အခန်း (၁၁၆၄)
Vol. 79 Ch. 1164
မှုန်ကုတ်ကုတ်နှင့်လူသည် မဲနက်နေသော ကောင်းကင်ယံအထက်တွင် လွင့်မျောလျက်ရှိ၏။ သူသည် ပါးစပ် ဟောင်းလောင်းဖြစ်လျက်ရှိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့တွလျက်ရှိ၏။ ရင်ဘတ်ပေါ်တွင်တော့ ခြေထောက်ရာတစ်ခုသည် ရှင်းလင်းစွာ တည်ရှိနေတော့၏။
သူသည် သေဆုံးသွားခဲ့သည်။ အဓိကသေဆုံးနိုင်ခဲ့သည့်ဒဏ်ရာသည် ရင်ဘတ်ပေါ်တွင် ရှိနေသော ခြေထောက်ရာပင်ဖြစ်သည်။
“သူ ဒီအတိုင်းပဲ သေသွားတာလား။”
ဖြူမဲညီနောင်တို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသာပြန်လည်ရုပ်သိမ်းပြီးသည့်နောက်မှာတော့ အလွန်အမင်း အံ့အားသင့်လျက်ရှိကြ၏။
အထက်နယ်မြေဆီမှ ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်မို့ ၎င်းတို့နှစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ ကန်ချက် မှာ တစ်ဖက်လူအား တိတိကျကျ ထိမှန်သွားခဲ့သည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းရှိခဲ့သည်။
ဤကန်ချက်သည် ရှင်းလင်းပြီး အကျိုးသက်ရောက်မှုလည်းရှိလှ၏။ ရှုပ်ထွေးလှသည့် စွမ်းအားများ ထုတ်ဖော် အသုံးပြုခဲ့ပုံလည်း မပေါ်ပေ။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား ခပ်ဝေးဝေးဆီသို့ ရောက်အောင် ကန်ထုတ်ခဲ့၏။ ပြီးသည့်နောက် တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်းကို ပြုမူခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဖြူမဲညီနောင်တို့သည် အံံအားသင့်သွားခဲ့ကြခြင်းပင်ဖြစ်၏။
“ဝှက်ဖဲ …… စီနီယာတုံးကုက သူ့ကို ဝှက်ဖဲတစ်ခု ပေးထားတာပဲ နေရမယ်။” ဖြူမဲညီနောင်တို့သည် မြန်မြန်ဆန်ဆန်ပဲ သုံးသပ်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် ကြောက်စရာကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်ကို တိုးတက် ရောက်ရှိသွားခြင်း ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဤကဲ့သို့ ရုတ်တရက်အားကောင်းလှသည့် စွမ်းအင်များ ဖြစ်တည်လာခဲ့ခြင်းမှာ စီနီယာတုံးကုနှင့် ကျိန်းသေပေါက် ပတ်သက်နေရပေမည်။
ထို့အပြင် ဂိုဏ်းချုပ်သည် စီနီယာတုံးကု၏ တိုက်ရိုက်တပည့်ဖြစ်သည်။ ထို့ကြောင့် ရှေးရွက်သင်္ဘောကြီးကိုပင် ရရှိ ထားခြင်းဖြစ်၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ဝှက်ဖဲမရှိဘူး ဆိုပါက မည်ကဲ့သို့ အဓိပ္ပာယ်ရှိနေမည်နည်း။
“ဒါ အမှန်ပဲ။”
ဖြူမဲညီနောင်တို့သည် ၎င်းတို့၏ အတွေးများကို အတည်ပြုလိုက်၏။
တစ်ချိန်တည်းမှာပဲ ဂိုဏ်းချုပ်သည် အဘယ့်ကြောင့် အစကတည်းက တည်ငြိမ်နေသနည်းဆိုသည်ကိုလည်း နားလည် သွားခဲ့ကြတော့၏။ အလွန်တရာ အားကောင်းလှသည့် ဝှက်ဖဲ လက်ထဲတွင် ရှိနေသောကြောင့် ဤကဲ့သို့ တည်ငြိမ် နေခြင်းပင်ဖြစ်သည်။
