ပြင်းထန်သောပွဲ
Vol. 6 Ch. 72
"ငါတို့သခင်လေးကို မထိနဲ့ကွ!!"
အစောင့်အရှောက်များစွာ ထိတ်လန့်တကြားဖြင့် အသံကြားရာသို့ အလောတကြီးပြေးလာကြလေသည်။
သူတို့ထဲမှ ကိုယ်ရံတော်ခေါင်းဆောင်အချို့ဟာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများဖြစ်ပြီး ထိုရဲဝံ့လှသော လုပ်ကြံသူကို တားဆီးဖို့ရာ အစွမ်းကုန်ကြိုးစားကြလေတော့၏။
"ငါ့လမ်းကိုပိတ်တဲ့သူတိုင်း သေရမယ်မှတ်!!!!" ဝါးဦးထုပ်နှင့်လူဟာ ပြင်းထန်သောအရှိန်အဝါကြီး ပေါက်ကွဲထွက်လာသလိုအဟုန်ဖြင့် ဒဏ်ရာဒဏ်ချက်များကို ဂရုမစိုက်အားပဲ သူ့လမ်းကိုဝင်ပိတ်သူမှန်သမျှအား အကုန်ရှင်းထုတ်ပစ်လေတော့သည်။
အစပိုင်းတုန်းက တန်ပြန်သက်ရောက်မှုကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်ငြား လျှို့ဝှက်နည်းပညာကို အသက်သွင်းပြီးနောက် အတွင်းအားများ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ယခုအချိန်တွင်လည်း ရန်သူအုပ်စုကြားထဲအပိတ်ခံနေရပြီး ဒဏ်ရာဒဏ်ချက်များမှလည်း နာကျင်ခံစားနေရသော်ငြား တစ်ချက်ပင်နောက်မတွန့်၊ မကြောက်ရွံ့ဘဲ ရွှယ်ထျန်းယိကို သတ်ရန်သာ အတင်းအကြပ် ဆက်လက်ကြိုးစားလေသည်။
"မြန်မြန် သူ့ကို တားကြ!"
"သခင်လေးကို ကာကွယ်ကြစမ်း!"
ထိတ်လန့်တကြား စိုးရိမ်တကြီး အော်သံများ၊ ဒေါသတကြီး ကြုံးဝါးမာန်ဖီသံများဖြင့် တိုက်ပွဲဧရိယာတစ်ခုလုံးကတော့ ပွက်လောရိုက်ဆူညံလျက်။
ခေါင်းဖြတ်ခံလိုက်ရသော အစောင့်အရှောက်တစ်ချို့၏ သွေးရွှဲနေသော အလောင်းများနှင့် လက်ပြတ်ခြေပြတ်များက မြေပြင်ပေါ် ပြုတ်ကျကာ သွေးညှီနံ့မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ထောင်းထောင်းထလျက်။
ဘုန်း!
အစောင့်အရှောက် ခေါင်းဆောင်အချို့ ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်သွားရပြီး သွေးများတစ်ကိုယ်လုံးဖုံးလွှမ်းနေသော လုပ်ကြံသူအား အံ့အားတသင့် ငေးကြည့်လိုက်ကြသည်။
ဒီအရူးက ဘယ်လိုလုပ် အခုထိ ခံနိုင်ရည်ရှိနေသေးတာလဲ?
ဝါးဦးထုပ်ဆောင်းထားသော ထိုလုပ်ကြံသူဟာ ရထားသောဒဏ်ရာဒဏ်ချက်များမှာ အတော်ပြင်းထန်လှပြီး သွေးရွှဲရွှဲစိုလျက် တစ်ချို့နေရာများတွင် အရိုးများပေါ်သည်အထိ ဒဏ်ရာနက်လှသော်လည်း ယခုအချိန်ထိ အရှုံးမပေး လက်နက်မချသေးပေ။
ရုန့်ရင်းကြမ်းကြုတ်ပြီး မာန်အပြည့်ရှိနေသေးတဲ့ မျက်လုံးများက ရွှယ်ထျန်းယိထံမှ တစ်လက်မပင်မခွာဘဲ ရူးသွပ်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ "ခွေးကောင် မင်းသတ္တိရှိရင်ပြေးဖို့မစဥ်းစားနဲ့၊ ငါမင်းကိုဒီညရအောင်သတ်မှာ"
ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တစ်ခုက သူ့ကို ခေါင်းစခြေဆုံးခြုံလွှမ်းသွားသလို ခံစားလိုက်ရပြီး ရွှယ်ထျန်းယိမျက်နှာတစ်ပြင်လုံး ပြာတက်သွားကာ အသံတုန်တုန်ဖြင့်ပြန်ပြောလိုက်သည်။ "လူကြီးမင်း၊ ခင်ဗျားက ဘယ်သူလဲ? ကျုပ် ခင်ဗျားကို ဘာများစော်ကားခဲ့ဖူးလို့လဲ?! ဘာလို့ ဒီလောက်ထိအသည်းအသန် လိုက်သတ်နေရတာလဲ?"
