အခန်း (၁၁၆၇)
Vol. 79 Ch. 1167
“ခေါင်းဆောင်”
နောက်လိုက်တစ်ယောက်သည် အနားသို့ရောက်လာပြီးသည့်နောက် တီးတိုးပြောလိုက်၏။ “စကြဝဠာ လူဆိုးကြီး လေးယောက်က ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရတယ်။ အားလုံးက ပျော့ခွေပြီး မြေပေါ်မှာ လဲနေကြတာ”
“.........”
ခေါင်းတုံး၏ မျက်လုံးထဲတွင်ရှိသော ထိတ်လန့်ကြောက်ရွံ့မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ဤနေရာတွင် ရှိနေသော လူများမှာ ကျွင်းချောင်ရှောင်း ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သံသယ ရှိစရာ မလိုပေ။ ပြင်းထန်လွန်းသော ဒဏ်ရာများ အားလုံးသည်လည်း ကျွင်းချောင်ရှောင်းနှင့်ပင် ပတ်သက်နေရပေလိမ့်မည်။
သခင်ကြီးကတော့ ဒုက္ခပဲ။ ခေါင်းတုံးနှင့် လူက တွေးလိုက်သည်။ စကြဝဠာလူဆိုးကြီးလေးယောက်တို့သည် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရ၏။။ ထို့ကြောင့် သူ၏ သခင်ကြီးသည်လည်း ကျွင်းချောင်ရှောင်း၏ လက်မှ မလွတ်မြောက်နိုင်ချေ။
ကျွီ
ရုတ်တရက် အကျဉ်းထောင်တံခါး ပွင့်လှစ်သွားခဲ့၏။ ရှောင်ကျီသည် အရင်ဆုံး လျှောက်ဝင်လာပြီးသည့်နောက် မှာတော့ ထိုင်ခုံတစ်လုံးကို အသာချလိုက်၏။
ကျွင်းချောင်ရှောင်းသည် ထိုထိုင်ခုံပေါ်တွင် ထိုင်ပြီးသည့် နောက်မှာတော့ အကျင့်ပါနေသည့်အတိုင်း သူ၏ လက်များကို ယှက်ကာပြောလိုက်သည်။ “ခင်ဗျားတို့ လေးယောက်က ကျုပ်ဂြိုဟ်တစ်ခုထဲမှာ ကြယ်နှင်ဘုရင်ကို သတ်ပစ်ခဲ့တယ်ဆိုတာကို ဘယ်လိုသိရတာလဲ။ ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဘယ်လို ရှာတွေ့တာလဲ”
ဤစကားလုံးများသည် ခေါင်းတုံး၏ နားထဲသို့ ဝင်ရောက်သွားသည့်အချိန်မှာတော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွား၏။
သခင်ကြီး၊ သခင်ကြီးသည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်လား။
ခေါင်းတုံးသည် ခဏတာမျှ ကြောင်သွား၏။ ပြီးသည့်နောက်မှာတော့ သူ၏မျက်နှာပေါ်တွင် နာကျင်နေသည့် အပြုံးမျိုး ဖြစ်တည်လာခဲ့၏။
စကြဝဠာ လူဆိုးကြီးလေးယောက်ကို ဤကဲ့သို့ အခြေအနေမျိုးဖြစ်အောင် ရိုက်နှက်နိုင်ခဲ့သည့်လူတစ်ယောက် ဖြစ်သောကြောင့် သူ၏ သခင်ကြီးသည် ထိုသူ၏လက်ထဲတွင် သေဆုံးသွားခဲ့ခြင်း ဆိုသည်မှာ သာမန်သာ ဖြစ်တော့သည်။ ခေါင်းတုံးသည် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံရခြင်းအတွက် ဝမ်းမြောက်လာမိ၏။ မဟုတ်ပါက သခင်ကြီးနှင့် တခြားသော စစ်သူကြီးငါးယောက်ကဲ့သို့ပင် ဘဝတစ်ခုလုံး အဆုံးသတ် သွားပေလိမ့်မည်။