ကျန်သည့်လူများအားလုံးသည်လည်း နဝေတိမ်တောင်နှင့်ဖြစ်မိနေကြ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ လှုပ်ရှားမှုကန်ချက် သည် အလွန်တရာမြန်ဆန်လွန်းသောကြောင့် သူတို့အနေနှင့် ဘာဖြစ်လိုက်ပြီး ၊ ဘာတွေပြုလုပ် လိုက်သည်ဆိုသည်ကိုပင် ကောင်းကောင်းသေချာမသိလိုက်ချေ။
ကောင်းကင်ယံတွင်ဖြစ်တည်နေသော လေဟာနယ်၏ အပေါက်ကြီးတစ်ခုကိုသာ တွေဝေငေးငိုင်မှု အပြည့်ဖြင့် ကြည့်ရှုနေကြ၏။
“ဘာတွေဖြစ်ကုန်တာလဲ။”
“ပဉ္စမညီလေး။”
တစ်ခြားသော လူဆိုးကြီးငါးယောက်ထဲမှ လေးဦးတို့၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ရာကောင်းလှသော ဒေါသတရားများ နှင့် လွှမ်းခြုံသွားခဲ့သည်။ ထို့အတူ အားကောင်းလှသော ကြောက်လန့်မှုအရိပ်အယောင်များလည်း ဖြစ်တည်နေခဲ့သည်။
မှုန်ကုတ်ကုတ်လူ၏ အားအင်အဆင့်သည် ၎င်းတို့ထက် အားနည်းလှသည်မဟုတ်ချေ။ သို့ပေမဲ့ သေဆုံးသည်အထိ တစ်ချက်တည်း ကန်ကြောက်ခံခဲ့ရသည်။ ဤလူငယ်၏ အားအင်အဆင့်သည် မည်မျှကြောက်မက်ဖွယ်ရာကောင်းနေ သနည်း။
ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်ကို အသာပြန်ရုပ်သိမ်းကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ “ကန်ချက်လေးတစ်ခုကိုတောင်မှ မခံနိုင်ပါလား ..”
“……..”
ဖြူမဲညီနောင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့်တုန်ယင်သွား၏။
ညီငယ်လေး .. မင်းရဲ့ အဲဒီ ရိုးရှင်းပါတယ်ဆိုတဲ့ ကန်ချက်က ငါတို့ဆိုရင်လည်း တစ်ခါတည်း သေသွားမှာပဲ။
သို့ပေမဲ့ ဖြူမဲညီနောင်တို့သည် အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ သတိပြန်ဝင်လာခဲ့ကြ၏။ ၎င်းတို့သည် အမှတ်မထင်ဖြင့် ထကာ အော်လိုက်မိကြသည်။ “ဒါနဲ့ ကန်လိုက်တာတော့ ဟုတ်ပါပြီ။ မင်းက ဘာလို့ ခေါင်းတုံးဖြစ်သွားရတာလဲ။”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်အကန်ပဲ ငိုချင်သွားခဲ့၏။ တစ်ချက်ထိုးသတ်ဖြတ်ခြင်း၏ အားဖြည့်မှု သည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များ စုဝေးလာသည်ကို ခံစားမိ၏။ သူ၏ စိတ်နှင့် ထိုစွမ်းအင်များအားလုံးကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိနေ၏။
ထို့ကြောင့် သူသည် ဉာဏ်အလင်းတစ်ခုကို ရသွားခဲ့သည်။ ဘေးထွက်ဆိုးကျိုးသည် တစ်ချက်ထိုးသတ်ဖြတ်ခြင်း ဖြစ်သောကြောင့် တစ်ချက်ထိုးလိုက်လျှင် ဘေးထွက်ဆိုးကျိုးများ ဖြစ်တည်လာမှာဖြစ်၏။ ထိုအရာကို ရှောင်ရှားနိုင်ရန် အတွက် သူသည် လက်သီးကို အသုံးမပြုဘဲ ခြေထောက်ကို အသုံးပြုရန် စဉ်းစားခဲ့ခြင်းပင်ဖြစ်၏။ တစ်ချက်ထိုး သတ်ဖြတ်မှု မဟုတ်ဘဲ တစ်ချက်ကန် သတ်ဖြတ်မှုပင်။
