တန်ပြန်ထိုးဖောက်ခြင်း
Vol. 12 Ch. 39
ဆုဗာနာတွင် ပေါ်တယ်ပွင့်မလာခင် ငါးမိနစ်အလို။
မှော်ပညာကမ္ဘာ။
လန်ဒန်မြို့ကြီးတစ်မြို့လုံးကတော့ ရစရာမရှိအောင် ပျက်စီး နေခဲ့ပါပြီ။
ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ရေမွန်က မောဟိုက်စွာ အသက်ရှုနေရင်းကနေ သူ့ရှေ့က အေမီကိုကြည့်လိုက် ပါတယ်။ အေမီရဲ့ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်နေပြီးတော့ တည်ရှိမှုဝေဝါးတဲ့ဖြစ်စဥ်က ပိုဆိုးလာကာ အဖြူအမည်း ပုံရိပ်အဖြစ်ကို ပြောင်းလဲလာတယ်။ မကြာခင်မှာ ပျောက်ကွယ်သွားတော့မယ့်ပုံစံနဲ့ ဂယက်တွေထနေသေးတယ်။
“စစချင်းတုန်းကတော့ လေကြီးနေခဲ့သေးတယ် မဟုတ်လား။” ရေမွန်က ဓားကိုနောက်တစ်ကြိမ်မြှောက်ပြီး အေမီကို အပြီးသတ်ဖို့ပြင်တယ်။ အေမီက ပျောက်ကွယ် မသွားခင်မှာပဲ ပြုံးလိုက်ပြီး အခုလိုပြောလိုက်လေရဲ့။
“နင်က ငါ့ပုံရိပ်ကိုသတ်လိုက်နိုင်တာနဲ့ အရာအားလုံး ပြီးသွားပြီထင်နေတာလား။ နောက်မကြာခင်မှာပဲ ငါ့ရဲ့နောက်ထပ်ပုံရိပ်က ဒီကိုလာပြီး ထပ်ကျူးကျော်လိမ့်ဦးမယ်...”
အေမီက ပျောက်ကွယ်သွားတော့မှာဆိုပေမဲ့ ရေမွန်က သူ့ဓားနဲ့ထပ်ခံခုတ်ပိုင်းပြီး အားရအောင်ရယ်လိုက်တယ်။ အဲဒီနောက်တော့ တဖြည်းဖြည်းကျဥ်းမြောင်းလာနေတဲ့ ပေါ်တယ်တွေကို ကြည့်ပြီးတော့ ဒူးနှစ်ဖက်ကိုကွေးညွှတ်ကာ ခုန်တက်လိုက်ပါပြီ။
“ပုံရိပ်ကို သတ်လို့အကြောင်းမထူးဘူးဆိုမှတော့ နင့်ကမ္ဘာထိ လိုက်လာပြီး အဆုံးသတ်ပေးရမှာပေါ့။”
ရေမွန်က ပိတ်လုဆဲဆဲပေါ်တယ်တစ်ခုထဲ ဝင်လိုက်နိုင်တယ်။ ဒါပေမဲ့ အာကာသတွင်းပေါက်က အတွင်းမှာပြိုကျလုဆဲဆဲ ဖြစ်နေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ဖိသိပ်လာတဲ့အတွက် ရွေးစရာမရှိတော့ဘဲ ဓားကိုအသုံးပြုကာ တွင်းပေါက်ကို ပြန်လည်ဖွင့်လှစ်ဖို့အပြင် တခြားမရှိတော့ပါဘူး။
“အာကာပြင်ကို ငါ့ရဲ့ဓားနဲ့ထိုးခွင်းရမှာလား။ ထူးဆန်းစွာနဲ့ လုပ်နိုင်တယ်လို့ ခံစားနေရတယ်။ သခင်မလေးအတွက် လက်စားချေပေးရမယ်။”
အဲဒီနောက်တော့ ရေမွန်က သူ့ဓားကို အားကုန်လွှဲယမ်းပြီး ကမ္ဘာပြိုလောက်တဲ့ ဓားချက်ကို ထုတ်ဖော်ခဲ့တော့တာပဲ။
...
