← Chapters

လျှို့ဝှက်ဆန်းကြယ်လှတဲ့ လုပ်ကြံသူ

Vol. 6 Ch. 71

လျှို့ဝှက်ဆန်းကြယ်လှတဲ့ လုပ်ကြံသူ

Vol. 6 Ch. 71

တံတားငယ်လေးတွေ၊ စီးဆင်းသွယ်ယှက်နေသော စမ်းချောင်းလေးတွေ၊ အနားယူတည်းခိုဆောင်တွေလည်း အလုံအ‌လောက်ရှိပြီး ရှုခင်းမျှော်လသာဆောင်များပါ အိမ်တော်မှာ တခမ်းတနား တည်ရှလေသည်။

ပွဲ‌တော်ထဲမှာ အရှက်ကွဲခဲ့ရသော ရန်ပွဲအကြောင်းပြန်တွေးလေလေ ရွှယ်ထျန်းယိ၏နှလုံးသားထဲတွင် ရှက်ဒေါသများဖြင့် ပြည့်နှက်တင်းကျပ်လာလေလေဖြစ်ပြီး ထိုတင်းကျပ်မှုများကို ဖြေလျှော့ချပစ်ဖို့ လိုအပ်နေခဲ့ပေသည်။

အရက်အလွန်အကျွံသောက်ခဲ့ခြင်းကြောင့် ဒေါသထွက်နေဟန် အကြောင်းပြလိုက်ပြီး အစေခံများကို သူအော်ဟစ်ခိုင်းစေလိုက်သည်။ "ငါ့အတွက် မိန်းမတွေရှာလာခဲ့ကြစမ်း အခုချက်ချင်းလိုချင်တယ်ဟေ့"

စိတ်မမှန်တော့သော လေသံကို အစေခံများအကဲခတ်လိုက်မိပြီး နောက်ထပ်အမျိုးသမီးတစ်ယောက် သေလုမျောပါးဖြစ်သည်အထိ ထပ်မံနှိပ်စက်ညှင်းပန်းခံရတော့မည်မှန်း သိလိုက်ကြကာ ကြောက်ကြောက်ဖြင့် ခေါင်းညိတ်နာခံရတော့လေ၏။ "ဟုတ်ကဲ့ပါ သခင်လေး"

ရွှယ်ထျန်းယိသည် အရက်ရှိန်ကြောင့် ယိမ်းယိုင်စွာဖြင့် ခြေတုန်လက်တုန် လျှောက်သွားလျက်ရှိသည်။ နောက်လိုက်တစ်ယောက်က လာရောက်တွဲကူပေးဖို့လုပ်သော်လည်း သူက ခပ်ပြင်းပြင်းတွန်းထုတ်လိုက်ပြီး အော်ဟစ်ကျိန်ဆဲလေသည်။"ထွက်သွား! မင်းတို့အားလုံး ထွက်သွား!"

တွန်းထုတ်ခံလိုက်ရသော နောက်လိုက်မှာလည်း သူတို့၏စိတ်မမှန်သောသခင်လေးထံမှ စိတ်လိုက်မာန်ပါအသတ်ခံလိုက်ရမည်စိုးသဖြင့် အလန့်လန့်အဖျပ်ဖျပ်သာ ဆုတ်ခွာသွားလိုက်တော့သည်။

ရွှယ်ထျန်းယိဟာ လေညှင်းခံရင်း စိမ်းလန်းသာယာသော လျှောက်လမ်းလေးပေါ်မှာ တစ်ယောက်တည်း လမ်းလျှောက်နေလိုက်ကာ ရင်ထဲက အုံ့မှိုင်းတင်းကျပ်သော ခံစားချက်များ နည်းနည်းသက်သာသွားသလို ခံစားလိုက်ရ၏။

ရုတ်တရက်ဆိုသလိုပင်...

တစ်စုံတစ်ယောက်၏ သားကောင်အဖြစ် ဦးတည်‌ချောင်ပိတ်ခံလိုက်ရသော ခံစားချက်တစ်ခုကို သူရလိုက်သည်။

ဝှစ်ခနဲအသံဖြင့် ပိတုန်းရောင်လို နက်ရှိုင်းမှောင်မိုက်ပြီး ကြောက်မက်ဖွယ်လျင်မြန်သောအရှိန်ဖြင့် ဓားချက်တစ်ချက်က လေဟာနယ်ကိုဖြတ်ဖောက်ဝင်ရောက်လာကာ ရွှယ်ထျန်းယိအား ဦးခေါင်းမှခါးအထိ နှစ်ပိုင်းခြမ်းချတော့မလို ထင်ရ၏။

တိုက်ခိုက်သူဟာ မြန်ဆန်တိကျပြီး ရက်စက်လှဿည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဓားရောင်ဟာ ပစ်မှတ်ရဲ့ ဦးခေါင်းဆီသို့ ရောက်နှင့်နေပြီ။

ဘုန်း~!