ဤအရာသည် ကောင်းမွန်လွန်းသော အကြံအစည်ပင်ဖြစ်၏။ သို့ပေမဲ့ အမှန်တရားသည် ရက်စက်လွန်းလှသည်။ တစ်ချက်ထိုးသတ်ဖြတ်ခြင်းဆိုသည့်အရာ၏ ဘေးထွက်ဆိုးကျိုးသည် လက်သီးအပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ သတ်ဖြတ်ခြင်းပေါ်တွင် မူတည်နေခြင်းပင်ဖြစ်၏။ ထို့ကြောင့် လက်သီးနှင့်ပဲ ထိုးထိုး၊ ခြေထောက်နှင့်ပဲ ကန်ကန်၊ လက်ချောင်းနှင့်ပဲ ဖင်ကြားထဲ သွားထိုးထိုး ကျိန်းသေပေါက် အသုံးပြုသူ၏ ဆံပင်များ သည် ပျောက်ကွယ်သွားရ ပေလိမ့်မည်။
စည်းဓားမော့ကြီးကို ထုတ်သုံးပြီးပါက အလွန်တရာ အားနည်းသည့်အခြေအနေသို့ ရောက်ရှိသွားတတ်ပြီး တစ်ချက်ထိုးသတ်ဖြတ်ခြင်းကို အသက်သွင်းလိုက်မည်ဆိုပါက တစ်ခါတည်း ခေါင်းတုံးပြောင်ဖြစ်သွားပေလိမ့်မည်။
“ဒါက ပြဿနာကြီးမဟုတ်ဘူး။”
စနစ်က နှစ်သိမ့်လိုက်သည်။ “လက်ခံသူဆီမှာ ဆံပင်ပြန်ပေါက်တဲ့ ဆေးတွေရှိတယ်မလား။ နောက်ရက်ကျရင် ဆံပင်တွေက ခါးလောက်တောင် ရောက်သွားနိုင်တယ်။”
ကျွင်းချောင်ရှောင်းက စိတ်ဓာတ်ကျသွားမိသည်။ “ဒီစကားလုံးက မင်းလိုမျိုးစနစ်ရဲ့ ပါးစပ်ထဲကနေ ထွက်လာတာ ပိုပြီး ကြောက်ဖို့ကောင်းတယ်လို့ ငါထင်မိတယ်။”
ခွီ …..
ရုတ်တရက် သူ၏ အနောက်ဘက်ဆီမှ ရယ်သံတစ်ခုထွက်ပေါ်လာသည်။ တောက်ပြောင်နေသည့် ခေါင်းတုံးပြောင်နှင့် ကျွင်းချောင်ရှောင်းသည် အလောတကြီးနှင့် လှည့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ ရယ်ချင်စိတ်ကို မနည်း အောင့်အီးသည်းခံလျက်ရှိနေသည့် စုရှောင်မိုအား မြင်လိုက်ရ၏။
စုရှောင်မိုသည် လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ကာပြီးသည့်နောက် မျက်နှာတစ်ခုလုံးသည် ရယ်ချင်စိတ်ကို အတင်း ထိန်းချုပ်ထားရသောကြောင့် နီမြန်းလျက်ရှိနေတော့သည်။
ရှောင်ကျီနှင့်လီဖေးတို့သည်လည်း ခေါင်းကို အသီးသီးငုံ့ထားကြ၏။ ၎င်းတို့နှစ်ယောက်သည် ဂိုဏ်းချုပ်ကို မကြည့်ရဲ ကြချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ ထ၍ရယ်မိမည်ကို စိုးရိမ်သောကြောင့်ပင်။
ကျွင်းချောင်ရှောင်း မလှည့်တုန်းကတောင် အဆင်ပြေသေးသည်။ သို့ပေမဲ့ လှည့်လိုက်သည့်အချိန်မှာတော့ စုရှောင်မို သည် မည်သို့မျှ မထိန်းထားနိုင်တော့ချေ။ ထို့ကြောင့် သူသည် အားရပါးရ ထ၍ ရယ်မောမိတော့သည်။
စုရှောင်မို၏ ရယ်သံကို ကြားရသည့်အချိန်မှာတော့ ရယ်ချင်စိတ်ကို မနည်းကြိုးစားကာ ရုန်းကန်နေရသည့် လီဖေးသည် မည်သို့မျှ မနေနိုင်တော့ချေ။ မြေပေါ်သို့ ဆောင့်ကြောင့်ထိုင်ချပြီးသည့်နောက်မှာ မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကာ၍ အပြင်းအထန်ရယ်မောနေမိ၏။
