င ငါ့နှလုံးခုန်သံကို နားထောင်ကြည့်
Vol. 12 Ch. 40
မက်ဒါနာက သူ့ကိုအေမီပေးထားတဲ့ နည်းပညာဝတ်စုံကို ဝတ်ထားရင်းနဲ့ ယာဥ်ပျံထဲမှာ မတ်တပ်ရပ်ကာ ယာဥ်ပျံ ရှေ့မှန်ကနေတစ်ဆင့် အာကာသဟင်းလင်းပြင်ကြီးထဲက အခြေအနေကို ကြည့်နေပါတယ်။ မစ်ရှင်အဖွဲ့ရဲ့စစ်သင်္ဘော အုပ်စုက အာကာသထဲကို ထိုးဖောက်ခါစဖြစ်ပြီးတော့ သူတို့တွေဆီကို ပိုပြီးအဆင့်မြင့်တဲ့ အပြိုင်ကမ္ဘာက ဉာဏ်ရည်တုသုံး မောင်းသူမဲ့စစ်သင်္ဘောတွေက လေဆာတွေ၊ အမြောက်ကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နေပါတယ်။
သူတို့ရှိနေတဲ့ အလံတင်ယာဥ်ဖြစ်တဲ့ နယ်ဆင်သင်္ဘောပျံကို လေဆာတချို့လာရောက်ထိမှန်ပေမဲ့ အလင်းဒြပ်စင်ဒိုင်းက အဲဒီလေဆာကို တားဆီးထားလိုက်တယ်။ ပထမကတော့ သူတို့တွေ ဆက်တိုက်အပစ်ခံနေရပြီး ရှေ့ဆက်တက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အလင်းရဲ့အလျင်ထက်မြန်တဲ့နှုန်းနဲ့ သွားနေခဲ့ပုံပေါ်တဲ့ ယာဥ်ပျံတချို့က အာကာသတွင်းပေါက်တွေထဲကနေ ထွက်ပေါ်လာပြီး သူတို့ကိုစစ်ကူပေးတယ်။
ပိုအဆင့်မြင့်တဲ့ စစ်လက်နက်၊ စစ်သင်္ဘောအရွယ်အစားနဲ့ စွမ်းဆောင်ရည်တွေကြောင့် ယာဥ်မောင်းထိုင်ခုံပေါ်မှာ ရှိနေတဲ့ ဖရာလီတာရဲ့မျက်လုံးတွေက စိတ်ဝင်တစားနဲ့ လင်းလဲ့သွားတယ်။
“ဖက်ဒရေးရှင်းစစ်သင်္ဘောအုပ်စုပဲ။ အာကာသထဲမှာ နည်းပညာအမြင့်ဆုံး စစ်သင်္ဘောပိုင်ရှင်တွေလို့ ပြောရင်လဲ မမှားဘူး။”
ဒါပေမဲ့ သူ့စကားမဆုံးသေးခင်မှာပဲ နောက်ထပ်အာကာသ တွင်းပေါက်တွေပွင့်လာပြီး ဒီတစ်ခါမှာတော့ စစ်သင်္ဘောတွေ ထွက်လာတာမဟုတ်ဘဲ မီတာငါးဆယ်ခြောက်ဆယ်နီးပါး ကြီးမားလှတဲ့ ဧရာမအင်းဆက်ပိုးကောင်ကြီးတွေပါ။
“အင်ပါယာရဲ့ပိုးကောင်အုပ်စုလည်းရောက်လာပြီပဲ။”
အဲဒီနောက်တော့ တစ်ချိန်က ရန်သူတွေဖြစ်ခဲ့တဲ့ အင်အားစု နှစ်စုဟာ မစ်ရှင်အဖွဲ့အပြိုင်ကမ္ဘာဆီကို ခရီးသွားနိုင်ဖို့အတွက် ဉာဏ်ရည်တုစစ်တပ်ကို စတင်တိုက်ခိုက်ပြီး လမ်းရှင်းပေး ကြပါတယ်။ ဖရာလီတာကလည်း အချိန်ဖြုန်းမနေတော့ဘဲ စစ်သင်္ဘောအုပ်စုကို အရှိန်ကုန်မြှင့်ဖို့ အမိန့်ပေးလိုက်တယ်။