"ဟားဟား၊ ဒီဘဝမှာ မင်းကျူးလွန်ခဲ့တဲ့ အပြစ်တွေကို အသက်နဲ့ဆပ်လို့ကျေမှာတောင် မဟုတ်ဘူး! မင်းကိုငါ သေချာပေါက် သတ်ကိုသတ်မယ်လို့ ကျိန်ဆိုတယ်၊ ကံကောင်းလို့ ဘုရားကအမြင်ပွင့်သွားတယ်နဲ့တူပါရဲ့၊ ငါ့ကိုအခွင့်အရေးပေးလာတယ်လေ!" ဝါးဦးထုပ်နှင့်လူက အေးစက်စက်အသံဖြင့် ပြောလေသည်။
ပြင်းထန်စွာ ဒဏ်ရာရထားသောခန္ဓာကိုယ်ကို မရမကတရွတ်တိုက်ဆွဲယူကာ သားကောင်ကို ဝါးမျိုဖို့ ရွေးချယ်နေသော နှစ်ချို့တစ္ဆေတစ်ကောင်လို ဇွဲလုံ့လဖြင့် ဤဆိုးယုတ်သော ငမိုက်သားအား ငရဲသို့ ဆွဲခေါ်သွားရန် ကြိုးစားနေခြင်းဖြစ်သည်။
"ငါ့ဆီမလာနဲ့၊ အား၊ အား၊ အား!!!" ရွှယ်ထျန်းယိဟာ ငိုသံနှောလျက်ပျာယာခတ်အောင်အော်လေသည်။ သူ့ဘဝမှာ တစ်ခါမှ ဒီလောက်မကြောက်ရွံ့ဖူးပေ။
ဒီကောင်က အရူးပဲ! လုံးဝကို အရူးပဲ!
အပြင်မှဆူညံသံတွေ အရမ်းကျယ်လောင်လာတာကြောင့် ရွှယ်မိသားစု၏ ပွဲတော်ကျင်းပရာခန်းမကို လှုပ်ခတ်သွားစေ၏။
"အပြင်မှာ ဘာဖြစ်နေတာလဲ? ဘယ်သူတွေ တိုက်ခိုက်နေကြတာလဲ?"
"ဒီလို အရေးကြီးတဲ့ အချိန်အခါမှာ ဘယ်သူက ဒီလောက်အလိုက်မသိရတာလဲ!"
"ကြားပြီးပြီလား? အခုလေးတင်ပဲ လူသတ်သမားတစ်ယောက်က သခင်လေးရွှယ်ကို တိုက်ခိုက်ခဲ့တာတဲ့! ရွှယ် မိသားစုရဲ့ အစောင့်အရှောက်တွေက သူ့ကို ဝိုင်းတားနေကြတယ်!"
"ဟယ် တကယ်ကြီးလား?"
ထိုသတင်းကိုကြားသော် ပွဲတော်တစ်ခုလုံးလည်း အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ပွဲကြည့်ဖို့ရာ အပြင်သို့တိုးထွက်လာကြတော့သည်။
"ရို့ အဲ့လိုကိစ္စမျိုးရှိနေတာလား?"
ယဲ့ကျွင်းလင်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး ရေရွတ်နေစဥ် ရုတ်တရက် ဟုန်ချန်ယဲ့၏ သူများဒုက္ခရောက်နေသည်ကို ပျော်နေသည့် ခပ်မြူးမြူးအမူအရာကို သတိပြုမိကာ အဓိပ္ပာယ်ပါပါ ပြုံး၍ မေးလိုက်သည်။ "ရှောင်ဟုန်၊ မင်း တစ်ခုခုကို ကြိုသိထားတာလား?"
ထိုစကားကိုကြားသော် ဟုန်ချန်ယဲ့တုန်ခနဲဖြစ်သွားပြီး လက်သီးဆုပ်အရိုအသေပြုကာ ပြန်ဖြေကြားသည်။ "ဆရာသခင် ဒီတပည့်က ခန့်မှန်းမိရုံပါ"
"ဪ အဲ့လို"
ယဲ့ကျွင်းလင် အသာပြုံး၍ ဆက်မေးမနေတော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူများပွဲပဲမဟုတ်လား? သူက ရိုးရိုးရှင်းရှင်း စားသောက်ပြီး ကြွားဝါပေးလိုက်ရင် ပြီးသွားမှာပဲလို့ ထင်ခဲ့ပေမဲ့ အခုလို ပြဇာတ်ကောင်းလေးတစ်ပုဒ်ရှိလာမှတော့ ပျော်ပျော်ပါးပါး ဝင်ကြည့်လိုက်ကြတာပေါ့။
"မင်းညီမလေးရှောင်ပုကို ခေါ်ခဲ့လိုက် အတူတူ သွားကြည့်ရအောင်"
ယဲ့ကျွင်းလင်က အမှန်ပင် ဇာတ်ပွဲသွားကြည့်မည့်လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့!"