“အဲဒီလိုလား... ဒါပေမဲ့ အာကာသတွင်းပေါက်တွေ ပိတ်ခါနီးတိုင်း ဝင်သွားတဲ့သူတွေက ဒီကမ္ဘာကို ရောက်လာရတာလဲ။”
လင်ဒါနံပါတ်နှစ်က ရေမွန်ပြောတဲ့ဇာတ်လမ်းကို နားထောင် နေရင်းကနေ မေးလိုက်ပါတယ်။ သူ့တုန်းကလည်း တခြားအေမီရဲ့ ပိတ်ခါနီးပေါ်တယ်ထဲကိုဝင်ရင်း ဒီနေရာကို ရောက်လာခဲ့တာပါ။
အားလုံးက မက်ဒါနာမရှိရင် ဒီကမ္ဘာမှာ ဉာဏ်အကောင်းဆုံး လူသားဖြစ်တဲ့ ဖရာလီတာကို ဝိုင်းကြည့်လိုက်ကြတယ်။ အခု ခန်းမထဲမှာ ဖရက်၊ အေမီ၊ ဖရာလီတာ၊ ဖလေရာ၊ လင်ဒါ၊ လင်ဒါ နံပါတ်နှစ်၊ ရေမွန်၊ ဆိုဖီယာနဲ့ အခုကိစ္စနဲ့ သက်ဆိုင်သမျှ လူတွေအကုန် ရောက်နေကြတယ်။
ဖရာလီတာက တွေးတောလိုက်ရင်းနဲ့ ဆေလာမက်ဒါနာဆီက သူရထားတဲ့ အပြိုင်ကမ္ဘာမြေပုံကို ထုတ်ပြလိုက်တယ်။
“ငါကတော့ ဒီကမ္ဘာရဲ့တည်နေရာ ကိုဩဒီနိတ်က သုညသုံးလုံး ဖြစ်နေလို့လို့ ယူဆရတာပဲ။ စမှတ်ဖြစ်လို့ ဒီကိုပဲ ပြန်ရောက်လာကြတာ။”
အားလုံးက စိတ်ဝင်တစားနဲ့ကြည့်တော့ အသေးမလေးက ဂုဏ်ယူစွာနဲ့ လက်ပိုက်ထားလိုက်ပြီး ပရောဖက်ဆာကြီးလို သင်ခန်းစာပို့ချတော့တာပဲ။
“ဆေလာမက်ဒါနာအဆိုအရ အပြိုင်စကြဝဠာတွေကို ဝင်ရိုး သုံးခုစနစ်နဲ့ တည်နေရာသတ်မှတ်လို့ရနိုင်တယ်။ X, Y နဲ့ Z ဆိုပြီးတော့ပေါ့။ သုံးဖက်မြင်ဒိုင်မေးရှင်းရဲ့အရှေ့၊အနောက် တောင်၊မြောက်၊ အနိမ့်၊ အမြင့် အသွားအလာသုံးခုလုံးရဲ့ ပွိုင့်ဆုံမှတ် တစ်ခုစီမှာ အပြိုင်ကမ္ဘာတစ်ခုစီ ရှိနေကြတယ်။”
နောက်တော့ ဖရာလီတာက ရှင်းပြနေတာကို ခဏရပ်ပြီး ပရိုဂျက်တာကိုဖွင့်လိုက်တယ်။ ပရိုဂျက်တာပေါ်မှာတော့ ဝင်ရိုးသုံးခုပါတဲ့ ဇယားတစ်ခုရှိနေပြီး အပြိုင်ကမ္ဘာမြေပုံပါ။ ဇယားပေါ်မှာ အစက်အပျောက်တချို့ကိုမြင်နိုင်ပြီးတော့ အဲဒီအစက်အပျောက်တွေပေါ်မှာ နာမည်တွေကိုရေးထိုး ထားကာ သိရှိပြီးသမျှအပြိုင်ကမ္ဘာတွေကို ကိုယ်စားပြုတယ်။
