← Chapters

ဓားကပ်ဘေးတောင်ထွတ်၏ အဖွဲ့  ရှုံးနိမ့်သွားရခြင်း

Vol. 27 Ch. 374

ဓားကပ်ဘေးတောင်ထွတ်၏ အဖွဲ့  ရှုံးနိမ့်သွားရခြင်း

Vol. 27 Ch. 374

ဟူး.....

လေပြေလေညင်းလေးများ တိုက်ခတ်သွားပြီးနောက် ချိုင့်ဝှမ်း ပတ်ဝန်းကျင်ရှိ အပျက်အစီး ဖုန်မှုန့်များမှာ လေနှင့်အတူ ပါသွားကြလေသည်။

ချိုင့်ဝှမ်းအနီး၌ ရှိနေသည့် အခြားတောင်ထွတ်မှ ပါဝင်ယှဥ်ပြိုင် ကြသူများရော၊ တောင်တန်း အပြင်ဘက်မှ စောင့်ကြည့်နေသော တပည့်များပါ ချိုင့်ဝှမ်းထဲရှိ မြင်ကွင်းအား ကြည့်နေရင်း တောင့်တင်းသွားရ၏။ လေထုမှာ သွေးနံ့များ တထောင်းထောင်း ထနေဆဲဖြစ်ကာ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကလည်း တစ်ဦးပြီးတစ်ဦး တဘုန်းဘုန်း လဲကျနေလျက် ရှိသည်။

ထို့နောက် ကောင်းကင်ထက်မှ အလင်းတန်းများ ကျဆင်းလာကာ ဓားကပ်ဘေး တောင်ထွတ်မှ ဒဏ်ရာရကာ လဲကျနေသော တပည့်များကို ဆွဲယူသွားပြီး မြစ်ကြီးထဲသို့ ပစ်ချ၍ ပြိုင်ပွဲမှ ထုတ်ပယ်လိုက်၏။

စောင့်ကြည့် နေကြသော တပည့်များမှာ ထိုအချိန်မှသာ အသိစိတ် ပြန်ဝင်လာကြ​လေသည်။

ကောင်းကင်အလင်းတန်းမှ ဆွဲယူသွားပြီးနောက်တွင် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်နှစ်ဦးသာ ကျန်ရှိတော့သည်။

ကျန်ရှိသူနှစ်ဦးမှ အရှေ့ဖက်တွင် ရပ်နေသောသူမှာ လီထျန်းဖြစ်၍ ဆံပင်များရှုပ်ပွကာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာလည်း ဖြူရော်နေလျက် အလွန်ပင် သနားစရာ ကောင်းသောပုံစံ ဖြစ်နေ၏။

လီထျန်း၏နောက်တွင် မျက်စိမျက်နှာ ပျက်စွာနှင့် ရှိနေခဲ့သောသူမှာ လုရွှမ်းယင်ဖြစ်ပြီး အစောပိုင်းတိုက်ပွဲ၌ သူမ၏တာဝန်မှာ နတ်ဘုံခန်းဝါပင်လယ် ကျောက်စိမ်းပုလဲလုံးကိုသာ ထိန်းချုပ်ရန် ဖြစ်ပြီး ချီစွမ်းအင် ဓားသွားထဲသို့ စွမ်းအင်များ မထည့်ပေါင်းရသဖြင့် ကောင်းကင် အလင်းတန်းမှ ခေါ်ဆောင်ခြင်းတွင် မပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဇူယွမ်၏ အဝတ်အစားများမှာ စုတ်ပြဲနေခဲ့ပြီး မျက်လုံးထောင့်မှ သွေးစက်များ ယိုစီး ကျနေသော်လည်း တည်ငြိမ်စွာရှိနေသော အမူအရာက ပို၍ကြောက်မက်ဖွယ် ကောင်းစေ၏။