ထိုအချိန်မှာပင် ခရမ်းရောင်အလင်းတစ်ပြက်က ရွှယ်ထျန်းယိ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာပြီး နက်မှောင်ဖျတ်လတ်သော ဓားချက်ကို အတင်းအကြပ် တားဆီးမိတ်ပင်လိုက်ကာ လွှမ်းမိုးနိုင်သော အင်အားတစ်ခုဖြင့် တိုက်ခိုက်သူထံပင် ပြန်လည်သက်ရောက်စေလိုက်လေသည်။

"အု၊ အား!"

ညည်းညူသံခပ်တိုးတိုးတစ်ချက် ထွက်ပေါ်လာသည်။

ထိုလုပ်ကြံသူဟာ ပါးစပ်ထဲမှ သွေးအများအပြားကို အန်ထုတ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရကာ လုပ်ကြံမှုပျက်စီးသွားသောကြောင့် အခဲမကျေမှုများပြည့်နေသောမျက်လုံးဖြင့် မော့ကြည့်လိုက်သည်။

"ဘယ်သူလဲ?!"

ရွှယ်ထျန်းယိမှာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောကြောင့် မူးဝေစိတ်လွတ်သွားပြီးမှ အသိပြန်ဝင်လာကာ ဆတ်ခနဲမော့လျက် ဟိုကြည့်ဒီကြည့် ကြည့်လိုက်သည်။

ဝါးဦးထုပ်ဆောင်းထားသော မုတ်ဆိတ်ထူလပျစ်ဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သိမ်းငှက်ကဲ့သို့ ထက်ရှသောမျက်လုံးအစုံတွင် နာကျည်းမုန်းတီးမှုအပြည့်ဖြင့် သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေလေသည်။

ဝါးဦးထုပ်ဆောင်းထားသော လုပ်ကြံသူ၏ နှလုံးသားထဲတွင် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေလေသည်။ ရွှယ်ထျန်းယိသည် ဤသို့ ကွက်တိကျပြီး ပြီးပြည့်စုံနေသောအချိန်ကိုက်တွင်မှ အသက်ကယ်နိုင်သော လျှို့ဝှက်ရတနာတစ်မျိုးမျိုး ဆောင်ထားလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူတစ်ဦးကို ချေမှုန်းသတ်ဖြတ်ရန် အလွန်လွယ်ကူသင့်ပါသော်လည်း ရလဒ်အနေဖြင့် သူသည် လူကို သတ်ရန် မအောင်မြင်သည့်အပြင် ပြင်းထန်သောဒဏ်ရာတစ်ခုပင် ပြန်လည်ရရှိခဲ့လေသည်။

"အတင့်ရဲလို့! မင်းက ရွှယ်မိသားစုအိမ်တော်ထဲမှာ သခင်လေးရွှယ်ကို လုပ်ကြံရဲတာလား!" ရွှယ်ထျန်းယိမှာ အံ့အားသင့်သွားသလို ဒေါသလည်းထွက်သွားရ၏။

ပတ်ပတ်လည်နယ်မြေတစ်ခုလုံးဟာ ရွှယ်မိသားစုအပိုင်ဖြစ်ပြီး မိသားစုထဲမှာ မသေမျိုးအရိပ်ဘိုးဘေးတစ်ယောက်လည်း ရှိနေသေးတာကြောင့် ဒီလိုအချိန်မှ အိမ်တော်ထဲထိမရမကခိုးဝင်ပြီး လုပ်ကြံရဲသောအရူးမျိုးရှိလိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။

အသက်ဆက်ရှင်ဖို့ အရမ်းကိုပင်ပန်းငြီးငွေ့နေတာလား?

ထိုအချိန်တွင် တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသောဆူညံသံများကြောင့် ရွှယ်မိသားစုအစောင့်အရှောက်များ အာရုံစိုက်မိလာကြတော့၏။

ဝှစ် ဝှစ် ဝှစ်~

ဘက်ပေါင်းစုံမှ နတ်စွမ်းအားအာရုံများ စုစည်းရောက်ရှိလာပြီး အင်အားကြီးသော အရှိန်အဝါဖြင့် ကိုယ်ရံတော်များ လျင်မြန်စွာ ချဉ်းကပ်လာသည်။

"ဒီမှာ ဘယ်သူ ပြဿနာရှာနေတာလဲဟေ့?!"

ဒေါသတကြီး အော်ဟစ်သံများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

အစောင့်အရှောက်တွေ အလျင်အမြန်ပြေးလာနေကြတာကို မြင်တော့ ရွှယ်ထျန်းယိကျေနပ်စွာ ခပ်မဲ့မဲ့ပြုံးလိုက်သည်။ သူ တစ်ခုခု ပြောတော့မည့် အချိန်တွင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ဖြန်းခနဲထသွားပြီး အေးစိမ့်တောင့်ခဲသွားရ၏။

ရှေ့က ဝါးဦးထုပ်နှင့်လူ၏ အရှိန်အဝါက ရုတ်တရတ် ကြောက်စရာကောင်းလောက်အောင် ထိုးတက်လာသောကြောင့်ပင်။

မြေအောက်ငရဲခန်းမှ ပဲ့တင်ထပ်လာသလို အသံတိုးတိုးလေးက အဆုံးမရှိ‌သော သတ်ဖြတ်လိုစိတ်ကို လှစ်ဟပြနေသည်ပင်။

"မင်းလို လူယုတ်မာကောင်ကိုသာ သတ်နိုင်ရင် နောက်ဘဝဆိုတာ မရှိတော့ရင်တောင် ဘာအရေးလဲ!!"