“ကောင်လေး … ကောင်လေး”
အသာမဲမဲနှင့် သက်လတ်ပိုင်းလူက အားပျော့စွာ ပြောလိုက်၏။ “ငါတို့က ကြယ်ကောင်းကင် ခံတပ်ကနော်။ မင်းအတွက် ဘာက ကောင်းတယ်ဆိုတာ နားလည်လို့ရှိရင် ငါတို့ကို ချက်ချင်းလွှတ်ပေးလိုက်”
“ကြယ်ကောင်းကင်ခံတပ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သို့ပေမဲ့ ထောင့်တစ်ခုတွင် ကွေးကွေးလေးဖြစ်နေသော ခေါင်းတုံးနှင့်လူကို မြင်လိုက်သည့်အချိန်မှာတော့ သူသည် လှမ်းကာ မေးလိုက်၏။ “ခင်ဗျား ကြားဖူးလား”
“ကြား.... ကြားဖူးပါတယ်”
“ဒါဆိုရင်ပြော”
အားရာ၏ သေသေချာချာ လေ့ကျင့်ပေးမှုကို ခံထားရသော ခေါင်းတုံးနှင့်လူသည် အလွန်လိမ္မာလျက်ရှိနေတော့၏။ သူသည် သူသိသမျှအရာအားလုံးကို မြန်မြန်ဆန်ဆန်ပဲ ပြောပြခဲ့တော့၏။
သေမျိုးလောက၏ စကြဝဠာထဲတွင် ကြယ်ကောင်းကင်ဆိုသည့် တည်နေရာတစ်ခုသည် တည်ရှိနေ၏။ ထိုအရာသည် အလွန်တရာ အားကောင်းလှသော တည်နေရာတစ်ခုပင်ဖြစ်ပြီး လွင့်မျောနေသည့် ရဲတိုက်ကြီးတစ်ခု ဖြစ်၏။ ထို့ကြောင့်ပင် ကြယ်ကောင်းကင်ခံတပ်ဟု ခေါ်ဆို၏။ ထိုခံတပ်၏ သခင်သည် သူ့ကိုယ်သူ ခံတပ်သခင်ဟု ခေါ်ဆိုပြီး တခြားသောဂြိုဟ်များရှိ သိုင်းကျင့်ကြံသူများသည် ထိုထဲသို့ ဝင်ရောက်သွားလာနိုင်၏။ သို့ပေမဲ့ လုံလောက်သည့် အရင်းအမြစ်များကိုတော့ ပြန်လည်ပေးအပ်ရန် လိုအပ်နေ သည်။
အထဲတွင်ရှိသော အခွင့်အရေးများကို ရယူရန်အလို့ငှာ မတူညီသည့် အဆင့်အသီးသီးဖြင့် ခွဲခြားထားခဲ့ပြီး မတူညီသည့်အဆင့်ဖြင့် ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ခံရ၏။ ခံတပ်ထဲတွင်ရှိသော ကာကွယ်စောင့်ရှောက်မှု သည် ပထမ၊ ဒုတိယနှင့် တတိယဟု ခွဲခြားထားသည်။ အဆင့်အနိမ့်ဆုံး တတိယအဆင့်သည် ဝင်ထွက်သွားလာခွင့်ရှိပြီး ဒုတိယအဆင့်သည် အထဲတွင် ဝင်ရောက် နားခိုခွင့်ရှိ၏။ အမြင်ဆုံးသော ပထမအဆင့်မှာမူ တော်ဝင်လူများကဲ့သို့ပင် သတ်မှတ်ပြီး ပြုစုစောင့်ရှောက်ခြင်းကို ခံရသည်။ ၎င်းတို့အားလုံးသည် အထဲတွင် နေထိုင်ရန် အခွင့်အရေး ရသည်သာမက ကျေးကျွန်များကိုလည်း ရွေးချယ်ကာ ခေါ်ထားနိုင်သေး၏။
“ကျွတ် ကျွတ် ကျွတ်”
ကျွင်းချောင်းရှောင်းက ရယ်ကာ ပြောလိုက်သည်။ “ဒါက ကျွန်ပဒေသရာဇ်ခေတ်လိုပါလား”
ခေါင်းတုံးနှင့်လူသည် ထပ်မံကာ ပြောလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်ထဲမှာ ဒုတိယအဆင့် တည်ရှိမှုတစ်ခုကို ရပြီဆိုရင် အဲဒီမှာ ထာဝရ နေနိုင်ရုံတင် မကဘူး။ ခံတပ်ကြီးရဲ့ အကာအကွယ်ကိုလည်း ရရှိလိမ့်မယ်လေ”