ဇူယွမ်မှာ ယိုစီးကျနေသော သွေးစက်များကို ဂရုပင်စိုက်ပုံမရပဲ လီထျန်းကိုသာ စူးစိုက်၍ ကြည့်လိုက်သည်။

ဇူယွမ်၏ အကြည့်ကြောင့် လီထျန်းမှာ စိတ်နှလုံးတို့ပင် တုန်ရီလာရပြီး စကားပြောတော့မည့် အချိန်မှာပင် ပါးစပ်အပြည့် သွေးတစ်လုတ်ကို အရင်အန်ထုတ်လိုက်ရ၏။ ထို့နောက် လီထျန်းမှာ နှုတ်ခမ်းထောင့်မှ သွေးများကို ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ကာ ခါးသက်စွာ ရယ်မော ပစ်လိုက်လေသည်။

“ဟားဟား... ဇူယွမ် မင်းကတကယ် တစ်ခုခုတော့ တစ်ခုခုပဲ” လီထျန်း၏အသံမှာ အက်ကွဲနေ၏။

လီထျန်းမှာ ဇူယွမ်အား အမဲလိုက်သလို လိုက်ခဲ့သော်လည်း အဆုံး၌ သူတို့လိုက်ခဲ့သော သားကောင်မှာ မုဆိုးဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဓားကပ်ဘေး တောင်ထွတ်မှ အထူးချွန်ဆုံးသော ရွှေခါးစည်းတပည့်များ အယောက် နှစ်ဆယ်ခန့် ပူးပေါင်ခဲ့သဖြင့် ဇူယွမ်အား အလွယ်တကူပင် အနိုင်ရရှိလိမ့်မည်ဟု ထင်ခဲ့ပါသော်လည်း ဇူယွမ်မှာ သူတို့၏ မျက်စိအောက်၌ပင် အစီအရင်တစ်ခုလုံးကို ရေးဆွဲနိုင်ခဲ့ပြီး တိုက်ပွဲ အလှည့်အပြောင်းများကို ဖြစ်ပေါ် စေခဲ့ရုံသာမက သူတို့တစ်အုပ်စုလုံးကိုပါ ရှုံးနိမ့် သွားစေခဲ့သည်။

ထိုသို့ မထင်မှတ်ထားသော တိုက်ပွဲရလဒ်နှင့်ပတ်သက်၍ လီထျန်းမှာ ခါးသက်စွာ ရယ်မော ပစ်လိုက်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပေ။ သို့သော်လည်း လီထျန်းသည် စိတ်ပျက် အားလျော့ခြင်းများ မရှိခဲ့ချေ။ လီထျန်းမှာ သူ၏ ဂုဏ်သိက္ခာကိုပင် ထည့်မတွက်ပဲ ဓားကပ်ဘေးတောင်ထွတ်မှ ရွှေခါးစည်း တပည့်ပေါင်းများစွာနှင့် ပူးပေါင်းကာ ဇူယွမ်အား တိုက်ခိုက်ခဲ့လေသည်။ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့ပါသော်လည်း အဆုံးတွင်တော့ ရှုံးနိမ့်ခဲ့ရ၏။ မည်သို့ပင် ဆိုစေကာမူ လီထျန်းတို့ ရှုံးနိမ့်ခဲ့ရခြင်းမှာ ဇူယွမ်အား လျှော့တွက်ခဲ့၍ မဟုတ်ပဲ ဇူယွမ်မှာ ဝှက်ဖဲများစွာ ရှိနေခြင်းကြောင့်သာ ဖြစ်လေသည်။

“ဇူယွမ်.........”

“မင်းက တကယ်ကြောက်ဖို့ ကောင်းတာပဲ......”

“တစ်ချိန်ကြရင် မင်းက ငါတို့ကန်ရွှမ်းကလန်ရဲ့ အတော်ဆုံး တပည့်ထဲက တစ်ယောက်တောင် ဖြစ်လာနိုင်တယ်..”