“ဝင်ရိုးXက Worldbuilding လို့ခေါ်တဲ့ ကမ္ဘာတည်ဆောက်မှု Value တန်ဖိုးဖြစ်တယ်။ အပေါင်းဘက်ကို သွားလေလေ သိပ္ပံနည်းပညာနဲ့ဆိုင်တဲ့ ကမ္ဘာတွေကိုတွေ့ရလေလေပဲ။ အနုတ်ဘက်ကိုသွားလေလေ သိပ္ပံနည်းပညာနဲ့မဆိုင်ဘဲ မှော်ပညာနဲ့ဆိုင်တဲ့ကမ္ဘာတွေကို တွေ့ရလေလေပဲ။”
ဖရာလီတာက X ဝင်ရိုးပေါ်က အပြိုင်ကမ္ဘာတချို့ကို လက်ညိုးနဲ့ညွန်ပြလိုက်တယ်။ (X-4, Y0, Z1) နေရာမှာ ဆေလာမက်ဒါနာရဲ့မှော်ကမ္ဘာရှိနေပြီး (X2, Y-2, Z-5) နေရာမှာ လင်ဒါနံပါတ်နှစ်ရဲ့တိုက်ပွဲဝင်စက်ရုပ်ကမ္ဘာ ရှိနေတယ်။
“Yဝင်ရိုးကတော့ Character Valueလို့ခေါ်တယ်။ အဲဒီ တန်ဖိုးက အပေါင်းဘက်ရောက်နေရင် မက်ဒါနာက မိန်းကလေးဖြစ်တဲ့ ကမ္ဘာတွေကိုတွေ့ရမယ်။ အနုတ်ဘက်မှာက ယောကျ်ားလေးဖြစ်နေတဲ့ မက်ဒါနာတွေ။ သုညတန်ဖိုးရှိတဲ့ကမ္ဘာတွေမှာတော့ ဘာကြောင့်မှန်းမသိဘဲ မက်ဒါနာက ယောက်ျားလေးကနေ မိန်းကလေး ဖြစ်ကုန်တာတို့ လိင်ကို အလိုရှိသလိုပြောင်းလို့ရတာတို့ ဖြစ်နေတယ်။”
“.....” နားထောင်နေတဲ့အားလုံး။
ဖလေရာက လက်ညိုးထောင်ပြပြီးတော့ အခုကိစ္စကို မေးလိုက်တယ်။ “ဒါနဲ့၊ Z ဝင်ရိုးကရော ဘာလုပ်ဖို့လဲဟင်။”
“Narrativeလို့တော့ သူက နာမည်ပေးထားတာပဲ။ ဒါပေမဲ့ သေချာတိတိကျကျသိရတာမျိုးတော့ မရှိဘူး။ Z တန်ဖိုး မြင့်တဲ့အပြိုင်ကမ္ဘာတွေကို ငါတို့သိပ်မသိရတာကြောင့်လဲ ဖြစ်မယ်ထင်တယ်။”
ဒါပေမဲ့ ရေမွန်ကတော့ သူ့ကမ္ဘာရှိနေတဲ့ (X0,Y0,Z-9) ကို ညွန်ပြလိုက်ပြီး “ငါ့ကမ္ဘာနဲ့ Z အပေါင်းတန်ဖိုးရှိနေတဲ့ ကမ္ဘာတွေရဲ့ကွာခြားချက်ကို မင်းတို့သိနိုင်မလား။”
ဒီစကားကြောင့် သူတို့တွေအားလုံးက ရေမွန်ကို ကြည့်လိုက် ကြပါတော့တယ်။ ဖရာလီတာကလည်း ရေမွန်ကို ကြည့်နေရင်းကနေ စကားတစ်လုံးကို ရေရွတ်လိုက်ပါတယ်။
“အဲဒီကမ္ဘာက ဘယ်လောက် သောက်ကျိုးနည်းသွားလဲ၊ မနည်းသွားဘူးလဲဆိုတာကို ဖော်ပြတဲ့တန်ဖိုးများလား။ ဘာလို့ဆိုရင် နင့်ကမ္ဘာက လူတိုင်းလိုလိုက သေကုန်ပြီလေ။”
အဲဒီစကားကြောင့် ရေမွန်ရဲ့မျက်နှာက မှိုင်းညို့သွားတယ်။ မက်ဒါနာကတော့ သူ့သေနတ်ကို ခန်းမအလယ်က စားပွဲပေါ် တင်ပေးလိုက်ပြီး...
