ကောင်းကင်ဘုံလျှပ်စီးနှင့် ထူးခြားသော မီးတောက်၏ စွမ်းအား
Vol. 27 Ch. 373
ဝုန်း...
ချိုင့်ဝှမ်းထက်တွင် ရှိနေသော သွေးနီရောင် တိမ်တိုက်များမှာ ပြင်းထန်စွာ လှုပ်ခါလာခဲ့ပြီး ချက်ချင်း ဆိုသလိုပင် သွေးနီရောင် မိုးကြိုးတိမ်တိုက်များမှာ ဓားကပ်ဘေး တောင်ထွတ်၏ တပည့်များ ပေါ်သို့ မိုးစက်မိုးပေါက်များ ရွာချလိုက်သကဲ့သို့ ကျဆင်းလာခဲ့သည်။
ကျဆင်းလာသော မိုးကြိုးတိမ်တိုက်များ၏ ပတ်ပတ်လည်တွင် မီးတောက်များ လောင်ကျွမ်း နေလေသည်။
အစီအရင်၏ စွမ်းအင်နှင့် ရင်ဆိုင်ရသောအခါတွင် လီထျန်း၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားခဲ့ပြီး မျက်ဝန်းများမှာ သတိအပြည့်နှင့် ရှိနေခဲ့၏။
ထို့နောက် လီထျန်း၊ လုရွှမ်းယင်နှင့် အခြားတပည့်များမှ စွမ်းအားပြင်းလှသော ချီစွမ်းအင်များကို ထုတ်လွှတ်ကာ အကာအကွယ် အလွှာကို ပို၍ထူထပ်စေခဲ့ပြီး အစီအရင်မှ ထွက်ပေါ်လာသော တိုက်ခိုက်မှုများကို အတူတကွ တွန်းလှန်နိုင်ရန် ကြိုးစားခဲ့ကြလေသည်။
ဝုန်း.....ဝုန်း..
လောင်ကျွမ်းနေသော မိုးကြိုး တိမ်တိုက်များမှာ ဓားပူပူဖြင့် ထောပတ်တုံးကို လှီးနေသည့် အလား လီထျန်းတို့၏ ချီစွမ်းအင် အကာအကွယ်အား တစ်လွှာပြီးတစ်လွှာ ချိုးဖောက်နေခဲ့၏။
အလွှာတစ်ခု ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် လီထျန်းတို့အုပ်စုမှ ချီစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ကာ အကာအကွယ်ကို ဆက်၍တည်မြဲစေရန် ကြိုးစားလျက် ရှိသည်။
ဝုန်း...ဝုန်း...
လီထျန်းတို့မှ ဆက်၍ ကာကွယ်နေသကဲ့သို့ လောင်ကျွမ်းနေသော မိုးကြိုးတိမ်တိုက် များကလည်း ဆက်လက် ထိုးဖောက်နေလျက် ရှိ၏။
ချိုင့်ဝှမ်းတစ်ခုလုံးမှာ စွမ်းအင်လှိုင်း ဂယက်များကြောင့် တုန်ခါနေလျက်ရှိပြီး မြေပြင်များပင် အက်ကွဲလာခဲ့ကာ ချိုင့်ဝှမ်းမှာ ဖုန်တထောင်းထောင်း ထနေလေသည်။
ဇူယွမ်မှာ ကျောက်တုံး တစ်ခုပေါ်၌ တည်ငြိမ်စွာ ထိုင်နေလျက် ရှိ၏။ ထို့နောက် မျက်လုံးများကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်ခုံးကြားထဲမှ စိတ်ဝိညာဉ်မှာ လင်းလက် တောက်ပလာခဲ့သည်။ ဤမျှအဆင့်မြင့်သော အစီအရင်တစ်ခုလုံးကို နိုင်နင်းအောင် ထိန်းချုပ်ရခြင်းမှာ ဇူယွမ်၏ စိတ်ဝိညာဉ်ကိုလည်း များစွာ ထိိခိုက်စေ၏။
