အခန်း (၁၆၆- ခ)
Vol. 79 Ch. 1166
“ဘာလို့ ရပ်သွားတာလဲ”
“.......”
“ငါ ဆက်ပြောပေးမယ်။ နောက်ဆုံးက မိန်းမ ဖြစ်လိမ့်မယ်”
“........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှီ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူနဲ့ နှင်းဆီဧကရီတို့က ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှာ လက်ထပ်ခဲ့ကြ တာလေ။ မင်းအနေနဲ့ လက်မခံဘူးဆိုရင်တောင်မှ ထုံးတမ်းအစဉ်အလာတွေအရ မင်းရဲ့မိန်းမပဲ။ ဒါကို ငြင်းလို့ မရဘူး”
“ငါတို့က အစောကြီးကတည်းက ကွာရှင်းပြီးသွားပြီလေ။ ဘယ်လိုလုပ် သူမက ငါ့မိန်းမ ဖြစ်မှာလဲ”
“ဘယ်တုန်းကလဲ”
“ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှာ ချန်ထားခဲ့တဲ့စာလေ”
“အဲတာက စာက စာလေ။ ကွာရှင်းစာက ကွာရှင်းစာ ဘာဆိုင်လို့လဲ။ မင်းက ကွာရှင်းစာဆိုပြီး အတည်တကျ လက်မှတ်ထိုးပြီး ထားခဲ့တာမှ မဟုတ်တာ။ အဲနှစ်ခုကို သွားပြီးတော့ ရောထွေးလို့ မဖြစ်ဘူး”
“.........”
“ပြီးတော့ လက်ခံသူက.........”
စနစ်က လေးလေးနက်နက် ပြောလိုက်သည်။ “ကြယ်နှင်ဘုရင်က ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို တစ်ခါ သွားခဲ့ဖူးတယ်လေ။ ဒီတော့ သူ့ရဲ့ရန်သူတွေကလည်း အဲကို သွားမှာပဲ။ အထူးတာဝန် ဆယ့်နှစ်က မင်းရဲ့မိန်းမကို ကာကွယ်တာပဲ ဖြစ်ရမယ်”
“........”
“လက်ထပ်မှုဆိုတာက ကောင်းကင်ကြီးက ဖန်တီးပေးထားတဲ့အရာပဲလေ”
စနစ်သည် ကောင်းမွန်သောစနစ် ဖြစ်၏။ သို့ပေမဲ့ ကုန်းရှန့်သည် ကုန်းရှန့်သာ ဖြစ်တော့သည်။ သူသည် လှေ၏ ပဲ့ဦးတွင် ထိုင်ကာဖြင့် တခြားသော အမျိုးအနွယ်များ ရှိမလားဆိုသည်ကို ဆက်လက်ကာ စဉ်းစားလျက်ရှိနေ၏။ တစ်ဝမ်းကွဲညီနှင့် ညီမများ ရှိမလား ဆိုသည်ကိုပင် သူတွေးတောနေမိသည်။
“လက်ခံသူရဲ့အဖေက မျိုးရိုးစဉ်ဆက် လယ်သမားတွေပဲလေ။ ဒီလိုလူမျိုးက ဘယ်လိုဖြစ်ပြီးတော့ မယားငယ် တွေ၊ တခြားမိန်းမတွေ ရှိနေနိုင်မှာလဲ။ ကိုယ်လုပ်တော်ဆိုရင် ဝေးကဝေးပေါ့”
“........”
“ဒီခန္ဓာကိုယ်ရဲ့အမေကလည်း အသက်ဆယ့်ခုနှစ်နဲ့ လက်ထပ်ခဲ့တယ်လေ။ မင်းကို မွေးပြီးတဲ့အချိန်မှာ သေဆုံး သွားခဲ့တယ်။ ဘယ်လိုဖြစ်ပြီးတော့ တခြားညီအစ်ကိုတွေ ရှိအုံးမှာလဲ”
“........”
စနစ်သည် ဆက်တိုက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းအား အမှန်တရားကို သိရှိနားလည်ရန် ပြောဆိုဆုံးမလျက် ရှိနေတော့သည်။ တခြားလည်း မရှိဘူးဆိုမှတော့ သူ့အနေနှင့် ချစ်ခင်ရသည့် မိသားစုဆိုလျှင် နှင်းဆီဧကရီသာ ရှိတော့၏။ “ခေါင်းမာမနေနဲ့။ ပြီးတော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့”
“........”