“အင်ဂျင်အားကုန်ဖွင့်၊ စွမ်းအင်ဒိုင်းတွေကိုပိတ်သိမ်းပြီး အမြန်ဆုံးနှုန်းနဲ့သွားနိုင်အောင်လုပ်ကြ။ အမြောက်တွေကို ရှေ့တည့်တည့်ကိုဆက်တိုက်ပစ်ပြီး လမ်းမှာရှိသမျှကို ဖျက်ဆီးပစ်။ ပွင့်နေတဲ့ ပေါ်တယ်တွေထဲကို ဝင်နိုင်အောင် ကြိုးစားကြ။”
အဲဒီနောက်တော့ ဖရာလီတာကိုယ်တိုင်လည်း နယ်ဆင် သင်္ဘောပျံကြီးကို မိုင်ကုန်စမောင်းတယ်။ ဉာဏ်ရည်တု စစ်တပ်က အလစ်တိုက်ခံရတဲ့အတွက် ဖွဲ့စည်းပုံပျက်စီး နေပြီဖြစ်ပြီး ပြန်လည်စုဖွဲ့ဖို့ကြိုးစားနေပေမဲ့ အချိန်က ကြာဦးမှာပါ။ တစ်ဖက်မှာတော့ ဖရာလီတာတို့စစ်တပ်က တည်ငြိမ်ပြီးဗျူဟာကို အဆင့်အဆင့်အကောင်အထည် ဖော်နေတယ်။
ဧရာမစစ်သင်္ဘောကြီးတွေ ဝင်နိုင်ဖို့အတွက် ပေါ်တယ်ကို မစ်ရှင်အဖွဲ့မှာ ဖန်တီးနိုင်စွမ်းမရှိသေးဘူး။ ဒါကြောင့်လဲ သူတို့တွေက အေမီဖန်တီးထားတဲ့ ပွင့်နေပြီးသား ပေါ်တယ်တွေကို အသုံးချဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာ။
ဘုန်း...
မကြာခင်မှာပဲ သူတို့တွေက အပြိုင်ကမ္ဘာစစ်တပ်ကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပေါ်တယ်ထဲကို ဝင်ရောက်နိုင်ခဲ့တယ်။ စက္ကန်ပိုင်းအကြာမှာပဲ ပေါ်တယ်တစ်ဖက်ကို ထွက်နိုင်ခဲ့ပြီး သူတို့ကိုစီးကြိုနေတာကတော့ သိန်းသန်းချီတဲ့ နောက်ထပ် အပြိုင်ကမ္ဘာစစ်တပ်ကြီးပါပဲ။
ဘုန်း... ဘုန်း.... ဘုန်း...
အပြိုင်ကမ္ဘာစစ်တပ်ကြီးက ကျူးကျော်လာသူတွေကို ချေမှုန်းဖို့အတွက် လက်နက်ပေါင်းစုံနဲ့ စတင်ပစ်ခတ်တယ်။ မစ်ရှင်အဖွဲ့စစ်သင်္ဘောတွေအများအပြား ပျက်စီးကုန်ပြီး ပြန်ပစ်ခတ်ပေမဲ့ အရေအတွက်ပိုင်းမှာ ကွာဟနေတာမလို့ အခြေအနေမဟန်ကြပါဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဖရာလီတာက သင်္ဘောပေါ်မှာရှိနေတဲ့ လူတွေအားလုံးကို အမိန့်ပေးလိုက်တယ်။
“သွားကြ၊ မင်းသမီးလေးကိုကယ်ဖို့ မင်းသားလေးအတွက် လမ်းဖောက် ပေးကြတော့။”
“.....” ဖရက်၊ ရေမွန်နဲ့ ဆိုဖီယာတို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်တယ်။ ရေမွန်က စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံးတုန်ယင်နေတဲ့ မက်ဒါနာရဲ့ပခုံးကို ဆုပ်ကိုင် လိုက်ပြီးတော့...
