← Chapters

အခန်း (၁၁၆၆ - က)

Vol. 79 Ch. 1166

အခန်း (၁၁၆၆ - က)

Vol. 79 Ch. 1166

အထက်နယ်မြေဆီမှ ကျဆင်းလာခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖိနှိပ်ခြင်း ခံထား ရသော ဖြူမဲညီနောင်တို့သည် စကြဝဠာမှ လူဆိုးကြီးလေးယောက်တို့အား ဖူးယောင်နေအောင် ရိုက်နှက်လျက် ရှိနေတော့၏။

တစ်ဖက်လူများ အနေနှင့် အရေအတွက်အရ များပြားလှသည်ဆိုသော်လည်း သေမျိုးလောကထဲတွင်ရှိသော သိုင်းကျင့်ကြံသူများ ဖြစ်သည်မို့ ဖြူမဲညီနောင်တို့၏ လက်ချက်အောက်တွင် ရှုံးနိမ့်သွားကြသည်ဆိုသည်မှာ ထူးဆန်းသည့်အရာတော့ မဟုတ်ခဲ့ချေ။

လူဆိုးကြီးငါးယောက်ထဲမှ တစ်ယောက်သည် အစောကြီးကတည်းက သေဆုံးခဲ့သည်ဖြစ်ပြီး လေးယောက်မှာတော့ ဒဏ်ရာရရှိနေကြ၏။ ၎င်းတို့သည် မြေပေါ်တွင် စီစီရီရီနှင့် လဲလျက် ရှိ၏။ ၎င်းတို့၏ စိတ်ခံစားချက်များသည် အကြီးအကျယ် ထိခိုက်လျက်ရှိ၏။

သာမန်အခြေအနေဆိုပါက ၎င်း၏နောက်လိုက်များအားလုံးသည် ထိုအချင်းအရာကို မြင်သည်နှင့် အမြီးကုပ်ကာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားပေလိမ့်မည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေနှင့် ထိုလူများအား ထွက်ပြေးဖို့ အခွင့်အရေးကို မပေးခဲ့ချေ။ ထို့ကြောင့် ကျန်းတယ်ကျွင်းကို ခေါ်ကာဖြင့် တည်နေရာကြီးတစ်ခုလုံးအား မိုးကြိုးအစီအရင်များ ဖန်တီးထားရန် အမိန့်ပေးခဲ့ တော့သည်။ ဤလုပ်ငန်းစဉ်သည် အလွန်တရာ ခက်ခဲလွန်းလှ၏။ တပည့်များ အပြင်းအထန် တိုက်ခိုက်နေ သည့်အချိန်၌ ကျန်းတယ်ကျွင်းသည် ကိုယ်ယောင်ဖျောက်ကာဖြင့် ဟိုဒီသွားလာပြီးသည့်နောက် ကျယ်ပြန့် လွန်းလှသည့် တည်နေရာကြီး တစ်ခုလုံးကို လွှမ်းခြုံကာ အစီအရင်ကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့၏။ ထိုသို့ပြုလုပ် ရာတွင် ကျန်းတယ်ကျွင်းသည် ဖိအားဒဏ်ကြီးကို ခံစားခဲ့ရ၏။ သူ၏ ဦးနှောက်တစ်ခုလုံးတွင် ရှိနေသော ဆဲလ်များ အားလုံးသည် အရည်ပျော်ကျလုမတတ် စဉ်းစားကာ ပြုလုပ်ခဲ့ရခြင်းပင် ဖြစ်၏။

လီချင်းယန်နှင့် တခြားသူများ၏ မျက်လုံးထဲတွင် ရှိနေသော တိုက်ခိုက်လိုသည့် ဆန္ဒများသည် ပိုမိုကာ အားကောင်း လာခဲ့ကြ၏။ တခြားသောဂြိုဟ်မှ ရန်သူများနှင့် တိုက်ခိုက်ရသည့်အချိန်တွင် ၎င်းတို့သည် တိုက်ခိုက်ရေးအတွေ့အကြုံများကို ပေါများစွာ ရရှိနေကြ၏။ ထိုအရာသည် လေ့ကျင့်ရန်အတွက် အကောင်းမွန်ဆုံးသော အခွင့်အရေးပင် ဖြစ်သည်။ သူတို့ လွှဲချော်သွား၍ မဖြစ်ချေ။ ထို့ကြောင့် အားကုန်သုံးကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