အကယ်၍သာ ဇူယွမ်၏စိတ်ဝိညာဉ်မှာ အလယ်အလတ် ဒြပ်ထည့်အဆင့်သို့ မရောက်ရှိသေးပါက တိုက်ခိုက်မှု တစ်ကြိမ်မျှ လုပ်ဆောင်ပြီးလျှင်ပင် ခြေကုန်လက်ပမ်း ကျရပေလိမ့်မည်။
ချိုင့်ဝှမ်း အပြင်ဘက်တွင် ရှိနေကြသော အခြားတောင်ထွတ်မှ တပည့်များမှာ ရင်သပ်ရှုမောစွာဖြင့် ဇူယွမ်တို့၏ တိုက်ပွဲအား မျက်တောင်ပင် မခတ်နိုင်ပဲ စောင့်ကြည့်နေလျက် ရှိ၏။
ထိုသို့ စောင့်ကြည့်နေရင်းနှင့်ပင် ရှုပ်ထွေးလှသော ခံစားချက်များနှင့် မေးခွန်းများ ပေါ်ပေါက် လာခဲ့ရသည်။ ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး ရွှေခါးတပည့်များမှာ ဇူယွမ် တစ်ယောက်တည်း၏ ချောင်ပိတ်ရိုက်သော တိုက်ခိုက်မှုအား ခံစားရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။
ထို့နောက် တပည့်များမှာ ကျောက်တုံးထက်တွင် ထိုင်နေသော ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော ပုံရိပ်အား ငေးကြည့် လိုက်ကြပြီး မျက်ဝန်းများတွင် လေးစားအားကျမှုများ ပြည့်နှက်နေလျက် ရှိ၏။
ဒီနေ့မတိုင်မီတွင် တပည့်အားလုံးမှ ဇူယွမ်မှာ အတွင်းတောင်သို့ အခုမှ ရောက်လာသော တပည့်အသစ်လေး တစ်ယောက်ဟုသာ သတ်မှတ် ထားခဲ့ကြသည်။ ဇူယွမ်မှာ အရည်အချင်း တချို့အား ထုတ်ဖော် ပြသခဲ့ပါသော်လည်း ကလန်ထဲရှိ အတွင်းတောင် တပည့်များနှင့် နှိုင်းယှဥ်ရန် များစွာ လိုအပ်နေသေးသည်ဟု ထင်ခဲ့ကြပြီး မည်သူကမှ ဇူယွမ့်အား အလေး မထားခဲ့ကြပေ။ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ အစီအရင်အား ချိုးဖြတ်နိုင်ခဲ့သော ကိစ္စတွင်ပင် ဇူယွမ့်အား အထင်မကြီးခဲ့ပဲ ယောင်ယောင်၏ အောင်မြင်မှုအား နာမည် အသားစီးယူချင်သူဟုပင် စွပ်စွဲခဲ့ကြ၏။
သို့သော်လည်း ယနေ့တွင် ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှ အထူးချွန်ဆုံး ရွှေခါးတပည့်များနှင့် ရင်ဆိုင်နေခဲ့ရပြီး ဆိုးရွားသော အခြေအနေ၌ပင် တိုက်ပွဲ အလှည့်အပြောင်းများကို ပြုလုပ်နိုင်ခဲ့သဖြင့် လူတိုင်းအား အမှန်တကယ် အံ့အားသင့် စေခဲ့လေသည်။
အတွင်းတောင်သို့ ရောက်ရှိလာသည်မှာ လပိုင်းမျှသာ ရှိသေးသော ဇူယွမ်ဟူသည့် ဤတပည့် အသစ်လေးသည် သူ၏စီနီယာ အစ်ကိုတော်၊ အမတော်များနှင့် ယှဥ်ပြိုင်ရန်ပင် အရည်အချင်း ပြည့်မီနေခဲ့ပြီ ဖြစ်၏။
ဝုန်း....ဝုန်း..
