ်အဆင့် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေ၏ အချိန်ကာလ အကန့်အသတ် နှင့် တူညီနေသည် ဖြစ်သောကြောင့် ဤမျှလောက်သော အချိန်ကာလသည် ဘာတစ်ခုမှ သိပ်၍ ထူးလှလိမ့်မည် မဟုတ်ချေ။
“ဒီအတောအတွင်းမှာ ငါက ဂိုဏ်းထဲမှာ ဘာမှ လုပ်မပေးနိုင်ဘူး။ ရုပ်ချောပေးရုံပဲ တတ်နိုင်တော့တယ်။” ကျွင်းချောင်ရှောင်းသည် ကျောက်ကုလားထိုင်ကြီးပေါ်တွင် အသာမီကာ ပြောလိုက်မိ၏။
“ငါ့အနေနဲ့ တစ်ရက်ကို ဂိုဏ်းစုဆောင်းမှတ် ငါးထောင်သာ ရနေမယ်ဆိုရင် တကယ့်ကို ချမ်းသာပြီ”
သို့ပေမဲ့ နှစ်ရက်လောက် ကြာပြီးသည့်နောက်မှာတော့ ဆိုးရွားသည့်အရာများ ဖြစ်ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းစုဆောင်းမှတ်သည် နှစ်သောင်းအတိ ရရှိပြီးသည့်နောက်မှာတော့ တပည့်များသည် မည်မျှ စမ်းသပ်မှုကို အောင်မြင်သည်၊ အဆင့်တက်သည်ဆိုဆို ကျွင်းချောင်ရှောင်းအား ဆုလာဘ်တစ်ခုမှ မပေးတော့ချေ။
စနစ်သည် ကျွင်းချောင်ရှောင်းအား ပြောလိုက်၏။ “ဆန်းကြယ်တဲ့ လျှို့ဝှက်နယ်မြေတွေ ဆိုရင်တောင်မှ အကန့် အသတ်ရှိတယ်လေ။ လက်ခံသူအနေနဲ့ ဒီလောက်ရရင် ကျေနပ်သင့်နေပြီ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ အဆုံးအစမဲ့တဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ လိုချင်နေတာလဲ”
ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ဓာတ်ကျသွားမိ၏။
....................
ပထမအချိန်ကာလ ကုန်ဆုံးသွားပြီးသည့်နောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ဆက်လက်ကာ စိန်ခေါ်မှုကို ပြုလုပ်ခဲ့ကြ၏။ အောင်မြင်စွာ ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ သူတို့သည် ဆုလာဘ်များ ရရှိခဲ့ပြီဖြစ်ပြီး တချို့မှာတော့ မရရှိခဲ့ကြချေ။ သေသေချာချာ စုံစမ်းစစ်ဆေးကြည့်သည့်အချိန် မှာတော့ ပထမတစ်ကြိမ် အောင်မြင်ပြီးသာလူများသည် ဆုလာဘ်ကို ရရှိလိမ့်မည် မဟုတ်ကြောင်းကို သူနားလည် ခဲ့ပြီဖြစ်၏။
“အင်း”
စနစ်က ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် လက်ခံသူအနေနဲ့ အကျိုးရှိခဲ့တာပဲ မဟုတ်လား”
“.......”
ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။ “ဂိုဏ်းစုဆောင်းမှတ်တွေ အများကြီး ရတော့မယ်ဆိုပြီး ပျော်နေတာလေ။ ဘယ်လိုဖြစ်ပြီး ဆိုးဝါးတဲ့အခြေအနေတစ်ခုကို ရောက်ရှိသွားတာလဲ”
သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်း ပြီးသည့်နောက်မှာတော့ သေသေချာချာ စဉ်းစားလိုက်တော့သည်။ ဘာပဲပြောပြော ဤအရာသည် သူ့အတွက် အကျိုးရှိသော အရာပင် ဖြစ်တော့၏။
ဂိုဏ်းထဲတွင်ရှိသော ဂိုဏ်းသူဂိုဏ်းသားများ၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။ အထူးသဖြင့် သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများပင် ဖြစ်ကြ၏။ ၎င်းတို့အားလုံးသည် အဆင့်ချိုးဖြတ်နိုင်ကြ၏။ ဂိုဏ်းထဲတွင် အစောကြီးကတည်းက အလွန်အားကောင်းလွန်းလှသော သိုင်းပညာ အရင်းအမြစ်များကို ပေးစွမ်း ပြီးသားဖြစ်သည်။ အဆင့်မြင့် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ကဲ့သို့သော အရာမျိုးနှင့် အဆင့်ကျော်ဖြတ်နိုင်သော ဆေးလုံးများကလည်း အဆင်သင့် ရှိလို့နေခဲ့သည်။
ထို့အပြင် ခုနှစ်ရက် ကြာပြီးတိုင်း ကြာပြီးတိုင်းတွင် လျှို့ဝှက် နယ်မြေထဲသို့ ဝင်ရောက်ကာ လေ့ကျင့်နိုင်စွမ်းလည်း ရှိနေကြ၏။ ထို့ကြောင့် ပြိုင်စံရှား၏ သိုင်းတပည့်များ အားလုံး၏အဆင့်သည် တမဟုတ်ခြင်း တိုးတက်လျက်ရှိနေတော့၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော အတွင်းစည်းတပည့်များမှာတော့ စမ်းသပ်မှုမျှော်စင်ထဲတွင် လေ့ကျင့်လျက် ရှိနေကြ၏။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင် ၊ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၊ ဘုံကိုးပါးလျှို့ဝှက်နယ်မြေနှင့် အလယ်အလတ်အဆင့် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေတို့သည် နေ့စဉ်နေ့တိုင်း လူရှုပ်လျက် ရှိနေတော့သည်။
တပည့်များ၏ စိတ်ဝိညာဉ်အမြစ်နှင့် ခန္ဓာကိုယ်အားအင်သည် အားကောင်းလှပြီးသား ဖြစ်သောကြောင့် များပြား လှသည့်ပစ္စည်းများ၏ အကူအညီကို ထပ်တိုးရရှိပြီးသည့်နောက်မှာတော့ အားလုံးတို့သည် အဆင့်တက်ဖို့ ဆိုသည်မှာ ကလေးကစားစရာကဲ့သို့ပင် ဖြစ်နေတော့သည်။ အကယ်၍ ကံကောင်းသည်ဆိုပါက အချိန်တန်လျှင် သိုင်းနယ်မြေ အဆင့်ကိုပင် ချိုးဖြတ်နိုင်မှာ သေချာ၏။
................
ဘုတ်
ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာ လေဝဲထဲမှ အသာလျှောက်ထွက်လာ၏။ ၎င်း၏ ကျင့်ကြံခြင်း အဆင့်သည် ဓားနှင့်သိုင်းသူတော်စင်အဆင့်ကိုးဆီသို့ ရောက်ရှိနေပြီးသည့်နောက်မှာတော့ သူက ဂုဏ်ယူစွာ ပြောလိုက်မိသည်။ “တကယ်လို့ ပြိုင်စံရှားဂိုဏ်းကသာ ဒီပုံစံမျိုး နှစ်နှစ်၊ သုံးနှစ်လောက် ဆက်ပြီး တိုးတက်သွား မယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာ အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဖြစ်ဖို့ဆိုတာ ကိစ္စ သေးသေး လေးပဲ”
တကယ်တော့ လက်ရှိအခြေအနေတွင် သူတို့သည် အလွန်တရာ အားကောင်းသည့်ဂိုဏ်းတစ်ခုအဖြစ် ဖြစ်တည် နေပြီးသား ဖြစ်တော့၏။ ကုန်းမြေတိုက်ကြီးတွင်ရှိသော မည်သည့်ဂိုဏ်းသည် သိုင်းအင်ပါယာနှစ်ယောက်ကို ပိုင်ဆိုင်သနည်း။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိုးရိမ်ပူပန်လျက်တော့ ရှိနေသေး၏။ ထို့ပြင် ဖြူမဲညီနောင်တို့သည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း အထက်နယ်မြေဆီမှ လူများ ဖြစ်ကြ၏။ စနစ်သည် ၎င်းတို့၏ ကူညီမှုကို အသိအမှတ် မပြုပါက သူ့အတွက် လောကကြီးတစ်ခုလုံး နေဝင်သွားပေ လိမ့်မည်။