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းသည် စကြဝဠာ လူဆိုးကြီးလေးယောက်တို့ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့က ကြယ်ကောင်းကင်ခံတပ်က ဒုတိယအဆင့် တည်ရှိသူတွေပေါ့”
“ဟုတ်တယ်။ ဒါအမှန်ပဲ” အသားမဲမဲနှင့် သက်လတ်ပိုင်းလူ၏ လေသံသည် အနည်းငယ် မောက်မာလျက်ရှိ၏။ သူသည် ဒုတိယတန်းစားလူတစ်ယောက် ဖြစ်ရသည့်အတွက် အလွန်တရာ ဂုဏ်ယူလျက် ရှိနေသေး၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ကြယ်ကောင်းကင်ခံတပ်က အရမ်းကို အားကောင်းတာလား”
“အရမ်းကို အားကောင်းတာပေါ့” ခေါင်းတုံးနှင့်လူသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ခံတပ်သခင်ရဲ့ အားအင်က ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပြီလို့ ကျုပ်ရဲ့သခင်ကြီးက ပြောခဲ့ဖူးတယ်။ ပြီးတော့ သူက များပြားလှတဲ့ ဂြိုဟ်အသီးသီးနဲ့ အဆက်အသွယ်တွေလည်း ရှိတယ်။ အထူးသဖြင့် ခံတပ်ကြီးက စစ်တပ်တစ်ခုကို လေ့ကျင့်ပေးထားတယ်။ လူတစ်ရာလောက်ရှိတဲ့ အဲဒီ စစ်တပ် တစ်ခုက ဂြိုဟ်ကြီးတစ်ခုလုံးကိုတောင် သွားပြီး ဖျက်ဆီးနိုင်တဲ့ အားအင်ကို ပိုင်ဆိုင်တယ်”
“ဒီလောက်တောင် အားကောင်းတာလား” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် စကြဝဠာလူဆိုးကြီး ငါးယောက်နှင့် ၎င်းတို့၏ နောက်လိုက်များသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို လာရောက်ကာ တိုက်ခိုက်မည်ဆိုလျှင် သိုင်းအင်ပါယာကိုးယောက်တို့နှင့် ထိပ်တိုက်တွေ့လျှင် တွေ့နေနိုင်ခဲ့၏။ ထိုသို့ဆိုလျှင် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြန်လည်ပေးဆပ်ရမှာ သေချာသည်။ သို့ပေမဲ့ ခံတပ်၏ စစ်တပ်ဟု ခေါ်ဆိုသောအရာသည် လူပေါင်းတစ်ရာလောက်သာ စေလွှတ်ပြီးတော့ ဂြိုဟ်တစ်ခုလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်စွမ်း ရှိလို့နေခဲ့၏။ ထိုလူများ အားလုံးသည် သိုင်းအင်ပါယာအဆင့်များ ဖြစ်နေသည်လား။
ခေါင်းတုံးက ပြောလိုက်၏။ “ပြီးတော့ ကြယ်ကောင်းကင် ခံတပ်ထဲမှာ အရမ်းကို ကြီးမားတဲ့ မှောင်ခိုဈေးကွက် တစ်ခု ရှိနေသေးတယ်။ အဲမှာ ထူးဆန်းတဲ့ ရတနာတွေ ရောင်းချတယ်လေ။ နှစ်စဉ်နှစ်တိုင်း များပြားတဲ့ ဂြိုဟ်အသီးသီးက ကျင့်ကြံသူတွေက အဲကို ရောက်လာပြီးတော့ ဝယ်ယူကြတယ်”