သွေးနီရောင်မိုးကြိုးတိမ်တိုက်များမှာ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့ပြီး အဆုံးမဲ့ သွေးနီရောင် လျှပ်စီးများ အဖြစ်သို့ ပြောင်းလဲစေကာ ပြင်းထန်သောဖိအားကို ထုတ်လွှတ် နေလျက် ရှိသည်။
ချိုင့်ဝှမ်းအတွင်း၌ လီထျန်းနှင့် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ နောက်ဆုံး ကျန်ရှိသော အကာအကွယ်လွှာအား ခက်ခဲစွာ ကာကွယ်နေရလေသည်။
“အစီအရင်က ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်တွေကို ဆက်တိုက် စုပ်ယူလို့ ရနေမှတော့ ငါတို့ကပဲ အရင်စွမ်းအားတွေ ကုန်ခမ်းသွားရလိမ့်မယ်” လီထျန်းမှာ ကျယ်လောင်စွာဖြင့် အော်ဟစ် ပြောဆိုလိုက်၏။
အခြားတပည့်များမှ တုန်လှုပ်ချောက်ချားနေသော အမူအရာများဖြင့် မေးမြန်းလိုက်ကြလေသည်။ “အခု.....ကျွန်တော်တို့ ဘယ်...ဘယ်လိုလုပ်ကြမလဲ”
လီထျန်းမှာ ကောင်းကင်ထက်ရှိ သွေးနီရောင် တိမ်တိုက်များအား မော့ကြည့်ကာ စကား ဆိုလိုက်၏။ “ငါတို့က ကာကွယ်ဖို့ပဲ အားစိုက်နေရင်တော့ ဘာမှထူးလာမှာ မဟုတ်ဘူး။ တိမ်တိုက်တွေကို ဖြိုခွဲပြီး အစီအရင်ကို ချိုးဖြတ်နိုင်အောင် လုပ်ရမယ်”
“ငါတို့ရဲ့ အကောင်းဆုံး တိုက်ခိုက်မှုတွေကို သုံးပြီးတော့ တိမ်တိုက်တွေကို ဖျက်ဆီး ပစ်ရမယ်”
“ဒါပေမဲ့ အကာအကွယ်လွှာကို ဖယ်ပစ်လိုက်ပြီဆိုတာနဲ့ မိုးကြိုးတွေဆီကနေ ကျွန်တော်တို့ ဘယ်လို ရှောင်လို့ရတော့မှာလဲ”
လီထျန်း၏ ဘေးတွင်ရှိနေသော လုရွှမ်းယင်မှာ အံကိုကြိတ်ကာ ကျောက်စိမ်းလုံးကြီး တစ်ခုအား ထုတ်ပြလိုက်ပြီး ထိုကျောက်စိမ်းလုံး ပေါ်တွင် မူလမှော်စာလုံးများစွာ ပါဝင်နေပေသည်။
“စီနီယာ အစ်ကိုတော်လီထျန်း ကျွန်မမှာရှိတဲ့ ဒီနတ်ဘုံခန်းဝါ ပင်လယ် ကျောက်စိမ်း ပုလဲလုံးက အကာအကွယ်အတွက် အသုံးဝင်တယ်။ အချိန် နည်းနည်းလောက်တော့ ကျွန်မ ကာကွယ် ပေးထားလို့ ရလိမ့်မယ်”
ထိုကျောက်စိမ်းလုံးအား မြင်လိုက်ရသော အချိန်တွင် လီထျန်း၏မျက်လုံးများပင် ပြူးကျယ် သွားခဲ့ရသည်။ နတ်ဘုံခန်းဝါပင်လယ် ကျောက်စိမ်းပုလဲလုံးသည် တောက်ပသော ရတနာခန်းမ၌ ရရှိနိုင်သော အကာအကွယ် ရတနာတစ်ခုဖြစ်ပြီး ကျောက်စိမ်းပြား သုံးထောင်ကျော်မျှ တန်ကြေးရှိသော အရာတစ်ခု ဖြစ်၏။ ခရမ်းရောင် ခါးစည်းအဆင့် တပည့်များသည်ပင် မစ်ရှင်များ သွားရောက် လုပ်ဆောင်ရမည့် အချိန်မှ စုဆောင်းဝယ်ယူကြခြင်း ဖြစ်သောကြောင့် လုရွှမ်းယင်ထံ၌ ထိုမျှလောက် တန်ဖိုးကြီးလှသော ရတနာတစ်ခု ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“အဲ့လိုဆို ဂျူနီယာညီမတော် လုရွှမ်းယင်ကိုပဲ အားကိုးရတော့မှာပဲ”
လုရွှမ်းယင်မှာ ခေါင်းညိတ်ပြကာ ဇူယွမ့်အားကြည့်၍ စကားဆိုလိုက်လေသည်။ “ကိစ္စမရှိပါဘူး။ ဇူယွမ်က ကျွန်မတို့ကိုနင်းပြီး အောင်မြင် သွားမှာထက်စာရင် ဒီလောက်က ဘာမှမဖြစ်ဘူး”