“သခင်မလေး။ သွားကြစို့။”
“အင်း....”
အဲဒီနောက်တော့ သူတို့လေးယောက် ပြိုင်တူဆိုသလိုပဲ နယ်ဆင်သင်္ဘောပျံထဲကနေ ထွက်လိုက်ကြပါတယ်။ ရေမွန်နဲ့ မက်ဒါနာက ယာဥ်ပျံအသေးလေးတစ်ခုပေါ်မှာရှိနေတာ ဖြစ်ပြီးတော့ အာကာသထဲမှာနေနိုင်အောင် နည်းပညာ ဝတ်စုံဝတ်ထားရတဲ့ဖရက်နဲ့ ဆိုဖီယာတို့ကတော့ သူတို့ဘေးကနေ လိုက်ပါပျံသန်းလာတယ်။
စက်ရုပ်ပေါင်းထောင်ချီက သူတို့ကိုစတင်ပြီးတိုက်ခိုက်ပေမဲ့ ဆိုဖီယာက သူ့နဖူးက သလင်းကျောက်ကိုထိလိုက်တာနဲ့ စိတ်စွမ်းအင်မုန်တိုင်းကြီးတစ်ခုက တည်နေရာတစ်ခုလုံးကို စတင်တိုက်ခိုက်လာပြီး သူတို့နားမှာရှိနေတဲ့ စစ်သင်္ဘော အများအပြားဟာ စနစ်တွေချို့ယွင်းပြီး ထိုးရပ်ကုန်တယ်။ အဲဒီယာဥ်ပျံတွေ မလှုပ်ရှားနိုင်ဖြစ်နေတုန်း ဖရက်ကတော့ မိုးကြိုးစွမ်းအားတွေကိုစုစည်းကာ တစ်စင်းပြီးတစ်စင်း ပစ်ချတယ်။
ရေမွန်နဲ့မက်ဒါနာရဲ့အမြန်နှုန်းအထူးပြု ယာဥ်ပျံကတော့ အယ်ဖာအဆင့်နှစ်ယောက် လမ်းဖွင့်ပေးထားတဲ့အတိုင်း ပျံသန်းလာခဲ့ပြီးတော့ မကြာခင်မှာပဲ ဂိုင်ယာအာကာသ စခန်းနားကို ကပ်လာနိုင်တယ်။ စက်ရုပ်တချို့က သူတို့ကို တားဆီးခဲ့ပေမဲ့ ရေမွန်က ယာဥ်ပျံကိုထိန်းချုပ်ကာ ပြန်ပြီး ပစ်ခတ်ခဲ့ပြီးနောက်ဆုံးမှာတော့ ဂိုင်ယာအာကာသစခန်းရဲ့ ခေါင်မိုးပေါ်ကို ဆင်းသက်နိုင်ခဲ့တယ်။
“မမလေး၊ အာကာသစခန်းထဲကို ဝင်ကြစို့။”
“အင်း...”
သူတို့နှစ်ယောက်က ယာဥ်ပျံထဲကနေ ပြိုင်တူထွက်တယ်။ ရေမွန်က လက်ထဲကဓားပြားကြီးကို အသုံးချပြီးတော့ အာကာသစခန်းရဲ့ခေါင်မိုးကို ဖောက်ခွဲပစ်လိုက်တယ်။ သူတို့နှစ်ယောက်လုံး အာကာသစခန်းထဲကို ဝင်နိုင်ပြီးတဲ့ နောက်မှာတော့ စင်္ကြံလမ်းအတိုင်း စတင်ပြေးလွှားတယ်။ သူတို့နောက်မှာတော့ ရာထောင်ချီတဲ့ စစ်သုံးစက်ရုပ်တွေက ပြေးလိုက်လို့။
“အေမီဘယ်မှာရှိလဲ မမလေးသိလား။”
ရေမွန်က သူ့ဓားကိုဝေ့ယမ်းကာ စက်ရုပ်တွေကို ဖျက်ဆီး လိုက်ရင်းနဲ့မေးတယ်။ မက်ဒါနာက ပြုံးလိုက်ပြီးတော့...