လူဆိုးကြီးငါးယောက်၏ နောက်လိုက်များ အားလုံးသည်လည်း မိမိကိုယ်ကိုယ် ရဲဆေးတင်ကာဖြင့် ပြန်လည် တိုက်ခိုက်ရန်သာ ရှိတော့သည်။ သူတို့အနေနှင့် ထွက်ပြေးသွား၍လည်း မရချေ။ ၎င်းတို့သည် လူပေါင်းများစွာ ရှိသည့်အပြင် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများကလည်း တော်တော်များပြားကြ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့် များနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ တိုက်ကွက်တစ်ကွက်တည်း နှင့်ပင် အကုန်လုံး သေဆုံးနေကြရသည်။

တစ်ဖက်မှာရှိသော သိုင်းနယ်မြေ သို့မဟုတ် သိုင်းနယ်မြေထိပ်ဆုံးအဆင့်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ သည် ခရမ်းရောင်ဘုရင် တစ်ယောက်တည်း၏ ဖိနှိပ် တိုက်ခိုက်ခြင်းကို ခံနေရ၏။

ထို့အပြင် ကျွင်းချောင်ရှောင်းကလည်း တည်ရှိနေသေးသည်။ သူသည် တိုက်ခိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့် နေသည်ဆိုသော်လည်း အခြေအနေတစ်ခုလုံးကို မျက်ခြေမပြတ် ကြည့်ရှုနေခြင်းပင် ဖြစ်သည်။

ဖြူမဲညီနောင်တို့သည်လည်း အစီအရင်၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေပြီး အထဲတွင် ဖြစ်ပွားလျက် ရှိနေသော တိုက်ပွဲကို သေသေချာချာ ကြည့်ရှုနေသည်။ ဂိုဏ်းချုပ်သည် တပည့်များအား တိုက်ခိုက်ရာမှ သေဆုံး မသွားစေရန် အထူးဂရုစိုက်ဖို့ သူတို့အား မှာကြားခဲ့၏။ ဤကဲ့သို့ အကူအညီများအားလုံး ရရှိနေပြီဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ရဲဝံ့စွာဖြင့် တိုက်ခိုက်ခြင်းကို ပြုမူလာခဲ့ကြတော့၏။

“ဒါက ထင်ထားတာထက် အားနည်းတာပဲ” တိုက်ပွဲတစ်ခုလုံးကို ခြုံငုံကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ အတွင်းစည်းတပည့်များမှာ တခြားတပည့်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အားကောင်းလှသည်ဆိုသော်လည်း အခြားတပည့်များမှာတော့ အားအင်အဆင့်တွင် နိမ့်ကျလျက် ရှိသည်ကို မြင်သာထင်သာ ရှိသွားသည်။

အထက်ပိုင်းအကြီးအကဲများ၏ အားအင်အဆင့်သည် မဆိုးရွားလှသလို အတွင်းစည်းတပည့်များ၏ အားအင် အဆင့်ကလည်း မဆိုးရွားလှချေ။ သို့ပေမဲ့ သူတို့သည်သာ သတ်ဖြတ်ခြင်းကုန်းမြေတိုက်ထဲသို့ ဝင်ရောက်၍ တိုက်ခိုက်မည်ဆိုပါက တပည့်များအားလုံး၏ အားအင်အဆင့်သည် လိုက်မမီနိုင်သောကြောင့် ဆိုးရွားသည့် အခြေအနေမျိုး ရောက်ရှိသွားမှာ သေချာ၏။

ဂိုဏ်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို တွက်ချက်ရမည် ဆိုလျှင် လူပေါင်းများစွာတို့၏ အားအင်တိုးတက်မှုနှုန်းနှင့် တွက်ချက်ရမှာ ဖြစ်၏။ အနည်းစုသော လူတို့၏ အားကောင်းလှသည့်အပေါ်တွင် အခြေခံ၍ တွက်ချက်မည်ဆိုလျှင် ထိုဂိုဏ်းသည် အချိန်ကာလတစ်ခု၌ ပျောက်ကွယ်သွားမှာ သေချာသည်။

စနစ်က ပြောလိုက်သည်။ “ရှေ့ကိုသွားရမယ့်လမ်း တွေ အများကြီးရှိသေးတယ်လေ။ လက်ခံသူ စိတ်အလောမကြီးပါနဲ့”

ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ရင်ဆိုင်ရသည့် ရန်သူများသည် အားကောင်းလွန်းလှသောသူများ ဖြစ်သည်မို့ သူ၏တပည့်များကို အားမလိုအားမရဖြစ်သည်ဆိုခြင်းမှာ လက်ခံနိုင်လောက်သည့်ကိစ္စပင် ဖြစ်တော့သည်။