“အားလုံးပဲ၊ ဒီသေနတ်ထဲမှာ တခြားအေမီရဲ့ကမ္ဘာကို သွားလို့ရနိုင်တဲ့ ကိုဩဒီနိတ်အမှတ်ပါတယ်။ ကျေးဇူးပြုပြီး လေ့လာပေးကြပါ။”
ဖရာလီတာက အဲဒီသေနတ်ကိုယူကာ ပြုံးလိုက်ပါတယ်။ “ကြည့်ရတာ နောက်ဆုံးတော့ ငါတို့တွေ နောက်ဆုံးဆရာကြီးကို ချရတော့မယ့်ပုံပဲ။”
ဖရာလီတာက လျင်လျင်မြန်မြန်ပဲ ကွန်ပျူတာနဲ့ဆက်သွယ် လိုက်ပြီးတော့ မက်ဒါနာရဲ့သေနတ်ကိုလေ့လာလိုက်တယ်။ မကြာခင်မှာပဲ ကိုဩဒိနိတ်တန်ဖိုးတစ်ခု ထွက်ကျလာတယ်။
“(X5,Y3,Z-10)တဲ့။ အကုန်လုံးသေကုန်ပြီး အေမီရူးသလို ဖြစ်နေတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။” ဖရာလီတာက မျက်ခုံးပင့်လိုက်တယ်။
တည်နေရာနဲ့သဘောတရားတွေကို သိရှိပြီးတဲ့နောက်မှာ သူတို့တွေ ဆက်ပြီးတော့ဆွေးနွေးဖြစ်တာက ဗျူဟာတွေပါ။ ဒီနေရာမှာလည်း ဖရာလီတာက ဦးဆောင်နေတုန်းပဲ။ မစ်ရှင်အဖွဲ့ကို ဦးဆောင်တဲ့သူက မက်ဒါနာမဟုတ်ရင် ဖရာလီတာပဲ ရှိတာမဟုတ်ပါလား။
“လောလောဆယ် ငါတို့ရဲ့အိုမီဂါအဆင့်တွေအားလုံးက ကမ္ဘာကိုကာကွယ်ဖို့လုပ်နေရတယ်။ တစ်နည်းအားဖြင့် ခံစစ်ကာနေရတဲ့အဆင့်မှာ ရှိနေတာပဲ။ တိုက်စစ်အနေနဲ့ ငါတို့လွှတ်နိုင်တာဆိုလို့ ဒီမှာရှိနေတဲ့ အယ်ဖာအဆင့် တစ်သိုက်ပဲရှိတယ်။ ဒါပေမဲ့ အေမီရဲ့ပုံရိပ်တွေကတောင် သာမန်အိုမီဂါတွေထက် ပိုစွမ်းအားကြီးနေတယ်။”
သူတို့အားလုံး တိတ်ဆိတ်သွားကြတယ်။ အနိုင်ရဖို့ ဖြစ်နိုင်ခြေက သိပ်ကိုနည်းနေတယ်။ ဒါပေမဲ့ မက်ဒါနာက မျှော်လင့်ချက် မကုန်ဆုံးသွားသေးတဲ့ပုံနဲ့ စားပွဲခုံကို လက်နှစ်ဖက်နဲ့ ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်ပြီး...
“အားလုံးပဲ၊ အခုလိုမျိုး စိတ်ဓာတ်ကျနေလို့ မရပါဘူး။ မကြိုးစားကြည့်ပဲနဲ့တော့ ဘယ်သိနိုင်မှာလဲ။ ကျွန်မတို့က အေမီကို အနိုင်ရဖို့မလိုပါဘူး။ ဖျောင်းဖျကြည့်ဖို့ပဲ လိုတာပါ။”
ဖျောင်းဖျကြည့်ဖို့ပဲလိုတာဆိုတဲ့စကားကြောင့်် အားလုံးက မက်ဒါနာကို ကြည့်လိုက်ကြတယ်။ မက်ဒါနာက စားပွဲခုံရဲ့ အလယ်မှာရှိနေတဲ့ သေနတ်ကို ကြည့်လိုက်ပြီးတော့ အခုလို ပြောပါတယ်။
“အေမီက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်တဲ့အထိ မုန်းတီးမှုတွေနဲ့ ပြည့်နေခဲ့ပေမဲ့ သူက ကျွန်မကို မသတ်ခဲ့ဘူးလေ။ ပြီးတော့ သူက ကျွန်မခါးပတ်ကို သိမ်းသွားပေမဲ့ သေနတ်ကို သိမ်းမသွားခဲ့ဘူး။”
ဖလေရာက မျက်မှောင်ကြုတ်လိုက်ပြီး စားပွဲခုံပေါ်ကို ခြေထောက်တင်လိုက်တယ်။ အဲဒီနောက် “နင်က ဘာဆိုလိုချင်တာလဲ တခြားမက်ဒါနာ...”