စနစ်ကပြောလိုက်သည်။ “ဂိုဏ်းကို ပြန်ရောက်ပြီဆိုတာနဲ့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို မြန်မြန်သွားတော့။ အဲမှာ အန္တရာယ်မရှိဘူးဆိုရင်တော့ ကောင်းတာပေါ့။ အန္တရာယ်ရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန် ကယ်တင်လို့ ရတယ်လေ။ ပြီးတော့ ဒါက အထူးတာဝန်နဲ့ပတ်သက်နေတဲ့အရာ မဟုတ်လား”
................
ဝှစ်
ရှေးရွက်သင်္ဘောကြီးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ အတားအဆီးကို ဖြတ်ကျော်ကာဖြင့် ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းအပေါ်တွင် လွင့်မျောလျက် ရှိနေ၏။
“ဒီလေးယောက်ကို မြေအဆင့်ထောင်ထဲကို ပို့လိုက်။ ပြီးတော့ တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားလိုက်” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ” တပည့်များသည် ပျော့ခွေလျက်ရှိနေသော ထိုလေးယောက်ကို ဆွဲခေါ်သွားခဲ့၏။
ကောင်းကင် အကျဉ်းထောင်ရှေ့မှ ဖြတ်သန်းသွားချိန်တွင် ကျိုးဒူဒူသည် ထိုလူများကို အာရုံစိုက် ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် အော်လိုက်သည်။ “ရောင်းရင်း ... လာကြည့်အုံး၊ လာကြည့်အုံး။ ဒီမှာ အကျဉ်းသားတွေ အများကြီး ပါလား”
တိုင်လု “...”
“အင်း”
ကျိုးဒူဒူသည် သစ်သားအိပ်ယာပေါ်တွင် အသာထိုင်ချပြီးသည့်နောက်မှာတော့ ခြေချိတ်လိုက်မိ၏။ “ဂိုဏ်းချုပ်ကျွင်းက ဘာလို့ ဒီလူတွေကို ကျုပ်တို့ အကျဉ်းထောင်ထဲကို မပို့တာလဲ မသိဘူး”
“စီနီယာအစ်ကို…. အခုရောက်လာတဲ့လူတွေက သိုင်းအင်ပါယာအဆင့်နဲ့ နှိုင်းယှဉ်လို့ရတဲ့လူတွေလို့ ပြောတယ်နော်”
“ဟုတ်တယ်။ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းတပည့်ထဲမှာ ဟိုကောင်းကင်အကျဉ်းထောင်ထဲမှာရှိနေတဲ့ အားနည်းတဲ့ နှစ်ကောင်ကလွဲ၍ ကျန်တဲ့လူတွေ အားလုံးက အဆင့်နိမ့် ကျင့်ကြံသူတွေ မဟုတ်လား”
တပည့်များ၏ ပြောဆိုမှုအသံသည် အကျဉ်းထောင်ထဲသို့ ပျံ့လွှင့်လာ၏။ ကျိုးဒူဒူနှင့် တိုင်လုတို့သည် မျက်လုံး အပြူးသား ဖြစ်သွားမိ၏။ စောနတုန်းက ခွေးသေတစ်ကောင်လို ဆွဲခေါ်ခံခဲ့ရသော လူလေးယောက်သည် သိုင်းအင်ပါယာနှင့်နှိုင်းယှဉ်၍ရသော လူများ ဖြစ်နေသည်လား။
ဝှစ်
ကျိုးဒူဒူသည် ရုတ်တရက် ထရပ်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အကျဉ်းထောင်၏ သံတံခါးပြတင်းပေါက်ဆီမှ ဂုဏ်ယူစွာ ပြောလိုက်တော့၏။ “အားကောင်းတာပဲဖြစ်ဖြစ်၊ အားမကောင်းတာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါတို့လို ထောင်ထဲရောက်တာပဲ မဟုတ်လား”
………
“ဂိုဏ်းချုပ်”
အဓိကဟောခန်းထဲမှာတော့ လီချင်းယန် စကြဝဠာ လူဆိုးကြီးလေးဦး၏ များပြားလှသော သိုလှောင်လက်စွပ်များကို သိမ်းဆည်း၍ ပြန်လည်သတင်းပေးပို့လျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ သူသည် အားပျက်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ် တကယ်ကော နားထောင်နေရဲ့လား”
စားပွဲခုံ၏ ထိပ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် အတွေးနက်နေပုံပေါ်၏။ သတိပြန်ဝင်လာပြီးသည့်နောက်မှာတော့ မေးလိုက်သည်။ “မင်း ဘာပြောလိုက်တာလဲ”
“......”