“ သူရှိတဲ့နေရာကို ငါသိတယ်လို့ထင်တယ်... မဟုတ်ဘူး၊ ငါက အတတ်သိနေတာ။ ဒီဘက်လမ်းအတိုင်းသွားမယ်။”
မက်ဒါနာက ဂိုင်ယာအာကာသစခန်းရဲ့ရင်းနှီးနေတဲ့ စင်္ကြံပတ်လမ်းတစ်ခုဆီ ဦးတည်လိုက်တယ်။ ရေမွန်လည်း ပြေးလိုက်ရင်းနဲ့ လမ်းရှင်းပေးရတာပေါ့။ မက်ဒါနာ ကိုယ်တိုင်လည်း သေနတ်ကိုသုံးပြီးတော့ ကူညီပေးတာပေါ့။
မကြာခင်မှာပဲ သူတို့တွေက ‘ကန့်တင်းသို့'လို့ရေးထားတဲ့ ဆိုင်းဘုတ်တချို့ကို မြင်လာရပြီ။ ရေမွန်ကတော့ သူတို့နဲ့ အလွန့်အလွန်ကိုနီးကပ်လာပြီဖြစ်တဲ့ စက်ရုပ်အုပ်စုကြီးကို ကြည့်ရင်းနဲ့ သက်ပြင်းချလိုက်တယ်။
“သခင်မလေး၊ ရန်သူတွေက တအားနီးလာတယ်။ သခင်မလေး ဆက်သွားဖို့ဆိုရင် ကျွန်တော် ဒီနေရာမှာ ရပ်နေပြီးတော့ သူတို့ကို အချိန်ဆွဲထားပေးမှပဲ ရတော့မယ်။”
ရေမွန်က ပြေးဝင်လာတဲ့ စက်ရုပ်တချို့ကို ဖျက်ဆီးရင်းနဲ့ ပြောလိုက်တယ်။ မက်ဒါနာကလည်း နားလည်ထားတဲ့ပုံစံနဲ့။
“ဒါဆိုရင်လည်း အားကိုးလိုက်ပါမယ်။ အခုထိ ကူညီပေးတဲ့ အတွက် ကျေးဇူးပါပဲ။” မက်ဒါနာက သူ့ကို လက်ပြနှုတ်ဆက်လိုက်ရင်း ရှေ့ကိုဆက်ပြေးသွားတယ်။
ရေမွန်ကတော့ ဓားပြားကြီးကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ မြောက်လိုက်ရင်း ခြောက်ကပ်ကပ်ရယ်မောလိုက်ပါတယ်။ “သခင်မလေး၊ ခင်ဗျားလည်း အစ်မလိုပဲ ကျုပ်ကိုထားသွား တော့မှာမဟုတ်လား။ ဘာကြောင့်မှန်းမသိဘဲ ဒီနေရာက ကျုပ်တို့ရဲ့နောက်ဆုံးနှုတ်ဆက်ရတဲ့အချိန်လို့ ခံစားနေရတယ်။”
အဲဒီနောက်တော့ ရေမွန်က ဓားကိုဝေ့ယမ်းလိုက်ပြီး မရေမတွက်နိုင်တဲ့စက်ရုပ်တွေကို စတင် တိုက်ခိုက်ပါတော့တယ်။
...
“အေမီ....”