ဘုန်း~!

လျှို့ဝှက်နည်းပညာတစ်ခုခုကို အသက်သွင်းလိုက်သကဲ့သို့ လီဝူကျယ်၏ သွေးစွမ်းအင်များဟာ တစ်ကိုယ်လုံးကို ဖြတ်သန်းတောက်လောင်နေပြီး ကြောက်လန့်တကြားဖြစ်လာသော ရွှယ်ထျန်းယိထံဦးတည်၍ ဓားရှည်ကိုလွှဲယမ်းခုတ်ချလိုက်တော့သည်။

"မကောင်းတော့ဘူး!"

ရွှယ်ထျန်းယိ ဦးရေပြားတစ်ပြင်လုံး ကြောက်စိတ်ဖြင့်ထုံကျင်သွားသည်။ သူသည် ခေါက်ယပ်တောင်ကိုသာ တင်းတင်းဆုးပ်လျက် ခုခံရန် အင်အားစုစည်းလိုက်သည်။ ဤခေါက်ယပ်တောင်မှာ ရှားပါးသော ဝိညာဥ်လက်နက်တစ်လက်ပင်။

ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦး၏ လက်ထဲတွင် ဝိညာဥ်အဆင့်လက်နက်တစ်ခုဆိုသည်မှာ ပုံမှန်ထက်ပို၍ အလွန်အစွမ်းထက်သော လက်နက်တစ်မျိုးပင်။ အခြား ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများဆိုလျှင် ရတနာအဆင့်လက်နက်များကိုတောင် အနိုင်နိုင်သာကိုင်ဆောင်ရသည်အထိ။

ဝှစ်!

ယပ်တောင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အင်အားအဟုန်ဖြင့် စိမ်းပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းကို နက်မှောင်သော ဓားရောင်က တိုက်ရိုက် ဖြတ်တောက်ပိတ်ပင်လိုက်သည်။

ရွှယ်ထျန်းယိသည် အကာအကွယ် မှော်လက်နက်များနှင့် မှော်ရတနာများကို အသည်းအသန် ပစ်ထုတ်ကာ အချိန်ပိုရရန် ကြိုးစားသော်လည်း ဝါးဦးထုပ်ဆောင်းထားသောလူ၏ ဖိအားပေးမှုအောက်တွင် သူကြံရာမရဖြစ်လာရကာ နက်မှောင်သော ဓားရောင်မှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းစွာ အတားအဆီးအမျိုးမျိုးကို မရရအောင် ဖောက်ထွက်ဖျက်ဆီးနိုင်လေသည်။

"ကောင်းကင်လျှောက်လှမ်းခြင်း!"

အသက်နှင့်ကိုယ် အိုးစားကွဲခါနီးအချိန်လေးတွင် ရွှယ်ထျန်းယိသည် ရွှယ်မိသားစု၏ အင်အားအကြီးဆုံး လှုပ်ရှားမှုကျင့်စဥ်ကို အသုံးပြုကာ လေဟာနယ်ထဲတွင် တဝှစ်ဝှစ်ဝဲပျံလျက် သူ့ကိုခုတ်ပိုင်းရန် နေရာတိုင်းမှဟာကွက်များကိုမလွတ်တမ်းရှာဖွေနေသော ဓားချက်အား တိမ်းရှောင်လိုက်သည်။

ဗျစ်!

သွေးများဗျစ်ခနဲပန်းထွက်လာကာ လွင့်ထွက်လာသောလက်တစ်ဖက်မှာ ရေကန်ထဲသို့ ပြတ်ကျသွားလေပြီ။

"အား၊ အား၊ အား၊ အား…" ရွှယ်ထျန်းယိသည် ပြတ်ကျန်ခဲ့သောလက်မောင်းကို ကျန်လက်ဖြင့်အုပ်ကာ နာကျင်ထိတ်လန့်စွာ သေမတတ်အော်ဟစ်လေသည်။

သို့သော် ပြင်းထန်သောနာကျင်မှုကို အံကြိတ်သည်းခံလိုက်ကာ အလျင်အမြန်ထွက်ပြေးဖို့ကြိုးစားလေတော့သည်။

"ထွက်ပြေးဦးမယ်? မင်းက ဘယ်ကို ထွက်ပြေးချင်တာလဲ?" ဝါးဦးထုပ်ဆောင်းထားသော လုပ်ကြံသူက ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် ဓားရှည်ကိုကိုင်ကာ တပ်ကြပ်မကွာပြေးလိုက်သည်။

"တစ်ယောက်လောက်လာပြီး ငါ့ကိုကယ်ပါဦး!"

ရွှယ်ထျန်းယိဟာ ဝိညာဥ်လွင့်တော့မတတ် ကြောက်လန့်စွာအော်ဟစ်နေလေသည်။

All Chapters