“ငါနဲ့ ငါ့တပည့်တွေ ပိုပြီးအားကောင်းလာစေဖို့အတွက်က ပိုအရေးကြီးနေတာပဲ။ ပိုပြီးတော့ အားအင်စစ်စစ်နဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို အုပ်စိုးနိုင်မယ့်လူတွေ ဖြစ်ရမယ်”
ပြောပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အသိအမြင်အဆာင် ဆယ်ခုကိုချိုးချေလိုက်သည်။ ခဏလောက်ကြာပြီးသည့်နောက် သတိပေးသံတစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာသည်။
“ဒင်... လက်ခံသူသည် ဓားနှင့်သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်”
“ထိပ်ဆုံးအဆင့်ကို ရောက်သွားပြီးလား။ ဟင်း.... လွယ်လိုက်တာ”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အမိုးပေါ်သို့ ခုန်တက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်များကို ဖြန့်ကားကာဖြင့် ပြောလိုက်မိသည်။ “လာစမ်း။ အထူးတာဝန်တွေ လာလိုက်တော့”
“ဒင်... လက်ခံသူသည် သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။ လိုအပ်ချက်များ ကိုက်ညီသွား၏။ အထူးတာဝန် အသက်ဝင်ပါပြီ”
“ဒင်... လက်ခံသူသည် ဓားသူတော်စင် ထိပ်ဆုံးအဆင့်ကို ရောက်ရှိခဲ့၏။ လိုအပ်ချက်များ ကိုက်ညီသွားသည်။ အထူးတာဝန်သည် အသက်ဝင်သွားခဲ့သည်”
သတိပေးသံ ပြီးဆုံးသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စနစ်အား အသာဖွင့်ကြည့်လိုက်၏။ ပထမဦးဆုံး အထူးတာဝန်သည် အထူးတာဝန် (၁၁) ဖြစ်သည်။
“တာဝန်၏ အသေးစိတ် - ကြယ်နှင်ဘုရင်တွင် များပြားလွန်းလှသော ရန်သူများရှိသည်။ လက်ခံသူသည် ကြယ်နှင် ဘုရင်အား သတ်ဖြတ်ပြီးသည့်နောက် ၎င်းတို့ကြားရှိ ရန်ငြိုးရန်စများကို ဆက်လက်ကာ ဖြေရှင်းရပေလိမ့်မည်။ ဒါကြောင့် အဲဒီလူများနှင့် ရင်ဆိုင်ရန် အသင့်ပြင်ထားပါ။
တာဝန်ကျရှုံးမှု - ကြယ်နှင်ဘုရင်၏ ရန်သူများ၏ သတ်ဖြတ်မှုကို ခံရခြင်း။
ဆုလာဘ် - ????”
အထူးတာဝန် (၁၁) ကို ဖတ်ရှု့ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ကာဖြင့် ၎င်း၏ ဆေးပြင်းလိပ်ကြီးကို ထုတ်ကာ ဖွာလျက်ရှိသည်။ ပြီးနောက် သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိနေ၏။ “သူ့ဆီမှာရှိတဲ့ ရန်ငြိုးတွေကို ငါက ဘာလို့ဖြေရှင်းပေးရမှာလဲ”
စနစ်ကလည်း အော်ဟစ်လိုက်၏။ “ချီးတဲ့မှ... ကြည့်ရတာ အရှေ့ကနေ ကြိုပြီးတော့ ပြောပြနေသလိုပဲလေ”
“အမ်... ဟုတ်သားပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းကာ လေးလေးနက်နက် ပြောလိုက်၏။ “တာဝန်ရဲ့သဘောတရားအရဆိုရင် တစ်စုံတစ်ယောက်က ငါ့ဆီကို လာပြီး ပြဿနာ ရှာတော့မှာ မဟုတ်လား”
“..........”
စနစ်သည် ဆွံ့အသွားမိ၏။ လက်ခံသူအနေနှင့် အထူးတာဝန်ပေါ် အခြေခံပြီးတော့ ဖြစ်ပျက်လာနိုင်သည့် အကြောင်းအရာများကို ခန့်မှန်းနိုင်စွမ်းရှိသည်မှာ သာမန်ပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းအနေဖြင့် ကြယ်နှင်ဘုရင်၏ ရန်သူများကို သေသေချာချာ မစဉ်းစားချေ။ ထို့ကြောင့် ဒုတိယတာဝန်ကိုသာ နှိပ်ကြည့်လိုက်၏။
“အထူးတာဝန် (၁၂) -
တာဝန်၏ အသေးစိတ် - မိမိချစ်ခင်နှစ်သက်ရသူကို ကာကွယ်ပေးရန်။
တာဝန်၏ဆုလာဘ် - ?????”