ပထမ၌ လုရွှမ်းယင်မှာ ဤတစ်ကြိမ်တွင်တော့ ဇူယွမ့်အား မှတ်လောက် သားလောက်အောင် သင်ခန်းစာပေးကာ သူမ၏ နှလုံးသားထဲရှိ အစိုင်အခဲများကို ချေဖျက်နိုင်တော့မည်ဟု ထင်မှတ်ခဲ့၏။ သို့သော်လည်း ဇူယွမ်မှ တိုက်ပွဲ အလှည့်အပြောင်းများကို ဖြစ်ပေါ်စေခဲ့ပြီး ယခုအချိန်တွင် အခန့်မသင့်ပါက သူမတို့ ဓားကပ်ဘေး တောင်ထွတ်တစ်ခုလုံး၏ ဂုဏ်သိက္ခာသည်ပင် အဖတ်ဆယ် မရအောင် ဖြစ်သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေရလေသည်။
ထိုသို့ဖြစ်သွားမည်ဆိုပါက ဓားကပ်ဘေး တောင်ထွတ်မှာ ကန်ရွှမ်းကလန်တွင် မျက်နှာ ရစရာပင် ကျန်တော့မည် မဟုတ်ပေ။ ထို့အပြင် သူမတို့ တစ်အုပ်စုလုံးမှာလည်း ကြီးလေးသော အပြစ်ဒဏ်ကို ခံယူရပေလိမ့်မည်။
တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား တွေးတောမိသောအချိန်တွင် လုရွှမ်းယင်၏ စိတ်ထဲ၌ ကြောက်စိတ်များ များစွာ မြင့်တက်လာခဲ့ပြီး သူမမှာ အလောင်းအစား ကြီးကြီးတစ်ခုကို ပြုလုပ်နေရခြင်း ဖြစ်ကြောင်း သတိဝင်လာခဲ့၏။ မည်သည့်နည်းနှင့်ပင် လုပ်ဆောင်ရပါစေ ဇူယွမ့်အား အနိုင်ရအောင် တိုက်နိုင်မှသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးတော လိုက်ပြီးနောက် လုရွှမ်းယင်မှာ သူမ၏လက်အား ခါယမ်း လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုံခန်းဝါပင်လယ် ကျောက်စိမ်းပုလဲလုံးမှာ အစက်အပြောက်များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီး ကောင်းကင်ထက်သို့ ထိုးတက် သွားခဲ့ကာ ချက်ချင်းဆိုသလိုပင် သမုဒ္ဒရာ တစ်ခုကဲ့သို့ ပြန့်ကားသွားကာ လုရွှမ်းယင်တို့အုပ်စုအား ပတ်ပတ်လည်မှ ကာကွယ် ထားလိုက်၏။
ထိုကာကွယ်ထားသော ရေပြင်ထက်၌ မူလမှော်စာလုံးများ မှေးမှိန်စွာ လင်းလက် နေလျက်ရှိပြီး ပြင်းထန်သော စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေလျက် ရှိပေသည်။
ဝုန်း...ဝုန်း
မိုးကြိုး တိမ်တိုက်များမှာ သမုဒ္ဒရာရေပြင်အား အကဆက်မပြတ် တိုးဝင်နေလျက် ရှိသော်လည်း ရေအကာအကွယ်အား အနည်းငယ်မျှပင် ထိုးဖောက်နိုင်ခြင်း မရှိပေ။
သို့သော်လည်း အကြိမ်ရေများစွာ ဆက်လက် တိုးဝင်နေသည်နှင့် အမျှ ရေပြင် အကာအကွယ်မှာ ပို၍ပို၍ ပါးလွှာလာခဲ့လေသည်။
လုရွှမ်းယင်မှ စိုးရိမ်စွာနှင့် စကားဆိုလိုက်၏။ “စီနီယာအစ်ကိုတော် လီထျန်း နတ်ဘုံခန်းဝါ ပင်လယ် ကျောက်စိမ်းပုလဲလုံးက အကြာကြီး မခံတော့ဘူးနဲ့ တူတယ်”
လီထျန်းမှ ခေါင်းညိတ်ပြကာ ဇူယွမ်အားကြည့်၍ ပြောလိုက်သည်။ “ငါတို့ရဲ့ ချီစွမ်းအင်တွေကို ပူးပေါင်းပြီး ဓားသွားအဖြစ် ပြောင်းလဲပြီးတော့ မိုးကြိုး တိမ်တိုက်တွေကို ထိုးဖောက်ကြမယ်”
ဝုန်း..