လီထျန်းမှာ အက်ကွဲစွာ ရယ်မော ပစ်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူသည်လည်း ခုနက ဖြစ်ပေါ်ခဲ့သောတိုက်ပွဲ၌ စွမ်းအင်များ ကုန်ဆုံးခဲ့ပြီး ဖြစ်လေသည်။

ဝှစ်...

ကောင်းကင်ပေါ်မှ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး လီထျန်းအား သယ်ဆောင် သွားခဲ့၏။

ဇူယွမ်မှာ မြင်ကွင်းထဲမှ လီထျန်းပျောက်ကွယ် သွားသည့် အချိန်မှသာ အဝတ်အစားများကို ဖုန်ခါလိုက်ပြီးနောက် မျက်ဝန်းထောင့်ရှိ သွေးစက်များကို သုတ်ပစ် လိုက်သည်။ မျက်ခုံးကြားထဲရှိ စိတ်ဝိညာဉ်မှ ပြင်းထန်စွာ နာကျင်နေခြင်းက ဇူယွမ့်အား ခေါင်းမူးစေ၏။ ဇူယွမ်မှာ စိတ်ဝိညာဉ်အား အလုံးစုံ အကန့်အသတ်ထိ တွန်းအားပေးခဲ့ခြင်းပင် ဖြစ်သည်။

အကယ်၍ လီထျန်းတို့ အုပ်စုသာ အနည်းငယ်ပိုပြီး တောင့်ခံထားနိုင်ခဲ့မည်ဆိုပါက ရှုံးနိမ့်ရသော သူမှာ ဇူယွမ်သာ ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ် ရင်ဆိုင်ခဲ့ရသော သူများမှာ ဓားကပ်ဘေး တောင်ထွတ်၏ အထူးချွန်ဆုံး ရွှေခါးစည်းတပည့်များဖြစ်သည့်အတွက် လွယ်ကူစွာ အနိုင်ရနိုင်မည့်သူ တစ်ယောက်တစ်လေမှ မပါဝင်ခဲ့သောကြောင့် ဖြစ်၏။ လီထျန်းတို့အုပ်စုမှ တစ်ဦးချင်းစီမှာ ဝေယိုရွှမ်းထက် ပို၍သန်မာကြသောသူများ ဖြစ်ပေသည်။

ကောင်းကင်ဘုံ လျှပ်စီးနှင့် ထူးခြားသောမီးတောက် အစီအရင်သာ မရှိခဲ့လျှင် ဇူယွမ်မှာ မည်သို့မှ အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့မည် မဟုတ်ပေ။ အစီအရင်ကြောင့်သာ အဆုံး၌ ပြုံးနေနိုင်ခဲ့ခြင်း ဖြစ်၏။

ရွေးချယ်ခြင်းပြိုင်ပွဲမှ လီထျန်း ဖယ်ရှား ခံလိုက်ရပြီးသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင် တောင်တန်း အတွင်းဖက်ရော၊ အပြင်ဘက်ပါ ဆူညံပွတ်လော ရိုက်သံများဖြင့် ပြည့်နှက် သွားလေတော့သည်။

သူတို့ဘာကို တွေ့လိုက်ရတာလဲ ...

ဇူယွမ်က တစ်ယောက်ထဲနဲ့ ဓားကပ်ဘေး တောင်ထွတ်က အတော်ဆုံး ရွှေခါးစည်း တပည့်တွေ အားလုံးကို ဖယ်ရှားပစ်နိုင်ခဲ့တာတဲ့လား ...