အတိတ်တုန်းက ဆိုလျှင် သူသည် အဆင့်နိမ့်ဂြိုဟ်အတွင်းတွင်ရှိသော အဆင့်နိမ့် သိုင်းကျင့်ကြံသူများနှင့်သာ ရင်ဆိုင်ထိတွေ့ခဲ့ရ၏။ လက်ရှိအခြေအနေမှာတော့ များပြားလွန်းလှသော သိုင်းအင်ပါယာအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင် တိုက်ခိုက်နေရပြီဖြစ်၏။

“လက်ခံသူက ပြောင်းလဲသွားပြီပဲ”

စနစ်က ပြောလိုက်သည်။ “ပိုပြီးတော့ ရည်မှန်းချက် ကြီးမားလာတယ်”

အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းအနေနှင့် ဖြစ်နိုင်သမျှ အဓိက တာဝန်များကို ပြည့်စုံစေရန်သာ စိတ်ဆန္ဒရှိတော့၏။ သူသည် ခန္ဓာကိုယ်တွင် တွယ်ကပ်လျက်ရှိနေသော ချိန်ကိုက်ဗုံးအား ပျောက်ကွယ်သွားစေချင်မိ၏။ ပြီးသည့်နောက်မှာတော့ တောင်များ၊ ချောင်းများကို ဖြတ်သန်းကာဖြင့် အပူအပင်ကင်းသည့်ဘဝကြီးတွင် လှည့်လည်သွားလာ၍ နေထိုင်ရန် စဉ်းစားမိ၏။

သို့ပေမဲ့ ၎င်း၏ ဂိုဏ်းသည် စကြဝဠာကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အမှုန်လေးတစ်ခုသာဖြစ်ကြောင်းကို လက်ရှိအခြေအနေ၌ သိရှိသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် အားအကောင်းဆုံး ဆိုသည့်အရာဖြင့် ကျေနပ်နေလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက ရည်မှန်းချက် ကြီးမားတာ မဟုတ်ဘူး။ တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်းကို မခံချင်တာလေ”

“လက်ခံသူကပဲ တခြားသူတွေကိုသွားပြီး အစဉ်အမြဲ အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား” စနစ်က ခွန်းတုံ့ပြန် လိုက်သည်။

ကျွင်းချောင်ရှောင်းသည် တိကျခိုင်မာစွာ ပြောလိုက်၏။ “သူတို့ကသာ ငါကိုရန်လာမစရင် ငါက သူတို့ကို အနိုင်ကျင့် စရာ ဘာအကြောင်းမှ မရှိဘူးလေ”

“........” စနစ်သည် ဆွံ့အသွားမိသည်။

လေးနာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ အစီအရင်ထဲတွင် ရှိနေသော တိုက်ပွဲသည် ရပ်တန့်သွားခဲ့၏။ လူဆိုးကြီးလေးယောက်၏ နောက်လိုက်များ အားလုံးသည် မြေပေါ်တွင် လဲကျကာ သေဆုံးနေကြပြီးဖြစ်၏။

ကျွင်းချောင်ရှောင်း၊ ဖြူမဲညီနောင်တို့၏ အထူးကာကွယ်ပေးမှုအောက်တွင် ပြိုင်စံရှားဂိုဏ်းတပည့်များသည် တစ်ယောက်မှ မသေခဲ့ချေ။

ဟုတ်ပေသည်။ ပေးဆပ်ရသည့် တန်ဖိုးမှာတော့ မသေးငယ်လှချေ။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံး၏ ချင်းယန်ဝတ်စုံများသည် ပျက်စီးကုန်ကြတော့၏။ ဤကဲ့သို့သော ချပ်ဝတ် မျိုးသည် ကောင်းမွန်လှသည့် အကာအကွယ်စနစ်ကို ပေးစွမ်းနိုင်ခဲ့သည်ဆိုသော်လည်း များပြားလှသည့် တိုက်ခိုက် ချက်များကို ခံယူပြီးသည့်နောက်မှာတော့ မည်သို့မှ မခံနိုင်ခဲ့တော့ချေ။

အမြန်နှုန်းနှင့် ခြေထောက်အားကောင်းမှုတွင် ထင်ရှားကျော်ကြားလှသော စုရှောင်မိုနှင့် လီဖေးတို့နှစ်ယောက် သည် မြေပေါ်တွင်လဲကျလျက်ရှိနေကြ၏။ ၎င်းတို့၏ ခြေထောက်များသည် တဆတ်ဆတ်နှင့် တုန်ခါလျက်ရှိသည်။