လီထျန်း၏ စကားအား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့ပြီး ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ် နေလျက် ရှိပေသည်။
လီထျန်းမှာ သူ၏လက်နှစ်ဖက်အား ချိတ်ဆက်လိုက်၏။ သူသည် ထိုချီစွမ်းအင်များကို ချုပ်ကိုင်ထားရသူ ဖြစ်ပြီး ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင် လှိုင်းလုံးကြီးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပေသည်။ ထိုကဲ့သို့ ကြီးမား ပြင်းထန်လှသော စွမ်းအင်များကို ထိန်းချုပ် နေရခြင်းကြောင့် လီထျန်း၏ နဖူးကြောများပင် ထောင်လာရပြီး မျက်ဝန်းများပါ ရဲတွတ် လာခဲ့ရသည်။
လီထျန်းမှာ အံကိုတင်းတင်းကြိတ်ကာ ချီစွမ်းအင်များကို စတင်ထိန်းချုပ် လိုက်ပြီး များစွာသော အကြည့်များ၏ အောက်၌ပင် ချီစွမ်းအင်လုံးကြီးမှာ တဖြည်းဖြည်းနှင့် ပေရာကျော်မျှ ရှိသော ဓားကြီးတစ်လက် အသွင်သို့ ပြောင်းလဲသွားခဲ့၏။
ဓားကြီးမှာ လင်းလက် တောက်ပနေလျက်ရှိကာ အလွန်ထက်ရှသော ဖိအားများကို ထုတ်လွှတ်လျက် ကောင်းကင်ထက်သို့ ဆန်တက်နေခဲ့သည်။ ဓားမှထုတ်လွှတ် နေသော ဖိအားများမှာ ပြင်းထန် လှသောကြောင့် မူလစဦး ဆဋ္ဌမအဆင့်တပည့်များပင် ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ချေ။
“လီထျန်းက တော်တော် အရည်အချင်း ရှိတာပဲ။ သူက တခြားတပည့်တွေရဲ့ စွမ်းအင်တွေကိုတောင် စုစည်းပြီးတော့ ဓားအဖြစ် ပြောင်းနိုင်သေးတယ်” စောင့်ကြည့်နေသော တပည့်များမှ သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် အသိအမှတ်ပြုလိုက်ကြလေသည်။
“ဓားကပ်ဘေးတောင်ထွတ်က နည်းလမ်းတွေက ထူးခြားပြီးတော့ သူတို့လေ့ကျင့်ရတဲ့ ချီစွမ်းအင် သဘောသဘာဝတွေက တူညီကြတယ်”
“တကယ်လို့သာ လီထျန်းက မိုးကြိုး တိမ်တိုက်တွေကို ဖျက်ဆီးနိုင်ခဲ့ရင် ဇူယွမ်ရဲ့ အစီအရင်ကလည်း ပျက်စီးသွားမှာပဲ။ ကျွတ်...လီထျန်းက ဓားကပ်ဘေး တောင်ထွတ်ရဲ့ အတော်ဆုံး ရွှေခါးစည်း တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ကိုက်ညီတာပဲ။ ဒီလိုခက်ခဲတဲ့ အခြေအနေထဲမှာတောင် ထွက်ပေါက် တစ်ခုကို ရအောင်ရှာနိုင်တယ်”
ကျောက်တုံးထက်တွင် ထိုင်နေခဲ့သော ဇူယွမ်မှာလည်း လီထျန်းတို့၏ အကြံအစည်ကို ရိပ်မိ သွားခဲ့ပြီးနောက် စိတ်ဝိညာဉ် စွမ်းအင်များ ပို၍ကျစ်လျစ် သိပ်သည်းစွာ ထွက်ပေါ်လာကာ သွေးနီရောင် မိုးကြိုးတိမ်တိုက်များအား ဝဲကတော့တစ်ခု အသွင်သို့ ပြောင်းလဲစေလိုက်၏။
