← Chapters

အခန်း (၁၁၇၅)

Vol. 79 Ch. 1175

အခန်း (၁၁၇၅)

Vol. 79 Ch. 1175

ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင်ရှိသော ခံတပ်၏ တည်နေရာအတားအဆီးကြီးသည် အထက်နယ်မြေဆီမှ ဖန်တီးပေးထားခြင်း ဖြစ်၏။ ထို့ကြောင့် အားအင်အဆင့်အရဆိုလျှင် သေမျိုးလောကမှ လူများသည် မည်သို့အခါကမှ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းဟောင်ကျီနှင့် အကြီးအကဲတန်တို့သည် ထိုအရာကို အားကိုးအားထား ပြုကာဖြင့် ကျွင်းချောင်ရှောင်းအား လှောင်ပြောင်ခဲ့ခြင်းပင်ဖြစ်သည်။ “လာစမ်း။ သတ္တိရှိရင် လာရိုက်လေ”

ကျွင်းချောင်ရှောင်းသည် လက်နက်အပြည့် တပ်ဆင်ကာဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ အတားအဆီးအား လက်သီးနှင့် ချိုးဖြတ်တော့မလို ဟန်အမူအရာ ပြုလုပ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အချိန်နှင့်တည်နေရာပိုးကောင်ကြီးအား ထုတ်ယူကာဖြင့် တည်နေရာခံတပ်စည်းအား ကိုက်စားစေခဲ့၏။ ထို့ကြောင့်ပင်လျှင် ကျန်းဟောင်ကျီသည် မည်ကဲ့သို့မှ မနေနိုင်တော့ဘဲ ကျွင်းချောင်ရှောင်းကို လိုက်လျော သဘောတူလိုက်ရတော့၏။

ကျွင်းချောင်ရှောင်းသည် ခက်ခဲသည့် ကိစ္စရပ်များကို ထပ်မံကာ မပြုလုပ်တော့ချေ။ စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်ကိုသာ တောင်းခံခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက် သည့်အချိန်မှာတော့ မနေနိုင်ဘဲ ထကာ ဆဲလိုက်မိတော့သည်။ “ချီးတဲ့မှ... ငါတောင်းတာ နည်းသွားပြီပဲ”

“ဟုတ်တယ်”

စနစ်က ပြောလိုက်သည်။ “ကျယ်ပြောကုန်းမြေတိုက်ကြီးနဲ့ ဘုံကိုပါး ကုန်းမြေတိုက်ကြီးတို့က ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ပထမအဆင့် ဂိုဏ်းတွေပဲလေ”

“.........”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲပြန်၍ ပြောလိုက်တော့၏။ “ခင်ဗျားတို့ လုပ်လို့ ကျုပ်ရဲ့ပဋိညာဉ်သားရဲက ပင်ပန်းသွားပြီ။ ဒီတော့ သူ့ကို အစားအစာကျွေးဖို့အတွက် နောက်ထပ် ဆယ်သန်းပေးအုံး”

“ဟမ်”

ကျန်းဟောင်ကျီသည် ကြောင်အသွားခဲ့၏။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်ဆိုသည်မှာပင် အလွန်တရာ များပြားနေပြီဖြစ်၏။ သူ၏ အရိုးနှင့် အရွတ်အကြောများကိုပင် ထုတ်၍ ပေးလိုက်ရသလို ခံစားနေမိ သည်။ ယခုနောက်ထပ် ဆယ်သန်းကိုပင် ထပ်မံကာ တောင်းခံလျက် ရှိနေ၏။ သူ့အား ငမွဲစာရင်းသို့ဝင်ရန် ကြိုးစား နေသည်လား မသိချေ။

“မပေးချင်ဘူးလား”

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် မဲနက်သွားခဲတော့၏။ ကြောက်မယ်ဖွယ်ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီး ကျယ်ပြောကုန်းမြေတိုက်ကြီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံး၏ နဖူးစပ်တွင် ချွေးသီးများပင် ကျဆင်းလာခဲ့၏။

