← Chapters

အခန်း (၁၁၇၄)

Vol. 79 Ch. 1174

အခန်း (၁၁၇၄)

Vol. 79 Ch. 1174

အကြီးအကဲတန်သည် ခံတပ်၏ အပြင်ဘက်ဆီသို့ အလျင်စလို ထွက်ခွာလာပြီးသည့်နောက်မှာတော့ သူအနေနှင့် ကျွင်းချောင်ရှောင်းနှင့် မပူပေါင်းနိုင်ကြောင်း ပါးစပ်နှင့်မဆိုဘဲ လက်နှင့်ဆိုခဲ့ခြင်းပင်ဖြစ်သည်။ သူသည် အလွန်တရာ ခေါင်းမာလှသူတစ်ယောက်ဖြစ်၏။ ထို့အပြင် ထိပ်တန်းဂြိုဟ်တစ်ခုဆီမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သွားရှုပ်၍ရသည့် လူတစ်ယောက် မဟုတ်ပေ။

ကျယ်ပြောကုန်းမြေတိုက်ကြီး၏ ကြိုဆိုမှုကို မြင်ရပြီးသည့်နောက် သူသည် ရွေးချယ်ခွင့်မရှိသလိုပဲ ပြန်လည် တုန့်ပြန်လိုက်တော့၏။ သိုင်းနယ်မြေထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် သူသည် တစ်ဖက်လူအား အနောက်သို့ လွင့်စင်သွားစေပြီး သွေးပါ အန်ထွက်စေခဲ့၏။

အကြီးအကဲတန်သည် တုန်လှုပ်သွားသည်။ သူသည် ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူ၏ လက်သီးချက်တစ်ခုတည်းကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။

လွန်ခဲ့သည့် နာရီအနည်းငယ်ကဆိုလျှင် သူသည် ကျွင်းချောင်ရှောင်းအား ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်က ကျွင်းချောင်ရှောင်းသည် သိုင်းသူတော်စင် ထိပ်ဆုံးအဆင့်သာရှိ၏။ လက်ရှိအချိန်မှာတော့ ပြည့်စုံသည့်အဆင့် သိုင်းကျင့်ကြံသူ အဖြစ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ယောက် မဆိုနှင့် နှစ်ယောက်ဆိုလျှင်တောင်မှ သူ့အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်းလွန်းနေသည်။

နှင်းဆီဧကရီသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ငါ့ယောက်ျားက ပိုပြီးတော့ အားကောင်းလာခဲ့တာပဲ။ ဒါက ခေါင်းတုံးနဲ့များ ဆိုင်မလား မသိဘူး”

“ကျုပ်ရဲ့ အားကောင်းခြင်း၊ အားမကောင်းခြင်းက ဒီခေါင်းတုံးနဲ့ ဘာဆိုင်လို့လဲ” ကျွင်းချောင်ရှောင်းသည် လှည့်ကာ အော်လိုက်မိသည်။

နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်တော့သည်။ “ရှင် ရှင်းပြလေ … ဒါကို ဖုံးကွယ်ထားဖို့ ကြိုးစားလေလို့ပဲ ထင်တယ်”

“...........”

ကျွင်းချောင်ရှောင်းသည် သူ၏ဒေါသကို ဖိနှိပ်ပြီးသည့်နောက်မှာတော့ ကျယ်ပြောကုန်းမြေတိုက်ကြီး၏ ခံတပ်ရှိရာသို့ ဒေါသတကြီးဖြင့် လှည့်ကာ အော်ဟစ်လိုက်တော့၏။ “ကျုပ် ကျွင်းချောင်ရှောင်းက မြန်မြန်ဆန်ဆန် ပိုက်ဆံကို ယူမယ်”

တစ်ဖက်လူသည် သူ့အား ကောင်းမွန်သည့် ကြိုဆိုခြင်းနှင့် ကြိုဆိုခဲ့သည်မဟုတ်ကြောင်း သိရှိသောကြောင့် သူသည် ပုံမှန်နည်းလမ်းကို အသုံးမပြုတော့ချေ။

“ကျွင်းချောင်ရှောင်း”

အကြီးအကဲတန်သည် သူ၏ ပျက်စီးသွားသော မရီဒန်များကို အသာဖိနှိပ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်တော့၏။ “ကျယ်ပြောကုန်းမြေတိုက်ကြီးက ဘာလို့ မင်းကို ပိုက်ဆံတွေ ပေးရမှာလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာကို အုပ်ကာကာဖြင့် ရယ်မောလိုက်၏။ “လာစမ်း။ ခင်ဗျားက ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ယောက်လေ။ ဘာလို့ ကြောင်တောင်တောင် မေးခွန်းမျိုးကို မေးရတာလဲ”

“ဘာလို့လဲဆိုတော့ သူက ကျွန်မယောက်ျားမလို့လေ” နှင်းဆီဧကရီက ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။

“...........”