ကန့်တင်းထဲကို ဝင်လိုက်တာနဲ့ မက်ဒါနာက အေမီရဲ့ပုံရိပ်ကို လှမ်းမြင်လိုက်ရတယ်။ သိပ်ကိုများပြားတဲ့ တည်ရှိမှု ပျက်ယွင်းမှုတွေကြောင့် ပုံရိပ်ကလှုပ်ခါနေပြီး မတည်မငြိမ် ဖြစ်နေခဲ့ပေမဲ့ မက်ဒါနာက အေမီအစစ်မှန်း မှတ်မိနေတယ်။ အဲဒါက ပုံရိပ်တစ်ခုမဟုတ်ဘူး။
အေမီက သူ့ကိုခေါ်လိုက်တဲ့အသံ ကြားလိုက်တာကြောင့် နောက်ကိုလှည့်ကြည့်လိုက်တယ်။ သူ့လက်ထဲမှာတော့ သေနတ်ကိုကိုင်ထားပြီး မက်ဒါနာကိို ထိုးချိန်လိုက်တယ်။
“အနားကပ်မလာနဲ့... ဒီအထိရောက်လာတယ်ဆိုတော့... နင်က ငါ့ကိုအနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ ဒါဆိုရင် အမှားကြီးမှားသွားလိမ့်မယ်။”
အေမီက မက်ဒါနာကို သူ့ကိုအနိုင်ယူဖို့အတွက် ဒီနေရာကို ရောက်လာတယ်လို့ ထင်နေခဲ့ပုံပဲ။ ဒါပေမဲ့ မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်ပြီး ရှေ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ လှမ်းတက်သွားတယ်။
“အေမီ၊ တစ်ချိန်လုံး နင်အထီးကျန်နေခဲ့တာ မဟုတ်လား။ တကယ်တော့... ငါလည်းပဲ... အဲဒီလိုပါပဲ။”
မက်ဒါနာက အေမီနဲ့ခြေလှမ်းအနည်းငယ်ပဲကွာတော့တယ်။ အေမီက ကြောက်လန့်နေပုံရပြီးတော့ မက်ဒါနာကို သေနတ်နဲ့ ချိန်ထားရာကနေ နောက်ကိုခြေလှမ်းတချို့ ဆုတ်လိုက်ပြီး
“အနားကိုကပ်မလာနဲ့နော်... ပစ်လိုက်ရမလား။”
မက်ဒါနာကတော့ ခေါင်းကိုခါယမ်းရင်း... “နင်သာ ငါ့ကို သတ်ချင်ရင် အစောကြီးကတည်းက ငါသေနေလောက်ပြီ။”
မက်ဒါနာက အေမီဆီကို အားကုန်ပြေးလာတယ်။ အေမီက တုန်ယင်နေပေမဲ့ လက်ညိုးကိုကွေးလိုက်တယ်။
ဒိုင်း...
သေနတ်ကျည်က ပြောင်းဝကနေထွက်သွားတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ အေမီရဲ့ရင်ခွင်ထဲကို တိုးဝင်လာပြီးပြီ ဖြစ်ပြီးတော့ အေမီကိုတင်းတင်းကျပ်ကျပ် ဖက်ထားခဲ့တယ်။
ပေါက်.... ပေါက်...
သွေးစက်တချို့က ကြမ်းပြင်ပေါ်ကိုကျဆင်းလာတယ်။ မက်ဒါနာရဲ့ပခုံးမှာ သေနတ်ဒဏ်ရာရှိနေခဲ့ပေမဲ့ သေစေ နိုင်လောက်အောင်မဟုတ်ပါဘူး။
ကလန်...