ကုန်းရှန့်သည် လက်ရှိအနေမှာတော့ ပြည့်စုံသည့် သိုင်းသူတော်စင် ကျင့်ကြံသူတစ်ယောက်ဖြစ်လို့နေခဲ့၏။ သူသည်သာ ထပ်မံကာ အဆင့်ချိုးဖြတ်သွားမည်ဆိုပါက သိုင်းအင်ပါယာ အဆင့်ဆီသို့ ရောက်ရှိသွားနိုင်၏။ သူ၏ တိုက်ခိုက်ရေးအားအင်အဆင့်သည် ကောင်းကင်အဆင့် ကျင့်ကြံသူ တော်တော်များများထက်ပင် ပို၍ အားကောင်းနေ၏။ အနည်းငယ်သော အားအင်ကို ထုတ်သုံးလိုက်သည် ဆိုသည်နှင့် ဤတည်နေရာတစ်ခုလုံးသည် သွေးချောင်းစီးသွားနိုင်သည်။

အဘယ်ကြောင့် ကျန်းဟောင်ကျီသည် ဤမျှ မြန်မြန်ဆန်ဆန်နှင့် ပူးပေါင်းလိုက်ရသနည်း။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ၏တည်နေရာထဲသို့ ဝင်ရောက်လာသည်သာမက တကယ်တမ်း တိုက်ခိုက်သွားမည်ဆိုလျှင် လူပေါင်းနှစ်သောင်းကျော်ကို သတ်ဖြတ်နိုင်သူဖြစ်သောကြောင့် သူတို့အားလုံး သေဆုံးသွားတော့မှာ သေချာ၏။

ထို့အပြင် အနောက်တွင် နှင်းဆီဧကရီကလည်း လိုက်ပါလာခဲ့သည်။ ဤစုံတွဲသည်သာ သူ၏ တည်နေရာ ခံတပ်ထဲတွင် အဆင်ခြင်မဲ့ တိုက်ခိုက်သွားမည်ဆိုပါက ကျယ်ပြော ကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ကြီး တစ်ခုလုံးသည် နောက်တစ်ရက်အတွင်း ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှ ပျာက်ကွယ် သွားမှာ သေချာသည်။

“ရော့... ဒီမှာပါ”

ဖိအားဓာတ်များအောက်မှာ ကျန်းဟောင်ကျီသည် လိုက်လျောပူးပေါင်းမှုကိုသာ ပြုလုပ်နိုင် တော့၏။ ဤကဲ့သို့ ဖြစ်မည်မှန်း သိပါက သူသည် အစောကြီးကတည်းက လိုက်လျောညီထွေစွာဖြင့် ပေးအပ်လိုက် မည်ဖြစ်၏။ သို့ပေမဲ့ သူ၏ခေါင်းမာမှုနှင့်ပတ်သက်၍ သူ့ကိုယ်သူလည်း အပြစ်တင်၍ မဖြစ်ချေ။ အဘယ်ကြောင့် ဆိုသော် တစ်ဖက်လူတွင် အချိန်နှင့်တည်နေရာပိုးကောင် တည်ရှိနေလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ခဲ့ချေ။ ဤကဲ့သို့ လိုက်လျောလိုက်မှုသည် ပိုက်ဆံတော်တော်ပင် ကုန်ကျ၏။ မလိုက်လျောပါက တည်နေရာကြီး တစ်ခုလုံး ဖျက်ဆီးခံရမှာ ဖြစ်တော့သည်။

မိုရှန်ရှမ်း၏ ပါးစပ်မှ ထွက်ခဲ့သော စကားများမှာ လက်ရှိအချိန်တွင်တော့ အမှန်ပင် ဖြစ်လို့နေခဲ့တော့သည်။ ကျန်းဟောင်ကျီသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကို ထုတ်ယူခဲ့ရတော့၏။ ထိုစိတ်ဝိညာဉ် ကျောက်တုံးများသည် ဆဋ္ဌဂံကြယ်ကျောက်တုံးထက် မည်သို့မှ အားမနည်းချေ။