“အေမီက အရာအားလုံးကို မုန်းတီးနေပေမဲ့ ကျွန်မကို မသေစေချင်ဘူး။ ပြီးတော့.... သေနတ်ကိုပေးခဲ့တယ် ဆိုတာက... ကျွန်မကို သူ့ဆီပြန်လာဖို့ တံခါးဖွင့်ပေးထားတာနဲ့ အတူတူပဲမဟုတ်လား။”
မက်ဒါနာရဲ့မျက်လုံးထဲ မျက်ရည်ဝိုင်းလာတယ်။ ဒီသေနတ်က အပြိုင်ကမ္ဘာဒိုင်မေးရှင်းတိုင်းကို သွားလာနိုင်ဖို့ ကူညီပေးနိုင်တယ်လေ။ ဒါကြောင့် အခန်းထဲမှာရှိနေတဲ့ လူတွေအားလုံး သက်ပြင်းချလိုက်ကြတယ်။ ရေမွန်ကတော့ ခေါင်းခါနေဆဲ။
“သခင်မလေး၊ တကယ်လို့ အေမီက အပြိုင်ကမ္ဘာတွေက လူတွေအားလုံးသေသွားတာကို မမလေးကိုမြင်စေချင်လို့ အခုလိုလုပ်ခဲ့တာဆိုရင်ရော။”
“အဲဒီလို ဖြစ်နိုင်ပေမဲ့....” မက်ဒါနာရဲ့လေသံက တိုးဝင် သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပိုပြီးတက်ကြွတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“အဲဒီလိုဖြစ်နေမယ်ဆိုရင်တောင်မှ... ကျွန်မက အေမီကို နောက်ထပ်ပိုပြီးတော့ အကူအညီပေးချင်သေးတယ်။ ဘာလို့ဆိုရင်... သူက အမြဲတမ်း ကျွန်မအတွက် ရှိနေပေးခဲ့လို့။ ကျွန်မအတွက် ပြုံးပြပေးနေခဲ့လို့ပဲ။”
“ဒါကြောင့် သူ့ရဲ့အပြုံးတွေက ကာကွယ်ပေးဖို့ ထိုက်တန်တယ်လို့ ကျွန်မမြင်တယ်။ ဒီအပြိုင်ကမ္ဘာ အားလုံးထက်တောင်ပေါ့။”
အခန်းထဲမှာရှိနေတဲ့ လူတိုင်းရဲ့အကြည့်တွေက လေးနက် သွားပါတယ်။ သူတို့ရှေ့က မက်ဒါနာက ဒီစကားတွေကို အလကားသက်သက် ကြည့်ကောင်းရုံ ပြောနေတာမျိုး မဟုတ်ဘူး။ နှလုံးသားထဲကလာတဲ့ အစစ်အမှန်ခံစားချက်က နှုတ်ကနေ စကားလုံးတွေအဖြစ် ထွက်ကျလာခဲ့တာ။
“ကောင်းပြီလေ၊ အရင်ဆုံးတော့ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို ပြန်ပြီးတော့ စုစည်းကြတာပေါ့။ တန်ပြန်တိုက်ဖို့အတွက် လိုအပ်တဲ့ အရာတွေကတော့။”
ဖရာလီတာက ဆိုဖီယာနဲ့ဖလေရာကို ကြည့်လိုက်တယ်။ ဆိုဖီယာက “အခုလေးတင် ဖက်ဒရေးရှင်းက တပ်မကြီး တစ်ခုကမ္ဘာဆီကို လာနေပြီ။ ဥစာကီကလည်း သူ့ရဲ့တပ်တွေကို ကမ္ဘာဆီပြန်ခေါ်ထားတဲ့ပုံပဲ။ မကြာခင် အင်အားစုသုံးစုပေါင်းပြီး ကျူးကျော်နေတဲ့ အပြိုင်ကမ္ဘာတပ်တွေကို ပင်မကမ္ဘာကနေ တိုက်ထုတ်လိမ့်မယ်။ ပြီးရင် အပြိုင်ကမ္ဘာတွေကို စစ်ကူပေးလိမ့်မယ်။”
ဖလေရာကတော့... “ကမ္ဘာ့စစ်အင်အားဖြစ်တဲ့ စစ်နတ်သမီး တွေနဲ့ နယ်ဆင်စစ်သင်္ဘါ ပုံတူတွေကို ကမ္ဘာအနှံမှာရှိနေတဲ့ ပန်ဒရာဂွန်နဲ့ပလာဒင်စက်ရုံတွေက နာရီပိုင်းအတွင်းမှာတင် ထောင်သောင်းချီပြီးထုတ်ထားပြီ။ အပြိုင်ကမ္ဘာတပ်နဲ့ယှဥ်ရင် အများကြီးမဟုတ်ဘူးဆိုပေမဲ့...”