“စိတ်ဝင်စားစရာပဲ” ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်ခံတပ်အား စိတ်ဝင်စားသွားမိ၏။ အဓိကအားဖြင့် ထူးဆန်းသည့်ရတနာများဆိုသည်ကိုပင် ဖြစ်သည်။
“ကောင်လေး”
အသားမဲမဲနှင့် သက်လတ်ပိုင်းလူသည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ငါတို့က ကြယ်ကောင်းကင် ခံတပ်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို ခံထားရတဲ့ ဒုတိယတန်းစား ဧည့်သည်တွေပဲ။ ငါတို့ကို အခုလို ဖမ်းထားတယ်ဆိုတာကို သူတို့သိတယ်ဆိုရင် ကျိန်းသေပေါက် မင်းရဲ့မိသားစုနဲ့ ဂြိုဟ်ကြီးတစ်ခုလုံးကို လာပြီး ဖျက်ဆီးလိမ့်မယ်”
ထိုစကားသံကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားခဲ့တော့၏။ သူ့အနေနှင့် အထူးတာဝန်ဆယ့်နှစ် မပြည့်စုံသေးသည့်အကြောင်းကို အစဉ်အမြဲ စဉ်းစားနေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ၏ မိသားစု၊ သူ၏ ဂြိုဟ်နှင့် သူချစ်ခင်နှစ်သက်ရသူများကို ခြိမ်းခြောက်နေသည်ကို ကြားသိရသည့်အချိန်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ချေ။
ဆွစ်
ဇွိ
နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် အစိမ်းရောင်အလင်းတန်းများ ဖြတ်ပြေးသွားတော့သည်။ အကျဉ်းထောင် နံရံတွင် သွေးများ လွင့်စင်သွားခဲ့၏။ အသားမဲမဲနှင့်သက်လတ်ပိုင်းလူ မှာတော့ ဦးခေါင်းနှင့် ခန္ဓာကိုယ် တခြားစီ ဖြစ်သွားတော့သည်။
ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်နေ၏။ “ကျုပ်ကို ခြိမ်းခြောက်တာ အမုန်းဆုံးပဲ။ အထူးသဖြင့် ကျုပ်ရဲ့မိသားစုကို တည်ပြီးတော့ ခြိမ်းခြောက်တာမျိုးပေါ့”
“ဟင်း....”
စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “အသက်ရှင်ရတာ မကောင်းဘူးလား။ ဘာလို့ သေလမ်းရှာရတာလဲ”
မောက်မာလှသည့်စကားအနည်းငယ်ကို ပြောဆိုလိုက်သောကြောင့် အခုကဲ့သို့ သတ်ဖြတ်ခံလိုက်ရမည်ဟု ထိုသူသည် ထင်မှတ်မိလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သနားစရာကောင်းသည်မှာ သူသည် သိုင်းအင်ပါယာအဆင့် အထိရောက်အောင် ကြိုးစားကျင့်ကြံခဲ့ရပြီးသည့် လူတစ်ယောက်ပင် ဖြစ်တော့၏။
“စတုတ္ထညီလေး” ဆံပင်ဖြူနှင့်အဘိုးအိုနှင့် တခြားသော သူများသည် ဝမ်းနည်းစွာဖြင့် အော်လိုက်မိကြသည်။
ဝှစ် ဝှစ် ဝှစ် ….။
နဂါးစိမ်းလခြမ်းဓားမော့၊ ကျန်းယန်ဓားနှင့် ကောင်းကင်နဂါးဓားတို့သည် ၎င်းတို့၏ လည်ပင်းပေါ်သို့ ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျားတို့ ကြယ်ကောင်းကင်ခံတပ် မကလို့ စကြဝဠာ အင်ပါယာကြီးကပဲ လာရောက်ပြီးတော့ ကာကွယ် ၊ ကာကွယ် ကျုပ်က ဂရုမစိုက်ဘူး။ မြန်မြန် ကျုပ်မေးတာကိုပဲဖြေ”
