အခန်း (၁၁၇၃)
Vol. 79 Ch. 1173
လင်းယွမ်ကုန်းမြေတိုက်ကြီး၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် အနောက်သို့ သေချာသပ်ရပ်စွာဖြင့် ဖီးလိမ်းထားသည့် ရွှေရောင် ပိုနီတေးလ် ဆံပင်ပုံစံ ဖြင့် ရပ်လျက်ရှိနေသည်။ သူသည် မိုးကာအင်္ကျီကို ဝတ်ဆင်ကာဖြင့် နေကာမျက်မှန်ကြီးကိုလည်း တပ်၍ ထားသည်။ နှုတ်ခမ်းဝတွင်တော့ ဆေးပြင်းလိပ်ကြီးကို ခဲထားလျက်ရှိ၏။
ဤအချိန် သူ၏ နောက်တွင် ၎င်း၏တပည့်များသည်သာ ရှိသည်ဆိုပါက အလွန်ကြောက်မက် ဖွယ်ရာကောင်းလှသည့် မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက် လှမ်းလျှောက်လာသည်နှင့်ပင် ဆင်တူနေ လိမ့်မည်။ သို့ပေမဲ့ ကံဆိုးသည်မှာ လီချင်းယန်နှင့် ရှောင်ကျီတို့သည် လက်ရှိအခြေအနေ၌ မရှိကြချေ။
သူ၏နောက်တွင်ရှိနေသူမှာ နှင်းဆီဧကရီပင် ဖြစ်တော့၏။ ဤအမျိုးသမီးသည် အရပ်ရှည်လျားကာဖြင့် သွယ်လျ လှပသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့်သူတစ်ယောက်လည်း ဖြစ်နေတော့၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ဆီမှ အလွန်မြင့်မြတ်လွန်းလှသော တော်ဝင်ဧကရီတစ်ပါး၏ အော်ရာမျိုးလည်း ထွက်ပေါ်နေတော့သည်။ ထို့ကြောင့် ပင်လျှင် ကုန်းရှန့်သည် သူမအား ကာကွယ်ပေးရသည့် သက်တော်စောင့်တစ်ယောက်နှင့် ပြန်လည်ကာ ဆင်တူလျက် ရှိနေတော့သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ပခုံးကို ယမ်းခါလိုက်၏။ နှင်းဆီဧကရီမသည် သူ၏ ပထမသတိပေးမှုများကို မေ့လျော့ သွားခဲ့တော့သည်။ ထို့ကြောင့် မိုးကာအင်္ကျီကို မဖမ်းလိုက်ချေ။ မိုးကာအင်္ကျီသည် မြေပေါ်သို့ ပြုတ်ကျသွား၏။
“............”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ လမ်းတလျှောက်လုံးတွင် သူသည် မိုးကာအင်္ကျီကို ဖမ်းယူရန်အတွက် အကြိမ်ပေါင်း ရှစ်ရာတိတိ သတိပေးခဲ့တော့၏။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုး တွင် သူမသည် ဖမ်းယူရန် မေ့လျော့ခဲ့သည်။ သောက်ကျိုးနည်းလေစွ။ ကုန်ခမ်းသွားခဲ့သော လေများ နှမျောစရာ ကောင်းလွန်းလှချေသည်။
ဟမ်
နှင်းဆီဧကရီ၏ တုန့်ပြန်မှုသည် အနည်းငယ် နှေးကွေးသွားခဲ့၏။ သူမသည် မိုးကာအင်္ကျီကို ကောက်ယူကာဖြင့် ဖုန်တွေကို ခါလိုက်သည်။ ပြီးနောက် ကျွင်းချောင်ရှောင်းအပေါ် ထပ်မံကာ ဝတ်ပေးလိုက်၏။
အစ်မကြီး... ဖမ်းလို့ မမိရင်လည်း သိမ်းလိုက်တော့လေ။ ဘယ်လိုဖြစ်ပြီးတော့ ပြန်ပြီး ဝတ်ပေးနေရတာလဲ။
“ခုနတုန်းက သတိမပြုမိလိုက်လို့။ ပြန်လုပ်လိုက်အုံး” နှင်းဆီဧကရီက အသံပို့လွှတ်ကာ ပြောလိုက်သည်။
“..........”
ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် ဖြစ်သွား၏။ “ထားလိုက်တော့... ထားလိုက်တော့”
ကုန်းရှန့်သည် သူ၏ စိတ်ကို ထိန်းချုပ်လျက်ရှိနေတုန်းမှာပဲ ကြောက်လန့်နေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ခံတပ်၏ အပြင်ဘက်ဆီသို့ လျှောက်ထွက်လာခဲ့တော့သည်။
“အပိုတွေ မပြောနဲ့။ ဒီကျွင်းပြောတာကို အရင်ဆုံးနားထောင်”
သူသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက် ကြီးအား ငွေညှစ်ခဲ့သည့် စကားပုံစံတိုင်းပင် တစ်ထပ်တည်း တူညီစွာ ပြောလိုက်၏။
တစ်ဖက်လူများသည် ဆွံ့အလျက် ရှိနေ၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လျော်ကြေးပေးရန်သာ တတ်နိုင်ကြသည်။ ထို့အပြင် မထွက်ခွာခင်၌ အသစ်ရောက်လာသည့်ဂြိုဟ်များကို အနိုင်မကျင့်တော့ပါဆိုသည့် ကတိစကားကိုလည်း အထပ်ထပ် ပြောလျက် ရှိနေတော့သည်။
.....................
တတိယသွားရမည့် နေရာသည် ရှန်းဟွမ် ကုန်းမြေတိုက်ကြီးပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ခံတပ်၏ ရှေ့ဆီသို့ လျှောက်သွားပြီးသည့်နောက် မိုးကာအင်္ကျီကို ခါချလိုက်သည်။ နှင်းဆီဧကရီသည် ချက်ချင်းပဲ မိုးကာအင်္ကျီကို ဖမ်းယူကာ သိမ်းဆည်းလိုက်၏။ ဤအရာမှသည် လိုက်ဖက်ညီလှသည့် အပြုအမူပင် ဖြစ်တော့၏။ သူတို့အနေနှင့် ဤကဲ့သို့ ဟန်ထုတ်ကာ ပြုလုပ်နေသည် ဆိုသော်လည်း ရောက်ရှိလာရသည့် ရည်ရွယ်ချက်သည် ငွေညှစ်ခြင်းပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် ကျန်သော ဂြိုဟ်ကြီးရှစ်ခုဆီသို့ သွားရောက်ပြီးနောက် စိတ်ဝိညာဉ် ကျောက်တုံး သန်းနှစ်ဆယ်ကျော်တို့ကို ရရှိတော့သည်။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ် ကုန်းမြေတိုက်သည် အဓိကပင်ဖြစ်သည်။ ၎င်းတို့၏ လျော်ကြေးသည် အလွန်တရာ များပြားလွန်းလှ၏။ တခြားသော ဂြိုဟ်များမှာမူ မဟာမိတ်အဖြစ် အဖော်လိုက်ရရုံသာ ရှိသောကြောင့် လျော်ကြေးများများစားစား မပေးရချေ။
ငွေညှစ်သည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် စည်းဥပဒေသများကို အမြဲတမ်း လိုက်နာ၏။ တစ်ဖက်လူများ လွယ်လွယ်ကူကူ ပေးနိုင်လောက်သည့် ပမာဏကိုသာ တောင်းဆိုတတ်သည်။
အနောက်မှ လိုက်ပါလာခဲ့သော နှင်းဆီဧကရီသည် မည်သည့်စကားကိုမှ မဆိုချေ။ သူမသည် အသာကြည့်ကာ ပြောလိုက်တော့၏။ “ဒီကိစ္စအားလုံး ကို ယောက်ျားဆီ လွှဲအပ်ထားရတာ စိတ်သက်သာရာ ရတာပဲ”