နောက်တော့ အေမီရဲ့လက်ထဲကနေ သေနတ်ပြုတ်ကျ သွားတယ်။ “ငါက... ငါက... ဘယ်လိုလုပ်ပြီးတော့ မမလေးနဲ့ တူတဲ့လူတစ်ယောက်ကို သတ်နိုင်မှာလဲ။”
သူ့အသံတွေက တုန်ယင်နေတယ်။ စက်ရုပ်တစ်ရုပ်က ခံစားချက် ကင်းမဲ့နေခဲ့သင့်ပေမဲ့ အေမီကတော့ မတူညီ ခဲ့ပါဘူး။ အေမီက လူသားတွေနဲ့တူညီစွာ ခံစားသိရှိနိုင်စိတ် ရှိနေတဲ့ အဆင့်အမြင့်ဆုံး ဉာဏ်ရည်တုဖြစ်နေခဲ့လို့ပါ။
“နင်သိလား... ငါကလေ... နင် ငါမသိတဲ့တစ်နေရာရာမှာ ပုန်းနေပြီးတော့ ငါ့ကိုထွက်မတွေ့လောက်တော့ဘူးလို့ ထင်နေခဲ့တာ။ နင့်ကို တစ်ဘဝလုံး ထပ်မတွေ့ရလောက် တော့ဘူးလို့ ထင်နေခဲ့တာ။ ဒါပေမဲ့... နင်က တစ်ချိန်လုံး ဒီနေရာကနေ ထွက်မသွားဘဲ ရှိနေခဲ့တာပဲ။”
မက်ဒါနာက အေမီကိုဖက်ထားရင်းကနေ မျက်လုံးချင်း ဆုံအောင်ကြည့်လိုက်တယ်။ အေမီကတော့ တုန်လှုပ် နေခဲ့ပါပြီ။
“မမလေး... ကျွန်မက ရှင့်ကို သစ္စာဖောက်ခဲ့တာလေ။ ရှင့်ကိုလည်း နာကျင်အောင်လုပ်ခဲ့သေးတယ်။ ဒါကိုတောင်မှ ဘာလို့ ဒီကိုပြန်လာခဲ့တာလဲ...”
“အေမီက တစ်ယောက်တည်းအထီးကျန်နေခဲ့ပြီးတော့ ငါ့ကို လိုအပ်နေခဲ့လို့ပါ။” မက်ဒါနာက သူ့သေနတ်ကို အေမီရှေ့မှာ ထောင်ပြလိုက်ပြီး ပစ်ချလိုက်တယ်။
“နင်သာ ငါ့ကိုထပ်မတွေ့ချင်တော့ဘူးဆိုရင် ဒီသေနတ်ကို ငါနဲ့အတူ ထည့်ပေးပါ့မလား။”
အေမီက ဒီတစ်ခါတော့ တုံ့ပြန်စကားမဆိုခဲ့ပါဘူး။ အဲဒီအစား နှုတ်ဆက်နေခဲ့လို့။ မက်ဒါနာကတော့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားအောင် ပြုံးလိုက်လေရဲ့။
“ တွေ့လား၊ နှုတ်ဆိတ်နေတယ်ဆိုတော့ ဝန်ခံတယ်လို့ပဲ မှတ်လိုက်တော့မယ်နော်။”
အေမီရဲ့နှုတ်ခမ်းတွေက တုန်ယင်လာတယ်။ အဲဒီနောက် မက်ဒါနာကို ပြောလိုက်တယ်။ “ဒီအပြစ်သားက အပြိုင်ကမ္ဘာ အားလုံးကိုစစ်ချီပြီး လူသန်းပေါင်းများစွာကို သတ်ဖြတ် ခဲ့တာတောင်မှ မမလေးက ကျွန်မကို မမုန်းဘူးလား။”
မက်ဒါနာက ခေါင်းခါပြလိုက်တယ်။ “ဟင့်အင်း၊ ငါမမုန်းဘူး။”
“မမလေး၊ ကျွန်မလက်တွေမှာ အပြစ်မဲ့တဲ့လူပေါင်း များစွာရဲ့သွေးတွေနဲ့ စွန်းထင်းနေခဲ့တာပါ။”
“ငါသိတယ်....”
“ကျွန်မက မမလေးကိုလည်း နာကျင်အောင် လုပ်ခဲ့သေးတယ်နော်။”
“ငါသိတယ်...”