အသားမဲမဲနှင့် သက်လတ်ပိုင်းလူသည် သူ့အား ဒေါသထွက်စေ၏။ လက်ရှိအခြေအနေမှာတော့ ကျန်ရှိနေခဲ့သည့် လူသုံးယောက်တို့သည် သူနှင့်အတူ မပူးပေါင်းပါက ကျိန်းသေပေါက် အားလုံးကို သတ်ဖြတ်တော့မှာ ဖြစ်၏။ ကြမ်းတမ်းလှသော ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများမှာ သိုင်းအင်ပါယာ ဖြစ်သည်ကို ဂရုမစိုက်တော့ချေ။
“ကျုပ် ကျုပ်ပြောပါ့မယ်” ဆံပင်ဖြူနှင့် အဘိုးအိုသည် လိုက်လျောလိုက်ရတော့သည်။ ကပ်သတ်၍ ပြောရမည်ဆိုလျှင် အကြွင်းအကျန်ကျမ်းကြောင့်သာ မဟုတ်ပါက သူတို့အနေနှင့် ကျွင်းချောင်ရှောင်းနှင့် ရန်ငြိုးများ ဖွဲ့တည်မိလိမ့်မည် မဟုတ်ချေ။ ထို့ပြင် လက်ရှိ အခြေအနေမှာ ဖမ်းဆီးခံထားရပြီဖြစ်၏။ အဘယ်ကြောင့် သံမဏိကဲ့သို့သော စိတ်ဓာတ်မျိုးဖြင့် ကလန်ကဆန် လုပ်နေရမည်နည်း။ အသက်ရှင်သန်ရမည် ဆိုခြင်းမှာ ကောင်းမွန်သည့်အရာပင် ဖြစ်တော့၏။
ဆံပင်ဖြူနှင့်အဘိုးအိုက ရှင်းပြလိုက်သည်။ သူ့အနေနှင့် ကျွင်းချောင်ရှောင်းအား မည်ကဲ့သို့ ရှာဖွေတွေ့ရှိခဲ့သည် ဆိုခြင်းကို သေသေချာချာ ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်။ တကယ်တန်းမှာတော့ ထူးခြားလှသည့် အကြောင်းအရာ တော့ မဟုတ်ပေ။ အချိန် နောက်ပြန်လည်ခြင်း နည်းစနစ်ကြောင့်ပင် ဖြစ်သည်။
“လျှို့ဝှက်သိုင်းကျမ်းပေး”
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်တော့၏။ “အခုထုတ်လိုက်”
“.........”
အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် ခဏလောက် တွေးတောပြီးသည့်နောက်မှာတော့ ဂျယ်လီတုံးကဲ့သို့သော အရာတစ်ခုကို ထုတ်ယူလိုက်တော့၏။ ထိုပစ္စည်းသည် သိုလှောင်ပစ္စည်းတစ်ခုဖြစ်ပြီး သိုလှောင်လက်စွပ်ထက် ပိုမိုကာ အဆင့်အတန်း မြင့်မားလှ၏။ အထဲတွင်တော့ သီးခြားဖြစ်တည်ခြင်း အားအင်များသည် တည်ရှိလျက် ရှိနေပြီး များပြားလှသည့် ပစ္စည်းများ ရှိကြောင်းလည်း သိသာလှ၏။ “ဒီထဲမှ ဖွက်ထားတယ်”
ကျွင်းချောင်ရှောင်းသည် ယူ၍ လက်နှစ်ချောင်းနှင့် အသာညှစ်ကြည့်လိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ အထဲကို ဝင်လိုက်သည့်အချိန်မှာတော့ ၎င်းကို တားဆီးထားခဲ့တော့၏။ သူသည် ထူးမခြားနားသလို ပြောလိုက်တော့၏။ “ဒါကို ကိုယ့်ဘာသာကိုယ် ဖွင့်မှာလား။ ကျုပ်ဖွင့်ရမှာလား”