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ထ၍ အော်ချင်စိတ်များ ပေါက်သွား၏။ သို့ပေမဲ့ သူသည် ဒေါသကို ထိန်းချုပ်ထားရသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ အခြေအနေသည် ငွေကြေးတောင်းခံနေသည့် အခြေအနေမျိုး မဟုတ်ပါလား။ သူတို့နှစ်ယောက် ရန်ဖြစ်နေ၍ မဖြစ်ချေ။ ကုန်းရှန့်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆံအတွက်ပင် ဖြစ်၏။

“အဘိုးကြီး … ကျုပ် ခင်ဗျားကို မေးချင်တယ်။ ဘာလို့ ကျယ်ပြောကုန်းမြေတိုက်က ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်နဲ့ လာပြီး ရင်ဆိုင် တိုက်ခိုက်ရတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“...........”

အကြီးအကဲတန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူသည် တခြားဂြိုဟ်များဆီသို့ သွားရောက်ကာ အကူအညီပေးရန် စေခိုင်းခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဘာပြောရမှန်း မသိအောင် အကြောင်းပြချက် ဆွံ့အလို့နေသည်။

“ဒီလောကကြီးမှာ အားကောင်းတဲ့လူတွေက အားနည်းတဲ့လူတွေကို အနိုင်ကျင့်ကြတာ သဘာဝပဲလေ။ ဘာလို့လာတောင်းတာလဲလို့ ခင်ဗျားတကယ်မေးရဲတယ်ပေါ့။ ဟာသပဲ” ကျွင်းချောင်ရှောင်းသည် အညှာအတာ ကင်းမဲ့စွာဖြင့် လှောင်ပြောင်ကာ ရိသဲ့သဲ့ ပြောလိုက်သည်။ အစစ်အမှန်တရားမှာတော့ သိုင်းပညာရှင်များကိုသာ လေးစားတတ်သည့် လောကကြီး၌ အဘယ်ကြောင့် လာရောက်ငွေညှစ်သည် ဖြစ်ကြောင်း ပြောဆိုနေစရာ မလိုအပ်ချေ။

“ဂိုဏ်းချုပ်ကျွင်း”

ကျန်းဟောင်ကျီသည် အဓိကဟောခန်းထဲမှ လှမ်းလျှောက်လာပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ခင်ဗျားနဲ့ နှင်းဆီဧကရီတို့က လင်မယားတွေဖြစ်ကြောင်း ကျုပ်တို့ ကျယ်ပြောကုန်းမြေတိုက်ကြီးက မသိရှိခဲ့လို့ပါ။ ဒါကြောင့် အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်တယ်”

သူ့အနေနှင့် ငွေကြေးများ ပေးစွမ်းရန် မတတ်နိုင်ချေ။ သို့ပေမဲ့ ပဋိပက္ခများကို အမြန်ဆန်ဆုံး ဖြေရှင်းချင်မိ၏။ ထို့ပြင် သူပို့လွှတ်လိုက်သော ကောင်းကင်အဆင့် ကျွမ်းကျင်သူသည် ဤအမျိုးသမီးအား ထိခိုက်အောင် ပြုလုပ်ခဲ့ခြင်း မဟုတ်ချေ။ ထို့ကြောင့် ငွေကြေးလာရောက်တောင်းဆိုခြင်း ဆိုသည်မှာ များပြားလွန်းလှသည်။

ကျွင်းချောင်ရှောင်းသည် လက်ကိုခါယမ်းကာဖြင့် ပြောလိုက်သည်။ “ခဏလောက် ထွက်လာပါအုံး။ ကျုပ် ခင်ဗျားကို ရိုက်နှက်ချင်တယ်လေ။ ပြီးတော့မှ ခွင့်လွှတ်ပေးဖို့ တောင်းဆိုကြည့်မယ်။ ဒါဆိုရင် ညီတူညီမျှ ဖြစ်သွားမှာပေါ့”

ကျန်းဟောင်ကျီ၏ မျက်နှာသည် မဲနက်သွားခဲ့သည်။ သူသည် ကျယ်ပြောကုန်းမြေတိုက်ကြီး၏ တာဝန်ကိုယူထားရသော ခံတပ်သခင် တစ်ယောက်ဖြစ်၏။ တစ်ဖက်လူ၏ ရိုက်နှက်မည်ဟု ပြောဆိုနေခြင်းသည် သူ၏ ဂုဏ်သိက္ခာများကို နင်းချေနေခြင်းပင် ဖြစ်တော့သည်။