ဖလေရာက မက်ဒါနာကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါတယ်။ “ ဆံဖြူမလေးကို သူ့ချစ်သူဆီပို့ပေးဖို့တော့ လုံလောက်မှာပါ။”
ဖလေရာရဲ့စကားကြောင့် မက်ဒါနာရဲ့နားရွက်လေးတွေ နီရဲတက်သွားတယ်။ အားလုံးလည်း ရယ်မောလိုက်ကြပြီး
“အပြိုင်ကမ္ဘာပေါင်းစုံရဲ့အတွေ့အကြုံအရ ငါတို့တွေ ဆံဖြူမလေးတွေ ဘာလုပ်နိုင်လဲဆိုတာ သိထားပြီးပြီ။ ဒီတော့ အပြိုင်ကမ္ဘာအားလုံးကို ကယ်တင်ဖို့အတွက် မက်ဒါနာကို ကူညီပေးရအောင်။”
အဲဒီနောက်တော့ မက်ဒါနာရှေ့မှာတင် မစ်ရှင်အဖွဲ့သား အကုန်လုံးက လက်ဝါးချင်းရိုက်လိုက်ကြတယ်။ ရေမွန်နဲ့ မက်ဒါနာကိုယ်တိုင်က လွဲလို့ပေါ့။
မက်ဒါနာက သူ့မျက်စိရှေ့က မြင်ကွင်းကြောင့် အံ့ဩ နေခဲ့မိပါတယ်။ “ငါ့ကို သူတို့က ဂြိုဟ်ဆိုးမလို့ မမြင်ဘူးလား။ ဒီလောက် ပြဿနာတွေအများကြီး ဖြစ်စေခဲ့တာတောင်မှ... ငါက ခိုက်တတ်တဲ့ကလေး မဟုတ်ဘူးလား။”
အဲဒီနောက်တော့ မက်ဒါနာက သူ့ရဲ့နှုတ်ခမ်းကို ဖိကိုက်ပြီး ပြုံးလိုက်မိတယ်။ ပျော်လွန်းလို့ မျက်ရည်ကျလုမတတ်ပဲ။
...
ဂိုဏ်းစတားကမ္ဘာ။
ဂါဝန်အနီလေးဝတ်ထားတဲ့ ဗြိတိသျှ လိုလီတာအလှလေးက ဉာဏ်ရည်မမီဖြစ်နေတဲ့ မာဂရပ်ကိုကျောပိုးပြီးတော့ သူ့နောက်ကလိုက်နေတဲ့ အရုပ်ဆိုးဆိုးခွေးစက်ရုပ်ကြီးတွေ လက်ကနေ ထွက်ပြေးနေရပါတယ်။
“ဝါ့ဇ်... သောက်ကောင်ဝါ့ဇ်... နင်ဘယ်ရောက်သွားတာလဲ။ ဘာလို့ငါ့ကို ဒီကြောက်စရာကောင်းတဲ့ နေရာမှာ ထားခဲ့တာလဲ။”
ဖရာလီတာက အော်ဟစ်နေရင်း မျက်လုံးတွေနီရဲနေအောင် ငိုထားတယ်။ ခွေးစက်ရုပ်ကြီးတွေကတော့ တဖြည်းဖြည်းနဲ့ သူ့ကိုလိုက်မီလာပြီ။
“သောက်အကျင့်မကောင်းတဲ့ကောင်။ နင်က ငါ့ကိုဒီမှာ ထားရုံတင်ထားခဲ့တာမဟုတ်ဘဲ မှတ်ဉာဏ်ဖျောက်ဂါထာပါ သုံးသွားသေးတယ်။ အဲဒီလောက်နဲ့ ငါက နင့်ကိုမေ့စရာလား။
နင့်ကို ငါအမြဲတမ်းအနိုင်ကျင့်ခဲ့တာ ဝန်ခံပေမဲ့ နင်ငါ့ကို အဲဒီလိုထားရစ်ပြီး ပျောက်သွားစရာ လိုလို့လားဟဲ့။”
ဖရာလီတာက ကျိုးနေတဲ့ မှော်နှင်တံနဲ့ အနားကိုကပ်လာပြီ ဖြစ်တဲ့ ခွေးစက်ရုပ်ကိုထိုးချိန်လိုက်တယ်။ “အဆင့် ၁ အလင်းမှော်။ အလင်းစက်လုံး။”
သေးငယ်တဲ့အလင်းစက်လုံးလေးတစ်ခုက ခွေးကြီးရဲ့ မျက်နှာကိုဝင်တိုက်တယ်။ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ မှော်ကျိန်လုံးလည်း ပေါက်ကွဲသွားရော...