“ဒီလိုတည်နေရာပစ္စည်းမျိုးဆိုတာက အသုံးပြုသူရဲ့ ဝိညာဉ်နဲ့ ပေါင်းစပ်ထားတာလေ။ မဟုတ်ရင် …”
ဆံပင်ဖြူနှင့်လူသည် ပြောဆိုနေရာမှ ရပ်တန့်လိုက်၏။ ပိုးကောင်ကြီးကဲ့သို့သော အရာသည် ကျွင်းချောင်ရှောင်း၏ ဘေးတွင် ပေါ်လာခဲ့၏။ သူသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထ၍ အော်လိုက်မိသည်။ “အချိန်နဲ့ တည်နေရာပိုးကောင်”
ဝှစ်
စွေ့ဟွာသည် ရုတ်တရက် ရောက်ရှိလာပြီးသည့်နောက် ထိုဂျယ်လီကဲ့သို့သော အရာကို လှမ်း၍ ကိုက်ခဲလိုက်တော့၏။
ဂွိ
အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် သွေးများ အန်ထွက်လာခဲ့တော့၏။ သိုလှောင်ပစ္စည်းထဲတွင် ထားရှိထားသော ပဋိညာဉ်သည် ပျက်စီးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့်ပင်လျှင် တန်ပြန်မှုကို ခံစားပြီးသည့်နောက်မှာတော့ သူ၏သွေးများ အန်ထွက်လာခဲ့ခြင်းပင် ဖြစ်၏။
မြေပေါ်တွင် လဲနေသော တခြားသော လူဆိုးကြီး နှစ်ယောက်တို့သည်လည်း မယုံကြည်နိုင်စွာဖြင့် ပိုးကောင်အား လှမ်း၍ ကြည့်လိုက်၏။ ဤကဲ့သို့သော ပိုးကောင်မျိုးသည် တည်နေရာအတားအဆီးကို ကိုက်ကာ ဖယ်ရှားနိုင်သော အကောင်မျိုးဖြစ်ပြီး အလွန်တရာ ရှားပါးလွန်းလှ၏။ ကြယ်ကောင်းကင်ခံတပ်၏ မှောင်ခိုဈေးကွက်တွင်ပင်လျှင် ရှားရှားပါးပါး တွေ့ရသည့် အကောင်မျိုးဖြစ်၏။ အဘယ်ကြောင့် အဆင့်နိမ့်ဂြိုဟ်တစ်ခုတွင် လာရောက်ကာ တည်ရှိနေရသနည်း။
“သခင်”
စွေ့ဟွာသည် သူ၏ စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။ “ဒီအထဲမှာရှိတဲ့ အတားအဆီးက ပျက်စီးသွားပြီ”
“မင်း အလုပ်ကြိုးစားခဲ့တာပဲ”
ကျွင်းချောင်ရှောင်းသည် ပိုးကောင်၏ ခေါင်းအား လက်ချောင်းများဖြင့် အသာပွတ်သပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲ ပြန်လည်သိမ်းဆည်းရန် ပြင်လိုက်သည်။ သို့ပေမဲ့ စွေ့ဟွာက အရင်ဆုံး ပြောလိုက်သည်။ “သခင်... အထဲမှာနေရာတာ ပျင်းစရာကြီး”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် နောက်တစ်ကောင်ကိုပါ ထပ်မံထုတ်ယူကာ ပြောလိုက်တော့သည်။ “မင်းတို့ လောလောဆယ် အပြင်မှာ နေကြအုံးပေါ့ကွာ”
“ကောင်းကင်ဘုံ... ဒီကောင့်ဆီမှာ တကယ့်ကို အချိန် နဲ့ တည်နေရာ ပိုးကောင် နှစ်ကောင်တောင် ရှိနေတာပဲ” နောက်တစ်ကောင် ပေါ်လာသည်ကို မြင်ရသည့်နောက်မှာတော့ လူဆိုးကြီးသုံးယောက်၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ထွက်ခွာလာလုမတတ်ပင် ဖြစ်နေတော့သည်။