ပိုမို၍ အဆိုးဝါးဆုံးသူမှာတော့ လီထျန်းထျန်းပင် ဖြစ်တော့သည်။ ၎င်းသည် မြေပေါ်သို့ပင်လဲ၍ ရယ်မောလျက် ရှိနေတော့၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်၏ တောက်ပြောင်လျက်ရှိနေသော ခေါင်းတုံးသည် အလွန်ပင် ရယ်မောချင်စရာ ကောင်းလွန်းလှသည်။
ဘန်း ဘန်း ဘန်း ….။
လက်သီးအလင်းတန်းတစ်ခုဖြစ်တည်လာခဲ့တော့သည်။ စုရှောင်မို၊ လီဖေးနှင့် လီထျန်းထျန်းတို့သည် ခေါင်းပေါ်တွင် ကြီးမားသည့် ဘုကြီးများနှင့်အတူ ညီညီညာညာနှင့် မတ်တပ်ရပ်လျက်ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာအမူအရာများ သည် လေးနက်သွားခဲ့ကြ၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်မိ၏။ တိုက်ဆိုင်စွာဖြင့် သူ၏ မျက်လုံးထောင့်သို့ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ လီချင်းယန်သည် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ်ရပ်နေသည်သာမက ၎င်း၏အမူအရာများသည်လည်း မပြောင်းလဲကြောင်းကို မြင်လိုက်ရသည်။
သူသည် ချက်ချင်းပင် သဘောကျ နှစ်ခြိုက်သွားမိသည်။ “ငါ့ရဲ့ ဒုတိယတပည့်က တကယ့်ကို ယုံကြည်ရတာပဲ။”
“ဒုတိယ စီနီယာအစ်ကို”
စုရှောင်မိုသည် အသံပို့လွှတ်ကာ အကြံတောင်းလိုက်၏။ “ဒါဘယ်လိုလုပ်လိုက်တာလဲ။”
လီချင်းယန်က ပြောလိုက်၏။ “အမြင်အာရုံကို စည်းခတ်လိုက်တာပေါ့ကွာ။”
“ဟမ် ဒီလိုလုပ်လို့ရလား။ အိုက်ယား။ ငါ ဘာလို့အစောတုန်းက မတွေးမိတာလဲ။”
လက်ရှိအခြေအနေမှာတော့ ယုံကြည်ရလောက်သည့် လုချင်းချင်း၊ ရီရှင်းချန်၊ ရှောင်ကျီ၊ ဟယ်ဝူတီနှင့် တစ်ခြားသောသူ များအားလုံးသည် ၎င်းတို့၏ အမြင်အာရုံကို စည်းခတ်ပြီးသား ဖြစ်တော့၏။
ဂိုဏ်းချုပ်၏ တောက်ပြောင်နေသည့် ခေါင်းတုံးသည် သူတို့၏ ရယ်ချင်စိတ်ကို အတင်း နှိုးဆွလျက်ရှိနေသည်။ထို့ကြောင့် အမြင်အာရုံကို စည်းခတ်ခြင်းကသည်သာ အကောင်းဆုံးသော ကာကွယ်နည်းဖြစ်မည်ဟု တွေးတောပြုမူ ထားကြခြင်း ဖြစ်လေသည်။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် အသာလှည့်လိုက်သည့်အချိန်မှာတော့ သူ၏ ခေါင်းတွင် အလင်းတန်းများပင် ဖြတ်ပြေးသွားခဲ့၏။ “ခင်ဗျားတို့က အကြွင်းအကျန်ကျမ်းကို လိုချင်တာမလား။”
၎င်း၏အသံသည် တည်ငြိမ်လွန်း၏။ မည်သည့်အားကောင်းလှသည့်အော်ရာမှ မရှိချေ။ မသိလျှင် သာမန်လူ တစ်ယောက်ကဲ့သို့ပင် ဖြစ်တော့သည်။
သူ ဤကဲ့သို့ ပြုမူလေ တစ်ခြားသော လူဆိုးကြီး ၄ ယောက်တို့သည် ဖိအားများ ခံစားလာရလေဖြစ်၏။ ထို့အပြင် သူတို့၏ လူအား ခြေကန်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည့် မြင်ကွင်း ပုံရိပ်သည် ၎င်းတို့၏ အသိစိတ်အာရုံထဲကို လွှမ်းမိုးလျက်ရှိနေ၏။