ဂိုဏ်းချုပ်၏ လိုက်လျောပေးမှု အောက်မှာတော့ အကြီးအကဲတန်သည် ဘယ်တုန်းကမှ မရှိခဲ့သလို ခပ်ဝေးဝေး ချောင်ထဲတွင် သွား၍ ကုပ်လျက် ရှိနေတော့၏။ အစည်းအဝေးတွင် ထုတ်ဖော်ခဲ့သော သူ၏ သံမဏိကဲ့သို့ စိတ်ဓာတ် နှင့် ဟန်အမူအရာများသည် လက်ရှိအချိန်တွင်တော့ အလုံးစုံ ပျောက်ကွယ်သွားပြီ ဖြစ်၏။

“ဟေး”

ကျွင်းချောင်ရှောင်းသည် ထိုသူ့အား လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျုပ်တို့ အပြင်ထွက်ပြီး ချကြမလား” ပြည့်စုံသည့် သိုင်းသူတော်စင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် သူ၏ စွမ်းအင်များသည် ယခင်ကထက် ပိုမိုအားကောင်းခဲ့သည်ကို သိရှိပြီးဖြစ်သော်လည်း အလုံးစုံ ထုတ်ဖော်တိုက်ခိုက်ခြင်ကိုတော့ မပြုလုပ်ရသေးချေ။ သူသည် အဆင့်တူ ကောင်းကင်အဆင့် သိုင်းကျင့်ကြံသူများနှင့် လက်ရည်စမ်းသပ်ရန်လည်း စဉ်းစားလိုက်မိသည်။

“...........”

အကြီးအကဲတန်သည် လက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို အုပ်ကိုင်ကာ ဖြူလျော်နေသည့်မျက်နှာဖြင့် ပြောလိုက်၏။ “ခုနက ဂိုဏ်းချုပ်ကျွင်းနဲ့ တိုက်ခိုက်တုန်းက ကျုပ်ရဲ့မရီဒန်တွေ ထိခိုက်သွားတယ်။ ဆက်ပြီးတော့ တိုက်ခိုက်လို့ မဖြစ်တော့ဘူး”

သူ၏စကားသည် အဓိပ္ပာယ်နှစ်မျိုး ပါဝင်လျက်ရှိ၏။ တစ်ခုသည် ကုန်းရှန့်မှာ သူ့ထက်ပိုမို၍ အားကောင်းကြောင်း ဝန်ခံခြင်းဖြစ်ပြီး တခြားတစ်ခုမှာတော့ သူသည် ဒဏ်ရာရထားပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်သည်။ သူသည် ကျွမ်းကျင်သူများထဲမှ ကျွမ်းကျင်သူတစ်ယောက်ဟု သတ်မှတ်ခံရသည့်ပါရမီရှင် တစ်ယောက်ပင် ဖြစ်တော့၏။ သို့ပေမဲ့ ကုန်းရှန့်နှင့် တွေ့သည့်အချိန်မှာတော့ သူငယ်နှပ်စား ကလေးလေး တစ်ယောက်ကဲ့သို့ အထူးပင် ကြောက်လန့်လျက် ရှိနေတော့သည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်သည် စိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကို ရေတွက်ပြီးသည့်နောက်မှာတော့ လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒီကျွင်းက ဆက်ပြီး မနှောက်ယှက်တော့ပါဘူး။ အရင်သွားတော့မယ်”

သူသည် မျက်နှာသွင်ပြင်ကိုကြည့်လျှင် အလွန်တရာ တည်ငြိမ်လှသည်ဆိုသော်လည်း စိတ်ထဲမှာတော့ အလွန် စိတ်လှုပ်ရှားလျက် ရှိနေ၏။ ထို့အပြင် ဆဋ္ဌဂံကြယ်ကျောက်တုံးနှင့် နှိုင်းယှဉ်၍ ရနိုင်သော သဘာဝစိတ်ဝိညာဉ် ကျောက်တုံး အများအပြားသည် သူ၏ ဂိုဏ်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အထောက်အကူပြုနိုင်သည့် အရာများ ဖြစ်နေသည် မဟုတ်ပါလား။ ဂိုဏ်းအား တခြားတစ်ခုဆီသို့ အဆင့်မြင့်နိုင်စွမ်း ရှိနေသည့်အရာပင် ဖြစ်သည်။

...............