တခြား အတွင်းစည်းတပည့်များမူ ဒဏ်ရာများ ဗရပွနှင့် ဖြစ်နေပြီး တချို့မှာမူ မောပန်းလွန်းသောကြောင့် မြေပေါ်တွင် ပက်လက်လန်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းနှင့် ဂိုဏ်း၏ကာကွယ်စောင့်ရှောက်သူနှစ်ယောက်တို့သာ အပြင်ဘက်မှ ကာကွယ် ပေးထားသည် မဟုတ်ပါက ၎င်းတို့အားလုံးသည် သေဆုံးသွားနိုင်သေး၏။ ဤတိုက်ပွဲသည် ၎င်းတို့အား ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိစေခဲ့၏။ ၎င်းတို့၏ လိုအပ်ချက်များကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသော တိုက်ပွဲပင် ဖြစ်တော့သည်။

“ယူစရာရှိတာတွေ ယူတော့” ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ကျွမ်းကျင်စွာဖြင့် တစ်ဖက်လူများ၏ သိုလှောင်လက်စွပ်များကို စတင်ကာ သိမ်းဆည်းတော့သည်။

“ဂိုဏ်းချုပ်”

အဖြူရောင်နတ်ဆိုးက ပြောလိုက်သည်။ “ဒီလေးယောက်ကို ဘာဆက်လုပ်ကြမလဲ”

ကျွင်းချောင်ရှောင်းသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသော စကြဝဠာ လူဆိုးကြီး လေးယောက်တို့အား လှမ်းကြည့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ “သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စည်းခတ်ပြီးတော့ ဂိုဏ်းဆီကို ခေါ်ခဲ့လိုက်လေ”

ပထမတုန်းက သူသည် ထိုသူများအား သတ်ဖြတ်ချင်မိ၏။ သို့ပေမဲ့ ဤလူများသည် သိုင်းအင်ပါယာအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ ထို့ကြောင့် ခေါ်ဆောင်လာပြီး ကျိုးဒူဒူတို့ အခန်းထဲ၌ ထည့်ထားလိုက်မည် ဆိုပါက အနာဂတ်တွင် ကျိန်းသေပေါက် အကျိုးကျေးဇူးများ ရရှိနိုင်ပေလိမ့်မည်။

ထို့အပြင် ကျွင်းချောင်ရှောင်းသည်လည်း အလွန်တရာ စိတ်ဝင်စားလျက်ရှိ၏။ တစ်ဖက်လူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား အဘယ်သို့ ရှာတွေ့ခဲ့သနည်း။ သို့မဟုတ် သူသည် ကြယ်နှင်ဘုရင်အား သတ်ပစ်ခဲ့သည့်လူတစ်ယောက် ဖြစ်ကြောင်း အဘယ်ကြောင့် သေချာစွာ သိရှိနေရသနည်း။

ရွှီး ရွှီး ….။

ဖြူမဲညီနောင်တို့သည် တူညီသည့်လှုပ်ရှားမှုများကို ပြုလုပ်ကာဖြင့် နေကြာချက္ကရာ နည်းစနစ်ကို အသုံးပြု၍ တစ်ဖက်လူများ၏ အရေးကြီးသော မရီဒန်များ အားလုံးကို စည်းခတ်လိုက်တော့၏။ အစောကြီးကတည်းက အားနည်းလျက်ရှိနေသော တစ်ဖက်လူများ အားလုံးသည် ရွံ့ကဲ့သို့ပင် ပျော့ခွေသွားခဲ့ကြ၏။

ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေချေ။ တပည့်များသည် တိုက်ခိုက်ရေးတည်နေရာထဲတွင်ရှိသော အရာများကို ရှင်းလင်းရယူနေစဉ်မှာပဲ သူသည် စီစီရီရီနှင့် တည်ရှိနေသော ရွက်သင်္ဘောနှစ်ဆယ်နီးပါးခန့်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်တော့သည်။ ဤအရာများသည် စကြဝဠာကို ဖြတ်သန်းကာ ခရီးသွားလာနိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် အနာဂတ်တွင် တပည့်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြု နိုင်စွမ်းရှိသော အရာ ဖြစ်ပေလိမ့်မည်။

စနစ်က သက်ပြင်းချလိုက်၏။ “အရင်တုန်းက ကြယ်ပင်လယ်ကြီးကိုတောင် အနိုင်ယူနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ကို လက်ခံသူက ထားရှိခဲ့တယ်လေ။ အခုကြည့်ရတာ နီးကပ်လာသလိုပဲ”

.................