စောင့်ကြည့်နေကြသော တပည့်များမှာ အံ့သြလွန်းလှသဖြင့် ပါးစပ်ပင်မစိနိုင် ဖြစ်နေကြ၏။

ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် လူတစ်ဦးထဲက အခြားတောင်ထွတ်မှ ပါဝင်ယှဥ်ပြိုင်ကြသူများ အားလုံးကို ထုတ်ပယ် အနိုင်ယူနိုင်ခဲ့သည့်ကိစ္စမှာ ကန်ရွှမ်းကလန်၌ တစ်ခါမှပင် မဖြစ်ပေါ်ခဲ့ဖူးချေ။

“ဝိုး... ဒါကမယုံနိုင်စရာပဲ” တပည့်အချို့မှ အိပ်မက်တစ်ခုကို မြင်လိုက်ရသည့်အလား မိမိဘာသာပင် မယုံကြည်နိုင် ဖြစ်နေရသည်။

တပည့်များမှာ မှန်ချပ်ကြီးပေါ်၌ ပြသနေသော ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော ပုံရိပ်အား ငေးကြည့် နေကြရင်းဖြင့် မျက်ဝန်းများမှာ လေးစားမှုအရိပ်အယောင်များ ပြည့်နှက်လာခဲ့၏။ ယနေ့ဖြစ်ပေါ်ခဲ့သော တိုက်ပွဲရလဒ်ကြောင့် ကန်ရွှမ်းကလန်ထဲ၌ ဇူယွမ်၏ ဂုဏ်သတင်းမှာ ခရမ်းရောင်ခါးစည်း တပည့်များကိုပင် ကျော်လွန်သွားတော့မည် ဖြစ်သည်။

စောင့်ကြည့်နေကြသော တပည့်များ၏ လေးစား အားကျနေသည့် စကားသံများကို နားထောင်ရပြီးသည့် နောက်တွင် ဂူဟွမ်ချီ၏မျက်နှာလေးမှာ လင်းလက် တောက်ပ လာခဲ့၏။ ထို့နောက် ဂုဏ်ယူ ဝင့်ကြွားနေသော မျက်နှာလေးဖြင့် သူမနောက်ရှိ အံ့သြနေကြသော မိန်းကလေး တပည့်များထံ လှည့်ကာ မေးမြန်းလိုက်သည်။ “ကြည့်ရတာ ဘယ်လိုနေလဲ”

နင်တို့အကုန်လုံး ခုနက ဇူယွမ့်ကို လှောင်နေကြတာမလား ...  အခုတော့ နင်တို့ပဲ မယုံနိုင်အောင် အံ့သြနေရပြီဟုတ် ...

ဂူဟွမ်ချီ၏ မေးခွန်းကြောင့် မိန်းမငယ်လေးများမှာ တစ်ဦးကိုတစ်ဦး ကြည့်မိ လိုက်ကြသော်လည်း ဇူယွမ်တို့၏ တိုက်ပွဲရလဒ်ကြောင့် အလွန်ပင် အံ့သြနေခဲ့သဖြင့် စကားမပြော နိုင်လောက်အောင်ပင် ဆွံ့အနေခဲ့ကြ၏။

ဂူဟွမ်ချီမှာ မိန်းမငယ်လေးများ၏ အမူအရာကို ကြည့်ကာ အားရကျေနပ်စွာ ပြုံးလိုက်ပြီးနောက် တည်ငြိမ်နေသော အမူအရာဖြင့် ချင်းလန်ဘက်သို့ လှည့်ကာ မေးမြန်း လိုက်သည်။ “စီနီယာ အစ်ကိုတော်ချင်းလန်ရော ဘယ်လိုထင်လဲ”

ချင်းလန်၏ မျက်နှာအမူအရာမှာ အတော်ပင် ပျက်နေပါသော်လည်း အရှက်​ပြေရီကာ ပြန်ပြောလိုက်၏။ “ဟဲဟဲ...ဇူယွမ်က ကံကောင်းသားပဲ။ ခုနကတိုက်ပွဲမှာ သူရဲ့အစီအရင်ကလည်း အကန့်အသတ်ကို ရောက်နေခဲ့တာ။ တကယ်လု့ိသာ လီထျန်းတို့ အုပ်စုက နည်းနည်းလောက် ဆက်ပြီး တောင့်ခံနိုင်ခဲ့ရင် ရှုံးတဲ့လူက သူပဲဖြစ်သွားမှာ”