မူလအားဖြင့် စိုးရိမ်ပူပန်လျက်ရှိနေသော ဖြူမဲညီနောင်သည်လည်း အမှောင်ထဲတွင် ငြိမ်ငြိမ်သက်သက်ဖြင့် ပုန်းအောင်း လျက်ရှိနေတော့သည်။
ဂိုဏ်းချုပ် စောနတုန်းက ထုတ်ဖော်အသုံးပြုလိုက်တဲ့ ကြောက်မက်ဖွယ်ရာကန်ချက်သည် တစ်ခြားသောလူဆိုးကြီး လေးယောက်မပြောနှင့်။ ရွက်သင်္ဘောပေါ်တွင်ရှိနေသော လူများအားလုံးကိုပင် လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။
“အကြီးအကဲဝေ”
ပိန်ညောင်ညောင်နှင့်သက်လတ်ပိုင်းလူသည် အသံပို့လွှတ်လိုက်၏။ “ကျုပ်တို့ဘယ်လိုလုပ်ရမလဲ။”
သူတို့သည် အကြွင်းအကျန်ကျမ်းအား တကယ်ပင်လိုချင်၏။ သို့ပေမဲ့ သူတို့ရှေ့တွင် ရှိသော လူငယ်သည် အမှန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်လူတစ်ယောက်ဖြစ်နေလေသည်။
အဖြူရောင်ဆံပင်များနှင့်အဘိုးအိုသည် မျက်မှောင်ကုတ်လိုက်၏။ ဤတစ်ကြိမ်တော့ ကြယ်နှင်ဘုရင်သည် အဘယ့်ကြောင့် တစ်ခါတည်း သတ်ဖြတ်ခံလိုက်ရသည်ဆိုသည်ကို သူနောက်ဆုံး၌ နားလည်သွားခဲ့မိပြီဖြစ်တော့၏။
“ဒီလူက အရမ်းအားကောင်းတယ်။ ထိပ်တိုက်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။”
“ဒါဆိုရင် နောက်ဆုတ်ရမလား။”
“ဒီလိုလည်း ငါတို့လုပ်လို့မဖြစ်ဘူး။ မသိမသာနဲ့ ထွက်ခွာသွားနိုင်အောင် ကြိုးစားရမယ်။”
ခဏလောက်ဆွေးနွေးပြီးသည့်နောက်မှာတော့ ၎င်းတို့လေးယောက်သည် ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားရန် စတင်ကာ ကြိုးစားခဲ့တော့၏။ သူတို့အတွက် အကြွင်းအကျန်ကျမ်းအား လက်လွှတ်လိုက်ရဖို့ဆိုသည်မှာ အလွန်ခက်ခဲ လှ၏။ ထို့အပြင် အချိန်တော်တော်ကြာ ရှာဖွေခဲ့ရသည့်အရာမဟုတ်လား။
“ဂိုဏ်းချုပ်”
အဖြူရောင်နတ်ဆိုးသည် အသံပို့လွှတ်လိုက်၏။ “ဒီလူတွေ နောက်ဆုတ်ဖို့ စဉ်းစားနေကြတာ။”
“နောက်ဆုတ်မှာ ဟုတ်လား။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည်။ သူသည် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ ကျမ်းစာများအား အသီးသီးထုတ်ယူလိုက်၏။ ပြီးနောက်ပြောလိုက်၏။ “ကျုပ်ဆီမှာ အကြွင်းအကျန်ကျမ်းက နံပါတ်လေးတစ်ခုထဲရှိတာမဟုတ်ဘူး။ ဒီမှာ တစ်၊ နှစ်၊ သုံး ဆိုပြီး သုံးခု ရှိသေးတယ်။ အားလုံးပေါင်း လေးခုပေါ့။”
ထွက်ခွာသွားရန်ပြင်နေကြသော လူဆိုးကြီးလေးယောက်တို့သည် ထိုအရာကို မြင်သည့်အချိန်မှာတော့ မျက်လုံးများ တောက်ပလာခဲ့ကြ၏။ “ဒါ မှတ်တမ်းတေွှွထဲက အတိုင်းပဲကိုး။”
အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် ထုတ်ဖော်ထားသော ကျမ်းများ၏ ပုံပန်းသွင်ပြင်များကို မြင်လိုက်ရသည့်အချိန်မှာ တော့ သူတို့ရှာနေသည့်အရာဖြစ်ကြောင်း နားလည်သွားမိကြ၏။ သူတို့နောက်ဆုတ်၍ မရနိုင်တော့ချေ။ ထိုအရာကို ကျိန်းသေပေါက် ယူမှဖြစ်မည်။