တာဝန်ကျရှုံးမှုဆိုသည့် သတိပေးချက် မပါဝင်သည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ခဏလောက် ဆွံ့အသွားသည်။
“ဒါ.. ဒါက ….” ဤအရာသည် ရှင်းလင်းပြီးတော့ နားလည်လွယ်လှ၏။
ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိ သည်။ မူလလက်ဟောင်း ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဆင်းရဲလွန်းလှ၏။ မိဘများသည်လည်း စောစောစီးစီးတည်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ချစ်ခင်နှစ်သက်ရသူဟူ၍ ထူးထူးခြားခြား မရှိချေ။
စနစ်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ကိုယ့်ရဲ့အိမ်တစ်ခု ဖြစ်ပြီးတော့ ဂိုဏ်းထဲမှာရှိတဲ့ ဂိုဏ်းသားတွေက ကိုယ့်ရဲ့သားသမီးတွေလို့ လက်ခံသူက အမြဲပြောတယ် မဟုတ်ဘူးလား။ လီချင်းယန်၊ ရှောင်ကျီတို့အားလုံးက မင်းရဲ့ ချစ်ခင်နှစ်သက်ရတဲ့လူတွေပဲလို့ စဉ်းစားလို့ရတယ်လေ”
“ဒါကတော့ ဟုတ်တာပဲ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နားလည်သွား၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားခဲ့တော့သည်။ “တစ်စုံတစ်ယောက်က ငါတို့ကို ထိခိုက်နာကျင် အောင်လုပ်ဖို့ လာနေတာပေါ့။ ချစ်ခင်နှစ်သက်ရတဲ့လူက ငါ့ရဲ့ကာကွယ်ပေးမှုကို လိုအပ်နေတာမျိုးလား။ ဒီလိုပဲ ဖြစ်နိုင်တယ်”
ဂျွတ်
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ သူသည် သတ်ဖြတ်လိုခြင်းအပြည့်ဖြင့် ပြောလိုက်တော့သည်။ “ငါ့ရဲ့တပည့်တွေကို ထိခိုက်နာကျင်အောင် လုပ်ရဲတဲ့လူ ဘယ်သူမဆို ငါက ငရဲပြည်ကို ပို့ပစ်မယ်။”
သူ့အနေနှင့် သူချစ်ခင်နှစ်သက်ရသည့်သူများကို ကာကွယ်ရန်ဆိုသည့် အထူးတာဝန်ကို ပေးစွမ်းခဲ့ပြီ ဆိုမှတော့ ရန်သူသည် အလွန်တရာ အားကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူ၏ အမူအကျင့်အရဆိုလျှင် သူ၏ တပည့်များကို ထိခိုက်နာကျင်အောင်ပြုလုပ်သည့်သူမျိုးကို ဘယ်သောအခါမှ သည်းခံပေးလိမ့်မည် မဟုတ်ပေ။
“ငါ နားလည်ပြီ”
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အကြံအစည်တစ်ခုကို စဉ်းစားလိုက်မိ၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ကြယ်နှင်ဘုရင်ရဲ့ ရန်သူတွေအားလုံး ငါတို့ဆီကို လိုက်လာမှာလေ။ သူတို့ကသာ ငါတို့ကို တိုက်ခိုက်မယ်ဆိုရင် တပည့်တွေအကုန်လုံး ထိခိုက်နာကျင်ကုန်မှာ မဟုတ်လား”
“ဒီလိုဆိုရင်”
စနစ်က ပြောလိုက်သည်။ “အထူးတာဝန်နှစ်ခုက ဆက်စပ်နေတာပေါ့”
“တစ်ခုတည်းလို့တောင် ပြောလို့ရတယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို မော့ပြီးသည့်နောက် အကန့်အသတ်မဲ့ ကျယ်ပြောလှသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ ၎င်း၏ မျက်နှာပေါ်တွင်တော့ လေးနက် တည်ကြည်သည့် အမူအရာများ တည်ရှိလို့ နေခဲ့တော့သည်။ “ချောမောတဲ့လူရဲ့ ရန်သူတွေဆိုမှတော့ အားကောင်း ရလိမ့်မယ်။ သူတို့အနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာပြီး ပြဿနာရှာရဲတယ်ဆိုမှတော့ အသက်ရှင်လျက် တစ်ယောက်မှ ပြန်မသွားနိုင်အောင် ငါလုပ်ရမယ်”