ချင်းလန်၏စကားလုံးများက ဂူဟွမ်ချီကိုသာမက ချင်းလန်အား သဘောကျသော မိန်းကလေး တပည့်များကိုပင် အထင်သေး သွားစေခဲ့သည်။  သူတို့အကုန်လုံးမှာ ချင်းလန်သည် သဘောထား သေးသိမ်၍ အမှန်တရားကို လက်သင့်မခံနိုင်သူဟုသာ ခံစားခဲ့ရ၏။

ဇူယွမ်မှာ တစ်ယောက်ထဲဖြင့် ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး ရွှေခါးစည်း တပည့်များအားလုံးကို အနိုင်ယူနိုင်ခဲ့လေသည်။ ထိုသည်တောင်မှ အမှန်တရားအား ချင်းလန်မှ လက်မခံနိုင် ဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် ချင်းလန်မှာ အလွန်သဘောထား သေးသိမ်သူ ဖြစ်ကြောင်း အကုန်လုံးမှ ခံယူလိုက်ကြလေတော့သည်။

အထင်သေးသွားကြသော အကြည့်များ၏ အောက်တွင် ချင်းလန်မှာ ရှက်လွန်းလှသဖြင့် မျက်နှာများပင် နီရဲလာခဲ့ရ၏။ ထို့နောက် ဇူယွမ်၏ပုံရိပ်အား ပြသနေသော မှန်ချပ်အား ကြည့်ကာ ဒေါသများ တလိပ်လိပ် ထွက်လာခဲ့ရသည်။

“အဟက်... ဦးနှောက်မရှိတဲ့ အကောင် လီထျန်းတို့အုပ်စုကို ထုတ်ပစ်နိုင်ရုံလေးနဲ့ တော်လှပြီ ထင်နေလား”

“ဓားကပ်ဘေး တောင်ထွတ်ရဲ့ ရွေးချယ်ခံနှစ်ယောက်က သူတို့တောင်ထွတ်ကို ကာကွယ်တဲ့ နေရာမှာ နာမည်ကြီးပဲ။ ဒီနေ့ မင်းရဲ့လုပ်ရပ်က သူတို့နှစ်ယောက်လုံးကို ဒေါသ ထွက်စေမှာ အမှန်ပဲ။ အဲဒါကြောင့် တစ်ချိန်ကြရင် မင်းအများကြီး ပေးဆပ်ရလိမ့်မယ်”

စိန်းထိုက်ယွမ်၏ တပည့်များမှာ အောင်ပွဲခံနေကြပြီ ဖြစ်ကာ အားလုံး၏မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းနေလျက် ရှိ၏။

အခြားတောင်ထွတ်မှ တပည့်များ၏ အကြည့်များမှာလည်း ယခင်ကဲ့သို့ အထင်အမြင် သေးခြင်းများ မရှိကြတော့ပေ။ ယနေ့ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် ပြသခဲ့သော ဇူယွမ်၏စွမ်းရည်ကြောင့် မည်သူမှ မူလသူတော်စင်တောင်ထွတ်အား မထီမဲ့မြင် မပြုရဲတော့ပေ။

ဇူထိုက်မှ သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။ “ဂျူနီယာညီတော်ဇူယွမ်က တကယ်ကို အရမ်းအံ့သြဖို့ ကောင်းတာပဲ”

ဇူယွမ်၏ အနိုင်ရရှိမှုသည် စိန်းထိုက်ယွမ်တို့ အုပ်စု၏ ဂုဏ်သိက္ခာအား ​များစွာမြှင့်တင် ပေးနိုင်မည်မှာ အသေအချာပင် ဖြစ်၏။