၎င်းတို့၏ စိတ်ထဲတွင်တော့ အလိုလောဘစိတ်များသည် ပြင်းထန်စွာဖြစ်တည်လာခဲ့၏။ ထို့ကြောင့် လူဆိုးကြီး လေးယောက်တို့သည် ထွက်ပြေးရန်အစီအစဉ်အား လက်လျှော့လိုက်ပြီးသည့်နောက် အကြွင်းအကျန်ကျမ်းစာ လေးခု အား စူးစိုက်ကြည့်နေကြ၏။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ခင်ဗျားတို့နောက်လိုက်တွေက ကျုပ်နောက်မှာရှိတဲ့ ကျုပ်တပည့်တွေကို အနိုင်ယူနိုင်တယ်ဆိုရင် ဒီကျမ်းစာ ၄ ခု လုံးကို ခင်ဗျားတို့လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ လာပေးလိုက်မယ်။”
လူဆိုးကြီးလေးယောက်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလိုက်သည်။ တစ်ဖက်လူသည် ဘာလုပ်ချင်မှန်း သူတို့မသိချေ။ သို့ပေမဲ့ တပည့်များကို အားကိုးကာဖြင့် တစ်ဖက်လူများကို အနိုင် တိုက်ခိုက်လိုက်မည်ဆိုလျှင် ထိုအရာများ သူတို့လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် အတွေးနက်သွားမိ၏။ တစ်ဖက်လူသည် တစ်ခြားသောလှည့်ကွက်များကို အသုံးပြုမလားဆိုသည်ကို စဉ်းစားနေခြင်းပင်ဖြစ်၏။
သို့ပေမဲ့ ကြွက်သားအမြောင်းမြောင်းနှင့်သက်လတ်ပိုင်းလူသည် မည်သို့မျှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် အေးစက်စက်ပြောလိုက်သည်။ “ဒီလိုဆိုရင်လည်း ကျုပ်တို့က လက်ခံရမှာပေါ့။”
ရွှီ ….။
သူသည် လက်ကို ယမ်းခါလိုက်၏။
ဝှစ် ဝှစ် ဝှစ် …။
သူ၏ ရွက်သင်္ဘောထဲတွင် ရှိနေသော တပည့်တစ်ထောင်ကျော်တို့သည် သူ၏အမိန့်ပေးမှုအောက်မှာပဲ အောက်ကို ခုန်ဆင်းလာခဲ့ကြ၏။ ၎င်းတို့၏ အားအင်အဆင့်သည် သိုင်းဘုရင်၊ သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေကျင့်ကြံသူများပင် ပါဝင်လျက်ရှိ၏။
ဖြောက် …။
ကျွင်းချောင်ရှောင်းက လက်ဖြောက်တီးလိုက်သည်။ “ကောင်လေးတို့။ မင်းတို့ စပြီး ကလို့ရပြီ။”
ဝှစ် ဝှစ်
သူ၏နောက်တွင်ရှိနေသော လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် ပျံသန်းထွက်ခွာလာခဲ့ကြ၏။ ၎င်းတို့သည် ရန်သူတစ်ထောင်ကျော်တို့၏ရှေ့တွင် ပုံပန်းသွင်ပြင်အမျိုးမျိုးနှင့် ရပ်နေကြတော့၏။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်နေသော အော်ရာများမှာတော့ အလွန်တရာစူးရှလျက် ရှိနေ၏။
“အား ….”
ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
“အား .. အား …အား”
သူသည် နဖူးကြောကြီးများထောင်ထသည်အထိ ကြိုးစားကာဖြင့် သူ၏ အော်ရာများကို ထုတ်ဖော်လျက်ရှိနေ၏။ ဘာလုပ်နေသနည်း ဆိုသော် ဝတ်ထားသော ဝတ်စုံကို ဖောက်ခွဲနေခြင်းဖြစ်ပေသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သူ့အား ပေးထားခဲ့သည့် ဝတ်စုံသည် တစ်ချက်ကလေးမှ ပေါက်ကွဲထွက်မသွားခဲ့ချေ။