လီချင်းယန်သည် ဆွံ့အသွားမိ၏။ သူသည် ဂိုဏ်းချုပ်အား အကြိမ်ပေါင်းများစွာ သတင်းပို့ခဲ့ဖူးသည်။ သို့ပေမဲ့ ဤကဲ့သို့ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသည်ကို မြင်ရသည်မှာ အလွန်တရာ ရှားပါးသည့် ကိစ္စပင် ဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ဓာတ်တကျဖြင့် နောက်ထပ်အရင်းအမြစ်များ အကြောင်းကို ပြန်လည်ကာ သတင်းပေးပို့တော့၏။
ကျွင်းချောင်ရှောင်းသည် သေသေချာချာ နားထောင်ပြီးသည့်နောက် ပြောလိုက်သည်။ “ဆေးပင်နဲ့ ကျောက်ရိုင်းတုံးတွေကို ဆေးလုံးနဲ့ လက်နက်တွေ သန့်စင်လိုက်တော့။ ကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ယွမ်ကြီးကို ပေးလိုက်။ သူ့ကို ပြန်ပြီး ဖြန့်ဝေဖို့ ပြောလိုက်လေ”
“ကောင်းပါပြီ” လီချင်းယန်သည် အမိန့်ကို လက်ခံရယူပြီးသည့်နောက်မှာတော့ ထွက်ခွာသွား၏။
စနစ်က ပြောလိုက်သည်။ “မင်းရဲ့မိန်းမကို ကယ်တင်ဖို့အတွက် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို မသွားဘူးလား”
“........”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထူးတာဝန်ဆယ့်တစ်က ပြည့်စုံသွားပြီ။ ဒီတော့ ကြယ်နှင်ဘုရင်ရဲ့ ရန်သူတွေအကုန်လုံးကလည်း ပြီးသွားပြီ မဟုတ်လား။ ဘာလို့ သူမက ဒုက္ခရောက်နိုင်ရမှာလဲ”
“သူမကို နန်းလုမယ့်လူတစ်ယောက်ယောက် ထပ်ပြီးရှိနေတာလား မသိဘူး”
“မဖြစ်နိုင်တာ။ ငါ ဟောခန်းသခင်သုံးယောက်လုံးကို အဲမှာ ထားခဲ့ပြီးသားလေ။ သူတို့ရှိနေပြီဆိုမှတော့ တခြားသူတွေက ဘယ်လိုလို့ ပြဿနာရှာရဲတော့မှာလဲ”
“အထူးတာဝန်က ချစ်ခင်နှစ်သက်ရတဲ့လူတွေကို ကာကွယ် ရမယ်ဆိုတော့ တစ်စုံတစ်ခုက မကြာခင် ဖြစ်လာမှာပဲလေ။ ဒီတော့ လက်ခံသူအနေနဲ့ သွားလိုက်မယ်ဆိုရင် သေသွားမှာ မလို့လား”
“ဒါလည်း ဟုတ်ပါတယ်” ကျွင်းချောင်ရှောင်းက လိုက်လျော လိုက်သည်။ ထိုနေ့မှာပဲ သူသည် စွေ့ဟွာအား ခေါ်ယူ၍ အသင်္ချေမြို့ဆီသို့ သွားတော့၏။ ပြီးသည့်နောက်မှာတော့ အရင်သွားခဲ့ဖူးသည့် လမ်းကြောင်း အတိုင်း ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ဆီသို့ သွားတော့သည်။
အချိန်နှင့်တည်နေရာလှိုဏ်ခေါင်းသည် အလုံးစုံဖွင့်လှစ်ထားပြီးသားဖြစ်၏။ အတွင်းအပြင် တည်နေရာ နှစ်ခုတည်းကိုသာ ပိတ်ထားခြင်း ဖြစ်သောကြောင့် အချိန်မလွေယ်လွယ်ကူကူဖြင့် သွားလာနိုင်စွမ်း ရှိနေ၏။
ကျွင်းချောင်ရှောင်း နောက်ဆုံးအကြိမ် ပြန်လည်ထွက်ခွာလာခဲ့သည်မှာ တစ်လနီးပါးခန့် ကြာမြင့်နေပြီ ဖြစ်သောကြောင့် ချောမောလှသည့်လူ၏ တိုက်ခိုက်မှုကြောင့် ဖြစ်တည်လာခဲ့သည့်အရာအားလုံးသည် ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။ လှိုဏ်ခေါင်း၏ အဝင်ဝတွင် မတ်တပ်ရပ်ပြီးသည့်နောက် သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် အဝေးတစ်နေရာဆီသို့ လွှမ်းခြုံကာ ကြည့်ရှုလိုက်တော့၏။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများသည် ထုံးစံအတိုင်း ရွေ့လျားသွားလာနေသည်ကို မြင်ရပြီးသည့်နောက်မှာတော့ သူသည် လက်များကို ဖြန့်ကားကာ ပြောလိုက်သည်။ “ဘယ်သူမှလာပြီး တိုက်ခိုက်သူ မရှိဘူးပဲ”