ဟုတ်ပေသည်။ ပိုက်ဆံများ ခွဲဝေသည့်နေရာတွင်တော့ ဤအမျိုးသမီးသည် အမှန်ပင် တိကျသေချာလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် သူမကို သုံးဆယ်ရာခိုင်နှုန်းပေး၍ သူက ခုနှစ်ဆယ်ရာခိုင်နှုန်းယူရန် စဉ်းစားထားခဲ့၏။ သို့ပေမဲ့ သူမသည် သဘောမတူခဲ့ချေ။ ချက်ချင်းပင် ပြန်ပြော၏။ “ငါးဆယ် - ငါးဆယ်ပဲ”
“ကျေးဇူးပြုပြီး”
ကုန်းရှန့်သည် လက်မခံနိုင်ပေ။ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ခင်ဗျားရဲ့ အခက်အခဲတွေကို ကျုပ်ကလာပြီး ကူညီဖြေရှင်းပေးတာလေ။ ဒီတော့ ကျုပ်က ခုနှစ်ဆယ်ရာခိုင်နှုန်း ယူသင့်တယ်”
နှင်းဆီဧကရီက ပြောလိုက်၏။ “ကျွန်မ ကူညီတဲ့အတွက်က ပေးခဲ့ပြီးပြီလေ။ အခု ရခဲ့တဲ့ အရင်းအမြစ်တွေကိုတော့ နှစ်ယောက်သား ညီတူညီမျှပဲ ခွဲဝေယူရမယ်။ ပြီးတော့ ကျွန်မကြောင့်သာ မဟုတ်ရင် ရှင့်အနေနဲ့ ဒီလိုမျိုး ငွေညှစ်ဖို့ အခွင့်အရေး ရမှာတောင် မဟုတ်ဘူး”
“..........”
ကျွင်းချောင်ရှောင်းသည် လိုက်လျောပေးလိုက်ရတော့သည်။ “ကျုပ် ခြောက်ဆယ်ရာခိုင်နှုန်းယူမယ်။ ခင်ဗျား လေးဆယ်ရာခိုင်နှုန်းယူလေ”
“မရဘူး။ ငါးဆယ် - ငါးဆယ်ပဲ” နှင်းဆီဧကရီက ပြောလိုက်၏။
“ခင်ဗျား”
ကျွင်းချောင်ရှောင်းသည် အချိန်မဖြုန်းတော့ချေ။ ထို့ကြောင့် စိတ်မရှည်သလို ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလည်း ငါးဆယ် - ငါးဆယ်ယူကြတာပေါ့”
ပြီးသည့်နောက် ကျယ်ပြောကုန်းမြေတိုက်ကြီးသို့ သွားရာ လမ်းမှာတော့ ၎င်းတို့သည် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်ကို တိတိကျကျ ခွဲဝေယူလိုက်ကြတော့၏။ ခွဲခြမ်းရေးနှင့်ပတ်သက်လျှင် နှင်းဆီဧကရီသည် အလွန်တရာ သတိထားလှသူတစ်ယောက်ပင် ဖြစ်တော့၏။ သူမသည် မတူညီသည့်အရည်အသွေးရှိသည့် စိတ်ဝိညာဉ်ကျောက်တုံးများကိုပင် တိတိကျကျ ခွဲဝေကာ ယူဆောင်လျက်ရှိနေ၏။ တစ်ခုကလေးမှ ပိုမသွားနိုင်အောင်ပင် အထူးဂရုစိုက်နေသည်။
စနစ်က သက်ပြင်းချလိုက်သည်။ “ဒါမျိုးကမှ အိမ်ထောင်ရှင်မကောင်းလို့ ဆိုရမယ်”
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည် ကျိန်ဆဲလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ကျယ်ပြောကုန်းမြေတိုက်ကြီးဆီသို့ ဆက်လက်ကာ လျှောက်သွားလိုက်၏။
သို့ပေမဲ့ နှင်းဆီဧကရီသည် တည်ငြိမ်စွာ ပြောလိုက်သည်။ “ပထမအဆင့်ဂြိုဟ်တွေက စိတ်လိုလက်ရနဲ့တော့ ပေးမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် သဘောမတူစွာ ပြောလိုက်တော့၏။ “ကျုပ်အနေနဲ့ ငွေညှစ်ဖို့ စိတ်ကူးပြီးသွားပြီဆိုရင် ကျောက်ခဲဆိုရင်တောင် ရအောင် ငွေညှစ်မှာ”
“ဒီလိုဆိုရင် …..”