“ဟမ့်” အကြီးအကဲတန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့က တောင်းပန်ပြီးသွားပြီနော်။ ခင်ဗျားက လက်မခံဘဲနဲ့ ဆက်ပြီး ငွေညှစ်နေတာပဲ။ ဒီတော့ အပြင်မှာပဲ မတ်တပ်ရပ်နေတော့”

သူသည် တစ်ဖက်လူ၏ လက်သီးချက်ကြောင့် အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည့်အပြင် မရီဒန်များသည်လည်း ပျက်စီးခဲ့၏။ ထို့ကြောင့် ဤနေရာတွင် ရပ်နေပြီး တစ်ဖက်လူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိတော့ချေ။

“ဘာလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို အသာကုတ်ကာဖြင့် ပြုံးလိုက်မိ၏။ “ခင်ဗျားတို့က အကြောက်အလန့် ကင်းနေတာက ဒီခံတပ်ရဲ့ တည်နေရာစည်းကြီးက ကာကွယ်ထားနိုင်လို့လား”

“မဟုတ်ရင်”

အကြီးအကဲတန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်းကကော ဒီထဲကို ဝင်လာနိုင်လို့လား”

“အင်း ဟုတ်ပြီ”

“ပြီးတော့ မင်းတို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက တည်နေရာ စည်းခတ်ခြင်းကို ခံလိုက်ရပြီး ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးနဲ့ အစားထိုးပေးလိုက်ပြီ။ ဒီတော့ တခြားသော ဂြိုဟ်တွေကို လာပြီးတော့ စိန်ခေါ်မှု ပြုလုပ်ဖို့ အခွင့်အရေးလည်း မရှိဘူးလေ”

မည်သို့ပင် ဆိုစေကာမူ သူတို့ဘက်တွင် ဤကဲ့သို့ အခွင့်အရေး ကောင်းကြီးက တည်ရှိလို့နေခဲ့တော့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် အထက်နယ်မြေ၏ စည်းခတ်ခြင်းကိုသာ ခံထားရသည်မဟုတ်ပါက တခြားသောဂြိုဟ်များဆီသို့ သွားကာ လွတ်လွတ်လပ်လပ်ဖြင့် စိန်ခေါ်နိုင်စွမ်းကို ပြုမူပေတော့မည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူတို့သည် သေသေချာချာ စဉ်းစားဆုံးဖြတ်ထားပြီးသားဖြစ်၏။ တစ်ဖက်လူသည် သူတို့၏ ခံတပ်တည်နေရာထဲသို့ ဝင်ရောက်မလာနိုင်သလို အပြင်ဘက်မှ စိန်ခေါ်၍ ရနိုင်သည့် အခြေအနေမျိုးလည်း မရှိချေ။

“ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးနဲ့ အစားထိုး ခံလိုက်ရတယ် ဟုတ်လား”

နှင်းဆီဧကရီသည် တီးတိုး ရေရွတ်လိုက်မိ၏။ ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို နားလည်သွားမိ၏။ “စည်းမျဉ်းစည်းကမ်းကို ချိုးဖောက် ခဲ့တယ်ဆိုတဲ့ သောက်တလွဲဂြိုဟ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးလား”

ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာ ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးအစား အစားထိုးခံလိုက်ရတဲ့ ကံမကောင်းလှတဲ့ဂြိုဟ်က ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးလေ”

“...........”

နှင်းဆီဧကရီသည် ရှေ့ဆီသို့ တိုးသွားပြီးသည့်နောက်မှတော့ ကျွင်းချောင်ရှောင်း၏ ခေါင်းပေါ်ရှိ ဆံပင်တုအား ဆွဲချွတ်ချင်စိတ်ကို မနည်းထိန်းထားရ၏။သူမ တွေ့ချင်နေသော ဂြိုဟ်ကောင် ဂိုဏ်းချုပ်သည် သူမ ၏ ယောကျ်ားဖြစ်လို့နေ၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ ထိုင်ခုံတစ်လုံးကို ဆင့်ခေါ်လိုက်သည်။ ပြီးသည့် နောက် ထိုင်ခုံပေါ်တွင် အသာထိုင်ကာဖြင့် ပြောလိုက်၏။ “ကျုပ် တစ်ဆယ်အထိရေမယ်။ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို ထုတ်မပေးဘူးဆိုရင် ကြမ်းတမ်းတယ်ဆိုပြီးတော့ အပြစ်မတင်နဲ့”

“စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်း ဟုတ်လား”

အကြီးအကဲတန်၏ မျက်နှာသည် မဲနက်သွားတော့၏။ သူသည် ချက်ချင်းထ၍ ဆဲချင်စိတ်များပင် ပေါက်လျက် ရှိနေတော့သည်။ “အိမ်မက်ပဲ မက်နေလိုက်”

“တစ်” ကျွင်းချောင်ရှောင်းက အော်လိုက်သည်။

ကျန်းဟောင်ကျီနှင့် အကြီးအကဲတန်တို့သည် လက်သီးကို ဆုပ်ကာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ၎င်းတို့၏ အမူအရာက ပြောဆိုနေသည်မှာ ကျုပ်တို့ ခံတပ်ထဲမှာ ရပ်နေမယ်။ သတ္တိရှိရင် ဝင်ခဲ့ဆိုသည့်သဘောပင် ဖြစ်သည်။

“နှစ်”

“သုံး”

ကျွင်းချောင်ရှောင်းသည် ဂဏန်းတစ်ခုချင်းစီကို အော်ဟစ်လိုက်တိုင်း သူ၏လေသံသည် ပိုမိုကာ လေးနက်လာခဲ့၏။ မျက်လုံးများသည်လည်း ခံစားချက် ကင်းမဲ့လို့နေသည်။

“ကိုး... တစ်ဆယ်” ရုတ်တရက် သူသည် ဆက်ရွတ်ရမည့် ဂဏန်းများကို ကျော်ချကာဖြင့် နံပါတ်တစ်ဆယ်ကို တန်းကာ ရွတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ထိုင်ခုံပေါ်မှာ ပျောက်ကွယ်သွားခဲ့သည်။ ကျယ်ပြော ကုန်းမြေတိုက်ကြီး၏ တည်နေရာ အတားအဆီးရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာ လေထုထဲသို့ ခုန်တက် လိုက်၏။

ဤအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ လေးနက်လျက် ရှိနေတော့၏။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် အလွန်တရာ တည်ငြိမ်လေးနက်လျက် ရှိနေ၏။

“ငတုံး.... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ” ကျန်းဟောင်ကျီနှင့် အကြီးအကဲတန်တို့၏ မျက်နှာပေါ်ရှိ အပြုံးများသည် ပိုမိုကာ လေးနက်သွားတော့၏။ ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်းလှသည် ဆိုခြင်းကို သူတို့ မငြင်းပယ်ချေ။ သို့ပေမဲ့ လက်သီးကို အသုံးပြု၍ တည်နေရာခံတပ်၏ စည်းကို ချိုးဖြတ်မည် ဆိုခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသလို ဖြစ်နေပြီး အထက်နယ်မြေမှ ဖန်တီးထားခဲ့သော အကာအကွယ် အစီအရင်အား အထင်သေးခြင်းပင် ဖြစ်သည်။

နှင်းဆီဧကရီသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ငါ့ယောက်ျားက ရူးသွားပြန်ပြီလား မသိဘူး”

ခံတပ်၏ တည်နေရာအတားအဆီးသည် ဂြိုဟ်တစ်ခု၏ တည်နေရာ အတားအဆီးထက်ပင်လျှင် ပို၍ အားကောင်း လွန်းလျ၏။ လေဟာနယ်ချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်သူပင်လျှင် ထိုကဲ့သို့သောစည်းမျိုးကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ တန်ပြန်မှုကို ဖြစ်ပေါ်ကာဖြင့် ဒုက္ခပင် ရောက်သွားနိုင်၏။

“သူ ဒုက္ခိတဖြစ်သွားရင်တော့ ငါ တစ်သက်လုံး သူ့ကို ဂရုစိုက်ရတော့မှာပဲ” နှင်းဆီဧကရီသည် တွေးလိုက်မိသည်။

ဝှစ် ဝှစ်

လေလှိုင်းများ တိုက်ခတ်ပြီးသည့်နောက်မှာတော့ အလွန်တရာ ကြမ်းတမ်းလှသည့် အော်ရာများသည် တည်နေရာ ကြီးကို လွှမ်းခြုံသွားတော့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးမှာတော့ လေထဲသို့ ခုန်တက်လျက်ရှိနေသော ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သီးသည် ရုတ်တရက် ရပ်တန့်သွား၏။ ထိုလက်သီးအား လက်ဝါးအဖြစ် အသာဖြန့်ကာ ယမ်းခါလိုက်သည့်အချိန်မှာတော့ ကြီးမားလှသော တီကောင်ကဲ့သို့သော သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာခံတပ်၏ အတားအဆီးအား ကိုက်ကာ ဝါးမြိုလိုက်တော့၏။