“ဒါက ထူးဆန်းတယ်” စနစ်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။
ကျွင်းချောင်ရှောင်းသည် ဧကရီမြို့ဆီသို့ မသွားခဲ့ပေ။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး လုံခြုံနေသည်ဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်လှည့်ခဲ့တော့သည်။
“ဒီကို ရောက်လာပြီးမှတော့ ဘာလို့ သွားမကြည့်ရတာလဲ”
“ငါက စကြဝဠာလူဆိုးကြီးလေးယောက်နဲ့ စကားမပြောရသေးဘူးလေ။ မင်းလိုမျိုး မအိပ်၊ မစား၊ မသောက်၊ မပေါက်ဘဲ နေရတဲ့လူမှ မဟုတ်တာ”
ကျွင်းချောင်ရှောင်းသည်သာ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ အလယ်ဗဟိုဆီသို့ ဆက်လက်ကာ လှမ်းလျှောက်သွားမည်ဆိုပါက ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ ဂိတ်တံခါးကြီးကို မြင်ရမှာ သေချာ၏။
သို့ပေမဲ့ သူသည် ဧကရီမြို့ကို ဆက်ကာ မသွားခဲ့ဘဲ အကျဉ်းထောင်ထဲတွင် ချုပ်ထားသော စကြဝဠာ လူဆိုးကြီးလေးဦးဆီသို့သာ ပြန်သွားလိုက်သည်။
သူ့အနေနှင့် ချောမောလှသည့်လူကို သတ်လိုက်သည်ဖြစ်ကြောင်း တစ်ဖက်လူများ မည်ကဲ့သို့ သိရှိသည်ဖြစ်ကြောင်း သိချင်နေမိ၏။ ထို့အပြင် စကြဝဠာအနှံ့တွင် တည်ရှိနေသော တစ်စုံတစ်ယောက်အား ရှာဖွေရသည်ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက်ပင် ပို၍ ခက်ခဲနေပေး၏။ ထိုသို့သော လူများသည် စိတ်ကူးပေါက်ရာ လိုက်လံရှာဖွေရင်း သူ့အား ရှာဖွေတွေ့ရှိသွားသည်ဆိုသည့်အရာကို သူ မယုံကြည်နိုင်ပေ။ ၎င်းတို့၌ များပြားလွန်းလှသော တခြားအထူးနည်းလမ်းများ ရှိနေမှာ သေချာ၏။ သို့မဟုတ် ရတနာတစ်ခုခု ရှိနေနိုင်သည်။ ထိုအရာကိုသာ ရရှိမည်ဆိုပါက သူ့အနေနှင့် အနာဂတ်တွင် အကျိုးရှိစွာ အသုံးပြုနိုင်စွမ်း ရှိပေလိမ့်မည်။
..................
မြေအဆင့် အကျဉ်းထောင်
ကြယ်နှင်ဘုရင်၏ စစ်သူကြီးခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ခေါင်းတုံးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထောင့်တစ်နေရာတွင် ကွေးကွေးလေး တည်ရှိနေ၏။ သူသည် စိတ်ထဲတွင် အထပ်ထပ် ရေရွတ်နေ၏။ “သခင်ကြီးရဲ့ ရန်သူတွေက ဘာလို့ ဒီကိုရောက်လာရတာလဲ”
အရင်တုန်းကဆိုလျှင် သူသည် ကြယ်နှင်ဘုရင်၏ နောက်လိုက်ကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တည်နေရာအစုံကို လှည့်လည်သွားလာခဲ့ဖူး၏။ ပြီးသည့်နောက်မှာတော့ ဤစကြဝဠာလူဆိုးကြီးငါးယောက်နှင့် တွေ့ဆုံကာ ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရဖူးသည်။
အသက်ရှင်ရန်အလို့ငှာ ၎င်း၏သခင်ကြီးသည် သိရှိထားခဲ့ရသော လျှို့ဝှက်ချက်ကြီး တစ်ခုအား ထုတ်ဖော် ပြောကြားခဲ့၏။ ထို့ကြောင့်သာလျှင် သူတို့ အသက်ရှင်ခဲ့ခြင်းပင် ဖြစ်တော့၏။ အနာဂတ်တွင် ဘယ်တော့မှ ထပ်မံ၍ မတွေ့တော့ဟု တွေးထင်ထားခဲ့သော လူများသည် လက်ရှိအခြေအနေမှာတော့ တူညီသည့် အကျဉ်းထောင်ထဲသို့ ရောက်ရှိနေခဲ့တော့၏။ လောကကြီးသည် သေးငယ်လွန်းသည်လား သို့မဟုတ် စကြဝဠာကြီးသည် သေးငယ်လွန်းသည်လား။