ခက်ခဲလှသော အစီအရင်အား ပြင်းထန်စွာ ထိန်းချုပ်နေရခြင်းကြောင့် ဇူယွမ်၏ စိတ်ဝိညာဉ်မှာ စတင်ထိခိုက်လာခဲ့ပြီး မျက်ဝန်းထောင့်မှပင် သွေးများစတင် စီးကျ လာခဲ့သော်လည်း ဇူယွမ်မှာ ရပ်တန့်လိုက်မည့် အရိပ်အယောင်ပင် ရှိမနေခဲ့ချေ။ ဤအချိန်မှသာ ရပ်တန့်လိုက်မည် ဆိုပါက အစောပိုင်း၌ ကြိုးစားထားခဲ့ရသော ကြိုးစားမှုအားလုံးအား ဖြုန်းတီးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ဇူယွမ်၏ စိတ်ဝိညာဉ်မှာ ထိခိုက်အက်ကွဲ လာခဲ့သော်လည်း ဇူယွမ်မှာ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ ထို့နောက် သူတော်စင် မှော်စာလုံးမှာ စတင်၍ လင်းလက်ခဲ့ပြီး ဇူယွမ်၏စိတ်ဝိညာဉ်အား စွမ်းအင်ပြန်လည် ဖြည့်တင်းပေးလာခဲ့ပေသည်။
စောင့်ကြည့်နေကြသော အကြည့်များစွာ၏ အောက်၌ပင် နှစ်ဦးနှစ်ဖက်လုံးမှ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို ပြင်ဆင်ထားခဲ့ကြ၏။
လီထျန်းမှာမျက်နှာတစ်ခုလုံးရှိ အကြောများ ထောင်ထ နေရသောကြောင့် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။ ထို့နောက် လီထျန်းမှာ တောက်ပနေသော ချီစွမ်းအင် ဓားသွားကြီးအား ကြည့်လိုက်ပြီးနောက် ဇူယွမ့်အား စူးရဲစွာ ကြည့်ကာ စကားဆိုလိုက်၏။
“ဓားကပ်ဘေးတောင်ထွတ်ကို အနိုင်ယူပြီး နာမည်ကြီးမယ် ထင်နေရင်တော့ မင်းကအိပ်မက် မက်နေတာပဲ”
“အိပ်မက်ကနေ နိုးလိုက်တော့”
လီထျန်းမှ အော်ဟစ် လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် တောက်ပနေသော ဓားသွားကြီးမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားကာ တိမ်တိုက်ဝဲကတော့နားသို့ ရောက်ရှိသွားခဲ့ပြီး သွေးနီရောင် မိုးကြိုးတိမ်တိုက်များ ထံသို့ တိုးဝင်သွားခဲ့သည်။
တင်းကျပ်စွာ ပိတ်ထားသော ဇူယွမ်၏ မျက်ဝန်းများမှာ ပြန်လည်ပွင့်ဟလာကာ မျက်လုံးထောင့်မှ သွေးစက်များ စီးကျလာခဲ့၏။ ဇူယွမ်၏ စိတ်ဝိညာဉ်မှာ အလုံးစုံ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။ ထို့နောက် သွေးနီရောင်တိမ်တိုက်ဝဲကတော့အား မော့ကြည့်ကာ အော်ဟစ်လိုက်၏။
“သွေးနီရောင်လျှပ်စီး မီးတောက်”
ဝုန်း...