“ဝါ့ဇ်... ငါသေတော့မယ်ဟဲ့။”
ခွေးကြီးကတော့ ဘာမှဖြစ်မသွားဘဲ ပိုပြီးတော့ စိတ်ဆိုးနေတဲ့ပုံစံနဲ့ ဟိန်းဟောက်ကာ အသေးမလေးနဲ့ ဂျာနယ်လစ်မလေးကို ကိုက်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ သံကံမရောက်မီမှာပဲ ပေါ်တယ်တစ်ခု သူတို့ရှေ့မှာပွင့်လာပြီး သေနတ်တစ်လက်က ပေါ်တယ်ထဲက ထွက်လာတယ်။ အဲဒီနောက်တော့ နောက်ကနေလိုက်လာတဲ့ ခွေးကြီးတွေကို ပစ်ချလိုက်ရော...
ဒိုင်းဒိုင်း...
အဲဒီနောက်တော့ လက်ဖြူဖြူလေးတစ်ဖက်က ဖရာလီတာရဲ့ ပခုံးကိုဖမ်းဆွဲလိုက်ပြီး ပေါ်တယ်ထဲဆွဲသွင်းလိုက်ပါတယ်။ နောက်တစ်စက္ကန့်လောက်ကြာတော့ ဖရာလီတာက သူ့ကိုယ်သူ စစ်ယာဥ်ပျံကြီးတစ်ခုရဲ့အတွင်းပိုင်းမှာ ရောက်နေတာကို သတိထားမိလိုက်တယ်။ ပြီးတော့ သူ့ကို ‘တော်သေးတာပေါ့'ဆိုတဲ့အကြည့်နဲ့ကြည့်နေတဲ့ ဆံပင်ရှည်နဲ့ မက်ဒါနာရောပဲ။
“ငါတို့တွေ သူ့ကိုဂိုဏ်းစတားကမ္ဘာမှာ ထားရစ်ခဲ့မိတာ။ သူနဲ့အတူပါလာတဲ့ ငါ့မူကွဲလည်းစုပ်ယူခံလိုက်ရတော့ သူက နင်တို့ဆီပြန်လို့မရဖြစ်နေတာ။ အင်အားပြန်စုမယ်ဆိုရင် သူ့ကိုပါ ပြန်ခေါ်သင့်တာပေါ့။”
မက်ဒါနာက ယာဥ်မောင်းခုံပေါ်မှာရှိနေတဲ့ ဖရာလီတာကို လှမ်းပြောလိုက်တယ်။ ဂါဝန်အနီနဲ့ဖရာလီတာကတော့ အဲဒီတွေ ဂရုမစိုက်တော့ဘဲ မာဂရပ်ကိုပစ်ချပြီးတော့ မက်ဒါနာရင်ခွင်ထဲ အတွင်းတိုးဝင်တော့တာပဲ။
“ဝါ့ဇ်... ဝါ့ဇ်... နင်ငါ့ကို မထားရစ်ခဲ့ဘူးဆိုတာ ငါသိသားပဲ။”
မက်ဒါနာကတော့ သူ့ယုန်လေးနှစ်လုံးအောက် အတင်း ခေါင်းတိုးဝင်ပြီး ပွတ်သပ်နေတဲ့ အသေးမလေးကို တွေ့လိုက်ရတဲ့အတွက် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။
“ငါက နင့်ရဲ့မက်ဒါနာ မဟုတ်ဘူးလေ။”လို့ ပြောပေမဲ့ အသေးမလေးက ကြားပုံမရဘူး။ ဒါနဲ့ သနားပါတယ်ဆိုပြီး ခေါင်းကိုသာ ပုတ်ပေးလိုက်မိတော့တယ်။