ဟုန်ချန်ယဲ့သည် လက်ကိုဆန့်တန်းကာ ပုရှောင်ရှီးကို ချီပွေ့ပြီး နောက်ကနေ အနီးကပ်လိုက်သွားလိုက်သည်။
"ရှုရှု သောက်ချင်သေးတယ်… သောက်ချင်သေးတယ်…အေ့" ပုရှောင်ရှီးက မူးဝေနေသောမျက်နှာဖြင့် ဗလုံးဗထွေးဂျီကျနေသေး၏။
ထိုအချိန်တွင် ရွှယ်သခင်လေး လုပ်ကြံခံရသည်ဆိုသောသတင်းကြောင့် ရွှယ်မိသားစုတစ်ခုလုံးလည်း ပျာယာခတ်လို့နေကြလေပြီ။
ဟုန်း!
ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းလှသော အင်အားအဟုန်တစ်ခုက ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီးနောက် ကြည်လင်ရှင်းလင်းနေသော ကောင်းကင်ပြင်တစ်ခုလုံး ချက်ချင်း မှောင်မိုက်အုံ့မှိုင်းသွားလေသည်။
"ငါ့ရွှယ်အိမ်တော်ထဲမှာ ဘယ်သူကလာပြီး ပြဿနာရှာရဲတာလဲကွ!!"
ရွှယ် မိသားစု၏ မသေမျိုးအရိပ်ဘိုးဘေးက လျှပ်တစ်ပြက် ပေါ်ထွက်လာပြီး အိမ်တော်၏ အထက်ကောင်းကင်ယံတွင် ရပ်နေလိုက်သည်။ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း အေးစက်စက် အလင်းတန်းများက တဖျတ်ဖျတ် ပေါ်လွင်နေလျက်။ လက်ဝါးကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မမြင်နိုင်သော အင်အားတစ်ခုက အိမ်တော်အနှံ့ ဖုံးအုပ်သွားလေသည်။
"ဆိုးဝါးလိုက်တာ!"
ဝါးဦးထုပ်နှင့်လုပ်ကြံသူ သိသိသာသာမျက်နှာပျက်သွားရ၏။ သူဘယ်လိုပဲ အသည်းအသန်ရုန်းကန်နေပေမဲ့ ရွှယ်ထျန်းယိနှင့်ဝေးရာထံသို့ အတင်းအကြပ် ရွှေ့ဆိုင်းခံလိုက်ရလေသည်။
နောက်ဆုံးမှာတော့ သူမြေပြင်ပေါ်ပြားပြားဝပ်အောင် ဖိချခံလိုက်ရပြီး သွေးအများအပြားကို အန်ထုတ်လိုက်ရကာ ဝိညာဥ်တစ်ခုလုံး ချုပ်ကိုင်ဖိနှိပ်ခံထားရသည့်ကြားမှ အံကြိတ်လျက်ရေရွတ်လိုက်သည်။ "မသေမျိုးအရိပ်ပဲ.."
"သခင်လေး၊ အဆင်ပြေရဲ့လား?"
အစောင့်အရှောက်တွေဟာ သေမတတ်ကြောက်လန့်တောင့်ခဲနေသည့် ရွှယ်ထျန်းယိကို အလျင်အမြန် ဝန်းရံလိုက်ကြကာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ကိုယ်ရံတော်ခေါင်းဆောင်မှ အရှေ့သို့လျှောက်လာလျက် စိုးရိမ်တကြီးမေးမြန်းလိုက်သည်။
ဖြန်း!
ရွှယ်ထျန်းယိက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တာကြောင့် ကိုယ်ရံတော်ခေါင်းဆောင်မှာ ကြယ်တွေလတွေမြင်သွားရပြီး ဒေါသတကြီးကျိန်ဆဲသံကိုလည်း ကြားလိုက်ရသည်။ "မင်းမေငိုး! ဒီသခင်လေး သေလုမျောပါး ဖြစ်သွားတာ မင်း မမြင်လိုက်ဘူးလား! လက်တစ်ဖက်တောင် ဆုံးရှုံးသွားရပြီ! မျက်စိကန်းနေတာလား ခွေးလောက်မှအဆင့်မရှိတဲ့ ကျွန်!"
အရိုက်ခံရသူဟာ ခေါင်းငုံ့လျက်သာကျိန်ဆဲခံနေရသည်။ သူ့မှာ ပြန်ခုခံရဲသည့်သတ္တိမရှိပေ။
"မင်းတို့အားလုံး တစ်စက်မှအသုံးမကျတဲ့ ကောင်တွေ! နောက်မှ မင်းတို့နဲ့ ငါ စာရင်းရှင်းမယ်!"
ထိုစကားကြောင့် အစောင့်အရှောက်အားလုံး မျက်နှာမဲ့သွားရပြီး တိတ်တဆိတ်သာ ညည်းညူမိကြတော့၏။
"ထျန်းအာ၊ မင်း ဘယ်လိုနေလဲ!?"
ရွှယ်မိသားစုခေါင်းဆောင်ဟာ အပြေးရောက်ရှိလာပြီး စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
ရွှယ်ထျန်းယိက အသံတုန်တုန်ဖြင့်ဖြေလိုက်သည်။ "အဖေ၊ ကျွန်တော် အဆင်ပြေပါတယ်၊ လက်ကတော့…"