နှင်းဆီဧကရီက ပြုံးကာပြောလိုက်သည်။ “ဒီလိုလုပ်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်”
ဆွစ်
ကျွင်းချောင်ရှောင်း၏ ဦးခေါင်းပေါ်တွင်ရှိနေသော ဆံပင်သည် ရုတ်တရက် ပြောင်းလဲသွား၏။ ယခုတစ်ခေါက် ပြောင်းလဲသွားသော ပုံစံသည် မှိုပွင့်တစ်ခု၏ ပုံစံမျိုးဖြစ်၏။ ပြောဆိုရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ အခြေခံ မျက်နှာ သွင်ပြင်သည် ကောင်းမွန်သည်ဟု ဆိုရမည်။ ဆံပင်ပုံစံ မည်မျှပြောင်းပြောင်း ချောမောလှသည့်ပုံရိပ်ကို ထိန်းသိမ်းထားနိုင်စွမ်း ရှိနေ၏။
ခွီး
မှိုပုံသဏ္ဍာန်ဖြစ်နေသော ဆံပင်ပုံစံကို မြင်ရသည့်အချိန်မှာတော့ နှင်းဆီဧကရီသည် မနေနိုင်ဘဲ ထ၍ ရယ်လိုက်မိ၏။
.............
ကျယ်ပြောကုန်းမြေတိုက် ….။
စားပွဲခုံ၏ ထိပ်တွင် ထိုင်လျက်ရှိနေသော ကျန်းဟောင်ကျီသည် စိုးရိမ်ပူပန်သော မျက်နှာသွင်ပြင်ဖြင့် ရှိလို့နေတော့၏။
နှင်းဆီဧကရီအား ရင်ဆိုင်ရန်အတွက် အကူအညီဖြင့် လိုက်ပါသွားခဲ့ကြသော ကောင်းကင်အဆင့် သိုင်းကျင့်ကြံသူများ၏ ပြောစကားအရဆိုလျှင် ကျွင်းချောင်ရှောင်းသည် မည်သည့်နေရာကမှန်းမသိ ပေါ်လာခဲ့သည်ဟုဆိုသည်။ ထို့အပြင် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် လင်မယားပင် ဖြစ်နေသေး၏။ ဤအရာမှာ အနည်းငယ် ပြဿနာ များလှသည်။
“အားလုံးပဲ”
ကျန်းဟောင်ကျီ၏ မျက်နှာသည် ပျက်ယွင်းလျက် ရှိနေသည်။ “အစီအစဉ်ကောင်းတစ်ခုခု ရှိသေးလား”
အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ဒီအဘိုးကြီး စုစည်းထားတဲ့ သတင်းအချက်အလက်အရဆိုရင် ကျွင်းချောင်ရှောင်းက ငွေညှစ်ရတာကို နှစ်သက်တဲ့ လူတစ်ယောက်လေ။ သူ့ရဲ့ ငွေညှစ်ခြင်းကြောင့် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးတောင်မှ တော်တော်ကြီး ခံစားခဲ့ရတယ်လို့ ပြောတယ်”
“ဟမ့်”
တင်းမာခက်ထန်သည့် အမူအရာနှင့် အကြီးအကဲတစ်ယောက်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တို့ ကျယ်ပြောကုန်းမြေတိုက်ကြီးက ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ မဟုတ်တာ။ လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ် ငွေလာညှစ်လို့ ရမှာလဲ”
ကျွင်းချောင်ရှောင်း လာရောက်လည်ပတ်မည့်အကြောင်းကို ကောင်းကင်အဆင့်ကျင့်ကြံသူအနည်းငယ်က အစောကတည်းက ပြောဆိုခဲ့ပြီးသားဖြစ်၏။
“ကောင်းပြီ”
အကြီးအကဲတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်တို့ ကျယ်ပြော ကုန်းမြေတိုက်ကြီးက ဘာပဲပြောပြော ပထမအဆင့် ဂြိုဟ်တစ်ခုလေ။ ကျွင်းချောင်ရှောင်းရဲ့ ငွေညှစ်ခြင်းကိုသာ လိုက်လျောလိုက်မယ်ဆိုရင် အနာဂတ်မှာ ဘယ်လို မျက်နှာပြရမလဲ”
“.........”