ဘုတ်

ကျွင်းချောင်ရှောင်းသည် ခံတပ်၏ အပြင်ဘက်သို့ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျန်းဟောင်ကျီသည် မည်သို့မှ မခံစားနိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားတော့၏။ ကျယ်ပြောကုန်းမြေတိုက်ကြီးတွင် သူသည် အလွန်ချမ်းသာလှသည့် လူတစ်ယောက်ဖြစ်သည်ဟု သုံးသပ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကို ပေးအပ်ပြီးသည့်နောက်မှာတော့ အချမ်းသာဆုံး လူအဖြစ်မှာသည် သူတောင်းစားအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့ရတော့၏။

“ဂိုဏ်းချုပ်” အကြီးအကဲတန်သည် သူ့အား လာရောက်ကာ ဖေးမလိုက်သည်။

“သွားစမ်း”

ကျန်းဟောင်ကျီက ဒေါသတကြီး ပြောလိုက်၏။ “အခုထွက်သွားစမ်း”

ဤလူ၏ ပေါက်တတ်ကရ စကားများကိုသာ သူနားမထောင်ခဲ့ပါက ဤမျှ များပြားသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးခဲ့ လိမ့်မည် မဟုတ်ချေ။

သူ၏နှလုံးသားသည် အလွန်တရာ နာကျင်လျက်ရှိနေတော့၏။ နှလုံးကွဲ မတတ် ခံစားမှုဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။

..................

ပထမအဆင့်ဂြိုဟ်ဖြစ်သော ကျယ်ပြောကုန်းမြေတိုက်ကြီးသည် ကျွင်းချောင်ရှောင်းအား ယနေ့တွင် အလုံးစုံ ရှုံးနိမ့် ခဲ့တော့၏။ ထို့အပြင် ပိုက်ဆံနှင့် အရှက်သိက္ခာများလည်း ကုန်ဆုံးသွားခဲ့တော့သည်။ ဤသတင်းသည်သာ ပျံ့နှံ့ သွားမည်ဆိုပါက တည်နေရာတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားမှာ သေချာတော့၏။ စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးပြု၍ ရန်ငြိုးများကို ဖြေရှင်းခြင်းသည် ဆိုးရွားသည့်အရာတော့ မဟုတ်ပေ။

အကြီးအကဲတန်သည် သတိပေးချက် တစ်ခုကိုမှ မပြုလုပ်ဘဲ ကျွင်းချောင်ရှောင်းအား တိုက်ခိုက်ခြင်းကို ပြုလုပ် ခဲ့၏။ ထိုသို့သော အချက်နှင့်ပင် ကျယ်ပြောကုန်းမြေတိုက်ကြီးတစ်ခုလုံးအား သုတ်သင်ရှင်းလင်းပစ်ရန် အကြောင်းပြချက်ကို ကျွင်းချောင်ရှောင်း ရသွားခဲ့၏။

“တစ်ဝက်”

ဆားတို့ကုန်းမြေတိုက်ကြီးဆီသို့ သွားရာလမ်းမှာတော့ နှင်းဆီဧကရီက ပြောလိုက်သည်။

“ဆုတောင်းလေ”

ကျွင်းချောင်ရှောင်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အချိန်နဲ့တည်နေရာပိုးကောင်ကို ထုတ်ပြီးတော့ ခံတပ်တည်နေရာကို ဖွင့်ရတာလည်း ကျုပ်ပဲ။ ပြီးတော့ ငွေကြေးတောင်းခံတာလည်း ကျုပ်ပဲ။ ဘာလို့ ခင်ဗျားကို တစ်ဝက်ပေးရမှာလဲ”

နှင်းဆီဧကရီသည် ရုတ်တရက် ရပ်တန့်ကာဖြင့် ပြောလိုက်၏။ “ဒီလောကကြီးမှာ အားကောင်းတဲ့လူတွေကပဲ အားနည်းတဲ့လူတွေကို စကားပြောဆိုခွင့်ရှိတာလေ။ အားနည်းတဲ့လူတွေအနေနဲ့ ပြန်လှန်ပြီး မေးခွင့်မရှိဘူး။ ရှင် ဘာလို့ ကျွန်မကို ပြန်လှန်ပြီး မေးနေရတာလဲ။ ဟာသပဲ”

“...........”