“ဒါဆိုရင် ဘာလို့လဲ။ ကျွန်မကို မုန်းတီးပြီးတော့ တစ်နေရာရာမှာ ကူရာမဲ့စွာနဲ့ ငိုယိုနေခဲ့ရမဲ့ မမလေးက ဘာလို့ကျွန်မဆီကို ပြန်လာခဲ့တာလဲ။”
အဲဒီစကားကိုကြားတော့ မက်ဒါနာက ပိုပြီးတော့ပြုံးလိုက် ပါတယ်။ အဲဒီနောက် အေမီရဲ့ခေါင်းကို လက်နှစ်ဖက်နဲ့ ထိလိုက်ပြီး နားကိုသူ့ရင်ဘတ်နဲ့ ထိကပ်စေလိုက်တယ်။
“နင်တို့အန်းဒရိုက်တွေက လူသားတွေရဲ့နှလုံးသားကို နားထောင်ပြီးတော့ လူတစ်ယောက်လိမ်နေမနေ သိနိုင်တယ်တဲ့။ ဒါဆိုရင် ငါ့နှလုံးခုန်သံကို နားထောင်ပြီး အခုပြောမယ့်စကားတွေက အမှန်ဟုတ်မဟုတ် ဆုံးဖြတ်ကြည့်။”
အေမီက အသာအယာခေါင်းညိတ်လိုက်တယ်။ မက်ဒါနာက အေမီကို ပွေ့ဖက်ထားရင်းနဲ့ ညင်သာစွာပြောလိုက်တယ်။
“အေမီက လူပေါင်းများစွာကို ထိခိုက်နာကျင်စေခဲ့ပေမဲ့ သူကိုယ်တိုင်ရဲ့နှလုံးသားထဲမှာလည်း တိုင်းတာမရနိုင်တဲ့ နာကျင်မှုဝေဒနါတွေကို ခံစားနေခဲ့ရတာမဟုတ်လား။
နင်ခုနက ငါ့ကို တစ်နေရာရာမှာ ချောင်ကပ်ပြီးငိုနေရမှာလို့ ပြောနေခဲ့ပေမဲ့ တကယ့်တကယ်တမ်း ချောင်ကပ်ပြီးတော့ ငိုနေခဲ့တာက နင်မဟုတ်လား။
သိပ်ကိုအထီးကျန်ပြီး ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတဲ့ အေမီကို ငါမထားရစ်နိုင်တာ အမှန်ပါပဲ။”
“....” အေမီက မက်ဒါနာကို ပြန်ပြီးတော့ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။ မက်ဒါနာက အေမီရဲ့ခေါင်းက ဆံပင်တွေကို ထိုးဖွလိုက်ရင်း...
“နင်က နင်ပြောသလိုမျိုး အပြစ်သားတစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင်မှ ငါ့အတွက်အများကြီး ထူးခြားမသွားပါဘူး။ နောက်ဆုံးတော့ ငါတို့နှစ်ယောက် အတူတူရှိနေဖို့ကပဲ အရေးကြီးတာလေ။”
“မမလေး....” အေမီရဲ့တစ်ကိုယ်လုံးက တုန်ယင်နေတယ်။ တကယ်လို့ သူ့မှာသာ လူသားတွေလိုမျိုး မျက်ရည်ဂရင်းတွေ ရှိနေမယ်ဆိုရင် မျက်ရည်တွေကျပြီး ငိုယိုနေလောက်ပြီ။
“အိမ်ကို အတူပြန်ရအောင်နော်....” မက်ဒါနာက အေမီကို အခုလိုပြောခဲ့ပေမဲ့ အေမီက ခေါင်းကိုခါယမ်းလိုက်ရင်းနဲ့ လူချင်းခွာလိုက်တယ်။
“မဖြစ်နိုင်တော့ပါဘူး မမလေး။ ကျွန်မက ပြန်လမ်းမဲ့တဲ့ လမ်းမပေါ်မှာ ရောက်နေခဲ့ပါပြီ။ ကျွန်မရဲ့တည်ရှိမှုက ပျက်ယွင်းနေခဲ့ပြီဖြစ်ပြီး သိပ်မကြာခင် နာရီပိုင်းအတွင်း ကျွန်မက လောကကြီးကနေ ထာဝရ ပျောက်ကွယ်သွားရတော့မှာပါ။”