ကျန်းဟောင်ကျီသည် တိတ်ဆိတ်ငြိမ်သက်သွားမိသည်။
“ဂိုဏ်းချုပ်”
လေးစားရလောက်သည့် အသွင်အပြင် အမူအရာမျိုးနှင့် အဘိုးအိုသည် ပြောလိုက်မိ၏။ “ကျွင်းချောင်ရှောင်းက အားကောင်းတယ်ဆိုပေမဲ့ သူက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားတဲ့ လူတစ်ယောက်လေ။ သူတို့ရဲ့ ခံတပ်ကြီးကို အထက်နယ်မြေက စည်းခတ်ထားတယ်။ ဒီတော့ သူ့ကို ကြောက်စရာ မလိုဘူး။ ပြီးတော့ ဒီလူအနေနဲ့ ကျုပ်တို့ ခံတပ်ကြီးကို ချိုးဖောက်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
“အကြီးအကဲတန် ဆိုလိုတာက”
“တကယ်လို့ ကျွင်းချောင်ရှောင်းသာ လာမယ်ဆိုရင် ဒီအဘိုးကြီးက သွားပြီးတော့ ထွက်တွေ့လိုက်မယ်။ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း သူဘာလုပ်လို့ရမှာလဲ။ အထဲကိုမှ လိုက်လာလို့မရတာ”
ကျန်းဟောင်ကျီသည် နားလည်သွားမိ၏။ အကြီးအကဲတန်သည် ကျွင်းချောင်ရှောင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် သူ့အား ပြောဆိုနေခြင်းပင် ဖြစ်တော့သည်။
“ကောင်းပြီ”
သူသည် ထိုင်ခုံလက်ရမ်းကို အသာရိုက်နှက်ကာဖြင့် အေးစက်စက် ပြောလိုက်တော့၏။ “ဒီသတ်ဖြတ်ခြင်းနတ်ဘုရားလို့ နာမည်ကြီးနေတဲ့လူက ကျုပ်တို့ ကျယ်ပြောကုန်းမြေတိုက်ကြီးကို ဘယ်လိုလာပြီး ပြဿနာရှာနိုင်အုံးမလဲဆိုတာ ကြည့်ကြတာပေါ့”
.................
ဘုံကိုးပါး ကုန်းမြေတိုက်
မိုရှန်ရှမ်းသည် သူ၏ ရေနွေးခွက်ကို အသာချကာဖြင့် မယုံကြည်နိုင်သလို ပြောလိုက်မိ၏။ “ဒါဆိုရင် နှင်းဆီဧကရီရဲ့ ယောက်ျားက ကျွင်းချောင်ရှောင်းပေါ့။ အင်း၊ ဒီမိန်းကလေးက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ရောက်ပြီးကတည်းက အဆင်ခြင်မဲ့ လျှောက်လုပ်ရဲနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ကပ်သီးလေး ကပ်သီးလေး။ ကံကောင်းစွာနဲ့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးက မဟာမိတ်ဖွဲ့ဖို့ လာပြောတုန်းက ငါမသိချင်ယောင် ဆောင်ခဲ့တာ”
သူ့အနေနှင့် ထိုစဉ်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အလွန်တရာ ကျေးဇူးတင်လျက် ရှိနေတော့သည်။ သူ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်လျက်ရှိနေသည်။ သူသည် ယခင်တုန်းက ကျွင်းချောင်ရှောင်း၏ ငွေညှစ်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် မပျော်မရွှင် ဖြစ်လျက်ရှိသည်။
လက်ရှိအခြေအနေမှာတော့ ကျယ်ပြောကုန်းမြေတိုက်ကြီးနှင့် ဆားတို့ ကုန်းမြေတိုက်ကြီးတို့ပင်လျှင် ငွေညှစ်ခြင်းကို ခံရတော့မည်။ သူ့ထက်ပို၍ ဆိုးရွားသည့် အခြေအနေမျိုးသို့ ကျရောက်သွားနိုင်စွမ်း ရှိတော့သည်။ “သက်တောင့်သက်သာ ရှိလိုက်တာ”
“မြို့တော်ဝန်”
အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ကျယ်ပြောကုန်းမြေတိုက်ကြီးက သူတို့ရဲ့ ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်တယ်လေ။ ဒီတော့ ကျွင်းချောင်ရှောင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး”
မိုရှန်ရှမ်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “သူတို့ ပူးပေါင်းမယ်ဆိုရင် ပိုက်ဆံတော်တော် သက်သာသွားလိမ့်မယ်လေ။ မပူးပေါင်းဘူးဆိုရင်တော့ မွဲပြာကျတဲ့အထိ ဒုက္ခရောက်သွားလိမ့်မယ်”
သူသည် ဤကဲ့သို့သော နာကျင်မှုမျိုးကို ခံစားရဖူးသူ ဖြစ်သည်မို့ ကျွင်းချောင်ရှောင်း အကြောင်းကိုလည်း ကောင်းကောင်း နားလည်လို့နေသည်။
................