ဤအမျိုးသမီးသည် အစစ်အမှန်ပဲ သူပြောသည့်စကားများကို လိုက်လံကာ အတုယူပြောဆိုလျက် ရှိနေသည်။

“ထားလိုက်တော့။ ထားလိုက်တော့”

ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာဖြင့် သူမနှင့်ခပ်ဝေးဝေးဆီသို့ သွားလိုက်၏။ ပြီးသည့်နောက် သိုင်းကွက်ခင်းကာ ပြောလိုက်၏။ “ခင်ဗျားနဲ့ကျုပ် တစ်ပွဲလောက် ချကြရအောင်။ နိုင်ရင် တစ်ဝက်ရမယ်”

ယခင်တုန်းက စိတ်ဝိညာဉ်ကျောက်တုံးများ၏ အရည်အသွေး သိပ်၍ မမြင့်မားချေ။ ထို့ကြောင့် သူသည် ငါးဆယ် ရာခိုင်နှုန်း ပေးအပ်လိုက်သည်ဆိုခြင်းမှာ သိပ်၍ မသိသာလှချေ။ သို့ပေမဲ့ လက်ရှိ ကျယ်ပြောကုန်းမြေတိုက်ကြီး၏ စိတ်ဝိညာဉ်ကျောက်တုံးများမှာတော့ အလွန်တရာ များပြားလွန်းလှ၏။ ထို့ကြောင့် သူသည် တစ်ဖက်လူအား စိတ်ဝိညာဉ်ကျောက်တုံး ဆယ့်ငါးသန်းအား မပေးချင်ပေ။ ထို့ပြင် နှင်းဆီဧကရီ၏ အားအင်အဆင့်သည် သာမန်လည်း မဟုတ်လှချေ။ ထို့ကြောင့် သူ၏ ဝှက်ဖဲများကို အသုံးမပြုဘဲ သူမအား အနိုင်ယူနိုင်မလား ဆိုသည်ကို စမ်းသပ်ကြည့်ချင်နေမိသည်။

စနစ်က ပြိုလဲသွားခဲ့တော့သည်။ “လက်ခံသူရဲ့ စိတ်ပိုင်းဆိုင်ရာကို ငါတကယ်ပဲ နားမလည်တော့ဘူး။ သူမကို ဘာလုပ်ချင်နေတာလဲ။ ဒါက မင်းရဲ့မိန်းမလေ”

“တကယ်လား”

“တကယ်ပေါ့”

“ကောင်းပြီ”

နှင်းဆီဧကရီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အစိမ်းရောင်ဓာတ်သဘာဝများဖြင့် လွှမ်းခြုံသွားခဲ့တော့ သည်။ ပြီးသည့်နောက်မှာတော့ အစိမ်းရောင်တိုက်ပွဲဝင်ချပ်ဝတ်တစ်ခုသည် သူမ၏ ခန္ဓာကိုယ်ပေါ်၌ ဖြစ်တည်လာ သည်။ “တကယ်လို့ ကျွန်မနိုင်သွားမယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး အားလုံးကို ပေးရမယ်”

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် ပြောပြောပြီးခြင်းမှာပဲ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်းကို ချက်ချင်း နားလည်မိလိုက်၏။ ထို့ကြောင့် ထ၍ အော်လိုက်၏။ “ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျုပ်နိုင်ရင်တော့ တစ်ဝက် ရမယ်။ ကျုပ်ရှုံးသွားရင်တော့ အကုန်ပေးရမယ်ဟုတ်လား”

နှင်းဆီဧကရီက ရယ်မောလိုက်သည်။ “အရင်တုန်းက ကတိစကားကလည်း ဒီလိုပဲ ပြောခဲ့တာပဲ မဟုတ်လား။ ဒီတော့ အခုအချိန်ထိ မှတ်မိနေသေးတယ်နဲ့တူတယ်။ ယောက်ျားက တကယ်ပဲ နှလုံးသားထဲမှာ ကျွန်မကို ထည့်ထားတာ ဖြစ်မယ်”

“..........”

ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ဓာတ်ကျသွား၏။ “လိုရင်းကို ပြောရအောင်။ ခင်ဗျားနိုင်သွားမယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတွေအားလုံး ခင်ဗျားဟာပဲ။ တကယ်လို့ ကျုပ်နိုင်သွားမယ်ဆိုရင် စိတ်ဝိညာဉ် ကျောက်တုံး အားလုံးက ကျုပ်ဟာပဲ”

“ကောင်းပြီ။ ဒါဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့”

ဟူး ဟူး

၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ဓားနှင့်သိုင်းသူတော်စင် ပြည့်စုံသည့်အဆင့် ကျင့်ကြံခြင်းများ ထွက်ပေါ်လာခဲ့တော့သည်။ လေလှိုင်းတစ်ခုလုံးတွင် ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများအဖြစ် ဖြစ်တည်လာခဲ့သည်။ သို့ပေမဲ့ သူသည် အားကုန်ထုတ်၍ အသုံးမပြုခဲ့ချေ။ သို့ပေမဲ့ သူသည် အားသုံးတာ လွန်သွားသောကြောင့် သူ၏ ဆံပင်တုကြီးသည် အဝေးဆီသို့ လေနှင့်အတူ လွင့်မျောသွားခဲ့တော့၏။ တောက်ပြောင်လျက်ရှိနေသော ခေါင်းတုံးသည် လွင်တီးခေါင် ထဲတွင် ထီးထီးကြီး ပေါ်လာလေသည်။

ကျွင်းချောင်ရှောင်း “....”

နှင်းဆီဧကရီ “...”

စနစ်သည် မည်သို့မှ မနေနိုင်တော့ဘဲ အားရပါးရ ထ၍ ရယ်မိလိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် ဆံပင်တုကြီး လွင့်စင်သွားသည်ဆိုသော်လည်း မည်သို့မှ ဂရုမစိုက်လှချေ။ သူ၏ လက်သီး တွင် ထူးဆန်းလွန်းလှသော စွမ်းအင်များကို စုစည်းကာဖြင့် အချိန်မရွေး တိုက်ခိုက်ရန် ပြင်လိုက်၏။

နှင်းဆီဧကရီကလည်း ပိုမိုကာ လေးနက်လာခဲ့သည်။ ထို့အပြင် သူမ၏ယောက်ျားသည် လက်ရှိအချိန်၌ အလွန်တရာ အားကောင်းနေသည် မဟုတ်ပါလား

ဟူး ဟူး

အားကောင်းလွန်းလှသော လှိုင်းနှစ်ခုသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် ဖြစ်တည်လာခဲ့တော့၏။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင်တော့ လင်မယားနှစ်ယောက်တို့၏ တိုက်ပွဲသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဟုန်မျိုးနှင့် ဖြစ်တည်လာတော့မှာ သေချာ၏။

သူတို့နှစ်ယောက် တိုက်ခိုက်ရန် ပြင်နေသည့်အချိန်မှာပဲ ကောင်းကင်ယံထက်တွင် နက်မှောင်လျက်ရှိနေသာ တိမ်မဲကြီးများသည် စုစည်းလာခဲ့သည်။

လေးနက် တည်ကြည်လွန်းသော အသံကြီးတစ်ခုသည် ထွက်ပေါ်လာ၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျွင်းချောင်ရှောင်းက စည်းမျဉ်းစည်းကမ်းတွေကို ကျော်ဖြတ်ပြီးတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်ရောက်ခဲ့တယ်။ တရားမဝင် နည်းလမ်းတွေကို အသုံးပြုပြီး ကျယ်ပြောကုန်းမြေတိုက်ကြီးရဲ့ တည်နေရာ အတားအဆီးခံတပ်ကိုလည်း ဖျက်ဆီးခဲ့တယ်။ ဒီတော့ အထက်နယ်မြေရဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှုကို ခံရလိမ့်မယ်”

All Chapters