“ချီးတဲ့မှ”

ဂွပ် ဂွပ် ဂွပ် ဂွပ်

စွေ့ဟွာသည် တည်နေရာအတားအဆီးအား အပေါက်ကြီးဖြစ်အောင် မြန်မြန်ဆန်ဆန်ပဲ ဝါးမြိုလိုက်သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို မြှောက်ပြီးသည့်နောက်မှာတော့ လက်ခလယ်ကို ထောင်ပြလိုက်တော့ သည်။ ပြီးသည့်နောက်မှာတော့ ပေါက်ပြဲလျက်ရှိနေသော တည်နေရာအတားအဆီးမှတဆင့် အထဲသို့ ဝင်ရောက်လိုက်၏။

ဘုတ်

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ကြောင်အလျက်ရှိနေသော ကျန်းဟောင်ကျီနှင့် အကြီးအကဲတန်တို့၏ အရှေ့ဆီသို့ ရောက်သွားသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်မှာတော့ ခန္ဓာကိုယ်ပေါ်တွင် ရှန်ဝမ် နတ်ဘုရားချပ်ဝတ်သည် ပေါ်ပေါက်လာခဲ့တော့၏။ လက်ထဲတွင် ရှိနေသော ကောင်းကင်နဂါးဓားသည် တောက်ပြောင်လျက်ရှိနေပြီး အနောက်ဘက်တွင်တော့ ကောင်းကင်စတေးခြင်း လှံကြီးအား ကျောတွင်ချိတ်ထား၏။ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး အားကောင်းလွန်းလှသော စစ်နတ်ဘုရား တစ်ယောက်၏ ဟန်ပန်မျိုးကို ထုတ်ဖော်ပြသလျက်ရှိသည်။

“ငါ့ယောက်ျားက အရမ်းချောတာပဲ”

နှင်းဆီဧကရီသည် အလုံးစုံသော ချစ်မြတ်နိုးခြင်းများဖြင့် သူ၏ ယောက်ျားအား ကြည့်လျက်ရှိနေ၏။

ဝှစ်

ကျန်းဟောင်ကျီနှင့် အကြီးအကဲတန်တို့သည် သူနှင့် ဆယ်ပေအဝေးဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းက ရပ်တန့်လိုက်၏။ သူသည် လှံကြီးအား မြေပေါ်သို့ ထိုးစိုက်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့် တွင်တော့ တောက်ပလှသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ ဤအရာမှာ မိစ္ဆာတစ်ကောင်၏ အပြုံးများ ကဲ့သို့ပင် ဖြစ်တော့သည်။ “ခင်ဗျားတို့နှစ်ယောက် ကျုပ်ဝင်လာပြီ ဆိုရင်ကော”

ဝှစ်

ထိုအချိန်မှာတော့ အားကောင်းလှသော အလင်းတန်းများသည် မြေပြင်တွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အဓိကဟောခန်းကြီးဆီသို့ ကြီးမားလှသည့် မြောင်းကြီးတစ်ခုအဖြစ် ဖြစ်တည်စေခဲ့တော့၏။

ဘုန်း

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သော အဓိကဟောခန်း အဆောက်အဦကြီးသည် ပြိုလဲ သွားခဲ့တော့သည်။

ဟူး ဟူး

တစ်ချိန်တည်းမှာပဲ ပြည့်စုံသည့် ဓားနှင့်သိုင်းသူတော်စင်အဆင့်၏ အော်ရာများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်။ ထိုအော်ရာများသည် ကျယ်ပြောကုန်းမြေတိုက်ရှိ သိုင်းကျင့်ကြံသူများနှင့် ထိတွေ့လိုက်သည့်အချိန်မှာတော့ တောင်ကြီးတစ်ခုလုံး ပိကျလာခဲ့သလို အားလုံးသောသူတို့သည် ကြီးမားလှသည့် ဖိအားဓာတ်ကြီးကို ခံစားလိုက်ရတော့၏။

“ဂိုဏ်းချုပ်ကျွင်း”

ကျန်းဟောင်ကျီသည် နောက်ဆုံးမှာတော့ သတိပြန်ရသွား၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်တော့၏။ “ကျယ်ပြောကုန်းမြေတိုက်ကြီးက ပေးပါ့မယ်။ ကျိန်းသေပေါက် ပေးပါ့မယ်”

“စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်”

“ရော့ပါ … ယူပါ … ယူပါတော့”

All Chapters