မိုးကြိုး တိမ်တိုက်များထဲမှ ပေရာကျော်မျှရှိသော ကြီးမားသည့် သွေးနီးရောင် မီးလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး မီးလုံးကြီးအား မိုးကြိုးလျှပ်စီးများမှ ကာရံထားလျက်ရှိကာ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေလျက် ရှိသည်။ ထိုမီးလုံးကြီး ပေါ်ထွက် လာသည်နှင့်တကွ အစီအရင်မှာ စတင်၍ အက်ကွဲလာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ထိုမီးလုံးကြီးမှာ အစီအရင်၏ စွမ်းအင်အလုံးစုံအား စုပ်ယူသွားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ဝုန်း..
စောင့်ကြည့်နေကြသော အကြည့်များစွာ၏ အောက်၌ပင် သွေးနီရောင်မီးလုံးနှင့် ချီစွမ်းအင် ဓားသွားတို့ တွေ့ဆုံသွားခဲ့ကြပြီး ဖြစ်ပေါ်လာသော စွမ်းအင် လှိုင်းဂယက်များကြောင့် ချိုင့်ဝှမ်း တစ်ခုလုံးပင် တုန်ခါလာခဲ့၏။
စူးဝမ်နှင့် အခြား တပည့်များသည်ပင် ချိုင့်ဝှမ်းအနားမှ ဆုတ်ခွာ လိုက်ကြပြီး အဝေးတစ်နေရာမှ ချိုင့်ဝှမ်းအား ဆက်လက် စောင့်ကြည့်နေခဲ့လေသည်။
ပြင်းထန်လှသော စွမ်းအင် လှိုင်းဂယက်များမှာ အချိန်အတော်ကြာထိ လှုပ်ခတ် နေခဲ့ပြီးနောက် ဖြည်းညင်းစွာဖြင့် ပြန်လည် တည်ငြိမ်လာခဲ့၏။
ချိုင့်ဝှမ်းတစ်ခုလုံးမှာ အလုံးစုံ ပျက်စီးသွားခဲ့ရပြီး မြေပြန့်ဒေသ တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရသည်။ မြေပြင်ပေါ်၌ ဖြစ်ပေါ်နေသော အပျက်အစီးပုံကြီးကို ကြည့်ခြင်းဖြင့် စွမ်းအင် လှိုင်းဂယက်မှာ မည်မျှဆိုးရွားစွာ ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိနိုင်၏။
“ဘယ်သူနိုင်သွားလဲ”
တပည့်များမှ မစောင့်နိုင်တော့ဟန်ဖြင့် မေးမြန်းလိုက်ကြ၏။
ညီညာနေသော ချိုင့်ဝှမ်း၏ မြေပြင်ထက်တွင် လုရွှမ်းယင်နှင့် အခြားသူများမှာ နေရာပင်မရွေ့ပဲ တည်ငြိမ်စွာ ရှိနေခဲ့ကြကာ ဇူယွမ်ရှိနေခဲ့သော ကျောက်တုံးမှာတော့ ဖုန်မှုန့်များ အဖြစ်သို့ ပျက်စီးသွားခဲ့ပြီး ဇူယွမ်မှာ မျက်ဝန်းထောင့်မှ သွေးများစီးကျနေလျက် ရှိလေသည်။
ချိုင့်ဝှမ်းပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ထို့နောက်...
“အု...”
“အာ့...”
လီထျန်းနှင့် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ် လိုက်ကြသဖြင့် စောင့်ကြည့်နေသော တပည့်များအားလုံးမှာ အံ့သြ သွားခဲ့ရသည်။
ထို့နောက် လင်းလက် တောက်ပနေသော နေရောင်ခြည်၏အောက်၌ပင် လီထျန်းတို့အုပ်စုမှာ တစ်ယောက်ပြီး တစ်ယောက် အရုပ်ကြိုးပြတ် သကဲ့သို့ လဲကျသွားခဲ့၏။
ထိုမြင်ကွင်းမှာ အလွန်ပင် တုန်လှုပ်ချောက်ချားစရာ ကောင်းလှပြီး ချိုင့်ဝှမ်း ပတ်ဝန်းကျင်ရှိ တပည့်များရော တောင်တန်းအပြင်ဘက်မှ တပည့်များပါ ဆွံ့အ သွားခဲ့ရလေသည်။