ဟူး ဟူး

တောက်ပလွန်းသော မီးများ ကျွမ်းလောင်လျက်ရှိနေပြီး အလောင်းများအားလုံးသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့၏။

ဆွစ်

ရှေးရွက်သင်္ဘောကြီးသည် ပြိုင်စံရှားဂိုဏ်းသားများကို သယ်ဆောင်ပြီးသည့်နောက်မှာတော့ အဆုံးအစမဲ့ စကြဝဠာ ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ ဤဂြိုဟ်တည်နေရာကြီးသည် ပျက်စီးလျက်ရှိနေပြီး မြေပြင် တည်နေရာကြီးတစ်ခုလုံးသည်လည်း တွင်းများ၊ အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေ၏။

“ဒင်... အထူးတာဝန် ပြည့်စုံ။ စတင် တွက်ချက်နေပါသည်”

“ဒင်... လက်ခံသူသည် စကြဝဠာလူဆိုးကြီးငါးယောက်တို့အား အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့၏။ ဤလူများသည် ကြယ်နှင်ဘုရင်၏ ရန်သူများလည်းဖြစ်၏။ အထူးတာဝန်ပြည့်စုံမှုနှုန်းသည် တစ်ရာ ရာခိုင်နှုန်း ဖြစ်၏။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား ရရှိခဲ့သည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၂၀၀၀၀ / ၇၀၀၀၀”

“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်...”

“ပြည့်စုံမှုနှုန်းက တစ်ရာ ရာခိုင်နှုန်းပဲ ရှိတာလား” ကျွင်းချောင်ရှောင်းသည် သဘောမတွေ့သလို မျက်မှောင်ကုတ် လိုက်မိ၏။ ထုံးစံအရဆိုလျှင် အထူးတာဝန်နှစ်ခု ဖြစ်သောကြောင့် တစ်စုံတစ်ခုက ပြည့်စုံသွားပြီဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်များကို အရင်ရရှိမှာဖြစ်ပြီး ဆုလာဘ်အား ရရှိလိမ့်မည် မဟုတ်ချေ။

“တပည့်တွေက ရန်သူတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ငါက အနီးကပ် ကာကွယ်ပေးထားပြီး တစ်ယောက်မှ မသေစေခဲ့ရဘူးလေ။ ဒီတော့ ပြည့်စုံမှုနှုန်းက ပိုပြီးမြင့်ရမှာ မဟုတ်လား”

သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို စိတ်ဓာတ် ကျစေခဲ့သည်မှာ အထူးတာဝန်ဆယ့်တစ်သည် ပြည့်စုံသွားခဲ့ပြီဆိုသော်လည်း ဆယ့်နှစ်မှာတော့ မပြည့်စုံသေးချေ။

“ထူးဆန်းလိုက်တာ။ ဘာလို့ ဆယ့်နှစ်က တစ်ချက်လေးတောင် မလှုပ်တာလဲ” ဖြစ်နိုင်တာက သူ၏ မျက်လုံးများ သည် အေးစက်သွားသည်။ “ကြယ်နှင်ဘုရင်ရဲ့ ရန်သူတွေ ထပ်လာပြီးတော့ ငါ့ရဲ့မိသားစုကို ထိခိုက်နာကျင်အောင် လုပ်ဖို့ ရှိနေသေးတာလား။ မဟုတ်ဘူး၊ မဟုတ်နိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် ငြင်းပယ်လိုက်၏။ “ဒီလိုဆိုရင် ဘာလို့ အထူးတာဝန်ဆယ့်နှစ်က မပြည့်စုံသေးရတာလဲ”

စနစ်က ပြောလိုက်သည်။ “ငါတို့ နားလည်မှုလွဲနေတာဖြစ်လိမ့်မယ်။ မိသားစုဆိုတာ တပည့်တွေကို ထည့် မတွက်ချက်ဘူးနဲ့တူတယ်”

“ဒါဆိုရင် ဘယ်သူ ဖြစ်နိုင်သေးလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

စနစ်သည် ခဏလောက် ငြိမ်သက်သွား၏။ “ဘယ်သူလဲဆိုတာ မင်းပဲ သိမှာလေ။ မင်းရဲ့မိသားစုဆိုတာကို မင်းပဲ ပြန်ပြီးတော့ စဉ်းစားသုံးသပ်ကြည့်ပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်တော့ အမျိုးအဆွေဆိုရင် ခြောက်ခုကို တွက်ချက်ရတယ်။ အဲတာက အဖေ၊ အမေ၊ အစ်ကို၊ ညီ၊ သား”

ပြီးနောက် သူသည် ရပ်တန့်သွား၏။

“…….”

All Chapters