စိန်းထိုက်ယွမ်မှာ ဇူယွမ်၏ပုံရိပ်အား ကြည့်နေရင်း မုတ်ဆိတ်ကို ပွတ်ကာ တပြုံးပြုံး ဖြစ်နေလေသည်။

“အဖိုးကြီးစိန်း ကြည့်ရတာ ဒီတစ်ခါတော့ မင်းက ရတနာပိုက်မိ လိုက်တဲ့ပုံပဲ” အကြီးအကဲ လုစုန့်မှာ ရီကာမောကာဖြင့် စိန်းထိုက်ယွမ်ဖက်သို့ လျှောက်လှမ်းလာကာ စကား ဆိုလိုက်​လေသည်။ လုစုန့်၏ စကားသံမှာ မနာလိုမှုများ အတိုင်းသားပင် ရောပွမ်းနေ၏။

ဇူယွမ်မှာ ယနေ့ကျင်းပသော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ၌ အထူးချွန်ဆုံးသူ ဖြစ်ခဲ့သဖြင့် စိန်းထိုက်ယွမ်တို့အုပ်စုမှာ အမှန်ပင် မျက်နှာရတော့မည် ဖြစ်သည်။

ပြောရမည်ဆိုလျှင် မူလသူတော်စင် တောင်ထွတ်မှ ထိုကဲ့သို့သော အံ့သြစရာ တိုက်ပွဲ အောင်မြင်မှုများ မရရှိခဲ့သည်မှာ အချိန်အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

အနီးတွင်ရှိနေသော လုယန်းနှင့် အခြားသူများမှာလည်း မျက်လုံးများ ပြူးကျယ်သွားအောင် အံ့သြနေခဲ့ရသည်။ လုယန်းမှာ အလွန်အံ့သြနေသော အမူအရာဖြင့် ရေရွတ်လိုက်၏။ “ဒီကောင်လေးက လုံးဝကို သာမန်နဲ့မတူဘူး။ တော်တော်ထူးခြားတယ်”

လုယန်းအနားတွင်ရှိနေသော တပည့်တစ်ဦးမှာ တိုးတိတ်စွာ စကားဆို လိုက်လေသည်။ “စီနီယာ အစ်မတော် အခုရော ဇူယွမ်က အစ်ကိုတော်ချူချင်းလို ဖြစ်လာလိမ့်မယ်လို့ လက်ခံပြီလား”

လုယန်းမှာ ေဒါသထွက်သွားပြီး ထိုတပည့်အား ရိုက်ရန် လက်ရွယ်လိုက်၏။ “နင်တော့ သေချင်နေပြီလား”

ထို့နောက် လုယန်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နှုတ်ခမ်းများကို ဖိကိုက်ကာ ရေရွတ်လိုက်သည်။ “ဇူယွမ်က ကြောက်စရာကောင်းလောက်အောင် အရည်အချင်း ရှိတာကိုတော့ ငါဝန်ခံရလိမ့်မယ်။ ဒါပေမဲ့ အခုတော့ အစ်ကိုတော်ချူချင်းနဲ့ နှိုင်းလို့မရသေးဘူး”

ထိုစကားကို ပြောပြီးသည့်နောက် လုယန်းမှာ ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော ပုံရိပ်အား ပြသနေသော မှန်ချပ်ထံသို့ ငေးမောကြည့်ရှုကာ စကားဆက်လိုက်၏။

“ဒါပေမဲ့ နောက်သုံးနှစ်လောက်ဆိုရင်တော့ သူကလည်း အစ်ကိုတော် ချူချင်းလိုပဲ ကန်ရွှမ်းကလန် တစ်ခုလုံးရဲ့ အတော်ဆုံးတပည့် ဖြစ်လာနိုင်တယ်”

“ဇူယွမ်က တကယ်ကို ငါတို့မူလ သူတော်စင်တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတောက်ပ စေနိုင်မယ့်သူ ဖြစ်လာလိမ့်မယ်”

All Chapters