ဖောက်
သဲများပြည့်နှက်လျက်ရှိနေသော တည်နေရာတွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် နေကာ မျက်မှန်ကို ဝတ်ဆင်ထားပြီး ဆေးပြင်းလိပ်ကြီးကို ခဲကာဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။
ဆွစ်
သူသည် ခေါင်းကိုအသာမော့ပြီးသည့်နောက်မှာတော့ ပခုံးကို အသာယမ်းခါလိုက်သည်။ သူ၏ မိုးကာအင်္ကျီသည် လေထဲတွင် ဝဲလျက်ရှိသည်။
နှင်းဆီဧကရီသည် ထိုမိုးကာအင်္ကျီကို လှမ်း၍ ဖမ်းယူကာဖြင့် သူမ၏ လက်ကောက်ဝတ်ပေါ်တွင် အသာခေါက်၍ တင်လိုက်၏။ သူမသည် ခပ်မတ်မတ်ရပ်လျက်ရှိ၏။ ဤကဲ့သို့သော နည်းဗျူဟာကျကျ နားလည်မှုနှင့် ပေါင်းစပ်လုပ်ဆောင်နိုင်မှု သည် တစ်ခါတည်းပြုလုပ်ရုံနှင့် ရခဲ့သည့်အရာမျို မဟုတ်ပေ။ အခေါက်ပေါက်များစွာ ပြုလုပ်ခဲ့သောကြောင့် ဤမျှ စည်းချက်ကျနေခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စပီကာကြီးကို ထုတ်ယူကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း … ဒီနေ့ လာလည်ပါတယ်”
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ ခံတပ်၏ အတွင်းဘက်ဆီမှ အလင်းတန်းတစ်ခု ပျံသန်းထွက်ခွာလာသည်။ ဆူနာမီကဲ့သို့ အားကောင်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် လေထုထဲတွင် ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးအဖြစ် ထင်ပေါ်လာကာ ကျွင်းချောင်ရှောင်းအား ရိုက်နှက်တော့သည်။
“ဒါက ဧည့်သည်ကို ကြိုဆိုတာလား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာဖြင့် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။
ဟူး ဟူး
၎င်း၏ ခန္ဓာကိုယ်ဆီမှ ဓားနှင့်သိုင်းအော်ရာများသည် တလိပ်လိပ် တက်လာပြီးသည့်နောက်မှာတော့ လက်ဝါးရိုက်ချက်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံတော့သည်။
ဘုန်း ဘုန်း
ကောင်းကင်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီးသည့်နောက် တည်နေရာတစ်ခုလုံး ပြိုလဲသွားခဲ့တော့သည်။
ဝှစ်
ခံတပ်ကြီးဆီမှ ထွက်ပေါ်လာသော လက်ဝါးရိုက်ချက်ကြီးသည် မည်သည့်အခါကမှ မရှိတော့သလို ပျောက်ကွယ်သွားခဲ့တော့၏။
ထို့အပြင် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်အသုံးပြုခဲ့သော အကြီးအကဲတန်သည်လည်း ခပ်ဝေးဝေး တည်နေရာဆီသို့ ဆုတ်ခွာသွားခဲ့ပြီးမှသာလျှင် သူ၏ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့တော့သည်။ သူသည် မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့၏။ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက် သွားခဲ့သည်။